ငါ့အောက် မနိမ့်ကျဘူး
Vol. 54 Ch. 729
ချင်မူ စကားပြောနေစဉ် ဟူပုကွေ့၏ကောင်းကင်ရတနာထဲရှိ သစ်ပင်သန္ဓေသည် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကို ကျော်ဖြတ်၍ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာဆီ ဝင်ရောက်သွားချေပြီ။ မယှဉ်သာအောင် ပြင်းထန်လှသော ဖိအားကြောင့် ဟူပုကွေ့၏အရေပြားမှာ ကွဲထွက်တော့မည့် လက္ခဏာများ စတင်ပြသလာသည်။ သူ့မှာ အက်ရာဗလပွဖြင့် ကြွေအိုးတစ်အိုးပမာ ဖြစ်နေတော့သည်။
သူ့သွေးမှာလည်း အမှုန့်ဖြစ်သည့်တိုင်အောင် ဖိနှိပ်ခံထားရသဖြင့် အခိုးအငွေ့များအဖြစ် တထောင်းထောင်း ထနေကာ သူ့အား လွှမ်းခြုံထားသည်။
ထိုအချိန်တွင် သူ၏ရုပ်ခန္ဓာမှာလည်း ကြောက်စရာကောင်းလောက်အောင် ပိန်ချုံးသွားသည်။ အရပ်လည်း ပုဝင်သွားပြီး သူ့မှာ အရိုးစုပမာ ဖြစ်နေ၏။ တဖျောက်ဖျောက် မြည်သံများက သူ့ကိုယ်ထဲမှ တရစပ် ထွက်လာနေပြီး ဒူးလေးဆီမှ မြားများ ပစ်လွှတ်လိုက်သကဲ့သို့ အသံများလည်း ဆူညံနေသည်။
“သူ့အရွတ်တွေ ဖိသိပ်ခံလိုက်ရတဲ့ပုံပဲ....”
ကျင်းယန် ထိတ်ခနဲ ဖြစ်သွားသည်။ သူမက ရှုရှန်းဟွာဆီသို့ ကြည့်ကာ ခပ်တိုးတိုး မေးလိုက်၏။ “အရွတ်တွေ ဖိသိပ်ခံလိုက်ရရင် သူ့အရိုးတွေက ခံနိုင်တဲ့ နောက်ဆုံးအတိုင်းအတာ ရောက်နေပြီလို့ ဆိုလိုတာမလား.... သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ သစ်ပင်သန္ဓေ ရောက်သွားတာနဲ့ ဖိအားကို သူ ခံနိုင်တော့မှာ မဟုတ်ဘူးနော်...”
ရှုရှန်းဟွာက မျက်မှောင်ကြုတ်၍ သက်ပြင်းချသည်။ “စမ်းသပ်မှု မအောင်မြင်ဘူး... ဒီလောက်သန်မာတဲ့ ရုပ်ခန္ဓာနဲ့တောင် နောင်တော်ဟူလည်း ဖိအားကို မခံနိုင်ပြန်ဘူးပဲ... ဂိုဏ်းသခင်ချင်လို လောကသခင်ခန္ဓာကတော့ လုပ်နိုင်မယ်ထင်တယ်... ဂိုဏ်းသခင်ချင်ရဲ့ ရုပ်ခန္ဓာက အရင်ထက် ပိုသန်မာလာတာ ငါ မြင်နေရတယ်... သူက နောင်တော်ဟူအောက် နည်းနည်းမှ မလျော့ဘူး.... ဖန်ဆင်းပညာမှာ ကျွမ်းကျင်တာလည်း ထည့်တွက်ရင် ဒီလောက်ပြင်းထန်တဲ့ ဖိအားကို ခံနိုင်လောက်တယ်...”
