← Chapters

အထူးဆန်းဆုံးနေရာ

Vol. 54 Ch. 730

အထူးဆန်းဆုံးနေရာ

Vol. 54 Ch. 730

ဟူပုကွေ့မှာ ချင်မူနှင့် ရှုရှန်းဟွာ မည်သည့်အကြောင်းအရာများ ပြောနေမှန်း မသိပေ။ သူ့ကျင့်စဉ်စွမ်းအင် တရိပ်ရိပ် တိုးတက်လာနေသည်ကိုသာ ခံစားနေရသည်။ အသက်ရှူသွင်း၊ ရှူထုတ်လိုက်သည့်အခါတိုင်း အဆုံးမဲ့စွမ်းအားများ သူ့ကိုယ်ထဲ၌ တိုးပွားလာနေ၏။

တခဏလေးအတွင်း သူ၏ကျင့်စဉ်စွမ်းအင်မှာ လုံးလုံးလျားလျား ပြောင်းလဲသွားလေသည်။ သူသာ သူ၏မူလဝိညာဉ်ကို ကောင်းကင်နတ်ဘုံသို့ တက်စေလိုလျှင် အလွယ်တကူ တက်နိုင်လိမ့်မည်။

သူက ကောင်းကင်ရတနာတစ်ခုတည်းဖြင့် ကောင်းကင်နတ်ဘုံသို့ ပထမဆုံး ပျံတက်နိုင်သောလူ ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ထားလိမ့်မည်နည်း။

သို့သော် အဆင့်တက်ပြီးနောက် ပထမဆုံးပြဿနာအား ဟူပုကွေ့ လျင်မြန်စွာ တွေ့ရှိသွားသဖြင့် ကမန်းကတန်း မေးလိုက်သည်။ “ကောင်းကင်ဆရာသခင်၊ ကျွန်တော် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဘယ်လိုကျင့်ကြံရမှာလဲ”

လယ်သမားအဘိုးအို မျက်နှာနီရဲသွားပြီး စကားတစ်ခွန်းမျှ မပြောပေ။ သူ့တွင် ကောင်းကင်တံတား မရှိသဖြင့် ကောင်းကင်တံတား ကောင်းကင်ရတနာမရှိခဲ့ရာ ဤအဆင့်ကို မည်သို့ကျင့်ကြံရမည်မှန်း သူ သိနိုင်ပါမည်လော။ နဂိုကတည်းက မာနကြီးသူပီပီ မသိသည့်အကြောင်းအား အငယ်တစ်ယောက်၏ အရှေ့တွင် ဝန်မခံချင်ပေ။

တခဏကြာသော် လယ်သမားအဘိုးအိုက ဗလုံးဗထွေး ရေရွတ်သည်။ “ချင်မူနဲ့ ရှုရှန်းဟွာဆီက အကြံတောင်းကြည့်...”

ဟူပုကွေ့က ချင်မူနှင့် ရှုရှန်းဟွာဆီသို့ လှမ်းကြည့်သည်။ လူငယ်လေးနှစ်ယောက်သည် တတွတ်တွတ် ပြောလိုက်၊ ပုံဆွဲလိုက် လုပ်နေကြ၏။ သူ ရှေ့တိုးသွားသော်လည်း သူတို့နှစ်ယောက် ဘာပြောနေမှန်း မသိသေးပေ။

ချင်မူနှင့် ရှုရှန်းဟွာသည် အချောသပ်ပြီးသော သစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို ချဆွဲပြီး ပွားနေကြ၏။ ထို့နောက် ပွားရင်း ပေါ်လာသည့် စိတ်ကူးများကို ချရေးနေကြပြီး ဤသစ်ပင်သန္ဓေတည် ကောင်းကင်တံတားအား ကျန်သိုင်းပညာရှင်များလည်း ကျင့်ကြံနိုင်မည်ဟု ခံစားနေကြရသည်။

သို့ရာတွင် သစ်ပင်သန္ဓေ၏ အပင်ပေါက်သည် တစ်ယောက်နှင့်တစ်ယောက် အရွယ်အစားတူညီမည် မဟုတ်သဖြင့် ကျင့်စဉ်တွင် အပြောင်းအလဲများစွာ လုပ်နေရသည်။ ဝိညာဉ်သန္ဓေသားအဆင့်၊ ဓာတ်ကြီးငါးပါးအဆင့် အစရှိသဖြင့် အဆင့်တစ်ဆင့်ချင်းစီအလိုက် သစ်ပင်သန္ဓေတည်ကောင်းကင်တံတားမှာ ကွဲပြားသွား၏။ အဆင့်တက်လာသည်နှင့်အမျှ ကျင့်ကြံရန်လည်း ပိုမိုအန္တရာယ်များလာလိမ့်မည်။

