ကောင်းကင်မြေရိုင်း ထိပ်သီးဆယ်ယောက်
Vol. 006 Ch. 554
တော်ဝင်ကျဲ နန်းတော် လှေကားခြေရင်းမှ ကွင်းပြင်ကျယ်ကြီးတွင် မရေမတွက်နိုင်သော လူများ စုစည်းနေကြသည်။ လူအုပ်ကြီးကား မိုးကုပ်စက်ဝန်းသို့ အထိ ကျယ်ပြောလွန်းသည်ဟု ထင်မှတ်ရသည်။ တဖြည်းဖြည်းဖြင့် လူငယ် တစ်ရာ့ခြောက်ဆယ်ခန့်က အလယ်ဗဟိုမှ တိုက်ပွဲ ကွင်းပြင်နေရာသို့ ဝင်ရောက်ကြသည်။ လူတိုင်းက ယနေ့တိုက်ပွဲတွင် ကျော်ကြားလာမည့် လူများကို ဆွေးနွေး ပြောဆိုနေကြသည်။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ရောက်လာသောအခါ ယူချင်းနှင့် တခြားလူများက ထိုနေရာကို ရောက်နေကြပြီ ဖြစ်သည်။ သူတို့အား မြင်သည်တွင် ယိရှောင်ရှီနှင့် တခြားလူများက သံသယရှိသော ပုံစံဖြင့် ကြည့်ကြသည်။ မနေ့ညက သူတို့ ဘယ်ကို သွားခဲ့သနည်း သူတို့အားလုံး စိတ်ဝင်စားကြသည်။ ရီဖူရှင်းကား လွန်စွာ ရွှင်လန်း တက်ကြွနေသည်။ သူတို့က ပျော်ရွှင်ဖွယ် ညတစ်ညကို ပိုင်ဆိုင်ခဲ့ကြ လေသလော…။
တခြား လူများကလည်း ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကို အေးစက်စွာ ကြည့်ကြသည်။
ကျူးကော့ရှင်းက ရီဖူရှင်းကို ဓားသွားတမျှ ထက်ရှသော အကြည့်ဖြင့် ကြည့်သည်။ ကျူးကော့မိသားစုမှ တခြား လူငယ်များကလည်း ပျော်ရွှင်သော အမူအရာ မရှိကြပေ။ သူတို့ နှစ်ယောက်ကား အလွန် နီးကပ်ပုံရကာ မနေ့ညကလည်း ဘယ်ကို ပျောက်သွားသည်ကို မသိရပေ။ ကြည့်ရသည်မှာ သူတို့က တခြား တစ်ယောက်အတွက် ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ကို မွေးထုတ်ပေးခဲ့ဟန် ရသည်။
ထိုစဉ်မှာပင် ရီဖူရှင်းအနီးသို့ လူနှစ်ယောက် ရောက်လာသည်။ ကျူးကော့မင်းယွီနှင့် ပေ့ထင်ရှင်းအာတို့ ဖြစ်ကြသည်။ ကျူးကော့မင်းယွီက သူတို့ နှစ်ယောက်အား ပြုံးလျက် ကြည့်ကာ ပြောသည်… “မနေ့က အခြေအနေ ကောင်းခဲ့တယ် ထင်တယ်…”
“အစ်မနှစ်…” ဟွာဂျီယူက ရှက်ရွံ့စွာ ခေါ်သည်။
“မင်းတို့ ပြင်ဆင်ပြီးပြီလား…” ကျူးကော့မင်းယွီက ရီဖူရှင်းကို မေးသည်။
“နန်းတော်ကို ဝင်ခွင့်ရဖို့က ပြဿနာ မရှိလောက်ဘူး…” ရီဖူရှင်းက ပြောသည်။ ကျူးကော့မင်းယွီ၏ မျက်လုံးများက အရောင် တောက်လာသည်။ ရီဖူရှင်းအား ကြည့်ရသည်မှာ ယုံကြည်မှု ရှိနေဟန် ရသည်။
“တော်ဝင်ကျဲ နန်းတော်က အကြီးအကဲတွေက ကောင်းကင်မြေရိုင်း အဆင့်ဝင်တွေချည်းပဲ… ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချ…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“တော်ဝင်ကျဲ နန်းတော်က မင်းကို ဖိတ်ခေါ်တဲ့အခါ ငါ့မျက်လုံးကိုပဲ ကြည့်…” ကျူးကော့မင်းယွီက ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများကို မသိပေ။ သူက ထူးချွှန်ပါက ထိုပုဂ္ဂိုလ်များက အပြိုင်အဆိုင် ခေါ်နိုင်ပေသည်။ အစ်မနှစ်က သင့်တော်သော လူကို ရွေးချယ် ပေးနိုင်၏။
