← Chapters

တာအို

Vol. 85 Ch. 1179

တာအို

Vol. 85 Ch. 1179

" ဆရာ၊ တာအိုဆိုတာ ဘာလဲ " ဝမ်ပေါင်လဲ့မှာ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ထိုမေးခွန်းအား မေးဖူးခဲ့သည်။

" မင်း မင်းရဲ့ခြေထောက်တွေကို ထိန်းချုပ်ပြီးတော့ ကိုယ်လျှောက်ချင်တဲ့လမ်းကို ရွေးချယ်လို့ရတယ်မလား။ ဒါမှမဟုတ် ဘယ်လမ်းကိုမှမလျှောက်ဘဲ ရောက်နေတဲ့နေရာမှာ ရပ်နေလို့ရော ရတယ်မလား။ ကိုယ်ရဲ့ ခန္ဓာကိုယ်က တစ်ခုခု ချို့ယွင်းနေရင်တောင် ကိုယ့်ရဲ့နှလုံးသားထဲမှာ လမ်းစဉ်တစ်ခု ရှိနေတုန်းပဲမလား "

" ဟုတ်ပါတယ် "

" အဲတာ တာအိုပဲ "

" ဆရာ။ ကျွန်တော် နားမလည်ဘူး... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ရီဝေဝေ ဖြစ်သွား၏။

" မင်းရဲ့နောက်နဲ့ ဘယ်ညာနှစ်ဖက်မှာ အန္တရာယ်တွေရှိနေရင် မင်း လမ်းကို ဘယ်လိုလျှောက်မလဲ "

" ရှေ့ကိုပဲ ဆက်လျှောက်ရမှာပေါ့ "

" အဲတာ လွတ်လပ်မှုလား "

" အဲ... "

" မင်း လျှောက်ချင်တဲ့လမ်းကို လျှောက်ခွင့်ရှိတာက လွတ်လပ်မှုလား "

" ဟုတ်ပါတယ်၊ လွတ်လပ်မှုပါ "

" အဲတာ တာအိုပဲ။ မင်း လွတ်လပ်မှုရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို နားလည်သွားတဲ့ တစ်နေ့ကျရင် မင်းရဲ့ တာအိုက ဘာလဲဆိုတာကို နားလည်သွားလိမ့်မယ် "

ဝမ်ပေါင်လဲ့မှာ သူ သူ၏ဆရာနှင့် အမှောင်အိပ်မက်ထဲ၌ ပြောခဲ့သည့်စကားအား ပြန်၍ သတိရသွား၏။ အစတွင် သူသည် နားလည်သည်ဟု ထင်ခဲ့ပါသော်လည်း နောက်ပိုင်းတွင်မူ နားမလည်သေးကြောင်း ရိပ်မိသွားသည်။ သူသည် အမှောင်ဧကရာဇ် သင်္ချိုင်းဂူထဲသို့ ရောက်မလာခင်အချိန်အထိ သူ၏ ဆရာ ပြောခဲ့သည့်စကားများကို နားလည်သည်ဟု မှတ်ယူထားခဲ့သည်သာ ဖြစ်သည်။

သို့သော် သူသည် တင်ပျဥ်ခွေ ထိုင်ချလိုက်ပြီးမှ ထိုစကားများအား နားမလည်သေးကြောင်း သိလိုက်ရ၏။ ယခုတွင် သူသည် သူ့ကိုယ်သူ ပြန်၍ မေးခွန်းထုတ်နေရပြီဖြစ်သည်။ ထိုသို့ဖြင့် သူသည် တဖြည်းဖြည်းနှင့် မေးခွန်းတစ်ခုအား တွေးမိသွား၏။

" အမှောင်ဂိုဏ်းရဲ့ တာဝန်က ဘာလဲ "