သေခြင်းရှင်ခြင်းအဆင့် ရောက်သည့်အခါ ဟူပုကွေ့လို သန်မာအားကောင်းသော ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မျိုး ပိုင်ဆိုင်ထားရန် လိုအပ်လိမ့်မည်။ ကောင်းကင်တံတားအဆင့်၌မူ သစ်ပင်သန္ဓေတည် ကောင်းကင်တံတားအား တည်‌ဆောက်ရန် မဖြစ်နိုင်သလောက် ရှိ၏။

“ဒီပြဿနာကို ဖြေရှင်းနိုင်လောက်မယ့် နည်းလမ်းတစ်ခု ရှိတယ်”

ချင်မူက ဖြစ်နိုင်ခြေတစ်ခု တွေးမိလိုက်၍ မျက်လုံးများ တောက်ပသွားသည်။ “အနောက်ကမ္ဘာမြေ အစစ်အမှန်ကောင်းကင်နန်းတော်သခင်မ ရှုန်းရှီယွီရဲ့ ဝိညာဉ်တစ်သောင်း သဘာဝကျင့်စဉ်... အဲဒီကျင့်စဉ်က ဝိညာဉ်ရှိသမျှ အရာအားလုံးကို ကိုင်တွယ်ထိန်းချုပ်နိုင်တယ်... ရှုန်းရှီယွီရဲ့ ချီစွမ်းအင်အပေါ် ထိန်းချုပ်နိုင်မှုက အဆန်းတကြယ်အဆင့်တစ်ဆင့်ကို ရောက်နေပြီ... အဲဒီလို ချီစွမ်းအင်ကို ထိန်းချုပ်တဲ့ သူ့ကျင့်စဉ်သဘောတရားနဲ့ သစ်ပင်သန္ဓေတည် ကောင်းကင်ရတနာရဲ့ ဖိအားကို ထိန်းချုပ်နိုင်ရင် ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ ခံနိုင်ရည် အတော်လေး မြင့်တက်လာလိမ့်မယ်”

ရှုရှန်းဟွာ၏မျက်လုံးများ တောက်ပသွားပြီး သူက အပြုံးတစ်ခုဖြင့် ပြော၏။ “ငါ့အထက်ကောင်းကင်ဘုံ တက္ကသိုလ်က အစစ်အမှန်ကောင်းကင်နန်းတော်နဲ့ အိမ်နီးချင်းဆိုတော့ ငါ သူ့ဆီက အကြံသွားတောင်းလို့ ရတယ်”

နှစ်ယောက်သား စတင်‌လေ့လာပြုစုကြသည်နှင့် တခြားမည်သည်ကိုမျှ မတွေးတော့ဘဲ အပြင်လောကကိုလည်း အဖက်မလုပ်တော့ပေ။ သစ်ပင်သန္ဓေတည် ကောင်းကင်ရတနာ၏ အဆင့်တစ်ဆင့်စီတိုင်းကို ရှင်းလင်းပြီးသည့်အခါ ဆယ်ရက်ကြာခဲ့ပြီဖြစ်၏။

ဤဆယ်ရက်အတွင်း အထက်ကောင်းကင်ဘုံတက္ကသိုလ်လည်း တည်ဆောက်ပြီးစီးသွားသည်။ နန်းဆောင်ခန်းမများသည် အလွှာအထပ်ထပ် စီတန်းတည်ရှိနေပြီး စင်္ကြတံတားများက ကောင်းကင်တစ်လျှောက် ဖြန့်ကျက်သွယ်တန်းနေကြ၏။ အနောက်ကမ္ဘာမြေသူများသည် အလှတရားနှင့်ပတ်သက်လျှင် ထူးခြားသော အမြင်ရှိသည့်အတွက် ဤတက္ကသိုလ်မှာ ကဗျာဆန်ဆန် တင့်တယ်လှပနေတော့၏။

ချင်မူနှင့် ရှုရှန်းဟွာ မှတ်သားနေသော စာရွက်များမှာ တောင်လို ပုံနေပြီး အဆင့်တစ်ဆင့်စီတိုင်းအတွက် ကျင့်စဉ်တစ်ခုစီသည် အလွန်ထူ၏။ သို့သော် မဖြေရှင်းရသေးသော ပြဿနာများစွာ ရှိနေသေးသည်။

