← Chapters

ကောင်းကင်ဆရာသခင်၏ အတိတ်ဇာတ်လမ်း

Vol. 54 Ch. 727

ကောင်းကင်ဆရာသခင်၏ အတိတ်ဇာတ်လမ်း

Vol. 54 Ch. 727

သစ်ခုတ်သမားသည် အတိတ်ကို ပြန်တွေးနေပြီး အတန်ကြာမှ တည်ငြိမ်အေးဆေးစွာ ဆက်ပြောသည်။ “အဲဒီတုန်းက ငါ့ခေါင်းထဲမှာ ပြုပြင်ပြောင်းလဲဖို့ အတွေးပဲ ရှိတယ်... ဒီလုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော်ရမယ်၊ ငါ့အိပ်မက်ကို ဖြည့်ဆည်းရမယ်၊ ချစ်သူရည်စားထားဖို့ အချိန်မရှိဘူးလို့ သဘောထားခဲ့တယ်... အဲဒါကြောင့် ငါ့ကို သဘောကျခဲ့တဲ့ မိန်းကလေးတွေ ရှိပေမယ့် သူတို့နဲ့ တွဲဖို့ အချိန်မရှိခဲ့ဘူး”

ချင်မူ မျက်တောင်ပုတ်ခတ်မိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း ထိုကဲ့သို လူတစ်ယောက်ဖြစ်ခဲ့ပြီး ဒုတိယသစ်ခုတ်သမား မဖြစ်လာခဲ့သည့် အကြောင်းရင်းမှာ လက်ရှိဇနီးသည်နှင့် ဆုံတွေ့ခဲ့သောကြောင့်ပင်။ ကလေးတစ်ယောက်ပင် ယူထားသေးသည်။

ယခင်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် ရက်စက်၏။ သူ့ကိုယ်သူပင် ဓားစာခံအဖြစ် ထားကာ ရန်သူများ ထွက်လာအောင် မျှားထုတ်ခဲ့ဖူးသည်။ ယခုတွင်တော့ ဧကရာဇ်အတိုင်ပင်ခံ၌ လူသားဆန်သော ခံစားချက်အနည်းငယ် ရှိနေချေပြီ။

“အဲဒီကတည်းက လယ်သမားက ငါ့ကို သိပ်မကြည်တော့ဘူး... ငါကလည်း တကယ် ခံစားချက်မရှိတဲ့ လူကိုး... အဲဒီမိန်းကလေးက သိပ်လှတာကွ... ဘယ်လိုပဲကြည့်ကြည့် ပြည့်စုံလွန်းတဲ့ လက်တွဲဖော်တစ်ယောက်ပဲ ... ဒါပေမဲ့ ခိုင်ဧကရာဇ်က ငါ့ကို အရေးကြီးတဲ့တာဝန် ပေးထားတယ်လေ... ခိုင်ဧကရာဇ်ပေးထားတဲ့ အာဏာသုံးပြီး ငါ မိန်းကလေးတစ်ယောက်နဲ့ ပျော်ပါးနေရင် ခိုင်ဧကရာဇ်ကို စိတ်ပျက်အောင် လုပ်မိသလို ဖြစ်မသွားဘူးလား”

သစ်ခုတ်သမား အေးအေးလူလူ ဆက်ပြောနေသည်။ “ဒါကြောင့် ငါ အဲဒီမိန်းကလေးကို ပြောခဲ့တယ်... ‘ယွင်ရှီ၊ ငါက မင်း ရှာနေတဲ့ ဘဝလက်တွဲဖော်မဟုတ်ဘူး၊ ခိုင်ဧကရာဇ် ငါ့ကို ပေးထားတဲ့ တာဝန်က အရေးပါတယ်၊ ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲဖို့ ငါ့ကို စောင့်နေတဲ့အရာတွေ အများကြီးရှိသေးတယ်၊ ဒါကြောင့် ငါ မင်းရဲ့ခံစားချက်တွေကို လက်မခံပါရစေနဲ့’ “

