ဝိညာဉ်မီးအိမ်သုံးလုံး
Vol. 85 Ch. 1180
" ပြီးပြည့်စုံမှု မရှိသေးဘူး " အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အောက်ဆုံးအထပ်ရှိ ခေါင်းတလားကြီး၏ ဘေးတွင် တင်ပျဥ်ခွေထိုင်နေသည့် အဘိုးကြီးမှာ ပြုံးကာ ဆိုလိုက်၏။ သူသည် ရှေးဆန်သော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည့်တိုင်အောင် သူ၏ အပြုံးမှာ ဝမ်ပေါင်လဲ့ သူ၏ အမှောင်အိပ်မက်ထဲ၌ မြင်ခဲ့ရသည့်အတိုင်း နွေးထွေးမှုအပြည့် ရှိနေဆဲပင်။
ဝမ်ပေါင်လဲ့မှာ ထိုအဘိုးကြီးနှင့် အကြည့်ချင်းဆုံသွားသည်နှင့် နှလုံးသားထဲ၌ တည်ငြိမ်အေးချမ်းသွားသည့်အလား ခံစားလိုက်ရ၏။
" ဆရာ... " ဝမ်ပေါင်လဲ့မှာ အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အောက်ဆုံးအထပ်ရှိ လူရိပ်ကြီးအား လှမ်းကြည့်နေရင်း တဖြည်းဖြည်း ပြုံးမိသွားသည်။ သူသည် ထို အဘိုးကြီး ပြောခဲ့သည့် စကားနှင့် ပတ်သတ်၍ အသေးစိတ် မေးမြန်းနေခြင်းမရှိဘဲ မတ်တတ်ထလာပြီး အနက်ရောင်ပင်လယ်ကြီးထဲရှိ အက်ကွဲကြောင်းဆီသို့ ဦးတည်လျှောက်လှမ်းသွားလိုက်တော့သည်။
သူသည် အနက်ရောင်ပင်လယ်ကြီးထဲသို့ ရောက်ရှိသွားပြီးနောက် အက်ကွဲကြောင်းကြီးအား ကျော်ဖြတ်ကာ စတုတ္ထအထပ်သို့ ရောက်ရှိသွားသည်။ ပုံမှန်အတိုင်းဆိုလျှင် ဤအထပ်တွင် ကံအကြောင်းတရားနှင့် ပတ်သတ်သည့် စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ရမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထိုစမ်းသပ်မှုအား ကျော်ဖြတ်စရာ မလိုတော့သဖြင့် နောက်ထပ် အထပ်တစ်ထပ်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားတော့သည်။
ထိုသို့ဖြင့် သူသည် သူ၏ ဆရာနှင့် တဖြည်းဖြည်း ပို၍ နီးကပ်လာ၏။ နောက်ဆုံးတွင် သူသည် အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အောက်ဆုံးအထပ်ရှိ ခေါင်းတလားကြီး၏ ရှေ့တွင်ရှိနေသော သူ၏ဆရာ ရှေ့သို့ ရောက်ရှိသွားတော့သည်။
သူသည် ခေါင်းတလားကြီးအား ကြည့်နေခြင်းမရှိသလို အောက်ဆုံးအထပ်သို့ လျှောက်လှမ်းလာခဲ့စဉ်တုန်းက လမ်းတွင် တွေ့ခဲ့ရသည့် အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူတို့ကိုလည်း အာရုံစိုက်နေခြင်းမရှိပေ။ သူတို့နှစ်ယောက်မှာ သူ့အား မြင်လိုက်ရချိန်တွင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး ခံစားချက်များရှုပ်ထွေးကာ အရှုံးကိုလက်မခံချင်သည့် အကြည့်များဖြင့် သူ့အား စိုက်ကြည့်နေခဲ့ကြ၏။
ဝမ်ပေါင်လဲ့အတွက်မူ ထို အခြင်းအရာများမှာ အရေးမပါတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုတွင် သူ၏ အတွေးထဲ၌ သူ၏ ဆရာသာ ရှိနေတော့သောကြောင့်ပင်။
ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် ရှေ့သို့လျှောက်လှမ်းသွားသဖြင့် တစ်ချိန်လုံး အပြုံးမပျက်ဘဲ ရှိနေသည့် သူ၏ ဆရာနှင့် သုံးမီတာ အကွာသို့ ရောက်ရှိသွား၏။ ထိုအခါ သူသည် သူ၏ ဆရာ၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။ ထို့နောက် သူသည် တရိုတသေ ရှိခိုးဦးချလိုက်၏။