“နောင်တော်ရှု အထက်ကောင်းကင်ဘုံတက္ကသိုလ် ဖွင့်တော့မှာမလား... ဒါဆို အထက်ကောင်းကင်ဘုံရဲ့ ကျောင်းသားတွေကို ဒီအဆင့်တွေရဲ့ ပြဿနာတွေ ဖြေရှင်းခိုင်းကြရအောင်... သူတို့အတွက်လည်း စမ်းသပ်မှုတစ်ခု ဖြစ်တာပေါ့”

ချင်မူ ကျောဆန့်ကာ ပြောလိုက်သည်။ “မမကြီးတိရီယွဲ့ကို လိုက်လာခဲ့မယ် ကတိပေးထားတော့ ငါ အခု ပြန်ဖို့ အချိန်ကျပြီ”

ရှုရှန်းဟွာမှာ သူ့ကို ပြန်မလွှတ်ချင် ဖြစ်နေသည်။ “မင်း ဒီမှာ ရက်ပိုင်းလောက် ထပ်နေရင် ငါတို့ သုတေသနတွေ အများကြီးလုပ်နိုင်တယ်... ငါ့အထက်ကောင်းကင်ဘုံတက္ကသိုလ်မှာလည်း အနောက်ကမ္ဘာမြေရဲ့ ကျောင်းသားတွေကို ဆွဲဆောင်နိုင်မယ့် ပညာရပ်တွေ ပိုများလာမှာ”

ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “သိုင်းပညာ သင်ပေးမယ့် နောင်တော်ဟူလည်း ရှိတာပဲ... ချီကျုံရီလည်း အထက်ကောင်းကင်ဘုံမှာ ပုန်းနေတယ်... သူ့ကိုသာ ခေါ်လိုက်... သူ့အစွမ်းအစတွေကလည်း မြင့်မားပါတယ်”

ရှုရှန်းဟွာ ခေါင်းယမ်းလိုက်၏။ “ချီကျုံရီက ပြင်ပကောင်းကင်နတ်ဘုံကလေ... ငါ့တက္ကသိုလ်တည်ထောင်တာကို ဘယ်ကူညီပါ့မလဲ”

“သူ ဖက်တီးနဂါးနဲ့ သွေးသောက်ညီအစ်ကို လုပ်ထားတယ်... ကောင်းကင်နတ်မင်းတျန်းရှုနဲ့ရောပဲ... ဖက်တီးနဂါးကိုသာ မင်းနဲ့‌ ခေါ်သွားလိုက်၊ သူ မငြင်းနိုင်ဘူး”

ရှုရှန်းဟွာမှာ အလွန်ဝမ်းမြောက်သွားပြီး နဂါးချီလင်ဆီသို့ ကြည့်သည်။ “ဒါဆို အဆွေတော်လုံကို ရက်ပိုင်းလောက် ငှားရတော့မယ်ထင်တယ်”

နဂါးချီလင်က သူ့စကားကြားလျှင် ရင်ထဲတွင် အကြီးအကျယ် ပျော်သွားသော်လည်း အပြင်၌ မပြသပေ။ “ကျွန်‌‌တော့်ကို ငှားလို့က ရပါတယ်... ဒါပေမဲ့ သုံးနပ်မှန်အောင်တော့ ကျွေးရမယ်နော်... ဂိုဏ်းသခင်ကြောင့် ငတ်နေတာ ဆယ်ရက်ကျော်ပြီ... ဒီတော့ အရင်းနဲ့အတိုး ပေါင်းစားချင်တယ်”

ရှုရှန်းဟွာ ပြောလိုက်သည်။ “ကျွန်တော် ဆေးပညာသင်ထားပါတယ်... စိတ်မပူပါနဲ့”

ထိုအခါမှ နဂါးချီလင် စိတ်အေးသွား၏။ ‘ငါ ‌နောက်ပိုင်း ငတ်ရင် ရှုရှန်းဟွာဆီက အကူအညီတောင်းလို့ရပြီ... ဟုတ်တယ်၊ ရှုရှန်းဟွာက ပြောရဆိုရလွယ်တယ်... သူ ငါနဲ့ သွေးသောက်ညီအစ်ကို လုပ်မလား မသိဘူး... လုပ်ရင် ငါ့တစ်သက်တာ ဖူလုံသွားပြီ...”