သူသည် စိတ်ထဲတွင် သူ့ကိုယ်သူ ပြန်မေးကြည့်လိုက်သည်။

အမှောင်ဂိုဏ်း၏ တာဝန်မှာ မိုးကောင်းကင်တာအို၏ ကိုယ်စား ယင်နှင့်ယန်အား ခွဲခြားပေးရန်ဖြစ်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအား သံသရာစက်ဝန်း တစ်ခုအဖြစ် ပြောင်းလဲပေးရန်ဖြစ်သည်။ သက်ရှိများ ထာဝရရှင်သန်နိုင်စွမ်း မရှိအောင်နှင့် သေဆုံးနေသည့် အရာများ ထာဝရ သေဆုံးနေခြင်းမရှိအောင် မျှခြေတစ်ခု ဖန်တီးပေးရန်ဖြစ်သည်။

အမှောင်ဂိုဏ်း၏ တေးသီချင်းထဲက စာသားများအတိုင်းပင်။

" ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့သူက အတိတ်ကအကြောင်းကို သိလိမ့်မယ်... "

" ကိုယ့်ရဲ့ အတိတ်ဘဝမှာ ကောင်းတာတွေလုပ်ခဲ့ရင် လက်ရှိဘဝမှာ ကောင်းတာတွေဖြစ်မှာပဲ။ အတိတ်ဘဝမှာ မကောင်းတာတွေလုပ်ခဲ့ရင် လက်ရှိဘဝမှာ မကောင်းတာတွေနဲ့ ကြုံရမှာပဲ။ ကိုယ် အတိတ်ဘဝထဲမှာ လုပ်ခဲ့တဲ့လုပ်ရပ်တွေက ကိုယ့်ရဲ့ လက်ရှိဘဝအပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်။ ဒါပေမဲ့ အဲ့လောက်ပဲဆိုရင် သံသရာတစ်ခုနဲ့ မတူတော့ဘဲ သက်ရှိတွေအကုန်လုံး မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားကြမှာလေ။ အဲဒါကြောင့်မလို့ အမှောင်ဂိုဏ်းရဲ့ တေးသီချင်းထဲမှာ နောက်ထပ်စာကြောင်းတစ်ကြောင်း ရှိနေတာ "

" ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့သူက အနာဂတ်အကြောင်းကို သိလိမ့်မယ်... "

" လက်ရှိဘဝမှာ ကောင်းတာတွေလုပ်ရင် နောက်ဘဝမှာ ကောင်းတာတွေဖြစ်မယ်။ လက်ရှိဘဝမှာ မကောင်းတာတွေလုပ်ရင် နောက်ဘဝမှာ မကောင်းတာတွေနဲ့ ကြုံရမယ် "

အမှန်တွင် ကံကြမ္မာဆိုသည့် အရာမှာ ပြောင်းလဲ၍မရသည့် အရာတော့ မဟုတ်ပေ။ ဥပမာပြရလျှင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်များ၏ ကံကြမ္မာကို သတ်မှတ်ပေးရာ၌ ၎င်းတို့ကိုယ်တိုင် ၎င်းတို့၏ ကံကြမ္မာများကို ပြောင်းလဲနိုင်မည့် အခွင့်အရေးတစ်ခုခုအား ချန်ရစ်ထားခဲ့မည်ဖြစ်သည်။ အကယ်၍ ထို အခွင့်အရေးအား အမိအရ အသုံးချနိုင်မည်ဆိုပါက ထိုဝိညာဉ်များမှာ ၎င်းတို့၏ ကံကြမ္မာများကို ပြောင်းလဲနိုင်စွမ်းရှိသွားမည်ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့သော ပြောင်းလဲမှုများကို နောက်ကြောင်းပြန်လိုက်၍ ရပေသည်။

အမှန်အတိုင်းဆိုရလျှင်... သက်ရှိများအားလုံး၏ ဘဝလမ်းခရီးတစ်လျှောက်လုံးတွင် ကံကြမ္မာများစွာ ရှိနေပြီးသားဖြစ်သည်။ သူတို့ ရရှိပိုင်ဆိုင်မည့် ကံကြမ္မာများမှာ သူတို့၏ ရွေးချယ်မှုများအပေါ်တွင်သာ မူတည်နေ၏။ သို့သော် သူတို့ဘက်မှ မည်ကဲ့သို့ပင် ရွေးချယ်စေကာမူ သူတို့အားလုံးမှာ ကစားပွဲတစ်ခု တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပေသည်။

