ငါတို့လည်းဒီနေ့ကိုစောင့်နေတာ
Vol. 82 Ch. 1147
အခန်း (၁၁၄၇) ငါတို့လည်းဒီနေ့ကိုစောင့်နေတာ
ရန်ကျောက်ကဲနှင့် ချင်းယွမ်ဧကရာဇ်ကြား ရန်ငြိုးရန်စက နက်နဲလှသည်။
ရန်တိနှင့် အနက်ရောင်ပိုးသားဧကရာဇ်သည်လည်း တစ်မိုးအောက်တွင် အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ပေ။
အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ တက်တက်ကြွကြွဖြစ်နေခြင်းကတော့ သူ၏ ပင်ကိုယ်စိတ်နေစိတ်ထားကြောင့် ဖြစ်သည်။
အမှန်တော့ ဝါဒတောင်နှင့် နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးက ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးမရှိပေ။
သူတို့ကြားမှ တင်းမာမှုများအတွက် အဓိကအချက် (၂)ချက် ရှိသည်။
ပထမတစ်ချက်မှာ ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းကို ရယူနိုင်ခဲ့ပြီး ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ ၏ ဆက်ခံသူ ဖြစ်လာခြင်း ဖြစ်သည်။
ဒုတိယတစ်ချက်မှာ ရန်တိ၏ဇနီး ၊ ရန်ကျောက်ကဲ၏မိခင် ရွှယ်ချူးချင်ကို ချီလင်ကမ်းပါးက အသေရရ အရှင်ရရ လိုချင်နေခြင်း ဖြစ်၏။
ကျန့်ဟွမ်ဓားဧကရာဇ်၏ အရှိန်အဝါကြီးမားလာစေရန်အတွက် ရန်ကျောက်ကဲ ထျန်းကျိခန်းမကို တည်ဆောက်ခဲ့သည့်ကိစ္စနှင့် အခြားအရာများကတော့ နောက်ဆက်တွဲပြဿနာများသာ ဖြစ်သည်။
အနက်ရောင်ပိုးသားဧကရာဇ်၏ တုံ့ပြန်မှုနှင့် ရန်သူ၏ အမျိုးမျိုးသောအစီအစဉ်များကို သုံးသပ်အကဲခတ်ပြီးသည်နှင့် ရန်သူ၏ပစ်မှတ်က သူနှင့် ထျန်းကျိခန်းမ မဟုတ်ကြောင်း သေချာသွားခဲ့သည်။
သို့ဖြစ်ရာ ရန်သူပစ်မှတ်ထားသည့် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ သူ၏မိခင် ရွှယ်ချူးချင်သာလျှင် ဖြစ်ပေမည်။
တစ်ဖက်လူက ရွှယ်ချူးချင်အား သူတို့မှတစ်ဆင့် ရှာဖွေရန် ကြိုးစားလာနိုင်ခြေရှိသဖြင့် ရန်ကျောက်ကဲတို့သားအဖက အမြဲတမ်း သတိထားနေခဲ့ကြသည်။
တစ်ချိန်တည်းပင် သူတို့က ရန်သူ၏အာရုံစိုက်မှုကို လျှို့ဝှက်စွာ ရယူပြီး ဤသည်မှတစ်ဆင့် ရွှယ်ချူးချင်၏တည်နေရာကိုရှာဖွေရန် မျှော်လင့်ခဲ့ကြသည်။
ယခုတော့ ရန်သူက ရွှယ်ချူးချင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်နှင့် တိကျသော သဲလွန်စများ ရရှိသွားပြီထင်မှတ်ရ၏။
ထို့ကြောင့် သူတို့က ရန်ကျောက်ကဲတို့အုပ်စုအား ခေတ္တထိန်းချုပ်ထားရန်နှင့် လူအင်အားစုစည်းမှု မပြုလုပ်နိုင်စေရန် အနက်ရောင်ပိုးသားဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်တို့အား တိတ်တဆိတ် ဆက်သွယ်ခဲ့ဟန် ရှိသည်။
“မြောက်ပိုင်းထိပ်တန်းအရှင်သခင်က လှုပ်ရှားမှာ မဟုတ်ဘူး ၊ သူက နက္ခတ်ပညာကျွမ်းကျင်တယ်ဆိုပေမယ့် နဂိုကတည်းက ကြားနေဝါဒကျင့်သုံးတဲ့သူပဲ ၊ အခု ရုတ်တရက် ဝင်နှောက်တဲ့သူက မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံထားတဲ့ ချန်ချန်းဟွာပဲ ဖြစ်ရမယ်”
ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။
“ချန်ချန်းဟွာက အမေ့ရဲ့ မြစ်ဝါပန်းချီကားတစ်ဝက်ကို ဖိနှိပ်ဖို့ ကူညီပေးမယ်ဆိုရင်... မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့အုပ်စု လှုပ်ရှားဖို့ပိုပြီး လွယ်ကူသွားမှာပဲ”
“တာအိုဆရာလန်ချင်းနဲ့ လျန်ကျူးလင်တို့လိုလူမျိုးတွေတောင် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေနိုင်တယ်”
ရန်ကျောက်ကဲက တစ်စုံတစ်ယော်ကထံသို့ သတင်းပို့လိုက်ကြောင်း အနက်ရောင်ပိုးသားဧကရာဇ် ယောင်ဝါးဝါး အာရုံခံမိသော်လည်း အကြောင်းအရာကိုတော့ သေချာသိရှိခြင်း မရှိပေ။
သို့သော် သူက အရေးမစိုက်ပေ။
ဤပြဿနာများက သူစဉ်းစားရမည့်ကိစ္စမဟုတ်ဘဲ ဝမ်ကျန်းချန်တို့အုပ်စု စဉ်းစားမည့်ကိစ္စသာ ဖြစ်သည်။
အနက်ရောင်ပိုးသားဧကရာဇ်အတွက် ရန်ကျောက်ကဲ ဤနေရာမှ ထွက်ခွာမသွားစေရန် တားဆီးထားနိုင်သရွေ့ သူတို့၏ သဘောတူညီမှု ပြီးမြောက်ပြီ ဖြစ်သည်။
ပြီးတော့ သူ၏ကိုယ်ရေးကိုယ်တာကိစ္စအရ သူက ရန်ကျောက်ကဲ၏ ထိုက်ယိလက်သီးသိုင်းကို တွေ့မြင်ချင်နေသည်။
ဝမ်ကျန်းချန်တို့အုပ်စု အဆုံးသတ်တွင် အစီအစဉ်အောင်မြင်မည်လား မအောင်မြင်ဘူးလား သူက အရေးမစိုက်ပေ။
သူက ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားကို လျှော့မတွက်ဘဲ လွန်ကဲစွာ တွက်ဆထားသည့်တိုင် ရလဒ်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသေးသည်။
မည်သို့ပင်ဖြစ်စေ အဆုံးသတ်တွင် နတ်ဘုရားများနှင့် သေမျိုးလူသားများကြား ခြားနားချက်ကတော့ ရှိနေသည်ဖြစ်ရာ အနက်ရောင်ပိုးသားဧကရာဇ်အတွက် အန္တရယ်ရှိနိုင်မည်မဟုတ်သော်လည်း အရှက်ကွဲခြင်းနှင့် အရုပ်ဆိုးခြင်းကတော့ ဖြစ်လာနိုင်သည်ပင်။
သို့သော် ပိုးသားဧကရာဇ်ကတော့ ရန်ကျောက်ကဲ ထိုက်ယိလက်သီးသိုင်းအသုံးပြုလာရန် မည်သို့တွန်းအားပေးရမည်လဲဆိုသည့်အချက်ကို ပိုပြီး အာရုံစိုက်နေခဲ့သည်။
ထို့ပြင် ရန်ကျောက်ကဲ သတိထားရမည့် အချက်တစ်ချက် ရှိသေးသည်။
ဝမ်ဖူက ယွမ်ကျိုးမြို့မှ ထွက်ခွာသွားပြီဖြစ်ရာ သူ မည်သည့်နေရာသို့သွားမည်ဖြစ်ကြောင်း အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် ခန့်မှန်းစရာပင်မလိုဘဲ သိရှိနိုင်သည်။
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“ဒီ ‘ရန်’ က အရည်အချင်းမရှိသလို ဓားသိုင်းပညာမှာလည်း ဂိုဏ်းတူအစ်ကို’နျဲ့’ လောက် မတော်ပါဘူး ၊ ကျွန်တော်က ဓားသိုင်းနည်းနည်းပါးပါး သင်ယူထားရုံပဲ ရှိတာပါ”
“ဒါပေမဲ့.... ကျွန်တော်က ကျောက်စိမ်းကျောက်ဆောင်ကတပည့် မဟုတ်ပေမယ့်... ဒီလိုမျိုး အကျပ်အတည်းကြုံရတဲ့အခြေအနေမျိုးမှာ မူလဖွင့်လှစ်ဓားကို ငှားယမ်းအသုံးပြုချင်တယ်ဆိုရင် ဆရာဦးလေး’ယွဲ့’ က ကျွန်တော့်ကို လုံးဝ အပြစ်တင်မှာ မဟုတ်ပါဘူး”
“ခင်ဗျားမှာ တကယ်ပဲ အချိန်တွေအများကြီးရှိနေတယ်လို့ ထင်နေတာလား ပိုးသားဧကရာဇ်”