သူ့မျက်လုံးများက တဖျတ်ဖျတ် လက်လာပြီး တိတ်တိတ်ကလေး အစီအစဉ်ဆွဲနေတော့သည်။

လယ်သမားအဘိုးအိုက လျှောက်လာပြီး ချောင်းဟန့်၏။ “ငါလည်း ဒီမှာ ရက်ပိုင်းလောက် နေချင်တယ်... မိတ်ဆွေလေးရှုက သို့နျိုနန်းဆောင်အတွက် အများကြီး အကူအညီပေးခဲ့တာဆိုတော့ ကျေးဇူးပြန်ဆပ်ချင်ပါတယ်.... မိတ်ဆွေလေးရှုအနေနဲ့ မှော်အစီအရင်ကောင်းကင်နတ်သိုင်းမှာ ထူးချွန်ပေမယ့် ရုပ်ခန္ဓာမှာတော့ အားနည်းနေတာ တွေ့ရတယ်.... ငါ ဒီမှာ ရက်ပိုင်းလောက် နေပြီး မိတ်ဆွေလေးရဲ့ ရုပ်ခန္ဓာကို လေ့ကျင့်ပေးပါ့မယ်”

ရှုရှန်းဟွာ ဦးညွှတ်အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ “ကျွန်‌တော့်မှာလည်း ဆရာကြီးဆီက အကြံ‌တောင်းစရာတွေ ရှိနေပါတယ်... ဂိုဏ်းသခင်ချင်က ရှေးဟောင်းနဂါးကျင့်စဉ်၊ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နဲ့ အန္တရဝဖန်ဆင်းကျမ်းစာအပြင် သိကြားကျမ်းစာကိုလည်း ဖြန့်ဝေပေးခဲ့လို့ ကျွန်တော် လေ့လာခဲ့ပေမယ့် ဘယ်လောက်ကျင့်ကြံကျင့်ကြံ ရုပ်ခန္ဓာမှာ ဂိုဏ်းသခင်ချင်ထက် မသာဘူးဖြစ်နေတယ်... ဆရာကြီး ကျွန်တော့်သံသယတွေကို ဖြေရှင်းပေးနိုင်မလားခင်ဗျာ”

ချင်မူ့မျက်ဝန်းများ အရောင်လက်သွားပြီး သူက ခြေလှမ်းများအား ရပ်လိုက်၏။ “အခုမှ သတိရတယ်... နဂါးချီလင်ကို ချန်ခဲ့လို့ မဖြစ်ဘူးပဲ... ငါလည်း ရက်ပိုင်းလောက် နေလိုက်တော့မယ်”

သူ နားထောင်ချင်နေမှန်း သိသာသည်။

လယ်သမားအဘိုးအိုသည် ခိုင်ဧကရာဇ်ခေတ်၏ သိုင်းပညာကောင်းကင်ဆရာသခင် မဟုတ်ပါ၏လော။ အသန်မာဆုံး သိုင်းစွမ်းအားရှိသည့် ကောင်းကင်ဆရာသခင်ဖြစ်သလို၊ ခိုင်ဧကရာဇ်ခေတ်၏ ဧကရာဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။

သိုင်းလမ်းစဉ်တွင် သိုင်းပညာကောင်းကင်ဆရာသခင်၏ အောင်မြင်မှုက အခြားသူများ မည်သို့မျှ လက်လှမ်းမမှီနိုင်မည့်အရာ ဖြစ်သည်ဟု သစ်ခုတ်သမားပင် ပြောခဲ့ဖူး၏။ နှစ်ပေါင်းတစ်သန်း နောက်ဆုတ်လိုက်သည်ဖြစ်စေ၊ ရှေ့တိုးလိုက်သည်ဖြစ်စေ သိုင်းလမ်းစဉ်၌ သူ့ထက် သာသူမရှိပေ။

ချင်မူ့အနေဖြင့် သူ၏သင်ကြားမှုအား နားထောင်ရလျှင် အကြီးအကျယ် အမြတ်ထွက်လိမ့်မည်။

လယ်သမားအဘိုးအိုက သူ့ကို တစ်ချက်ကြည့်ကာ ပြောသည်။ “မင်းက သိုင်းလမ်းစဉ်နဲ့ လမ်းစဉ်အဆင့် တက်ထားပြီးသား.... ငါ့လမ်းစဉ်က မင်းအတွက် မသင့်တော်တော့ဘူး... ငါ့လမ်းစဉ်ကို သင်လိုက်ရင် မင့်ရဲ့ ကိုယ်တိုင်လမ်းစဉ်နဲ့ ဝေးသွားလိမ့်မယ်.. သွားစရာရှိတာသာ သွား”