မင်ခွန်းကျစ်၏ အပြုံးမှာ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ ခံစားချက်များ ပိုမိုရှုပ်ထွေးလာ၏။ ထို့အပြင် သူသည် နှစ်ထောင်အားရဖြစ်နေသလို အနည်းငယ် နောင်တရနေသည့်ပုံလည်း ပေါက်နေသေးသည်။
" ဆရာ စိတ်မကောင်းဘူးကွယ်။ အဲဒီတုန်းက ဆရာ မင်းကို အမှောင်အိပ်မက်ထဲ မခေါ်ခဲ့သင့်ဘူး " မင်ခွန်းကျစ်မှာ ထိုသို့ဆိုကာ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ သူသည် သူ၏ ရှေ့တွင်ရှိနေသည့် ဝမ်ပေါင်လဲ့ကို ကြည့်ရင်း သူ၏ တပည့်၏ ရင်ထဲရှိ နာကြည်းမှုများ၊ မောပန်းနွမ်းနယ်မှုများ၊ ဇဝေဇဝါဖြစ်နေသည့် ခံစားချက်များနှင့် သူ၏ တာအိုတို့အား အာရုံခံမိနေသည်။
" ဆရာ၊ တပည့် နည်းနည်းလေးမှ နောင်တမရပါဘူး " ဝမ်ပေါင်လဲ့မှာမူ ခေါင်းယမ်းကာ ပြုံး၍ ပြန်ဖြေလိုက်သည်။
ထိုအခါ မင်ခွန်းကျစ်သည်လည်း ခေါင်းယမ်းလိုက်၏။ သူ၏ မျက်နှာပေါ်တွင် အရေးကြောင်းများ ပိုများလာသလို သူ၏ ပုံစံမှာလည်း ပို၍ အိုစာသွားသည့်ပုံပင်။ သူ၏ မျက်ဝန်းများမှာလည်း ပို၍ နူးညံ့သိမ်မွေ့သွားသည်။ သူသည် သူ၏ လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ ဦးခေါင်းအား ပွတ်သပ်ပေးချင်သည့်ပုံ ပေါက်နေပါသော်လည်း အကြည့်သာ လွှဲလိုက်၏။ ထို့နောက် သူသည် အမှောင်ဧကရာဇ် သင်္ချိုင်းဂူ အပြင်ဘက်ရှိ ဟင်းလင်းပြင်ကြီးအား လှမ်းကြည့်လိုက်သည်။ ထို ဟင်းလင်းပြင်ကြီးထဲတွင်... သူ၏ အခြားတပည့်တစ်ယောက် ရှိနေ၏။
သူ့အား လှမ်းကြည့်နေသည့် မင်ခွန်းကျစ်၏ မျက်ဝန်းများထဲတွင်မူ နွေးထွေးမှု အရိပ်အယောင်များ မရှိတော့ပေ။ ၎င်းတို့ထဲတွင် နောင်တများ၊ ပူဆွေးသောကများနှင့် ခိုကိုးရာမဲ့ဖြစ်နေသည့် ခံစားချက်များသာ ပြည့်နှက်နေသည်။ ထိုအချိန်တွင် ထို ဟင်းလင်းပြင်ကြီးထဲရှိ လူရိပ်မှာ သူ့အား ဦးညွှတ်အရိုသေပေးလိုက်သည်။
နောက်ဆုံးတွင် မင်ခွန်းကျစ်မှာ အကြည့်ပြန်လွှဲကာ သက်ပြင်းချလိုက်၏။ တစ်အောင့်ခန့်အကြာတွင် သူသည် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
" မင်း မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးအတွက် အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို လာယူတာမလား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ဆရာအား စိုက်ကြည့်ကာ ပြန်ဖြေလိုက်၏ " အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်က ဂိုဏ်းတူအစ်ကိုကြီးအတွက် တော်တော်လေးကို အသုံးဝင်မှာပါ။ အဲတာမလို့ တပည့်... သူ့အတွက် ယူပေးချင်ပါတယ် "
မင်ခွန်းကျစ်မှာမူ ပြုံးကာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ထို့နောက် သူသည် ခေါင်းညိတ်ကာ ဆိုလိုက်သည်။