ကျင်းယန် တီးတိုးကပ်ပြောလိုက်မိသည်။ “မောင်ကြီး၊ အစ်ကိုတော်ဟူက သေတော့မယ်... ဒီအကြောင်း တွေးဖို့ အချိန်ရှိသေးတယ်လား... သိုင်းပညာ ကောင်းကင်ဆရာသခင် မောင်ကြီးကို ဟိုကနေ စိုက်ကြည့်နေတာ မြင်လား... နွားအိုကြီးလည်း ဘယ်ချက်ထရိုက်မလဲမသိဘူး”
ရှုရှန်းဟွာက ယုံကြည်ချက်အပြည့်ရှိနေဆဲ ဖြစ်ပြီး ချင်မူ့ကို ယုံကြည်နေခြင်းဖြစ်၏။ “ဂိုဏ်းသခင်ချင်က ဖန်ဆင်းပညာ ကျွမ်းပါတယ်... နောင်တော်ဟူကို သေခွင့်မပေးပါဘူး... ဒီကမ္ဘာပေါ်မှာ ငါ့အတွေးတွေ လိုက်မှီဝာာဆိုလို့ သူ တစ်ယောက်ပဲ ရှိတယ်”
ဤအချိန်တွင် သစ်ပင်သန္ဓေ၏ အမြစ်များက သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ ဝင်ရောက်သွားပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချင်မူလည်း လှုပ်ရှားလိုက်သည်။
သူ့ခြေထောက်များက လျင်မြန်စွာ ရွေ့လျားသွားပြီး သူ့အနောက်တွင် ပုံရိပ်များအတန်းလိုက် ကျန်ခဲ့သည်။ သူက ဟူပုကွေ့ကို လှည့်ပတ်လျက် လက်ချောင်းများအား နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသည်။ သူ၏လက်ချောင်းထိပ်များမှ ဂီတသံစဉ်များလို သင်္ကေတအမှတ်အသားများ နိမ့်ချည်မြင့်ချည် ခုန်လျက် ထွက်လာကာ ဟူပုကွေ့၏ ကိုယ်ထဲ ဝင်ရောက်သွား၏။
ထိုဖန်ဆင်းသင်္ကေတများသည် ရုပ်ခန္ဓာဒဏ်ရာများ ကုသပေးရန် ဟူပုကွေ့၏ကိုယ်ထဲသို့သာ ဝင်ရောက်သွားခြင်းမဟုတ်၊ မူလဝိညာဉ်နှင့် ကောင်းကင်တံတားထဲသို့လည်း ဝင်ရောက်သွားကြသည်။
ဖန်ဆင်းသင်္ကေတများက ဟူပုကွေ့၏ ကောင်းကင်ရတနာများအတွင်းရှိ အက်ကွဲကြောင်းများကို ဖာထေးပြီး မူလဝိညာဉ်ကိုလည်း ကုသပေးနေသည်။
ကျင်းယန်မှာ ဤမြင်ကွင်းကို မှင်သက်စွာ ကြည့်နေမိသည်။ ရှုရှန်းဟွာက သူမကို ပြုံး၍ ကြည့်ကာ ပြောလေသည်။ “ဂိုဏ်းသခင်နဲ့ ငါ မတိုက်ခိုက်ခဲ့ရင် တစ်ယောက်ကို တစ်ယောက် သိခဲ့ကြမှာမဟုတ်ဘူး... ငါ ဂိုဏ်းသခင်ချင်ကို အသေအချာ နားလည်တယ်... ငါတို့နှစ်ယောက်သာ အတူတူ အလုပ်လုပ်ရင် နတ်ဘုရားတွေကိုတောင် တိုက်ခိုက်နိုင်တယ်”
ကျင်းယန်၏ ရင်ထဲ၌ မနာလို သဝန်တိုမှုများ လှိုက်တက်လာသော်လည်း ရုတ်တရက် သူမ အသိပြန်ဝင်သွား၏။ ‘မောင်ကြီးနဲ့ ဂိုဏ်းသခင်ချင်က ယောက်ျားအချင်းချင်းကို ငါက ဘာလို့ သဝန်တိုနေတာလဲ’
ဟူပုကွေ့၏ ရုပ်ခန္ဓာအပေါ် သက်ရောက်နေသော ဖိအားသည် ပြင်းထန်သထက် ပြင်းထန်လာ၏။ သို့သော် ချင်မူ့ဖန်ဆင်းပညာကြောင့် ဖိအားဒဏ်ကို ခံနိုင်သွားသည်။
“သစ်ပင်သန္ဓေ ကောင်းကင်ရတနာအားလုံးကို ဖောက်ထွက်နိုင်သွားရင် ကောင်းကင်ရတနာတွေ တစ်ခုတည်း ဖြစ်လာလိမ့်မယ်”