ချင်မူက မပြန်ဘဲ ပွစိပွစိ ပြောနေသည်။ “နားထောင်လိုက်လို့ ဘာမှမဖြစ်ပါဘူးဗျာ... ဒီ့အပြင် ကျွန်တော်လည်း နောင်တော်ဟူ ကောင်းကင်ရတနာ ဖွဲ့တည်နိုင်အောင် ကူညီပေးခဲ့တာနော်... နားထောင်ရုံပဲ နားထောင်ပါ့မယ်... မကျင့်ကြံပါဘူး”

လယ်သမားအဘိုးအို၏နဖူးမှ သွေးကြောများ ထောင်လာသည်။ “မင်းက သစ်ခုတ်သမားရဲ့ တပည့်လေ... ငါ မင်း မသင်ပေးနိုင်ဘူး... တော်ကြာ သူပဲ နာမည်ကောင်း ရသွားဦးမယ်”

ချင်မူ မည်သို့မျှအဓွန့်မတက်နိုင်ခင် လယ်သမားအဘိုးအိုက နွားအိုကြီးကို‌ ပြောလိုက်၏။ “စန်းသွော၊ သူ့ကို ကောင်းကင်ယင်နတ်ဘုရားမဆီ ခေါ်သွားပေးလိုက်”

နွားအိုကြီးဆီမှ မှော်စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်လာသည်။ ချင်မူမှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ နွားအိုကြီး၏ကျောအပေါ် ဆွဲငင်ခံလိုက်ရ၏။ သူ့မှာ နွားအိုကြီး သယ်ရာနောက်သို့ လိုက်သွားရတော့သည်။

အထက်ကောင်းကင်ဘုံတက္ကသိုလ်သည် ဝေးသထက် ဝေး၍ ကျန်ခဲ့ပြီး ချင်မူက သက်ပြင်းတဟင်းဟင်း ချနေသည်။

အဝေးတွင် မိန်းကလေးများက ချစ်သူကောင်လေးအပေါ် ထားရှိသည့် ခံစားချက်များအား ဖွင့်ဟသီဆိုရင်း ကခုန်နေကြသော်လည်း ချင်မူမှာ မှိုင်နေဆဲပင်။

နွားအိုကြီးက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ညီလေးချင်၊ သခင်ကြီးက အဲဒီလောက် ဂရုမစိုက်တတ်ပါဘူး... သူ မင်းကို သူ့ကျင့်စဉ် မသင်ပေးချင်တာလည်း မဟုတ်ဘူး... ကောင်းကင်ဆရာသခင်ကြီးက နာမည်ကောင်းယူတာ များနေလို့သာ ဒီလိုဖြစ်နေတာ”

ချင်မူ သိချင်သွားသည်။ “ဆရာသစ်ခုတ်သမားက သိုင်းပညာကောင်းကင်ဆရာသခင်အစား နာမည်ကောင်းယူတာ ရှိခဲ့ဖူးတာလား”

နွားအိုကြီးက ပြောသည်။ “ကောင်းကင်ဆရာသခင်ကြီးကိုယ်တိုင်က အဲဒီလိုမလုပ်ခဲ့ဘူး.. သူ့ဂုဏ်သတင်းက ကျော်ကြားလွန်းတော့ အားလုံး သူ့ကိုပဲ ချီးကျူးကြတာ များတယ်လေ... တစ်ခါနှစ်ခါဆို သခင်ကြီး ဒေါသဘယ်ထွက်ပါ့မလဲ... ဒါပေမဲ့ အမြဲတမ်း ဖြစ်နေတော့ သခင်ကြီးလည်း သည်းမခံနိုင်‌တော့တာပေါ့”

“အဲဒီလိုလား”

ချင်မူ သွေးတိုးစမ်းကြည့်လိုက်၏။ “ဒါဆို အစ်ကိုကြီးစန်းသွော၊ အစ်ကိုကြီး ကျင့်တဲ့ ကျင့်စဉ်ကလည်း သိုင်းပညာကောင်းကင်ဆရာသခင်ရဲ့ ကျင့်စဉ်ပဲလား... သူ ကျွန်တော့်ကို မသင်ပေးချင်ရင် အစ်ကိုကြီး သင်ပေးလို့ရော မရဘူးလား”