အနက်ရောင်ပိုးသားဧကရာဇ်က မတုန်မလှုပ်ပင် ဆိုသည်။
“လောလောဆယ်တော့ အချိန်ရှိနေသေးတာပဲလေ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဂိုဏ်းတူအစ်ကို’ဝမ်’ က ဓားပြန်ယူဖို့ ကျောက်စိမ်းကျောက်ဆောင်ကိုပြန်သွားတယ်ဆိုတာ လူတိုင်းခန့်မှန်းမိကြမှာပဲ ၊ ဒီတော့ သူ့ကို တားဆီးဖို့ တစ်ယောက်ယောက်တော့ ရှိနေလိမ့်မယ်”
“... ကျွန်တော် ခန့်မှန်းကြည့်ပါရစေ...”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်ကို နောက်ထပ်လက်ဝါးရိုက်ချက်ဖြင့် ရိုက်ချလိုက်သည်။
“ဖြစ်နိုင်ခြေအရှိဆုံးသူကတော့... မြေကမ္ဘာဝိညာဉ်သခင် လီကျွင်းရှင်းပဲ...”
“အင်း... လီကျွင်းရှင်းက ကျင့်ကြံခြင်းအဆင့် မြင့်မားတယ် ၊ သူက ဂိုဏ်းတူအစ်ကို’ဝမ်’ ထက်လည်း သာလွန်တယ် ၊ ဒါပေမဲ့ သူက လျှင်မြန်မှုမှာ ဂိုဏ်းတူအစ်ကို’ဝမ်’ ကို မီမှာမဟုတ်ဘူး ၊ ဒီတော့ ဂိုဏ်းတူအစ်ကို’ဝမ်’ နည်းနည်းအားစိုက်လိုက်တာနဲ့ သူ့ကို လွတ်အောင်ရှောင်နိုင်လိမ့်မယ်”
ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အနက်ရောင်ပိုးသားဧကရာဇ်က ထိုက်ကျိယင်ယန်လက်ဝါးသိုင်းဖြင့် ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
သို့သော် ရန်ကျောက်ကဲက ‘ကြေမွတောက်လောင်လက်သီးသိုင်း’ ကိုအသုံးပြုလိုက်ပြီး ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို ပြိုကွဲသွားစေသည်။
ရန်ကျောက်ကဲက...
“ဒီတော့ ဧကရာဇ်မင်း... ခင်ဗျားမှာ တကယ်ပဲ အချိန်အလုံအလောက် ရှိနိုင်လို့လား”
အနက်ရောင်ပိုးသားဧကရာဇ်၏ပုံရိပ်က အဝေးသို့ လွင့်စင်သွားပြီး...
“မိတ်ဆွေလေး’ရန်’ က အများကြီးခန့်မှန်းထားနိုင်တာပဲ ၊ မင်းက ငါ့ထက် ပိုကြောက်စရာကောင်းနေပါလား”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“အဲဒီလောက် မဟုတ်ပါဘူး”
အမှန်တော့ သူတို့ ‘ရန်’ အိမ်တော်အနေဖြင့် ရွှယ်ချူးချင်ကိုရှာဖွေရန် မည်သည့်သဲလွန်စမှ မရှိခဲ့ပေ။ ရွှယ်ချူးချင်၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားသည့်အတွက်လည်း သူတို့က ရည်ရွယ်ချက်ရှိရှိ သူမကို ရှာဖွေရန် မကြိုးစားခဲ့ကြပေ။
ယခုကဲ့သို့ သေရေးရှင်ရေး အခက်အခဲရင်ဆိုင်ရသည့်အခြေအနေမျိုးတွင် ဖခင်ဖြစ်သူ ရန်တိက သတင်းရသည်နှင့်တပြိုင်နက် ဇနီးဖြစ်သူကို သွားရောက်ရှာဖွေမည်ဖြစ်ကြောင်း ရန်ကျောက်ကဲက ယုံကြည်ထားသည်။
ချန်ချန်းဟွာက မြစ်ဝါပန်းချီကားတစ်ဝက်၏စွမ်းအားကို ဖယ်ရှားလိုက်ခြင်းက ဝမ်ကျန်းချန်တို့အုပ်စုကို ကူညီပေးရုံသာမက ရွှယ်ချူးချင်ကိုရှာဖွေရာတွင် ရန်တိအတွက်လည်း လွယ်ကူသွားစေသည်။
အမှန်တော့ ရန်ကျောက်ကဲနှင့် ရန်တိတို့သည်လည်း ဤသို့သောနေ့မျိုးကို စောင့်မျှော်နေကြခြင်းသာပင်။
ယခု မည်သူက ပိုပြီး မြန်မြန်ဆန်ဆန် ရွှယ်ချူးချင်ကို ရှာတွေ့မည်လဲဆိုသည့်အပေါ် မူတည်သည်။