ချင်မူ ဇာတ်လမ်းထဲ မျောသွားပြီး ပြုံးလျက် ပြောလိုက်မိ၏။ “ဆရာ၊ မိသားစုနဲ့ နိုင်ငံအရေးဆိုတာ သက်သက်စီ ခွဲထားလို့ ရပါတယ်... ဘာလို့ သူ့ကို ငြင်းခဲ့ရတာလဲ... သူ့ကို ငြင်းတာနဲ့ သိုင်းပညာကောင်းကင်ဆရာသခင်ကို ဘယ်လို ရန်စမိသွားတာလဲ”

“သူ့နာမည်က ယန်ယွင်ရှီတဲ့.... သိပ်ချစ်စရာကောင်းတဲ့ မိန်းကလေးပေါ့”

သစ်ခုတ်သမားသည် ထိုမိန်းကလေးအကြောင်း ပြန်တွေးရင်း ငေးငိုင်သွား၏။ သူ့အသံက ထူးထူးခြားခြား နူးညံ့ညင်သာလာသည်။ “သူက သိပ်ဉာဏ်ကောင်းတယ်၊ သိပ်ထက်မြက်တယ်... သူ ငါ့ကို လေးစားလို့ ငါ အင်မတန် ပျော်ခဲ့မိတယ်... ဒါပေမဲ့ ငါ သူ့ကို ချစ်တာထက် လေးစားတာက ပိုတယ်... သူက ငါ့ကို မေးတယ် ‘တျန်းကဲ၊ ကွမ်းချာက ငါ့အပေါ် ခံစားချက်ရှိတယ်၊ သူက ငါ တစ်သက်လုံး အားကိုးလို့ရမယ့် လူလား’ တဲ့... ငါလည်း ပြုံးပြီး သူ့ကို ပြောလိုက်တယ်... ‘ကွမ်းချာက လယ်သမား....’”

သစ်ခုတ်သမား၏အမူအရာမှာ တစ်မျိုးတစ်မည် ဖြစ်လာသည်။ “‘ကွမ်းချာက မင်းကို ချစ်တာထက် သိုင်းပညာကို ပိုချစ်တယ်၊ သူက သိုင်းပညာကို အချစ်စစ်နဲ့ ချစ်ပေမယ့် မင်းကတော့ သူ့အတွက် တခဏတာ အာသာဖြေစရာပဲ။ ကွမ်းချာက တစ်သက်လုံး အားကိုးထိုက်တဲ့ လူမဟုတ်ဘူး”လို့ ငါ ပြောလိုက်တယ်... ငါက မိတ်ဆွေတစ်ယောက်ရဲ့ ရှုထောင့်ကနေ ကွမ်းချာရဲ့အကျင့်ကို သုံးသပ်ပြီး ပြောလိုက်တာပါ... ငါ့စကားက မမှားပေမယ့် နောက်တော့ အဲဒီစကား ကွမ်းချာနားထဲ ရောက်သွားပြီး ငါ့ကို သူ့လမ်းပေါ်က ဆူးညှောင့်လို မြင်တော့တာပဲ”

ချင်မူ ပြောလိုက်မိသည်။ “ဆရာက တကယ့် ချီးထုတ်ပဲ... ဘွာတေး၊ ကျွန်တော် ပြောချင်တာ အဲဒီသဘောမဟုတ်ပါဘူး”

ချင်မူမှာ သူ့ခေါင်းအား ပွတ်နေသည်။ စောစောက သစ်ခုတ်သမား၏လက်ဆစ် သူ့ခေါင်းပေါ် ကျလာခဲ့သဖြင့် ဘုသီးပင် ထနေချေပြီ။