နျိုစန်းသွောမှာ အတန်ငယ် တွန့်ဆုတ်သွားပြီးနောက် ပြောသည်။ “ငါ မင်းကို မသင်ပေးချင်တာ မဟုတ်ဘူး... ငါက သခင်ကြီးရဲ့ ကျင့်စဉ်ကို ကျင့်ကြံထားတာ မဟုတ်လို့ပါ... ငါက မိစ္ဆာတစ်ကောင်ဆိုတော့ သူ ကျင့်ကြံတာ ကြည့်ရင်း ငါ့လမ်းစဉ်ငါ ဖန်တီးခဲ့တာ... အဲဒီလိုနဲ့ တဖြည်းဖြည်း လျှောက်လာခဲ့ရင်း နတ်ကောင်းကင်ခန်းမအထိ ရောက်လာခဲ့တာပဲ... မင်းက လူသားဆိုတော့ ငါ့ကျင့်စဉ်ကို ‌လေ့လာရင် အသုံးတည့်မှာ မဟုတ်ဘူး... အားလုံးမှာ ကိုယ့်လမ်းနဲ့ကိုယ် ရှိကြတယ်... အခြားသူတွေရဲ့ လမ်းကို လျှောက်ရင် မင်း သူတို့ကို ဘယ်‌တော့မှ လိုက်မှီနိုင်မှာမဟုတ်ဘူး... ရှုရှန်းဟွာရဲ့ ရုပ်ခန္ဓာက အားနည်းလွန်းလို့သာ သခင်ကြီးက သင်ပေးနေတာပါ... မင်းကတော့ လူငယ်မျိုးဆက်ကြားမှာ ထိပ်တန်းဖြစ်နေပြီးသားလေ”

ချင်မူမှာ လက်လျှော့လိုက်ရတော့သည်။

သူက စိတ်တည်ငြိမ်အောင် ပြန်ထိန်း၍ သူ၏မူလဝိညာဉ်ဖြင့် ကောင်းကင်ရတနာများအား တိုင်းတာရင်း အတိုင်းအတာများကို ချရေးနေသည်။ နွားအိုကြီး အနောက်ကမ္ဘာမြေမှ မဟာမြို့ပျက်သို့ ရောက်သည့်အခါ ချင်မူသည် ကောင်းကင်ရတနာများ၏ အတိုင်းအတာများကို အပြီးသတ်ပြီးချေပြီ။

နွားအိုကြီးက သူ့ကို သယ်ဆောင်သွားပြီး နေလုံးကြီးသည်လည်း ‌တောင်စွယ်၌ ငုပ်လျိုးပေတော့မည်။

နွားအိုကြီး ခြေလှမ်းများကို မြန်လိုက်ကာ သူ့ဘာသာ တွေးလိုက်၏။ ‘မြန်မြန်သွားရင် နေမဝင်ခင် သခင်ကြီးဆီ ပြန်လို့ရသေးတယ်”

သူသည် နတ်ကောင်းကင်ခန်းမအဆင့် မဟုတ်ပါ၏လော။ ခိုင်ဧကရာဇ်ခေတ်တစ်ခေတ်လုံးတွင် သူ့လို သန်မာအား‌ကောင်းသော သိုင်းပညာရှင်များ ရှားပါးချေရာ သူ မည်မျှမြန်ကြောင်း စိတ်ကူးဖြင့် တွေးကြည့်၍ပင် မရပေ။

ဤအခိုက်အတန့်တွင် နွားအိုကြီး တစ်စုံတစ်ခု ခံစားလိုက်၍ အရှိန်လျှော့လိုက်သည်။ သူက ကျောပေါ်ရှိ ချင်မူ့ကို လှည့်ကြည့်ကာ အံ့အားသင့်သွား၏။

ချင်မူက ကောင်းကင်ရတနာများကို ဖွင့်ထားပြီး လောလောဆယ်တွင် သစ်ပင်သန္ဓေ၏ အပင်ပေါက်လေးက လျင်မြန်စွာ ကြီးထွားနေချေသည်။

နွားအိုကြီး အလန့်တကြား ထခုန်မိသည်။ ‘ဒီကောင်လေး သူ့ဘာသာသူ ကျင့်ကြံရဲတယ်လား... တစ်ခုခု မှားသွားရင် ငါလည်း သူ့ကို မကယ်နိုင်ဘူး... အထက်ကောင်းကင်ဘုံတက္ကသိုလ်ဆီ မြန်မြန်ပြန်မှပဲ’