အနက်ရောင်ပိုးသားဧကရာဇ်က မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ထိုက်ရှီခုန်မင်မရှိမှုခန္ဓာကို ဖြန့်ကျက်လိုက်ပြီး ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုအား ရှောင်တိမ်းလိုက်သည်။
သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ရန်ကျောက်ကဲနှင့် တိုက်ခိုက်ရာတွင် ကြိုးရှည်ရှည်လှန်သည့်နည်းလမ်းကို အသုံးပြုနေသည်။
သူက ရန်ကျောက်ကဲကိုတိုက်ခိုက်ပြီးသည်နှင့် အမြဲတမ်း ဝေးရာသို့ ထွက်ခွာသွားသည်။ ရန်ကျောက်ကဲက သူ့နောက်သို့ လိုက်ပါတိုက်ခိုက်ခြင်းမရှိပါက ချက်ချင်းပြန်လည်ရောက်ရှိလာပြီး အပြင်းအထန် တိုက်ခိုက်ပြန်သည်။
တိုက်ပွဲတွင် အနက်ရောင်ပိုးသားဧကရာဇ် ရှုံးနိမ့်နေသည်မှန်သော်လည်း သူက နောက်ဆုတ်ရန်ငြင်းဆန်လျှက် ဤသို့တိုက်ခိုက်နေလေရာ အခြေအနေက ရန်ကျောက်ကဲအတွက် ဘေးကျပ်နံကျပ် ဖြစ်လျှက်ရှိသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာပင်ရှိနေပြီး မျက်ဝန်းအစုံကတော့ အေးစက်နေလေ၏။
***
တစ်ချိန်တည်းမှာပင်...
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် လွန်ခဲ့သော နှစ်အနည်းငယ်က မြင်ကွင်းမျိုး တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။
မူလက နေဝန်းထိန်ထိန်သာနေသော ကောင်းကင်ယံသည် ရုတ်တရက် မှေးမှိန်သွားသည်။
အမှောင်ထုက ဝါးမျိုလိုက်သည့်ပမာ နေ ၊ လ နှင့် ကြယ်စင်များအားလုံး အလင်းရောင်ပျောက်ကွယ်သွားသည်။
အောက်ဘက်ရှိ ပင်လယ်ရေအောက်တွင် ကုန်းမြေများရှိနေသလို နဂိုမူလကောင်းကင်သည်လည်း ကုန်းမြေအဖြစ် ပြောင်းလဲသွားသည်။
လက်ရှိတွင် ကောင်းကင်မရှိတော့ဘဲ မြေပြင်သာလျှင် ကျန်ရှိတော့သည်ဟု ထင်မှတ်ရသည်။
အောက်ဘက်တွင် မြေပြင်ဖြစ်သလို အထက်တွင်လည်း မြေပြင် ဖြစ်သည်။
မိုင်ထောင်ပေါင်းများစွာ ကြီးမားကျယ်ပြန့်သော ကျူတောပင်လဘ်ဒေသကြီးသည် ယခုတော့ မြေကြီးများဖြင့် ဝန်းရံထားသည့် မြေအောက်ကမ္ဘာတစ်ခုပမာ ပြောင်းလဲသွားသည်။
ရင်းနှီးပြီးသားမြင်ကွင်း ပြန်လည်ထွက်ပေါ်လာသည်ဖြစ်ရာ ကျူတောပင်လယ်ဒေသမှလူတိုင်း မသိစိတ်ဖြင့် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်မိကြသည်။
ကောင်းကင်အားလွှမ်းခြုံထားသော မြေပြင်ကြီးထက်တွင် သစ်ပင်တစ်ပင် ဇောက်ထိုးဆွဲ ပေါက်ရောက်လာသည်။
သစ်ပင်က စိမ်းလန်းနေပြီး အကိုင်းအခက် အရွက်များမှ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပနေကာ အထက်နှင့်အောက် မြေပြင်အားလုံးကို လွှမ်းခြုံသွားသည်။
မမြင်နိုင်သောဖိအားများက ကမ္ဘာမြေလည်ပတ်နေသည်ကို ရပ်တန့်သွားစေပြီး အချိန်နှင့်နေရာက အေးခဲသွားပုံရသည်။
အံ့သြစရာကောင်းစွာပင် ချင်းယွမ်ဧကရာဇ် ဆင်းသက်ရောက်ရှိလာခြင်း ဖြစ်၏။
သူအာရုံစိုက်နေသည်ကတော့ ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေတွင် တည်ရှိသော ဝါဒတောင်ပင် ဖြစ်သည်။
“အိုး... ရန်ကျောက်ကဲတင်မဟုတ်ဘူး ၊ ရန်တိလည်း ဒီမှာ မရှိပါလား...”