သစ်ခုတ်သမားက ဆက်ပြောသည်။ “အဲဒီနောက်ပိုင်း ယန်ယွင်ရှီက ဘယ်သူ့ကိုမှ လက်မထပ်တော့ဘူး... နာမည်တောင် ပြောင်းပြီး ‌ယောက်ျားတစ်‌ယောက်လိုပဲ ဝတ်စားတော့တယ်... သူက ပြောတယ်၊ ဒီကမ္ဘာ‌ပေါ်မှာ သူ တွေ့ခဲ့တဲ့ အထူးချွန်ဆုံး ယောက်ျားနှစ်ယောက် ရှိတယ်တဲ့... တစ်ယောက်က ဉာဏ်အရာမှာ ပြိုင်ဘက်ကင်း၊ တစ်ယောက်က ရဲရင့်ပြီး စိတ်ဓာတ်ခိုင်မာတယ်... အဲဒီယောက်ျားနှစ်ယောက်နဲ့ တွေ့ပြီးပြီမလို့ ကျန်တဲ့ဘယ်ယောက်ျားသားမှ သူ့မျက်လုံးထဲ မဝင်တော့ဘူးတဲ့... အဲဒါကြောင့် နာမည်ပြောင်းပြီး ယောက်ျားလိုပဲ ဝတ်စားတော့တယ်... ငါတို့ထက် သာတဲ့ ယောက်ျားတစ်ယောက်နဲ့ မတွေ့မချင်း ဘယ်တော့မှ မိန်းမလို မဝတ်တော့ဘူးတဲ့လေ”

သူ့အကြည့်သည် ငေးငိုင်သွားပြီး သူက ခေါင်းယမ်းလိုက်၏။ “သူ ဘယ်တော့မှ ပြန်မပြောင်းခဲ့ဘူး.. ကွမ်းချာ သူနဲ့ ခဏခဏ တွေ့ပြီး ရင်းနှီးလာခဲ့ပေမယ့် သူ့ကို မမှတ်မိခဲ့ဘူး”

ချင်မူ အော်လိုက်မိသည်။ “သိုင်းပညာကောင်းကင်ဆရာသခင်က သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် ဝင်ရောက်သွားတဲ့ ဧကရာဇ်ပလ္လင်ထက်က သိုင်းသမားလေ.. ဘယ်လိုလုပ်ပြီး ယောက်ျားလို ဝတ်ထားတဲ့ ယန်ယွင်ရှီကို မမှတ်မိတာလဲ”

သစ်ခုတ်သမားက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ယန်ယွင်ရှီက သိပ်အစွမ်းထက်သလို၊ မာယာများတယ်... သူ မမှတ်မိစေချင်ရင် လယ်သမား မှတ်မိမှာ မဟုတ်ဘူး.. ဒါ့အပြင် လက်သမားရဲ့ ဦးနှောက်မှာလည်း ကြွက်သားတွေပဲ ရှိတာလေ၊ သူလား ခွဲခြားမြင်တတ်မှာ.... ယန်ယွင်ရှီ သူ့ကို ခဏခဏ အနိုင်ယူခဲ့တာတောင် သူ မမှတ်မိဘူး.. အဲဒီအစား သူ့ကို အကြီးအကျယ် လေးစားပြီး ငါ့ကိုပဲ မျက်စိဆံပင်မွှေး စူးနေတာ”

“သိုင်းပညာကောင်းကင်ဆရာသခင်ကို ခဏခဏ အနိုင်ယူခဲ့တယ်တဲ့လား”

ချင်မူ့မျက်လုံးများတွင် သံသယများ ပြည့်လာသည်။ “ဒီမမကြီးယန်ယွင်ရှီက...”

သစ်ခုတ်သမားက သူ့ကို ဆူသည်။ “ဆရာဦးလေးလို့ ခေါ်၊ မမကြီးလို့ မခေါ်နဲ့”

ချင်မူက မကျေမနပ် ပွစိပွစိပြောနေသည်။ “ဆရာ၊ ဆရာဦးလေးယန်ယွင်ရှီက နာမည်ပြောင်းလိုက်တယ်ဆိုတော့ သူ့နာမည်က အခု ဘာတဲ့လဲ... သိုင်းပညာကောင်းကင်ဆရာသခင်ကို အနိုင်ယူနိုင်တဲ့လူ များများစားစားမှ မရှိတာ... သူ့ကို ခဏခဏ အနှောင့်အယှက်ပေးတတ်တဲ့ လူတစ်ယောက်အကြောင်း သိုင်းပညာကောင်းကင်ဆရာသခင် ပြောတာ ကျွန်တော် ကြားဖူးတယ်... ဒါပေမဲ့ အဲဒီလူက ယွင်ရှီမဟုတ်ဘူး... ကျစ်ရှီလားလို့”