သူ့အတွေး ဤနေရာ‌အရောက်တွင် ချင်မူ၏ ဝိညာဉ်စင်မြင့်ထက်ရှိ သစ်ပင်သန္ဓေသည် အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာထဲသို့ ဝင်ရောက်သွားပြီး ကောင်းကင်ရတနာသုံးခုအား တစ်ခုတည်း ပေါင်းစည်းလိုက်ပြီဖြစ်၏။

ထို့နောက် သစ်ပင်သန္ဓေက ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာ၏ နယ်နိမိတ်ထဲ ဝင်၍ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာအား ထိုးဖောက်သွားသည်။ ကောင်းကင်ရတနာငါးခုသည် တစ်ခုတည်း ဖြစ်သွားချေပြီ။

ချင်မူ့အရှိန်အဝါက ကြောက်ခမန်းလိလိ မြင့်တက်လာနေသည်။

နွားအိုကြီးမှာ သူ့ကို ထိတ်လန့်စွာ ကြည့်နေပြီး အန္တရာယ်မရှိကြောင်း မြင်မှ စိတ်သက်သာရာရသွားသည်။ သူက သူ့ဘာသာ တွေးလိုက်၏။ “သူ့သိုင်းအဆင့်က ကောင်းကင်နတ်အသွင်အဆင့်ပဲ ရှိသေးတာ မေ့သွားတယ်... ဟူပုကွေ့ထက် တစ်ဆင့်နိမ့်တယ်ဆိုတော့ အန္တရာယ် သိပ်မများဘူး... မဟုတ်သေးဘူး၊ သူက ကောင်းကင်နတ်အသွင်အဆင့်ဆိုပေမယ့် သူ့ကျင့်စဉ်စွမ်းအင်က ဟူပုကွေ့အောက်မှ မနိမ့်ကျတာ... အန္တရာယ်ရှိတယ်... သူ အန္တရာယ်ရှိနေပြီ”

ဘုန်း

ချင်မူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ကောင်းကင်ရတနာနောက်တစ်စုံ ပေါ်လာသည်။ ၎င်းတို့ကား မိစ္ဆာနတ်ဆိုးလမ်းစဉ်မှ ကောင်းကင်ရတနာများ ဖြစ်၏။

မိစ္ဆာလမ်းစဉ်၏ သစ်ပင်သန္ဓေတစ်ခုလည်း ကောင်းကင်ရတနာငါးခုထဲ၌ ရှိနေပြီး ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာအထိ ထိုးဖောက်ဝင်ရောက်နေချေပြီ။

ချင်မူ အင့်ခနဲ ညည်းတွားပြီး ပိန်ချုံးသွားသည်။ သူ့ကြွက်သားများ ပျောက်ကွယ်သွားကာ အရိုးနှင့်အရေသာ ကျန်တော့လေသည်။

နျိုစန်းသွော အထက်ကောင်းကင်ဘုံတက္ကသိုလ်သို့ ပြန်ပြေးရန် ပြင်လိုက်စဉ် သင်္ကေတအမှတ်အသားများက ချင်မူ့ခန္ဓာကိုယ်ကို ဝန်းရံလှည့်ပတ်သွားသည်။ သင်္ကေတအမှတ်အသားများသည် သူ၏ခန္ဓာကိုယ်အပေါ် ခတ်နှိပ်သွားပြီး ကြေမွတော့မည့် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်အား လျင်မြန်စွာ တည်ငြိမ်သွားစေ၏။

‘သူ့ဘာသာသူ ကုနိုင်တယ်လား’

နျိုစန်းသွော မယုံနိုင်ဖြစ်နေပြီးနောက် စိတ်အေးလက်အေး ဖြစ်သွားသည်။ သူက ချင်မူ့ကို ရှေ့သို့ ဆက်သယ်သွားလိုက်သည်။

တဖြည်းဖြည်း မိုးချုပ်လာပြီး သူလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံအနားသို့ ရောက်လာသည်။ ‘ကောင်းကင်ယင်ကမ္ဘာက ဘယ်နားမှာလဲ... ကြားတော့ ကြားဖူးပေမယ့် တစ်ခါမှ မရောက်ခဲ့ဖူးဘူး... ဒါပေမဲ့ ညီလေးချင်ကလည်း အရေးကြီးတဲ့ အခိုက်အတန့်မှာဆိုတော့ သူ့ကို နိုးလိုက်ဖို့လည်း မသင့်တော်ဘူး...’