ချန်းဧကရာဇ် အနည်းငယ် အံ့အားသင့်သွားဟန် ရေရွတ်လိုက်သည်။
သို့သော် ‘ရန်’ သားအဖနှစ်ယောက်လုံးမရှိခြင်းက သူ့ကို အတော်လေးပျော်ရွှင်ဝမ်းသာ သွားစေသည်။
သူက ဝါဒတောင်သို့ လာရောက်သည့်တိုင် ရန်ကျောက်ကဲ၏ မြေကမ္ဘာမယ်တော်တာအိုထုံးတမ်းအစီအရင်အတွက် စိတ်ပူပန်နေခဲ့သည်။
ရန်ကျောက်ကဲနှင့် ရန်တိသာ ဤနေရာတွင် မရှိပါက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူရန် သူ့အတွက် အနှောက်အယှက် ကင်းရှင်းပေသည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မြေကမ္ဘာမယ်တော်တာအိုထုံးတမ်းအစီအရင်ကို အသက်သွင်းနိုင်သော်ငြား ရန်ကျောက်ကဲကဲ့သို့ အဆင်ပြေမည် မဟုတ်ပေ။
ချန်းဧကရာဇ်အတွက် ရန်ကျောက်ကဲအပေါ် ပုဂ္ဂိုလ်ရေး လက်စားချေခြင်းထက် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ ရရှိရေးက ပိုမိုအရေးကြီးသည်။
အထက်ကောင်းကင်မြေပြင်မှ ဇောက်ထိုးတွဲလောင်းကျလာသည့် ထူထပ်စိမ်းလန်းသောသစ်ပင်ကြီး ပျောက်ကွယ်သွားပြီး လေထုအလယ်တွင် တာအိုဆရာတစ်ယောက်ရုပ်သွင် ထွက်ပေါ်လာသည်။
ထိုတာအိုဆရာက အဝါရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကြိုးကြာအမွှေးဖြင့်ပြုလုပ်ထားသော ဝတ်ရုံကို ခြုံလွှမ်းထားကာ ဦးခေါင်းထက်တွင် ရွှေနှင့်ကျောက်စိမ်း ပေါင်းစပ်ပြုလုပ်ထားသော ဦးရစ်သရဖူကို ဆင်မြန်းထားသည်။ သူ၏မျက်နှာထက်တွင် ခပ်တိုတို ခပ်ပါးပါး မုတ်ဆိတ်မွှေးက သေသပ်ညီညာစွာ ရှနေသည်။
ဤသည်က ခွန်လွန်တောင် ၊ ပုံရိပ်ယောင်တောင်ထွတ်၏အရှင်သခင် ချင်းယွမ်ဧကရာဇ်မှလွဲပြီး အခြားသူ မဟုတ်ပေ။
ချန်းဧကရာဇ်မှာ သူ နှစ်ရှည်လများစောင့်စားခဲ့ရသော ဆန္ဒတစ်ခုကို နောက်ဆုံး အကောင်အထည်ဖော်နိုင်ပြီဟုတွေးတောကာ စိတ်ခံစားချက်အပြည့်ဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သို့သော်...
သူ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။
ချန်းဧကရာဇ် နောက်သို့လှည့်ကြည့်လိုက်တော့ အပေါ်ဘက်ရှိ ထူထဲသောမြေပြင်ကြီးထက်တွင် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်သွားကြောင်း တွေ့လိုက်ရလေသည်။
အဝေးတစ်နေရာမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်ကို ထိုးခွင်းဖွင့်လှစ်တော့မည့်အရှိန်အဟုန်ဖြင့် ကောင်းကင်ထက်မှ မြေပြင်ကြီးကို ထိုးခွဲလိုက်ခြင်း ဖြစ်ပေတော့၏။