" သွားယူလိုက် "
" ကျေးဇူးအများကြီးတင်ပါတယ် ဆရာ " ထိုအခါ ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်၏။ အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသည်။ သူသည် သူ၏ တာအိုအား နားလည်သွားခဲ့သလို သူ၏ ဂိုဏ်းတူအစ်ကိုကြီးအတွက် အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်ကိုလည်း ယူပေးနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် သူသည် သေဆုံးသွားပြီဟု သူ ထင်မှတ်ထားခဲ့သည့် သူ၏ ဆရာနှင့်ပင် ဆုံတွေ့ခွင့်ရခဲ့သေးသည်။
ထို အချက်များအားလုံးကြောင့် သူ၏ နှလုံးသားမှာ ပို၍ပင် တည်ငြိမ်အေးချမ်းသွား၏။ သူ၏ နဂိုမူလ အတွေးဖြစ်သော အမှောင်ဂိုဏ်းထဲတွင် ဆက်မနေလိုသည့် အတွေးမှာလည်း ယိမ်းယိုင်လာရပြီဖြစ်သည်။ သူတို့၏ တာအိုများမှာ ကွဲပြားခြားနားနေသည့်တိုင်အောင် အကယ်၍ ဤဂိုဏ်းထဲ၌ သူ၏ ဆရာနှင့် ဂိုဏ်းတူအစ်ကိုကြီးတို့သာ ရှိနေမည်ဆိုပါက... ဤဂိုဏ်းထဲတွင်သာ ဆက်နေသင့်ကြောင်း ဝမ်ပေါင်လဲ့၏ ရင်ထဲ၌ ခံစားလာရ၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေးတောနေရင်း ခေါင်းတလားကြီးဆီသို့ လျှောက်လှမ်းသွားသည်။ ထိုအချိန်တွင် သူနှင့် မလှမ်းမကမ်း၌ ရှိနေသည့် တစ်ဝက်တစ်ပျက် အမှောင်ငယ်ကလေးငယ်နှစ်ယောက်မှာ သူ့အား လှမ်းကြည့်နေကြ၏။
ချန်ရှင်းမှာလည်း အမှောင်မြစ်၏ အထက်မှနေ၍ သူ့အား စိုက်ကြည့်နေသည်။
အမှောင်ဧကရာဇ် သင်္ချိုင်းဂူထဲ၌ ပေါ်ပေါက်လာခဲ့သည့် ဖြစ်ရပ်များကြောင့် အန္တရာယ်များမှ လွတ်မြောက်သွားခဲ့ကြသည့် အမှောင်ဂိုဏ်းသားများပင်လျှင် ထို အခြင်းအရာများကို သတိထားမိသွားကြသဖြင့် သူ့အား လှမ်းကြည့်နေကြပြီဖြစ်သည်။
လူတိုင်းမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။ ဝမ်ပေါင်လဲ့ သတိမထားမိသည့် အချက်မှာ... သူ ရှေ့သို့ လျှောက်လှမ်းသွားချိန်တွင် သူ၏ ဆရာ၏ မျက်ဝန်းများထဲ၌ အတိတ်ကို ပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များနှင့် မခွဲခွာလိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခြင်းပင်။
အဘယ်ကြောင့်ဆိုသော် မင်ခွန်းကျစ်မှာ ဝမ်ပေါင်လဲ့အား သူ ရောက်မလာခင်တုန်းက ချန်ရှင်းကိုယ်တိုင် ရောက်လာခဲ့ပြီး အမှောင်ဧကရာဇ်၏ ရုပ်ကလပ်အား လာယူရန် ကြိုးစားခဲ့ကြောင်း မပြောပြရသေးသောကြောင့်ပင်။ ထိုစဉ်တုန်းက မင်ခွန်းကျစ်မှာ... ငြင်းဆန်ခဲ့၏။
ထို့ကြောင့်လည်း ယခုအကြိမ်တွင် ဝမ်ပေါင်လဲ့ ရောက်ရှိလာခြင်းဖြစ်သည်။ မင်ခွန်းကျစ်မှာ ထိုအကြောင်းများ မပြောပြချင်သလို ဝမ်ပေါင်လဲ့နှင့် ချန်ရှင်းတို့၏ ကြား၌ ပဋိပက္ခများ ပေါ်ပေါက်လာမည်ကိုလည်း မလိုလားပေ။ သူတို့နှစ်ယောက်စလုံးမှာ သူ၏ တပည့်များ ဖြစ်နေကြသည်မဟုတ်ပါလော။ တစ်ယောက်မှာ သူ လက်တွေ့ကမ္ဘာထဲ၌ လက်ခံခဲ့သည့် တပည့်ဖြစ်ပြီး ငယ်ရွယ်စဉ်အချိန်ကတည်းက သူ၏ လက်အောက်တွင် ပညာဆည်းပူးခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် ထိုတပည့်မှာ သူ့အား သစ္စာဖောက်မိခဲ့သဖြင့် မိုးကောင်းကင်တာအိုနှင့် မပေါင်းစည်းခင် အချိန်အထိ နောင်တများနှင့်သာ အဖော်ပြုနေခဲ့ရ၏။