ရှုရှန်းဟွာ၏အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။ သူ့မျက်ဝန်းများတွင်လည်း စိတ်လှုပ်ရှားနေမှုတို့ အထင်သားမြင်သာနေ၏။ “တစ်ခုတည်း ဖြစ်သွားတာနဲ့ နောင်တော်ဟူရဲ့ အစွမ်းအစတွေက မျဉ်းဖြောင့်တစ်တန်းလို ထိုးတက်သွားမှာ.... သူ့မူလဝိညာဉ်ဖြစ်ဖြစ်၊ ရုပ်ခန္ဓာဖြစ်ဖြစ်၊ ကောင်းကင်ရတနာတွေဖြစ်ဖြစ် ဘယ်အရာမဆို အဆန်းတကြယ် တိုးတက်သွားလိမ့်မယ်... အဲဒါဆို သစ်ပင်သန္ဓေတည် ကောင်းကင်တံတား အောင်မြင်သွားပြီလို့ သတ်မှတ်နိုင်ပြီ”
ချင်မူ ရပ်လိုက်သည့်အခါ ပုံရိပ်အားလုံး သူ့ကိုယ်ထဲ ပြန်ဝင်သွားသည်။ သူ့မှာ ဟူပုကွေ့ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်နေမိလေသည်။
လယ်သမားအဘိုးအိုနှင့် နွားအိုကြီးလည်း မလှုပ်မယှက် ရပ်နေသော ဟူပုကွေ့အား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိကြသည်။ လယ်သမားအဘိုးအိုက လက်သီးတင်းတင်း ဆုပ်ထားပြီး နွားအိုကြီးကမူ လူတစ်ယောက်လို မတ်တပ်ရပ်နေ၏။ သူက ရှေ့ခွာကို ပါးစပ်ထဲ ထည့်၍ ကိုက်နေသည်။
နဂါးချီလင်မှာ မြေကြီးကို ယက်၍ တွင်းတူးနေသည်။
ဟူပုကွေ့သည် အတော်လေး ကြာသည်အထိ မလှုပ်ပေ။ ရုတ်တရက် သွေးအခိုးအငွေ့များက သူ့ကိုယ်ထဲ ပြန်ဝင်သွား၏။
ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေလေသည်။
ဟူပုကွေ့၏အရှိန်အဝါသည် ကြောက်ခမန်းလိလိ မြင့်တက်စပြုလာပြီး သူ၏ချီစွမ်းအင်က ပိုမိုပြင်းထန်အားကောင်းလာသည်။ မူလဝိညာဉ်မှာမူ ပို၍ပို၍ တည်ငြိမ်သွားသည်။ သူ့အရှိန်အဝါက ဒေါသူပုန်ထနေသော လေဆင်နှာမောင်းလို သူ့အား လှည့်ဝိုက်လျက် တိုက်ခတ်နေသည်။ လေဆင်နှာမောင်းက မြန်သထက် မြန်လာကာ လွှမ်းခြုံထားသော ဧရိယာသည်လည်း ကျယ်သထက် ကျယ်လာ၏။
ကျင်းယန်မှာ ခြေကုပ်မမြဲတော့ဘဲ ဟူပုကွေ့ဆီ ဆွဲငင်ခံလိုက်ရသည်။ သူမ၏သိုင်းအဆင့်သည် အတန်ငယ် အားနည်းသောကြောင့် အခြားသူများထက် နိမ့်ကျ၏။ ရှုရှန်းဟွာက သူမကို ကပျာကယာ လှမ်းဆွဲ၍ နောက်ဆုတ်လိုက်သည်။
ဟူပုကွေ့၏ အရှိန်အဝါမှာ ပြင်းထန်အားကောင်းသည်ထက် ပြင်းထန်အားကောင်းလာသည်။ သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက သူ၏ကောင်းကင်ရတနာအားလုံးကို တစ်သားတည်း ပေါင်းစည်းထား၏။ သူ၏ ကောင်းကင်ရတနာခြောက်ခုစလုံး တစ်ခုတည်း ပေါင်းစည်းနေပြီဖြစ်သည်။
သစ်ပင်သန္ဓေတည် ကောင်းကင်တံတား အဆုံးအထိကြီးထွားလာသည့်အချိန်တွင် ကောင်းကင်ရတနာအသစ်တစ်ခု မွေးဖွားလာတော့သည်။
၎င်းကား ကောင်းကင်တံတား ကောင်းကင်ရတနာပင်။
ဟူပုကွေ့သည် သို့နျိုကမ္ဘာ၏ သိုင်းပညာရှင်များနည်းတူ ကောင်းကင်တံတားကောင်းကင်ရတနာကို မပိုင်ဆိုင်ခဲ့ပေ။ သို့သော်လည်း ယခုတွင် သစ်ပင်သန္ဓေမှ ကောင်းကင်တံတားကောင်းကင်ရတနာ ဖွဲ့တည်လာပြီဖြစ်သည်။