“ဂျီယူ… ရှောင်ရှီ… မင်းတို့လည်း ကြိုးစားကြရမယ်…” ကျူးကော့မင်းယွီက ပြောသည်။
“မှန်တာပေါ့…” ယိရှောင်ရှီက ရင်ကော့သည်။ သူက ရီဖူရှင်းထက် မနိမ့်သော စွမ်းဆောင်ရည်ကို ပြသရမည်။ စီနီယာ အစ်ကိုတစ်ယောက် အနေဖြင့် သူက သည်တစ်ခေါက်တော့ အရှုံးမပေးနိုင်ပေ။ အထူးသဖြင့် အစ်မနှစ်ရှေ့တွင် ထိုသို့ မလုပ်နိုင်ပါက သူ့အတွက် အရှက်ရစရာပင်။
“ငါ စောင့်ကြည့်နေမယ်…” ထို့နောက် သူမက တော်ဝင်ကျဲ နန်းတော် လှေကားထစ်ပေါ်သို့ တက်လှမ်း သွားသည်။
“အစ်မ မင်းယွီ…” အသံတစ်သံကို ကြားရသည်။ သူမက လှမ်းကြည့်သည်တွင် ကျူးကော့ရှင်းကို မြင်သည်။
“သူတို့က အစ်မ မင်းယွီအတွက် အရေးပါတယ်… ဒါပေမဲ့ ဒါက ပြိုင်ပွဲတစ်ခုပဲ… ကျွန်တော်က ကျူးကော့မိသားစုရဲ့ ဂုဏ်သိက္ခာ အတွက် တိုက်ခိုက်တဲ့အချိန်မှာ သူတို့ကို အလျှော့ပေးမှာ မဟုတ်ဘူး…” ကျူးကော့ရှင်းက ပြောသည်။ ကျူးကော့မင်းယွီကား သူ၏ဝမ်းကွဲအစ်မ ဖြစ်သည်။ သူမက ငယ်ရွယ်စဉ် ကတည်းက အိမ်မှ ထွက်ခွာသွားခဲ့ကာ လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ ပြန်ရောက်လာခဲ့သည်။ မိသားစုကို ဂရုစိုက်ရမည့်အစား သူမက ဟွာဂျီယူကို ပိုမို၍ အလေးထားဟန် ရသည်။ သို့သော်လည်း ဟွာဂျီယူက အလွန် လှပချောမောရာ တခြားလူများက သိပ်မတွေးကြပေ။ ယခု ကျူးကော့မင်းယွီက ဟွာဂျီယူကို ကောင်းမွန်စွာ ထားခြင်းမှာ သူမ၏ဂျူနီယာကြောင့် ဖြစ်နေသည်။
ကျူးကော့မိသားစုဝင် တစ်ယောက် အနေဖြင့် ကျူးကော့ရှင်းက သဘောမကျပေ။
ကျူးကော့မင်းယွီက ရီဖူရှင်းအပေါ် မြင့်မားသော မျှော်လင့်ချက်များ ထားရှိသော်လည်း သူတို့အပေါ်ကို ဂရုမစိုက်ဟု သူထင်သည်။
“ဒါက ပြိုင်ပွဲတစ်ခုလို့ မင်းပြောတယ်… ဒါကြောင့် အလျှော့ပေးဖို့ မလိုဘူး… အကောင်းဆုံး လုပ်ပါ… မိသားစုအတွက် ဂုဏ်ရှိအောင် လုပ်ပေါ့.. ” သူမက ပြုံးလျက် တစ်ဖက်ကို လှည့်သွားသည်။
“ကျွန်တော် ကြိုးစားပါ့မယ်…” ကျူးကော့ရှင်းက ဂုဏ်ယူစွာ ပြောပြီး ရီဖူရှင်းဘက်ကို ကြည့်သည်။
“ဖူရှင်း…” ကျောင်းအုပ်ချန်းတို့ အုပ်စု ရောက်လာသည်။ ရီဖူရှင်းက ကြည့်သည်တွင် ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်ကိုလည်း မြင်ရသည်။ မူကျိချူလည်း သူ့ဘေးတွင် ရှိသည်။
“ကျောင်းအုပ်…” ရီဖူရှင်းက ခေါ်သည်။
“သားတော် တစ်ယောက် အနေနဲ့ မင်းက မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုးနိုင်ရမယ်…” ကျောင်းအုပ်ချန်းက သူယခင် ပြောခဲ့သော စကားကို ပြန်ပြောသည်။
ကျောင်းအုပ်ချန်း၏ မျက်လုံးများထဲမှ မျှော်လင့်ချက်များကို မြင်သည်တွင် ရီဖူရှင်းက ခေါင်းညိတ်သည်… “သေချာတာပေါ့…”