လောကကြီးမှာ စစ်တုရင်ခုံတစ်ခုံနှင့် တူပြီး သက်ရှိများအားလုံးမှာ စစ်တုရင်အရုပ်များ ဖြစ်ကြ၏။

၎င်းမှာ အမှောင်ဂိုဏ်း၏ တာဝန်အား အပေါ်ယံမျှ ဖော်ပြခြင်းဖြစ်သည်။ ပို၍ ထဲထဲဝင်ဝင် ဖော်ပြရမည်ဆိုလျှင်မူ.... ထို စစ်တုရင်ခုံ၏ အပြင်ဘက်၌ လော့ဟုခေါ်သည့် နတ်ဘုရားတစ်ပါး ရှိနေ၏။ သူ သူ၏ လက်ဖဝါးဖြင့် ကျောက်ပြားတစ်ပြားကို ဖန်တီးခဲ့ပြီးနောက် သူ၏ လက်ဖဝါးပေါ်မှ အရေးကြောင်းများမှာ ကံကြမ္မာအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ အသွေးအသားများမှာ မိုးကောင်းကင်တာအို အဖြစ်ပြောင်းလဲသွားခဲ့သည်။ ထို အချုပ်အနှောင်ထဲမှ မည်သည့်အရာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သူသည် သက်ရှိများအားလုံးကိုသာမက စကြဝဠာကြီး တစ်ခုလုံးကိုပါ ချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ထို စကြဝဠာကြီးထဲ၌ ရုန်းကန်မှုများ၊ အတိုက်အခံများနှင့် လက်မခံချင်စိတ်များ ပေါ်ပေါက်လာမည် ဖြစ်သည်။

ထိုရှုထောင့်မှ ကြည့်ပါက အမှောင်ဂိုဏ်းမှာ မမှားသလို သက်ရှိများမှာလည်း မမှားပေ။ အဆုံးမဲ့မျိုးနွယ်စုမှာလည်း မမှားပေ။

ဝမ်ပေါင်လဲ့မှာ မည်သည့်အဖွဲ့အစည်းက မှားယွင်းနေခြင်းဖြစ်ကြောင်း ထင်မြင်ချက်ပေးလိုစိတ် မရှိသလို ထိုအကြောင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောနေရန်လည်း စိတ်ကူးမရှိပေ။ အဘယ်ကြောင့်ဆိုသော် ယခုတွင် သူ၏ အသိစိတ်ထဲ၌ အမှောင်ဂိုဏ်း၏ တာဝန်၏ တတိယအဓိပ္ပာယ် ပေါ်ပေါက်လာသောကြောင့်ပင်။

၎င်းမှာ... သည်းခံခြင်း ဖြစ်ပေသည်။

" လော့အတွက်လည်း မဟုတ်ဘူး။ အမှောင်တာအိုအတွက်လည်း မဟုတ်ဘူး။ ငါ့ရဲ့ ရုပ်အလောင်းမျက်နှာကို ငါကိုယ်တိုင်ရေးဆွဲပြီး ငါ့ရဲ့ ကံကြမ္မာကို ငါကိုယ်တိုင်ပဲ သတ်မှတ်မယ်။ သံသရာစက်ဝန်း ရှိနေတဲ့အတွက် နောက်ဆုံးမှာ အဲဒီစက်ဝန်းထဲ ပြန်ဝင်ဖို့ လိုပေမဲ့... သက်ရှိတွေအကုန်လုံးရဲ့ ကံကြမ္မာတွေကို အမှောင်ဂိုဏ်းတစ်ခုထဲ ထိန်းချုပ်ထားလို့ ဘယ်ဖြစ်မလဲ။ နောက်ကွယ်မှာ အရာရာတိုင်းကို ထိန်းချုပ်ထားပြီး သက်ရှိတွေကို သူတို့ရဲ့ ကံကြမ္မာတွေကို သူတို့ကိုယ်တိုင် ပြောင်းလဲခွင့်ရှိပါတယ်လို့ အယုံသွင်းထားမယ့်အစား... သူတို့ရဲ့ ကံကြမ္မာတွေထဲမှာ မသိကိန်းတစ်ခု ထည့်လိုက်တာ မကောင်းဘူးလား "