ယင်းကြောင့် သူ၏ကျင့်စဉ်စွမ်းအင် တရှိန်ထိုး တိုးတက်သွားခြင်းလည်း ဖြစ်၏။
လယ်သမားအဘိုးအို စိတ်နှလုံးထဲ လှုပ်ခတ်သွားသည်။
သူသည် သျို့နျိုကမ္ဘာသားများတွင် ကောင်းကင်တံတားကောင်းကင်ရတနာ မရှိသောကြောင့် နတ်ဘုရားအဆင့်သို့ မတက်နိုင်သည့် ပြဿနာအား ဖြေရှင်းရန် သို့နျိုကမ္ဘာတွင် နှစ်ပေါင်းနှစ်သောင်းတိုင် ဇာတ်မြုပ်နေထိုင်ခဲ့၏။
သူ ပြဿနာကို ဖြေရှင်းခဲ့သော နည်းလမ်းက သို့နျိုကမ္ဘာသားများကို ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် နေ့မနား၊ ညမအိပ် လေ့ကျင့်ခိုင်းပြီး သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့် တက်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာအောင် ဖိအားပေးခြင်း ဖြစ်ခဲ့သည်။
သို့သော် နှစ်ပေါင်းနှစ်သောင်းအတွင်း မည်သူမှ သူ့ခြေရာကို မနင်းနိုင်ခဲ့ပေ။ သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ အနည်းအကျဉ်း ရှိခဲ့သည့်တိုင် လယ်သမားအဘိုးအိုလို မူလဝိညာဉ်ဖြင့် ပျံမတက်နိုင်ခဲ့ချေ။
သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့် ဝင်ရောက်သွားသော သိုင်းသမားတို့သည် ကောင်းကင်နတ်ဘုံဆီသို့ ပျံတက်နေသည့် လမ်းခုလတ်၌ စွမ်းအားကုန်ခမ်းတတ်ကြ၏။ ထိုအခါ သူတို့၏မူလဝိညာဉ်များ ယိုတုထဲ ပြုတ်ကျကာ သေဆုံးကြရသည်။
ယခုနှစ်များအတွင်း ဟူပုကွေ့သည် သိုင်းဝိညာဉ်ဖြင့် သိုင်းလမ်းစဉ်သို့ ဝင်ရောက်နိုင်ခဲ့သော ပထမဆုံးလူငယ်တစ်ယောက် ဖြစ်၏။ ချင်မူ ရုတ်တရက် ရောက်လာခြင်းက ဟူပုကွေ့အား သိုင်းလမ်းစဉ်အဆင့် ဝင်ရောက်သွားအောင် ကူညီပေးခဲ့သည့်အပြင် လယ်သမားအဘိုးအို၏ခြေရာ နင်းနိုင်ရန် အမျှော်လင့်ရဆုံးလူ ဖြစ်လာခဲ့သည်။
သို့တိုင်အောင် ဟူပုကွေ့ ကောင်းကင်နတ်ဘုံသို့ တက်ရောက်နိုင်မည့် ရာခိုင်နှုန်းမှာ အတိုင်းထက်အလွန် သေးငယ်ခဲ့သည်။
တန်ခိုးရှင်သစ်ခုတ်သမား မမှားပေ။ သိုင်းပညာကောင်းကင်ဆရာသခင်သည် သိုင်းပညာတွင် နံပါတ်တစ်ဖြစ်ပြီး မည်သူမှ သူနှင့် တန်းတူဖြစ်လိမ့်မည်မဟုတ်။ ဟူပုကွေ့ သူ့အား လိုက်မှီရန် မျှော်လင့်ခဲ့ဖူးသော်လည်း သူတို့နှစ်ယောက်၏ ကွာခြားမှုက ကြီးမားလွန်းသည်။
လယ်သမားအဘိုးအိုမှာ ပထမတုန်းက ချင်မူ အလွန်ချီးကျူးမြှောက်ပင့်ထားသော ရှုရှန်းဟွာကို အမြင်မကြည်ခဲ့ပေ။ ချင်မူ့ကို သေအောင် မရိုက်ပုတ်ခင် ရှုရှန်းဟွာကိုပင် သေအောင် ထိုးနှက်ချင်ခဲ့သည်။ သို့သော် ယခုတွင် ရှုရှန်းဟွာနှင့် ချင်မူ အတူတူ လုပ်ကိုင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ရှုပ်ထွေးဆန်းပြားသော နည်းလမ်းများနှင့်အတူ ဟူပုကွေ့၏ ကောင်းကင်တံတားကောင်းကင်ရတနာမှာ ဘွားခနဲ ထွက်ပေါ်လာခဲ့ချေပြီ။