အခြားတစ်ယောက်မှာ သူ အမှောင်အိပ်မက်တစ်ခုထဲ၌ လက်ခံခဲ့သော တပည့်တစ်ယောက်ဖြစ်သည်။ ထိုအိပ်မက်ထဲတွင် သူသည် အရာအားလုံးကို ကြုံတွေ့ခဲ့ရ၏။ ယခုတွင် သူသည် သူ၏ တာအိုအား လိုက်လံရှာဖွေရင်း ဤနေရာအထိ ရောက်ရှိလာပြီဖြစ်သည်။
" ဒီလိုပဲ... ကောင်းပါတယ်လေ " မင်ခွန်းကျစ်မှာ စိတ်ထဲတွင် ရေရွတ်လိုက်ပြီး မျက်လုံးများမှိတ်လိုက်၏။ သူသည် သူ၏ အငယ်ဆုံးတပည့်လေး သူ ပျောက်ကွယ်သွားမည့် မြင်ကွင်းအား မြင်လိုက်ရမည်ကို မလိုလားပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ အတွေ့အကြုံရင့်သန်နေသူတစ်ယောက် ဖြစ်သောကြောင့် သူ၏ အာရုံခံနိုင်စွမ်းများမှာ မင်ခွန်းကျစ် ထင်မှတ်ထားသည်ထက် ပို၍ အားကောင်းနေ၏။ ထို့ကြောင့် သူသည် ခေါင်းတလားကြီး၏ အနီးသို့ ရောက်ခါနီးမှာပင် ခြေလှမ်းများရပ်တန့်သွားပြီး မျက်ဝန်းများထဲ၌ သံသယစိတ်များ ပေါ်ပေါက်လာ၏။ သူသည် တစ်ခုခုမှာ လွဲနေသည်ဟု ခံစားလိုက်ရခြင်း ဖြစ်သည်။
သို့သော် သူသည် အတိအကျ မသိနိုင်ဘဲ ဖြစ်နေရသဖြင့် နောက်သို့လှည့်ကာ သူ၏ ဆရာအား လှမ်းကြည့်လိုက်သည်။
အစတွင် မည်သည့်အရာမှ ထူးဆန်းနေသည့်ပုံ မပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာ အရောင်တောက်ပသွား၏။ ထို့နောက် သူ၏ အတိတ်ဘဝများထဲမှ ပုံရိပ်များနှင့် သူ၏ ဓားအိမ်လေးထဲမှ အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထို အရာများအားလုံးမှာ သူ၏ မျက်ဝန်းများထဲ၌ စုဆုံသွားကြသဖြင့် ၎င်းတို့မှာ စူးရှတောက်ပလာ၏။ သို့သော်လည်း သူ၏ အမြင်အာရုံထဲတွင် မည်သည့်အရာကမှ ထူးဆန်းနေခြင်း မရှိပေ။
မင်ခွန်းကျစ်မှာ ဝမ်ပေါင်လဲ့၏ အကြည့်အား အာရုံခံမိလိုက်သောအခါ မျက်လုံးများပြန်ပွင့်လာပြီး နူးညံ့သိမ်မွေ့မှု အပြည့်ရှိသောလေသံဖြင့် မေးလိုက်သည် " ဘာလို့ ရှေ့ဆက်မသွားတာလဲကွ "
ယခုတွင် ဝမ်ပေါင်လဲ့မှာ ခေါင်းတလားကြီးနှင့် ငါးပေပင် မကွာတော့ပေ။ သို့သော် သူ၏ မသိစိတ်ထဲမှ ခံစားချက်များကြောင့် သူသည် ချီတုံချတုံဖြစ်နေ၏။ သူသည် အရာအားလုံးကို ကြည့်ရှုစစ်ဆေးပြီးသွားပြီ ဖြစ်သည့်တိုင်အောင် သူ၏ ဆရာအား စိုက်ကြည့်ကာ မေးလိုက်ဆဲပင်။
" ဆရာ။ ဆရာ တပည့်ကို မပြောပြရသေးတဲ့ စကားတွေ ရှိသေးလား။ တပည့် အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလပ်ကို ယူလိုက်မယ်ဆိုရင် ဆရာ တစ်ခုခု ဖြစ်သွားနိုင်လား "
ထိုအခါ မင်ခွန်းကျစ်မှာ ပြုံးကာ ပြန်ဖြေလိုက်သည်။