" ဘယ်သူမှမသိတဲ့ လမ်းစဉ်တစ်ခု၊ ဘယ်သူမှ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ လမ်းစဥ်တစ်ခု၊ အဆုံးမရှိတဲ့ ဖြစ်နိုင်ခြေတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းစဉ်တစ်ခုပေါ့ "

" အဲဒါဆိုရင် တမူထူးခြားတဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားတဲ့ လူတွေလည်း တမူထူးခြားတဲ့ လမ်းစဉ်တွေကို လျှောက်လှမ်းနိုင်မှာ။ သာမန်လူတွေကလည်း အေးအေးချမ်းချမ်း နေထိုင်နိုင်မှာ "

" တာအို တစ်ခုတည်း ရှိနေစရာအကြောင်း ဘာရှိလဲ "

" လော့က... အစကတည်းက မှားနေတာ ဖြစ်ရင်ဖြစ်နိုင်တယ်။ ကျောက်ပြားကမ္ဘာကြီးထဲမှာလည်း သူက မှားခဲ့တာပဲ။ ပြင်ပလောကကြီးထဲမှာဆိုရင် သူက ပိုလို့တောင်မှ မှားခဲ့သေးတယ်။ သူက ကာကွယ်ပေးဖို့ ကြံရွယ်ခဲ့ပေမယ့် နောက်ဆုံးမှာ ထိန်းချုပ်သလိုမျိုး ဖြစ်သွားတာ။ အဲတာကြောင့်မလို့လည်း သူ့ရဲ့ လက်ချောင်းတွေကို ဖြတ်တောက်ဖြစ်ခဲ့ပြီးတော့ ကိုယ်ပိုင်လမ်းစဉ်တွေကို လျှောက်လှမ်းခဲ့ကြတဲ့ ပါရမီရှင်တွေ အများကြီးပေါ်ပေါက်လာခဲ့တာ "

" အဲဒါကြောင့်မလို့ အမှောင်ဂိုဏ်းရဲ့ တေးသီချင်းထဲမှာ ပထမဆုံးစာသား ရှိနေတာ "

" မိုးကောင်းကင်နဲ့ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် သံသရာစက်ဝန်း ရပ်လိမ့်မယ် "

" လော့က သံသရာစက်ဝန်း ရပ်သွားရင်တောင် ဆက်ပြီးတော့ လည်ပတ်နေတာမျိုးကို လိုချင်ခဲ့တာ။ ကျောက်ပြားကမ္ဘာထဲမှာလည်း အတူတူပဲ။ ပြင်ပကမ္ဘာကြီးထဲမှာလည်း အတူတူပဲ။ သူက သံသရာစက်ဝန်း ဆက်ပြီးတော့ ရှိနေတာကိုပဲ လိုချင်တာ။ သူ့ရဲ့ တကယ့်ရည်မှန်းချက်ပန်းတိုင်အစစ်က ထိန်းချုပ်ဖို့ပဲဖြစ်ဖြစ်၊ ကာကွယ်ပေးဖို့ပဲဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးကြီးတာက... "

" သူ့ရဲ့တာအိုက... မှားနေတာပဲ "

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်လုံးများ ပွင့်လာ၏။ သူသည် သူ၏ အတွေးများမှာ မှန်ကန်နေလိမ့်မည်ဟု အပြည့်အဝ ယုံကြည်မှုမရှိပေ။ သူသည် မှားလျှင်မှားနေနိုင်ပါသော်လည်း အရေးမကြီးပေ။ ၎င်းမှာ သူ နားလည်သွားခဲ့သည့် တာအိုဖြစ်ပေသည်။

သည်းခံခြင်း....