နောက်ဆုံးတော့ ဟူပုကွေ့တွင် ခုနစ်ခုမြောက် ကောင်းကင်ရတနာ ရှိလာခဲ့ပြီဖြစ်သည်။
ထိုမျှသာမက ဟူပုကွေ့၏ ကောင်းကင်ရတနာခုနစ်ခုသည် ကောင်းကင်ရတနာတစ်ခုတည်းအဖြစ် ပေါင်းစည်းနေ၏... ယင်းကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
ဤအောင်မြင်မှုမျိုးသည် လယ်သမားအဘိုးအို၏ အောင်မြင်မှုထက်ပင် သာလွန်သည်။
လယ်သမားအဘိုးအို မျက်ရည်ဝဲလာ၍ မျက်လုံးများ ဝေဝါးလာသည်။ ခိုင်ဧကရာဇ်ခေတ်တုန်းကလည်း ထူးချွန်သော လူငယ်များစွာ ရှိခဲ့ပြီး လက်ရှိ ချင်မူနှင့် ရှုရှန်းဟွာလို တက်ကြွခဲ့ကြသည်။ ထူးဆန်းသော အကြံအစည်များ၊ စိတ်ကူးစိတ်သန်းများလည်း ပြည့်နှက်နေခဲ့ကြကာ ပြည်သူပြည်သားတို့၏ ဘဝများ အဆင့်အတန်းမြင့်မားလာစေရန်၊ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းခဲ့ဖူးကြ၏။
ယခုတော့ သေသူက သေ၊ ထွက်ပြေးသူက ထွက်ပြေး၊ ပုန်းသူက ပုန်းနေကြချေပြီ။ တချို့ကမူ လေ၊ မိုးဒဏ်တို့ တိုက်စားနေသော ကျောက်ရုပ်တုများအဖြစ် ပြောင်းလဲခဲ့ကြသည်။
အတိတ်ကို ပြန်တွေးရင်း လယ်သမားအဘိုးအို၏ နှလုံးသွေးများ ဆူပွက်လာသည်။
“နောင်တော်ဟူ၊ အခုမှ ကောင်းကင်တံတားအဆင့် တက်ထားတာဆိုတော့ အခြေခိုင်မာအောင် အရင်လုပ်တာ အကောင်းဆုံးပဲ”
ဟူပုကွေ့၏ မူလဝိညာဉ်က သစ်ပင်သန္ဓေတည် ကောင်းကင်တံတား အပေါ် တက်၍ ကောင်းကင်နတ်ဘုံဆီသို့ သွားရန် ပြင်နေကြောင်း မြင်လျှင် ချင်မူ ရုတ်ခြည်း ပြောလိုက်သည်။ “နောင်တော်ရဲ့ အဆင့်က မငြိမ်သက်သေးဘူး... အခုချက်ချင်း ကောင်းကင်နတ်ဘုံဆီ တက်လိုက်ရင် ကောင်းကင်တံတားအပေါ် နားလည်မှု အားနည်းသွားလိမ့်မယ်... ကောင်းကင်နတ်ဘုံကို အောင်အောင်မြင်မြင် တက်နိုင်ရင်တောင် အားနည်းချက်တွေ ပါနေလိမ့်မယ်”
ဟူပုကွေ့၏ အရှိန်အဝါက မြင့်တက်နေဆဲ ဖြစ်ပြီး ကျင့်စဉ်စွမ်းအင်မှာလည်း ပို၍ပို၍ သိပ်သည်းလာသည်။ သူကား များစွာ ကြောက်စရာကောင်းလာတော့သည်။
ယခုတွင် သူ၏ကျင့်စဉ်စွမ်းအင်သည် ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်အများစုထက် ပိုမိုသိပ်သည်း၏။ သို့သော် ချင်မူ့အမြင်တွင် သူ ထို့ထက်ပို၍ သန်မာနိုင်သေးသည်။
လယ်သမားအဘိုးအိုက အလေးအနက် ဝင်ပြောသည်။ “ချင်မူ မှန်တယ်... မင်း အလျင်လိုစရာမလိုဘူး... နှစ်အနည်းငယ်လောက် အချိန်ပေးပြီး ကောင်းကင်တံတား ကောင်းကင်ရတနာကို နားလည်အောင် ကြိုးစား... ပြီးမှ ကောင်းကင်နတ်ဘုံကို တက်... ဒါဆို မင်းအတွက် အကျိုးအမြတ်အများကြီး ရှိလိမ့်မယ်... အခု ကောင်းကင်နတ်ဘုံဆီ အတင်းအကြပ် တက်လိုက်ရင် နောင်ကျ နတ်ကောင်းကင်ခန်းမအဆင့်ကနေ ရှေ့မတက်နိုင်ဘဲ နေလိမ့်မယ်”