“မင်းက အိပ်မက် မက်နေတာပဲ…” ကြည့်ရသည်မှာ ရီဖူရှင်းနှင့် ကျောင်းအုပ်ချန်းကို လှောင်ပြောင်ရန်မှာ ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်၏ အလေ့အထ ဖြစ်လာဟန်ရသည်။
“စီနီယာ… အခုထိ ဒီမှာ ရှိနေသေးတာပဲ… ကျိချူက ကျွန်းစုတစ်ခုကို ရွေးထားပြီးပြီ မဟုတ်ဘူးလား…” ရီဖူရှင်းက မူချန်းကို ပြုံးလျက် ပြောသည်။ သည်အဘိုးအိုကား အလွန် ရယ်ရွှင်ဖွယ်ရာ ကောင်းသည်။
“ဂျူနီယာတွေ ယှဉ်ပြိုင်ကြတာကို ငါက စိတ်ဝင်စားတယ်… ပြီးတော့ ကြယ်မင်းကျောင်း သားတော်က ဘယ်လို ဆိုးဆိုးဝါးဝါး ရှုံးသွားမလဲ ငါက ကြည့်ချင်သေးတယ်…” မူချန်းက ရီဖူရှင်းကို ပြောသည်။
“ဒါဆိုလည်း ကြိုက်သလို ကြည့်ပါ…” ရီဖူရှင်းက ပြုံးသည်။
ပိုမိုသောလူများ ရောက်ရှိလာကြသည်။ နောက်ဆုံး ကျန်ရစ်သော လူငယ်ပြိုင်ပွဲဝင် တစ်ရာ့ခြောက်ဆယ်ခန့် ကလည်း ကွင်းထဲတွင် စုစည်းနေကြပြီ ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်ဘက်တွင်လည်း မရေမတွက်နိုင်သော လူများ ရောက်ရှိလာကြသည်။ အချို့က လှေကားထစ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြသလို ဘေးပတ်ပတ်လည် အဆောင်များတွင် သွားရောက် ထိုင်ကြသည်။ အချို့သော အကြီးအကဲများကို တော်ဝင်ကျဲ နန်းတော်မှ ရှီတန်ခိုးရှင်များကပင် ဦးညွှတ် အရိုအသေ ပေးကြရသည်။
“ရှီတန်ခိုးရှင် လျူယွန် ရောက်လာပြီ…” တစ်ယောက်က လှမ်းပြောသည်တွင် လှေကားထစ် တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသော အဘိုးအို တစ်ယောက်ကို မြင်ကြရသည်။ ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ လူများအပြားက သူ့ကို သိကြသည်။
“ရှီတန်ခိုးရှင် ချီကျူလည်း ရောက်လာပြီ…”
“အဲဒါက ရှီတန်ခိုးရှင် ထိုကျန်း မဟုတ်ဘူးလား…”
“စီနီယာဓားမိစ္ဆာ…” နောက်တစ်ယောက် ပေါ်လာသည်တွင် အများအပြားက ဦးညွှတ် အရိုအသေ ပေးကြသည်။ သူကား မြေရိုင်းဒေသ တစ်ခွင်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားသော ဓားမိစ္ဆာဖြစ်သည်။ သူကား ကောင်းကင်မြေရိုင်း အဆင့်တွင် မြင့်မားသော နေရာ၌ ရှိသည်။
မြေရိုင်းဒေသ၏ အတော်ဆုံး ဓားသမား သုံးယောက်မှာ ဓားကျေးရွာ ခေါင်းဆောင် ယန်ဝူကျိ၊ ထင်းရွယ်အိမ်တော်မှ နတ်ဓားရှင်နှင့် တော်ဝင်ကျဲနန်းတော်မှ ဓားမိစ္ဆာတို့ ဖြစ်ကြသည်။
ယန်ဝူကျိက သူ၏ဓားပညာကို သူ၏မိသားစုမှလွဲ၍ လက်ဆင့်ကမ်းခြင်း မရှိပေ။ ထင်းရွယ်အိမ်တော် ခေါင်းဆောင်ကလည်း တပည့် လက်ခံလေ့မရှိပေ။ ထို့ကြောင့် ဓားသမားများ၏ အိပ်မက်က တော်ဝင်ကျဲ နန်းတော်ကို ဝင်ကာ ဓားမိစ္ဆာ၏ တပည့် ဖြစ်လိုခြင်းပင်။ ထို့ကြောင့် သူကား အလွန် နာမည်ကျော်သည်။ ယခု ရောက်လာသူများထဲတွင် သူ့ထံတွင် တပည့်ခံရန် ရည်ရွယ်ချက်ဖြင့် ရောက်လာသူများ အများအပြား ပါဝင်သည်။