" ငါ ငါ့ရဲ့ အတိတ်ဘဝထဲကို ပြန်ရောက်သွားတုန်းက ရီရီရဲ့ အဖေဆီကနေ ကြားခဲ့ရတဲ့ပုံပြင်တွေနဲ့ ငါ မြင်ခဲ့ရတဲ့ အရာတွေအရဆိုရင် ... "

" လော့က တော်တော်လေးကို သနားဖို့ကောင်းတာပဲ "

" သူက တစ်စုံတစ်ခုကို ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ပုံ ပေါက်နေပေမယ့် နောက်ဆုံးမှာတော့ ထိန်းချုပ်သလို ဖြစ်သွားခဲ့တာ။ အဲတာကြောင့်မလို့လည်း အတိုက်အခံတွေ၊ ရုန်းကန်မှုတွေ ပေါ်ပေါက်လာခဲ့တာပဲ "

" ဒါပေမဲ့ အနီရောင်ဝတ်ရုံနဲ့အမျိုးသမီး ဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်ကမ္ဘာကြီးထဲမှာ ငါ မြင်ခဲ့ရတဲ့ ပုံရိပ်တစ်ရာ့ရှစ်ခုက... " ဝမ်ပေါင်လဲ့မှာ လော့တစ်ယောက် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် အကြောင်းရင်းအား ခန့်မှန်းမိသွား၏။

" သူက အဲဒီ ပုံရိပ်တစ်ရာ့ရှစ်ခု ရှိတဲ့နေရာကနေ ရောက်လာတာဖြစ်မယ်။ ဒါမှမဟုတ် သူက အဲဒီနေရာရဲ့ ရန်သူတစ်ယောက် ဖြစ်ရင်လည်းဖြစ်နေနိုင်တယ် "

" ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါ မှားနေရင်တောင် နောင်တရစရာ အကြောင်းမရှိဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဝိညာဉ်များအားလုံးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ကောင်းကင်ယံထဲရှိ ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီးမှာ ယခင်တုန်းကနှင့် မတူသည့် အမြန်နှုန်းမျိုးဖြင့် စတင် လည်ပတ်လာတော့သည်။

ထို့နောက် မီးခိုးရောင် ကံကြမ္မာ အငွေ့အသက်များ ဆင်းသက်လာပြီး ထို ဝိညာဉ်များထဲသို့ ပေါင်းစည်းဝင်ရောက်သွား၏။ ထိုအခါ အသက်စွမ်းအားများ ပိုင်ဆိုင်ထားကြပြီးဖြစ်သည့် ဝိညာဥ်များမှာ ပို၍ပင် တက်တက်ကြွကြွ ဖြစ်လာကြသည်။ တစ်ချိန်ထဲမှာပင် သူတို့၏ ကံကြမ္မာများမှာများမှာ ပြီးပြည့်စုံမှုမရှိသေးပေ။