" တပည့်လေး။ အမှောင်အိပ်မက်ထဲမှာတုန်းက မင်းက အခုလို သံသယစိတ်တွေများနေတဲ့ လူတစ်ယောက် မဟုတ်ပါဘူးကွ။ ဘာလို့ အခုမှ ဒီလို ဖြစ်နေရတာလဲ။ အတွေးမလွန်ပါနဲ့ကွာ။ ဆရာက အမှောင်ဧကရာဇ်မှ မဟုတ်ဘဲ။ ဘာဖြစ်နိုင်မှာမလို့လဲ။ မြန်မြန်လေးသာ ယူသွားလိုက်ပါ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး ရုတ်တရက် ဆိုလိုက်၏။
" ဆရာ။ တပည့်ရဲ့ တာအိုက ပြီးပြည့်စုံမှု မရှိသေးဘူးလို့ ဆရာ ပြောခဲ့တယ်နော်။ ပြီးပြည့်စုံမှုရှိအောင် ဘယ်လိုလုပ်ရမှာလဲ "
" မင်း အဲဒီ ရုပ်ကလာပ်ကို ယူပြီးရင် ဆရာ ပြောပြမယ်။ သွား။ အခု ယူလိုက်တော့ " မင်ခွန်းကျစ်မှာ ဟန်ဆောင်ရယ်မောကာ ဖြေလိုက်ပြီးနောက် မျက်လုံးများ ပြန်မှိတ်သွား၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရသည်။ သူသည် သူ၏ ဆရာအား စိုက်ကြည့်နေလိုက်ပြီးနောက် အမှောင်ဧကရာဇ်၏ ခေါင်းတလားကြီးအား လှမ်းကြည့်လိုက်၏။ အသက်ရှူကြိမ် အနည်းငယ် ကုန်ဆုံးပြီးသွားချိန်တွင် သူသည် ရုတ်တရက်ဆိုသလို သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ လက်ထဲ၌ ပုလင်းလေးတစ်လုံး ပေါ်ပေါက်လာ၏။
၎င်းမှာ ဆုတောင်းပြည့်ပုလင်း ဖြစ်ပေသည်။
" အမှန်အတိုင်း မြင်ရဖို့ ဆုတောင်းပါတယ် "
ဝမ်ပေါင်လဲ့ ထိုသို့ ဆုတောင်းလိုက်သည်နှင့် မင်ခွန်းကျစ်မှာ မျက်လုံးများပွင့်လာ၏။ ထိုအချိန်တွင် သူတို့၏ အထက်တွင်ရှိနေသည့် မျက်ဝန်းတစ်စုံမှာလည်း စိုးရိမ်တကြီး ဖြစ်နေသည့်ပုံ ပေါက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထို ဆုတောင်းပြည့်ပုလင်းလင်းထဲမှ ထွက်ပေါ်လာသည့် အနွေးဓာတ်များမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ မျက်လုံးများထဲ၌ စုစည်းသွားသောကြောင့်ပင်။ ထိုအချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ အနက်ရောင် လျှပ်စီးတန်းများ ပေါ်ပေါက်လာ၏။
ထို လျှပ်စီးတန်းများ ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့ မြင်နေရသည့် အရာများအားလုံးမှာလည်း ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့သည်။
သူသည် အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၊ ခေါင်းတလားကြီးနှင့် သူ၏ ဆရာတို့အား မြင်နေရဆဲ ဖြစ်သည်။ သို့သော် သူ၏ ဆရာ၏ ခန္ဓာကိုယ်မှာ အစစ်မဟုတ်ပေ။ ၎င်းမှာ မှုန်ဝါးဝါးဖြစ်နေသည့် ဝိညာဉ်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်နေသည်။
ထို ဝိညာဥ်ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အမျှင်အတန်းသုံးခု ထိုးထွက်နေပြီး ခေါင်းတလားကြီးနှင့် ချိတ်ဆက်နေ၏။ ထို ခေါင်းတလားကြီးပေါ်တွင်မူ.... ဝမ်ပေါင်လဲ့ မကြာသေးမီတုန်းက မမြင်နိုင်ခဲ့သည့် ဝိညာဉ်မီးအိမ်သုံးလုံး ရှိနေသည်။
ထို ဝိညာဉ်မီးအိမ်များ မီးငြိမ်းသွားသည့်အချိန်တွင် ခေါင်းတလားကြီး ပွင့်သွားမည်ဖြစ်သည်။
ထို ဝိညာဉ်မီးအိမ်များ မီးငြိမ်းသွားသည့်အချိန်တွင် ဝိညာဉ်ခန္ဓာကိုယ် သေဆုံးပျောက်ကွယ်သွားမည်ဖြစ်သည်။