ဟူပုကွေ့၏ မူလဝိညာဉ်က ရပ်လိုက်ပြီး တောင်ကောင်းကင်မုခ်ဝဆီသို့ ကြည့်နေသည်။ သူ့နှလုံးသားသည် တဒိန်းဒိန်း ခုန်နေ၏။ နောက်ဆုံးတွင် သူ၏မူလဝိညာဉ်က သစ်ပင်အပေါ်မှ ဆင်းကာ သစ်ပင်အောက်၌ ရပ်လိုက်သည်။
“နောင်တော်ရှု၊ နောင်တော်ချင် အခုလို ဘဝအသစ်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်” သူက နှစ်ယောက်လုံးအား ကျေးဇူးတင်သည်။
ချင်မူနှင့် ရှုရှန်းဟွာက သူ့ကို အလျင်အမြန် ပြန်နှုတ်ဆက်ပြီး ကျင်းယန်က ပြုံးလေသည်။ “နောင်တော်ဟူ၊ အထက်ကောင်းကင်ဘုံတက္ကသိုလ်က အခုမှ တည်ထောင်နေတာမလို့ လူအင်အား လိုအပ်နေတယ်.. နောင်တော်ဟူ ပါမောက္ခတစ်ဦးအနေနဲ့ ကျောင်းသားတွေကို သင်ကြားပေးဖို့ စိတ်ဝင်စားလားမသိဘူး”
ဟူပုကွေ့ တွန့်ဆုတ်ခြင်းမရှိ ဖြေလိုက်သည်။ “သင်ကြားပေးနိုင်ပါတယ်”
ထိုစဉ် ချင်မူ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအို ပြောင်းလဲနေတယ်”
အားလုံး တိတ်ဆိတ်စွာ ရပ်၍ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုအပြောင်းအလဲများအား ခံစားကြည့်လိုက်သည်။ ကောင်းကင်နတ်ဘုံဆီသို့ တန်းရောက်စေနိုင်သော ကောင်းကင်ရတနာတစ်ခုသည် မည်သူမျှ မလုပ်ဆောင်ခဲ့ဖူးသည့် အောင်မြင်မှုတစ်ခု ဖြစ်၏။ မူလဝိညာဉ်လမ်းညွှန်နှင့် အဋ္ဌမမြောက် ဓားချက်ထက်ပင် အရေးပါသော ပြုပြင်ပြောင်းလဲမှုကြီးလည်း ဖြစ်သည်။ ချင်မူ ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းလိုက်သည့်အချိန် ဖြစ်ပေါ်သွားသော အပြောင်းအလဲသည်သာ ဤအပြောင်းအလဲနှင့် ယှဉ်နိုင်လိမ့်မည်။
ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုအပြောင်းအလဲက မည်သည့်ပုံရိပ်သဏ္ဍာန်ကိုမှ မပြသသလို၊ လွန်စွာတိတ်ဆိတ်သည်။ သို့သော် လမ်းစဉ်အဆင့် တက်ထားသော သိုင်းပညာရှင်မှန်သမျှ အပြောင်းအလဲအား ခံစားရလေသည်။
လယ်သမားအဘိုးအို အနည်းငယ် မှင်သက်သွားသည်။ သူက ရုတ်တရက် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မင်းရဲ့ သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက ဟူပုကွေ့လို သိုင်းအခြေခံရှိတဲ့ လူတွေကိုပဲ ပြောင်းလဲပေးနိုင်တယ်... တခြားသူတွေအတွက်တော့ ဘာအကျိုးမှမရှိဘူး... ဟူပုကွေ့အပြင် ဘယ်သူမှ သစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို တည်ဆောက်နိုင်မှာမဟုတ်ဘူး... ဒါ့အပြင် ကရိကထလည်း များလွန်းတယ်... သင်္ချာစွမ်းရည် မြင့်မားဖို့ကလည်း လိုသေးတယ်.. ချင်မူ့လို ဖန်ဆင်းပညာရှင်တစ်ယောက်တောင် မကူညီနိုင်ဘူး... ဒီကျင့်စဉ်ကို ဖြန့်ဝေလို့ ရလိမ့်မယ် မထင်နဲ့”