သစ်ခုတ်သမား မည်သည်ကိုမျှ မပြောဘဲ တံခါးအပြင်သို့ လှမ်းကြည့်လိုက်သည်။

နွားအိုကြီးမှာ သူ့နားသူ ပြန်ရုတ်ပြီး မသိနားမလည်သလို ဆေးဖွာနေသည်။ သို့သော် ဆေးတံကား မီးမရှိတော့။ နဂါးချီလင်လည်း ကပျာကယာ မြေပေါ် ပြန်မှောက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်၏။ သူ၏ ခလူးခလောဟောက်သံများက မိုးခြိမ်းသံတမျှ ကျယ်လောင်နေသည်။

သစ်ခုတ်သမားက ထပ်ပြီး အဝတ်အစား ဝတ်လိုက်သည်။ “ငါ့ဒဏ်ရာတွေ တော်တော်လေး သက်သွားနေပြီ... ဖန်ဆင်းပညာနဲ့ ဖြည်းဖြည်းချင်း ပြန်ကုလိုက်ရင်တော့ အရှင်းပျောက်သွားလိမ့်မယ်”

ချင်မူ ကပျာကယာ မေးလိုက်သည်။ “ကောင်းကင်ဆရာသခင် ကျစ်ရှီနဲ့ ယန်ယွင်ရှီက တစ်ယောက်တည်းလား”

သစ်ခုတ်သမားက သူ့အမေးကို မဖြေဘဲ အပြင်ထွက်သွား၏။ “ကွမ်းချာ ဒီတစ်ခေါက် သေချာပေါက် ရွာကနေ ထွက်လာလိမ့်မယ်... ကွမ်းချာ ထွက်လာတာနဲ့ ခရီးတော်တော်ပေါက်ပြီ... ဟူပုကွေ့နဲ့ ရှုရှန်းဟွာဆီ မင်း သွားတွေ့မှာမလား... ကွမ်းချာလည်း မင်းတို့နဲ့ လိုက်လာလိမ့်မယ်... ငါတော့ လုပ်စရာရှိသေးလို့ အရင်ပြန်ပြီ”

ချင်မူ သူ့နောက်မှ လိုက်သွားပြီး ပြောလိုက်သည်။ “ကျွန်‌တော် မမကြီးတီရီယွဲနဲ့ တွေ့ပြီး သူနဲ့ တျန်းရှု ဖုန်းတုကို ဘယ်လိုပြန်တည်‌ဆောက်မှာလဲ သွားကြည့်ရဦးမယ်”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းယမ်းကာ ပြောသည်။ “ဖုန်းတုကို ပြန်တည်ဆောက်တာက ခုဆောက်၊ ခုပြီးတဲ့ ကိစ္စမဟုတ်ဘူး... ပြီးတော့ သူ တျန်းရှုကို ရှာနေတာမဟုတ်လား... တျန်းရှုက အခုလောက်ဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အကောင်းဆုံးအရက်သိုလှောင်ရုံမှာ ပုန်းပြီး အရက်သောက်နေလောက်ပြီ”

ချင်မူ့မျက်လုံးများ အရောင်တောက်သွားသည်။ “ဒါဆို နန်းတွင်းထဲက အရက်သိုလှောင်ရုံမှာပဲ ဖြစ်မယ်”

“ကျွန်တော် မမကြီးတိရီယွဲ့ဆီ အကြောင်းကြားပြီး တျန်းရှုကို သွားခေါ်ခိုင်းရမယ်”

တန်ခိုးရှင်သစ်ခုတ်သမားက ဆေးတံကို ဟန်မပျက်မှုတ်နေသော နွားအိုကြီးအား တစ်ချက်ကြသည့်လိုက်သည်။ “မီး သေနေပြီ”

နွားအိုကြီးမှာ ကပျာကယာ မီးပြန်ညှိပြီး အလျင်စလို မှုတ်လိုက်မိ၍ သီးသွားကာ မျက်ရည်များဝဲတက်သွားတော့သည်။

“ပြောသင့်တာ ပြော၊ မပြောသင့်တာ မပြောနဲ့”