သူ မဟာမြို့ပျက်၏ သဘာဝကမ်းပါးကြီးဆီ ရောက်သည့်အချိန်တွင် မိုးချုပ်သွား၏။ နွားအိုကြီးသည် ကမ်းပါးမှ ခုန်ချလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကောင်းကင်အလင်းတန်းများက အမှောင်ထုအား တွန်းထုတ်နေသည်။ ကမ်းပါးမှ တဝုန်းဝုန်း စီးကျနေသော ရေတံခွန်များမှာလည်း သူ၏ကောင်းကင်အလင်းတန်းများကြောင့် လင်းထိန်လာပြီး အလွန်လှပနေတော့သည်။

ရေတံခွန်များက ကမ်းပါးအောက်ခြေရှိ စမ်းချောင်းတစ်စင်းထဲ စီးဆင်းဝင်ရောက်သွားပြီး မြစ်အသွင်ဖြင့် အရှေ့အရပ်သို့ စီးဆင်းနေသည်။

‘ဒါက ခိုင်ဧကရာဇ်ခေတ်တုန်းက အထူးဆန်းဆုံးနေရာ မာန်ဟုန်မြစ်ပဲ’

နွားအိုကြီး ရပ်လိုက်ပြီး သတိအနေအထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ‘ခိုင်ဧကရာဇ်နဲ့ ကောင်းကင်ဆရာသခင်တွေ ခေတ်ဟောင်းတုန်းက ကျဆုံးခဲ့တဲ့ စစ်သည်တော်တွေအတွက် ဝမ်းနည်းကြောင်း ပြသဖို့နဲ့ အတိတ်ခေတ်တွေအကြောင်း သိရဖို့ ဒီနေရာကို လာခဲ့ဖူးတယ်.... ဒီနေရာမှာ ထူးခြားဆန်းကြယ်တဲ့ အရာတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်တဲ့”

ထိုစဉ် အမှောင်ထုထဲမှ နှင်းဖြူရောင်မြူများ လွင့်မျောလာကာ သူ့ခန္ဓာကိုယ်မှ ကောင်းကင်အလင်းတန်းများကို အနည်းငယ်မှ ကြောက်လန့်ပုံမပေါ်ပေ။ မကြာမီ မြူခိုးများက သူတို့နှစ်ယောက်လုံးအား လွှမ်းခြုံသွားတော့သည်။

နွားအိုကြီး ပတ်ဝန်းကျင်ကို ဂရုစိုက် ကြည့်နေစဉ် မြူများက ပါးသထက် ပါးလာသည်။ နောက်ဆုံးတော့ မြူထဲတွင် လှုပ်ရှားမှုတချို့ မြင်လိုက်ရပြီး ရယ်သံတစ်ချက် ကြားလိုက်ရ၏။ “ကောင်းကင်နတ်ဘုံက လူတွေ ထွက်ချည်ဝင်ချည်နဲ့ အမှန်တကယ် စည်ကားတိုးတက်နေတာပဲ... ဒီကောင်းကင်နတ်မြစ်မှာတောင် လှေတွေ ပြည့်နေပြီ”

နွားအိုကြီးမှာ ခေါင်းမော့လိုက်ပြီး သူတို့ဘက်သို့ လွင့်မျောလာနေသော လှေကြီးတစ်စင်းအား မြင်လိုက်ရ၏။ သူ ကပျာကယာ ရှောင်လိုက်သည့်အခါ ပတ်ဝန်းကျင်မှာ ရုတ်တရက် အရောင်အသွေးစုံလင်စွာဖြင့် တောက်ပလာကြောင်း သတိထားမိလိုက်ရသည်။ အမှောင်ကမ္ဘာ၌ ရောင်စုံပန်းပွင့်များ ရုတ်တရက် ပွင့်လာသည့်အလားပင်။

‘ဒါ ဘယ်နေရာလဲ’

နွားအိုကြီး ရင်ထဲတွင် လှုပ်ခတ်သွားသည်။ မရေမတွက်နိုင်သော လှေများက မြစ်ကြီးတစ်စင်းထက်၌ ရွက်လွှင့်နေကြလေသည်။

ထို့အပြင် မြစ်ကြီး၏ ကမ်းပါးနှစ်ဖက်စလုံးတွင် အလွန်တရာမှ ခံ့ညားတင့်တယ်လှသော ကောင်းကင်နန်းဆောင်များ အလွှာအထပ်ထပ် စီတန်းလျက် ရှိနေကြ၏။

All Chapters