ရှုရှန်းဟွာ မျက်မှောင်ကြုတ်သွားမိသည်။ လယ်သမားအဘိုးအို ပြောသွားသည်မှာ သစ်ပင်သန္ဓေတည် ကောင်းကင်တံတား၏ အားနည်းချက်များ ဖြစ်သည်။ ဟူပုကွေ့အနေဖြင့် တံတားအား ဖွဲ့တည်နိုင်ခဲ့သော်လည်း ရှုရှန်းဟွာနှင့် ချင်မူ ကူညီပေးခဲ့ရသည်က ပိုများသည်။
သူတို့နှစ်ယောက်လုံး၏ အကူအညီမပါဘဲ သူ့ဘာသာ ဖွဲ့တည်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ရှုရှန်းဟွာနှင့် ချင်မူက အကျင့်တူသည်။ သူတို့သည် အခြားသူများ သစ်ပင်သန္ဓေတည် ကောင်းကင်တံတား တည်ဆောက်နိုင်အောင် ကူညီပေးမည့်လူများ မဟုတ်။ ကျင့်စဉ်များ ဖန်တီးရသည်ကိုသာ ပိုပျော်ပြီး ဖန်တီးပြီးသည်နှင့် အခြားလူများလက်ထဲ ထည့်ပေးတတ်ကြသည်။
“ဒါကြောင့် အပြောင်းအလဲလုပ်ဖို့ လိုတာပေါ့”
ချင်မူ့မျက်လုံးများ ဉာဏ်အမြော်အမြင်များဖြင့် တောက်ပနေသကဲ့သို့ လင်းလက်နေ၏။ သူက လျင်မြန်စွာ ပြောသည်။ “သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက တာအိုနှလုံးသားထဲမှာ မိစ္ဆာမျိုးစေ့စိုက်တဲ့ နည်းလမ်း သုံးသွားတာ... ဒီတော့ ပြောင်းလဲမှုနည်းနည်းပါးပါး လုပ်လို့ရလိမ့်မယ်... ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဒါမှမဟုတ် သိုင်းသမားတွေကို ဝိညာဉ်သန္ဓေသားအဆင့်မှာ သစ်ပင်သန္ဓေတည် ကောင်းကင်တံတား ဖွဲ့တည်ခိုင်းလိုက်မယ်... ဒါဆို သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက ကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ သိုင်းသမားတွေနဲ့ အတူ ကြီးထွားလာပြီး ကောင်းကင်ရတနာတစ်ခုစီကို ထိုးဖောက်သွားလိမ့်မယ်... ဒီတိုင်းဆို အန္တရာယ် သိပ်မများတော့ဘူး”
ရှုရှန်းဟွာ၏ မျက်လုံးများ တောက်ပလာကာ သူက လက်ခုပ်တီးလိုက်သည်။ “ဒါဆို ကျင့်စဉ်ကို နည်းနည်းလောက် ပြောင်းလဲဖို့ပဲ လိုတာပေါ့... ဒါပေမဲ့ ငါက ကျင့်စဉ်တွေ ပြောင်းလဲတဲ့နေရာမှာ သိပ်မတော်ဘူး... ဂိုဏ်းသခင်ချင်ရဲ့ အကူအညီ လိုအပ်လိမ့်မယ်”
“ကူညီပေးရမှာပေါ့... ငါက ကျင့်စဉ်တွေ ပြောင်းလဲတဲ့နေရာမှာ နံပါတ်တစ်ပဲကိုး”
ချင်မူကား အနည်းငယ်မျှ မနှိမ့်ချချေ။ “ငါ ဒီသစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို အများစု နားလည်ပေမယ့် မရှင်းသေးတဲ့ တချို့အပိုင်းတွေ ရှိနေသေးတယ်... နောင်တော်ရှု ငါ့ကို အသေးစိတ် ရှင်းပြပေး.... ဘယ်လိုပြောင်းလဲလို့ ရမလဲ ကြည့်ကြည့်တာပေါ့”
ရှုရှန်းဟွာက သစ်ပင်သန္ဓေတည် ကောင်းကင်တံတားအကြောင်း ပြောပြပြီး သင်္ချာညီမျှခြင်းကိုလည်း အကြမ်းဖျင်း ရှင်းပြလိုက်သည်။ ချင်မူက သင်္ချာပညာရှင်ဖြစ်သည့်အတွက် ညီမျှခြင်းနှင့်ပတ်သက်၍ အသေးစိတ်ပြောပြနေစရာ မလိုပေ။