သစ်ခုတ်သမားက ပြောသည်။ “ငါ မင်းကို ဘာမှမလုပ်နိုင်ပေမယ့် နံပါတ်နှစ် ကောင်းကင်ဆရာသခင်အတွက် မင်းကို သတ်ဖို့ မခက်ဘူး”

နွားအိုကြီးမှာ ‌ခေါင်းတဆတ်ဆတ် ညိတ်ပြီး သွားဖြဲပြလိုက်သည်။ “ကောင်းကင်ဆရာသခင်ကြီး၊ မပူပါနဲ့... ကျုပ် နားလည်ပါတယ်”

သစ်ခုတ်သမားက အိပ်ချင်ယောင်ဆောင်နေသော နဂါးချီလင်ဆီသို့ လျှောက်သွားသည်။ “မင်း စကားများရင် ပန်းကန်ပြားပေါ် ရောက်သွားမယ်”

နဂါးချီလင် ဂလုခနဲ တံတွေးမြိုချလိုက်သည်။ သူလည်း သွားဖြဲပြုံးပြလေသည်။ “ကျွန်တော့်လောက် နှုတ်လုံတဲ့ နဂါးချီလင် မရှိပါဘူးဗျ... ဂိုဏ်းသခင် အရှက်ကွဲခဲ့တဲ့ ကိစ္စတွေကိုလည်း ဘယ်သူ့ဆီမှ မပြောဖူးပါဘူး”

ချင်မူက သူ့မေးစေ့ရှိ မုတ်ဆိတ်မွှေးငုတ်တိုများကို ပွတ်သပ်လိုက်သည်။ “ဖက်တီးနဂါး ငါ အရှက်ကွဲခဲ့တဲ့ ကိစ္စတွေကို သိထားတယ်တဲ့လား... အမ်း သူ့ကို အရှင်ထားလို့ မဖြစ်တော့ဘူး... ဘယ်လိုလုပ်ရပါ့”

တန်ခိုးရှင်သစ်ခုတ်သမားသည် လယ်သမားအဘိုးအိုဆီ သွားကာ နှုတ်ဆက်၏။ လယ်သမားအဘိုးအိုက သူ့ကို အဖက်မလုပ်ဘဲ မျက်လုံးပိတ်လျက်သာ ဟောက်နေသည်။ သစ်ခုတ်သမားမှာ ထွက်သွားရုံသာ တတ်နိုင်တော့သည်။

လယ်သမားအဘိုးအိုက နှာခေါင်းရှုံ့၍ သူ့ဆီသို့ တံတွေးလှမ်းထွေးသည်။

ချင်မူ့အမူအရာမှာ ထူးဆန်းနေတော့သည်။ ကောင်းကင်ဆရာသခင်ကြီးနှစ်ယောက်သည် နှစ်သောင်းနှင့်ချီ အသက်ကြီးနေပြီဖြစ်သော်လည်း ကလေးများသဖွယ် ပြုမူနေကြသည်။

များစွာမကြာလိုက်ဘဲ ဟူပုကွေ့က အိတ်အသေးလေးတစ်လုံး လွယ်လျက် သို့နျိုကမ္ဘာမှ ထွက်လာသည်။ သူသည် သာမန်အဝတ်အစားများကို ဝတ်ထားပြီး အလွန်တုတ်ခိုင်သန်မာသောပုံစံ ရှိနေ၏။

ရွာသားများက အနောက်ရှိ တောင်ကြီးကို ပြန်လည်ရွေ့လျားလိုက်ကြပြီး သို့နျိုကမ္ဘာအား ပိတ်လိုက်ကြသည်။ ချင်မူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည့်အခါ ပိတ်ခံထားရသော ဟင်းလင်းပြင်အရိပ်အယောင်တစ်ခုမှ မတွေ့‌ရ၍ မအံ့ဩမိဘဲ မတော့ပေ။