အဘယ်ကြောင့်ဆိုသော်.... ကံအကြောင်းတရား စွမ်းအားများ မရှိသေးသောကြောင့်ဖြစ်ပေသည်။

ဝိညာဉ်လမ်းညွှန်ခြင်း၊ ရုပ်အလောင်းမျက်နှာ ရေးဆွဲခြင်း၊ ကံကြမ္မာအား သတ်မှတ်ပေးခြင်းနှင့် ကံအကြောင်းတရားအား ထိန်းချုပ်ခြင်းဆိုသည့် အဆင့်လေးဆင့်ထဲတွင် ဝမ်ပေါင်လဲ့မှာ နောက်ဆုံးအဆင့်အား ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။ သူသည် ဝိညာဉ်များ၏ ကံကြမ္မာများကို သတ်မှတ်ပေးထားပြီးသား ဖြစ်ပါသော်လည်း ၎င်းတို့၏ ကံအကြောင်းတရားကိုမူ ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်သည်။ ထို ဆုံးဖြတ်ချက်များအပေါ် မူတည်၍ ၎င်းတို့၏ ကံကြမ္မာမှာ ပြောင်းလဲသွားမည်ဖြစ်သည်။ အကယ်၍ ထိုသို့ ဆက်တိုက်ပြောင်းလဲနေမည်ဆိုပါက ကံအကြောင်းတရားမှာ ကံကြမ္မာ၏ ဘောင်ထဲတွင် ရှိနေတော့မည်မဟုတ်ပေ။

သို့ဖြစ်ရာ မည်သည့်အရာမဆို ဖြစ်လာနိုင်ခြေ ရှိပေသည်။

" ဒါ ငါလျှောက်လှမ်းဖို့ ကြိုးစားနေတဲ့ လမ်းစဉ်ပဲ... " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး အရောင်တောက်ပနေသည့် မျက်ဝန်းများဖြင့် မတ်တတ်ထလာ၏။ ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားသည်။

သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဝိညာဉ်များအားလုံးမှာ ၎င်းတို့၏ ကိုယ်ပိုင် ကံအကြောင်းတရားများကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ၎င်းတို့ဆီတွင် ကံကြမ္မာများ ရှိနေပြီးသားဖြစ်ပါသော်လည်း ၎င်းတို့၏ အနာဂတ်များကိုမူ အတိအကျ မသိနိုင်ပေ။ ထိုသို့ဖြင့် ထစ်ချုန်းသံများ မြည်ဟည်းသွားသည်နှင့် အောက်တွင်ရှိနေသည့် ပင်လယ်ရေများမှာ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာသည်။

ထို အက်ကွဲကြောင်းကြီးမှာ တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာသဖြင့် နောက်ဆုံးတွင် အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အောက်ဆုံးအထပ် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။

ထို အထပ်တွင် ခေါင်းတလားတစ်လုံး ရှိနေပြီး အဘိုးကြီးတစ်ယောက်မှာ ထို ခေါင်းတလား၏ ရှေ့တွင် တင်ပျဥ်ခွေထိုင်နေသည်။

ထိုအချိန်တွင် ထို အဘိုးကြီးမှာ ခေါင်းမော့လာ၏။ ထို့နောက် သူသည် ခံစားချက်မျိုးစုံ ရောယှက်နေပြီး စိတ်အေးသွားသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ မေးလိုက်သည်။

" နားလည်သွားပြီလား "

" တပည့် နားလည်သွားပါပြီ " ဝမ်ပေါင်လဲ့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေဦးညွှတ်၍ ဖြေလိုက်၏။

" လွတ်လပ်မှုဆိုတာ အပြင်ခန္ဓာကိုယ်ကို ကိုယ်စားပြုတယ်။ ကျွန်တော့်ရဲ့ ဇာတိမြေမှာ လူတွေက အကျဉ်းထောင်ထဲကလွတ်ရင် လွတ်မြောက်ပြီလို့ ပြောလေ့ရှိကြတယ်။ လွတ်လပ်မှုဆိုတာ စိတ်ဝိညာဉ်ကိုလည်း ကိုယ်စားပြုတယ်။ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို လွတ်လွတ်လပ်လပ် အကဲခတ်ကြည့်ရှုနိုင်စွမ်းရှိပြီး အနှောင်အဖွဲ့ကင်းတဲ့ ဘဝကို ပိုင်ဆိုင်ရတာမျိုးပေါ့ "

" ကျွန်တော့်ရဲ့ တာအိုကြောင့် ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ နှလုံးသား လွတ်လပ်နေရတာ။ ဒီတာအိုက ကျွန်တော့်ရဲ့ ရွေးချယ်မှုပဲ “

All Chapters