နှစ်ယောက်သား တပူးပူး တတွဲတွဲဖြင့် ရှေ့လျှောက် နောက်လျှောက် လျှောက်နေကြသည်။ နှစ်ယောက်လုံး ဆွေးနွေးရာတွင်သာ နစ်မျောနေကြသဖြင့် ကျန်ရှိသူများအား သတိမရတော့ပေ။
လယ်သမားအဘိုးအိုမှာ သူတို့ပြောနေသည့် အကြောင်းအရာကို နားကန်းတစ်လုံးမျှ နားမလည်သလို၊ နွားအိုကြီးနှင့် ဟူပုကွေ့လည်း မသိသဖြင့် ငေး၍သာ ကြည့်နေကြရသည်။
ကျင်းယန်မှာတော့ မည်သို့မျှမတတ်နိုင်တော့ဘဲ တွေးလိုက်မိသည်။ ‘သူတို့နှစ်ယောက် အတူတူ လေ့လာလို့ကတော့ ဘယ်သူမှ သူတို့ခေါင်းထဲ ရှိမှာမဟုတ်ဘူး’
ဤတစ်ကြိမ်တွင် ချင်မူက ဦးဆောင်ဆွေးနွေးနေသည်။ ဟိုရောက်သည်ရောက် သူ့အတွေးများအား ရှုရှန်းဟွာသာ လိုက်မှီနိုင်လေသည်။ ထို့အပြင် ရှုရှန်းဟွာ၏ အတွေးများက တိကျသဖြင့် ချင်မူ လိုအပ်နေသော နေရာများအား ဖြည့်စွက်ဆွေးနွေးပေးနိုင်၏။
သူတို့နှစ်ယောက်လုံး သွက်သွက်လက်လက် ပြောင်းလဲပြီး သစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို အချောသပ်လိုက်ကြသည်။ ထို့နောက် ထပ်ခါတလဲလဲ တွက်ချက်ကာ အမှားများ ပြင်ဆင်ကြ၏။
ရှုရှန်းဟွာက ကြောင်အမ်းနေသော ဟူပုကွေ့ဆီ လှမ်းကြည့်ရင်း ခပ်တိုးတိုး မေးလေသည်။ “ဂိုဏ်းသခင်၊ နောင်တော်ဟူမှာ ဒီလောက် သန်မာအားကောင်းတဲ့ အစွမ်းအစတွေ ရှိတာ မြင်လိုက်ရတုန်းက သူလည်း လောကသခင်ခန္ဓာဖြစ်မယ် ထင်ခဲ့တာ... သာမန်သိုင်းသမားပဲ ဖြစ်နေမယ် မထင်ခဲ့ဘူး”
ချင်မူ ပြုံးပြလိုက်သည်။ “သူ လောကသခင်ခန္ဓာ မဟုတ်မှန်း ငါ မြင်တာဖြင့် ကြာပေါ့... သူ့အတွေးတွေက ဖြူစင်လွန်းပြီး တစ်သမတ်တည်းပဲ ရှိတယ်... သိုင်းလမ်းစဉ်တစ်ခုတည်းကိုပဲ သူ ကျင့်ကြံနိုင်တယ်လေ... ငါတို့လောက် ဘယ်တော်ပါ့မလဲ”
ရှုရှန်းဟွာ၏ အကြည့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ “ဒါဆို နောင်တော်ချင် ငါ့ကို ရှုံးကြောင်း ဝန်ခံမယ်မဟုတ်လား... အခု ဘယ်သူက အတုလဲ ဘယ်သူက အစစ်လဲ မင်း သိသင့်ပါပြီ ဟုတ်တယ်မလား”
ချင်မူက သမ်းဝေလိုက်၏။ “ငါက လူတော်တော်များများလောက် ဉာဏ်မကောင်းတာ မှန်ပါတယ်... ရှုံးတာ ဝန်ခံတယ်”
ရှုရှန်းဟွာ မျက်ခုံးပင့်သွားသည်။ “လူတော်တော်များများတဲ့လား”
ချင်မူ ပျင်းရိပျင်းတွဲ ပြောလိုက်သည်။ “ဆရာသစ်ခုတ်သမား၊ ရှင်းအန်း၊ လင်းရွှမ်နဲ့ ကျန်တဲ့သူတွေကို မခေါ်ဘဲ မင်းဘာသာမင်း ဒီကျင့်စဉ်ကို တီထွင်ခဲ့တာဆို ငါက အတု၊ မင်းက အစစ်လို့ ဝန်ခံပေးမှာပါ... ဒါပေမဲ့ မင်းက သူတို့ကို အားကိုးပြီး ငါနဲ့ တန်းလုညှိမှတော့ မင်းက ငါ့အောက် နိမ့်ကျသေးတာပေါ့ကွာ... ဒါပေမဲ့လည်း နောင်တော်ရှုက အတော်လေး ထူးချွန်ပါတယ်”
ရှုရှန်းဟွာ အောင့်သက်သက် ဖြစ်သွားတော့သည်။