သို့နျိုကမ္ဘာသို့ ရောက်ခဲ့သော အတွေ့အကြုံအရ သို့နျိုကမ္ဘာနှင့် မဟာမြို့ပျက်သည် လုံးလုံးလျားလျား ခြားနားနေ၏။ ညရောက်သည့်အခါ မဟာမြို့ပျက်ကို စိုးမိုးသွားသော အမှောင်ထုကား သို့နျိုကမ္ဘာသို့ မကျူးကျော်နိုင်ပေ။ ယင်းက သို့နျိုကမ္ဘာသည် မဟာမြို့ပျက်ထဲ၌ ရှိနေခြင်းမဟုတ်ဟု ဆိုလိုသည်။

ထို့အပြင် သို့နျိုကမ္ဘာ၏ သိုင်းသမားများသည် ဆယ့်သုံးနှစ်အရွယ် ရောက်လျှင် မိစ္ဆာနတ်ဆိုးကမ္ဘာသို့ သွားရောက်ပြီး မိစ္ဆာနတ်ဆိုးမျိုးနွယ် အဆင့်မြင့်သိုင်းပညာရှင်များဖြင့် တိုက်ခိုက်ရသည့်အကြောင်းကိုလည်း ဟူပုကွေ့ ပြောခဲ့ဖူးသည်။ ထိုအခြင်းအရာအရ သို့နျိုကမ္ဘာသည် မဟာမြို့ပျက်ဆီမှ အလွန်ဝေးကွာလိမ့်မည်။ သူ ခန့်မှန်းနိုင်သည်ထက်ပင် ဝေးကွာလောက်၏။

“ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တွေက အမှန်တကယ် အံ့ဩစရာကောင်းတာပဲ”

ချင်မူက လယ်သမားအဘိုးအိုကို ကြည့်ရင်း ရေရွတ်နေသည်။ လယ်သမားအဘိုးအိုသည် နွားအိုကြီးကို ဆွဲလျက် ထွက်လာပြီး ရွာသားများအား ပြောနေ၏။ “ငါ အပြင်ထွက်ပြီး ရှုရှန်းဟွာဆိုတဲ့တစ်ယောက်နဲ့ လိုက်တွေ့လိုက်ဦးမယ်... သူ ဘယ်လောက် အစွမ်းအစရှိလဲ ငါ မြင်ချင်တယ်... သူက ငါမျှော်လင်ထားသလို ဖြစ်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တစ်ချက်ကြည့်ပေးမယ်... မဟုတ်ရင်တော့ သစ်ခုတ်သမားကို ဖမ်းပေးကြ... ငါ ပြန်ရောက်တာနဲ့ သူ့ကို သေအောင် ရိုက်သတ်ပစ်မယ်”

အားလုံး ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကောင်းကင်ဆရာသခင်၊ မပူပါနဲ့... ကျွန်တော်တို့ ဒီမှာ နေပြီး သို့နျိုနန်းဆောင်ကို စောင့်ရှောက်ပေးထားပါ့မယ်... ကောင်းကင်ဆရာသခင်ကြီးကို တွေ့ရင်လည်း ဖမ်းပေးထားပါ့မယ်”

လယ်သမားအဘိုးအိုက နွားအိုကြီးကို တက်ခွလိုက်ပြီး ချင်မူက နဂါးချီလင်၏ကျောပေါ်တွင် ဖြစ်သည်။ ဟူပုကွေ့ကမူ ခြေလျင်လျှောက်နေသည်။ ချင်မူ သူ့အား တက်လာရန် ခေါ်လိုက်သော်လည်း ဟူပုကွေ့က ခေါင်းခါသည်။ “ကျွန်တော်မြန်မြန် ပြေးနိုင်တယ်”

ချင်မူ နဂါးချီလင်ကို တစ်ချက်ကြည့်လိုက်၍ နဂါးချီလင်မှာ ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။ သူက အားကုန်ထုတ်၍ အသားကုန်ပြေးလိုက်ပြီး သူ၏လျှပ်စီးလို အမြန်နှုန်းဖြင့် ဟူပုကွေ့အား ချန်ခဲ့နိုင်ပြီဟု ခံစားလိုက်ရသည်။ သို့သော် နွားအိုကြီးက လယ်သမားအဘိုးအိုကို သယ်လျက် အေးအေးဆေးဆေး လျှောက်နေပြီး ဟူပုကွေ့ကလည်း ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် တောင်တစ်လုံးပြီးတစ်လုံး ခုန်ကျော်ပြေးလွှားနိုင်မည်ဟု နဂါးချီလင် မထင်ထားမိပေ။

‘ဒီလူ့ရဲ့ ရုပ်ခန္ဓာက ငါ့ထက်တောင် ကြံခိုင်တာပဲဟ”

နဂါးချီလင် တအံ့တဩ ထခုန်မိပြီး ကျောထဲ စိမ့်သွားသည်။ ထို့နောက် သူ့ဘာသာသူ တွေးမိသွားသည်။ “သူတို့က ရှုရှန်းဟွာ ဘယ်မှာရှိမှန်း မသိလို့ ငါ့နောက် လိုက်နေတာပဲ... သိရင် ငါ့ထက် အရင်ပြေးသွားတာ ကြာပြီပေါ့... မသိတော့ ငါ့ကို သူတို့ကျော်တက်တော့မှာ မဟုတ်ဘူး... ဂိုဏ်းသခင်လည်း ငါ့ကို မမဲလောက်ဘူး”

ချင်မူက သူ၏မူလဝိညာဉ်ကို ထုတ်လွှတ်ကာ ရှုရှန်းဟွာနှင့် ဆက်သွယ်လိုက်သည်။ “ရှုရှန်းဟွာက အခု အနောက်ကမ္ဘာမြေမှာ အထက်ကောင်းကင်ဘုံတက္ကသိုလ် တည်ဆောက်နေတယ်... ကျွန်တော်တို့ သူ့ကို အနောက်ကမ္ဘာမြေမှာ သွားတွေ့နိုင်တယ်”

ဟူပုကွေ့ စိတ်အားတရှိန်းရှိန်း တက်ကြွသွားသည်။ နွားအိုကြီး၏ကျောတွင် ထိုင်နေသော လယ်သမားအဘိုးအိုက ပျင်းရိပျင်းတွဲ ပြော၏။ “ရှုရှန်းဟွာ အသုံးမကျရင် သစ်ခုတ်သမားကို သေအောင် ရိုက်သတ်ပစ်မယ်”

ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “နောင်တော်ရှုက ပါရမီရှင်တစ်ယောက်ပါ... ကျွန်တော်သာ မရှိရင် သူက ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းဖြစ်မှာဗျ... ကောင်းကင်ဆရာသခင် သူ့ကို တွေ့ရင် သေချာ‌ပေါက် ဝမ်းသာသွားမှာပါ”

လယ်သမားအဘိုးအိုက နှာခေါင်းရှုံ့လေသည်။

တစ်ပတ်ခန့်ကြာသော် သူတို့ အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော် အနားပတ်ဝန်းကျင်သို့ ရောက်လာကြသည်။

လောလောဆယ်တွင် အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးက နန်းဆောင်များ၊ အဆောက်အအုံများ တည်ဆောက်နေပြီး တည်ဆောက်ပြီးစီးသွားသည့် အဆောက်အအုံများစွာ ရှိနေချေပြီ။ ရှုရှန်းဟွာနှင့် ကျန်းယန်က ချင်မူ လာမည့်သတင်းရထားသဖြင့် လာကြိုကြသည်။

ချင်မူ နဂါးချီလင်၏ကျော‌‌ပေါ်မှ ခုန်ဆင်းကာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။ အထက်ကောင်းကင်ဘုံတွင် အနောက်ကမ္ဘာမြေ၏ ဒေသခံအပြင်အဆင်များ၊ အဆောင်အယောင်များ ပြည့်နှက်နေကြောင်း မြင်လိုက်ရ၏။ အဆောက်အအုံများမှာ လှပပြီး လေးရာသီစလုံး စိမ်းစိုပွင့်လန်းနိုင်သော သစ်ရွက်များ၊ ပန်းပွင့်များဖြင့် အလှဆင်ခံထားရသည်။

“ရှုမောင်နှံ၊ ဒါက ခိုင်ဧကရာဇ်နတ်ဘုရားနိုင်ငံ‌တော်ရဲ့ သိုင်းပညာကောင်းကင်ဆရာသခင်ပါ... ဒါကတော့ အစ်ကိုကြီးနျိုစန်းသွော”

ချင်မူက အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။ “ဒါက ဟူပုကွေ့ ... ငါ ပြောခဲ့တဲ့ တစ်ယောက်ပေါ့... သူက သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် တက်ထားတဲ့လူ... ကောင်းကင်တံတားအဆင့် မရှိဘူး”

ရှုရှန်းဟွာက ဟူပုကွေ့ကို ကြည့်ကာ မျက်လုံးများ တောက်ပသွားသည်။ “နောင်တော်ဟူ ကောင်းကင်ရတနာတွေ ဖွင့်ပြလို့ရမလား”

ဟူပုကွေ့၏ ခန္ဓာကိုယ်မှ တဂျိန်းဂျိန်း မြည်သံများ ထွက်လာပြီး ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်နှင့် သေခြင်းရှင်ခြင်း ကောင်းကင်ရတနာများ ပွင့်လာသည်။ ကောင်းကင်တံတား ကောင်းကင်ရတနာသို့ ရောက်သည့်အခါ ကောင်းကင်တံတားတစ်စင်းလုံး မရှိပေ။

မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများသည် ရှုရှန်းဟွာကို လှည့်ပတ်ပျံသန်းသွားပြီး သူက ဟူပုကွေ့၏ ကောင်းကင်တံတား ကောင်းကင်ရတနာ၏ တည်နေရာအား တွက်ချက်နေသည်။ တခဏကြာသော် ခေါင်းယမ်းလိုက်၏။ “ကောင်းကင်တံတား ကောင်းကင်ရတနာ တကယ် မရှိတာပဲ... ကောင်းတယ်... ကောင်းတယ်”

“ငါ မင့်ဆရာကို သေအောင် ရိုက်သတ်ပစ်မှာနော်” လယ်သမားအဘိုးအိုက ချင်မူ့နားအနား ကပ်ပြောသည်။

ရှုရှန်းဟွာသည် ဟူပုကွေ့ကို ပတ်၍ လျှောက်နေပြီး မျက်လုံးများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တဖျတ်ဖျတ် လက်နေတော့သည်။ သူက လျင်မြန်စွာ ပြောလိုက်သည်။ “နောင်တော်ဟူရဲ့ အခြေခံကလည်း သိပ်ခိုင်မာတယ်... ကျွန်တော် ဖန်တီးထားတဲ့ ကောင်းကင်ရတနာပေါင်းစည်းနည်းကို တကယ် စမ်းသပ်လို့ ရတော့မှာပဲ... ကျွန်တော်ကတော့ အဲဒီနည်းလမ်းကို ကျင့်လို့မရဘူး... ကျွန်တော်က လောကသခင်ခန္ဓာဆိုပေမယ့် အသိနောက်ကျသွားတော့ သိုင်းအခြေခံမှာ အားနည်းနေတယ်... အစတုန်းက နောင်တော်ချင်နဲ့ စမ်းသပ်မလို့ ပြင်ထားတာ... ဒါပေမဲ့ နောင်တော်ဟူရဲ့ ရုပ်ခန္ဓာက ကြံ့ခိုင်တဲ့အပြင် သိုင်းအခြေခံလည်း ခိုင်မာတယ်... နောင်တော်ဟူက ကျွန်တော် စမ်းသပ်ဖို့အတွက် ကွက်တိပဲ... ဒါနဲ့ နောင်တော်လည်း လောကသခင်ခန္ဓာပဲလား”

လယ်သမားအဘိုးအိုက ရပ်ပြီး ချင်မူ့ကို ပြောသည်။ “သူ ဟူပုကွေ့ကို သတ်ရင် သူ့ကို သတ်ပြီးတာနဲ့ မင်းကို သတ်ပစ်မယ်”

ချင်မူလည်း ယခုလို ရူးသွပ်နေသော ရှုရှန်းဟွာ၏ပုံစံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ စိတ်ထဲ မသက်မသာ ဖြစ်လာတော့သည်။

All Chapters