ထိုနာမည်ကျော် ပုဂ္ဂိုလ်များကို ကြည့်ကာ လူအများအပြားက စိတ်လှုပ်ရှား ကြရသည်။ မှန်သည်… တိမ်ဖြူမြို့မှ သခင်လေး ပိုင်လွေလီလည်း ရောက်လာပြီ ဖြစ်သည်။
ပိုင်လွေလီ၏ တန်ခိုးအဆင့်က ထိုတော်ဝင်ကျဲ နန်းတော်မှ ပုဂ္ဂိုလ်ကြီးများကဲ့သို့ မြင့်မားခြင်း မရှိသော်လည်း သူ၏ပြိုင်ဘက်ကင်း ပါရမီက သူ့အား ကောင်းကင်မြေရိုင်း အဆင့်တစ်ဆယ် နေရာကို ရယူထားစေနိုင်သည်။
ကောင်းကင်မြေရိုင်း အဆင့်ကား မြေရိုင်းဒေသ တစ်ခွင်တွင် စွမ်းအား အမြင့်ဆုံးလူများကို အဆင့်စီထားခြင်း ဖြစ်သည်။ ထိုနေရာတွင် နံပါတ်တစ်ဆယ် ချိတ်သော သူ၏ အရည်အချင်းကို သံသယရှိစရာ မလိုပေ။
သူ့အပေါ်မှ လူကိုးယောက်မှာလည်း အလွန်အမင်း အားကောင်းသော နာမည်ကျော် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
နံပါတ်ကိုး နေရာတွင်ကား ထင်းရွယ်အိမ်တော် ခေါင်းဆောင် နတ်ဓားရှင် ဖြစ်ပြီး နံပါတ်ရှစ် နေရာကား အာခီမီမြို့မှ ကြောက်မက်ဖွယ် ကောင်းသော လူတစ်ယောက် ဖြစ်သည်။ နံပါတ်ခုနစ် နေရာကား တော်ဝင်ကျဲ နန်းတော်မှ တစ်ယောက်ဖြစ်ပြီး နံပါတ်ခြောက်က ကျူးကော့အိမ်တော် ခေါင်းဆောင် ကျူးကော့ချန်းဖန် ဖြစ်သည်။ နံပါတ်ငါးကား ဟောင်မိသားစု ခေါင်းဆောင် ဖြစ်သည်။ နံပါတ်လေးက တိမ်ဖြူမြို့စား ဖြစ်သည်။
ထိပ်သီး သုံးယောက်မှာ နှစ်ယောက်က တော်ဝင်ကျဲ နန်းတော်မှ ဖြစ်ပြီး ကျန်သော တစ်ယောက်မှာ ရေခဲကျောင်းတော်မှ မိန်းမတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်မြေရိုင်း အဆင့်၏ ထိပ်သီး ဆယ်ယောက်ထဲတွင် လေးယောက်က တော်ဝင်ကျဲ နန်းတော်မှဖြစ်သည်။ တိမ်ဖြူမြို့စားနှင့် ကျူးကော့ချန်းဖန်တို့ ကလည်း တစ်ချိန်က တော်ဝင်ကျဲ နန်းတော်၏ တပည့်များ ဖြစ်ခဲ့ကြသည်။ မြေရိုင်းဒေသတွင် တော်ဝင်ကျဲ နန်းတော်၏အရှိန်အဝါကို ခန့်မှန်း၍ ရသည်။
နောက်ဆုံး ကျန်ရစ်သော လူတစ်ရာ့ခြောက်ဆယ်က ကွင်းထဲကို ရောက်နေပြီး ဖြစ်သည်။ လူတိုင်းက ယခင်နေ့များနှင့် မတူသော အခြေအနေကို ခံစားမိကြသည်။ ယနေ့ကား အကောင်းဆုံးများ၏ တိုက်ပွဲဖြစ်သည်။
“စကြရအောင်…” လှေကားထစ်မှ ယမန်နေ့က ဦးစီး ဦးဆောင် လုပ်သော အကြီးအကဲကပင် ကြေညာသည်။
အားလုံးက ခေါင်းညိတ်ကြသည်။ သူက ကွင်းထဲကို ကြည့်ကာ ပြောသည်… “အားလုံး ကွင်းဘေး စည်းနားကို သွားပြီး နေရာယူကြ…”
လူတိုင်းက ခေါင်းညိတ်ကြသည်။ အလယ်တွင် စုစည်းနေသူများ အားလုံးက ကွင်းဘေး စည်းနားကို သွားရောက်ကာ အသီးသီး နေရာယူကြသည်။ ကွင်းက ဧရာမ ကြီးမားရာ လူတစ်ရာ့ခြောက်ဆယ်က မပြောပလောက်ပေ။ လူတိုင်းက တစ်ယောက်နှင့် တစ်ယောက် ဝေးကွာစွာ ရပ်နေနိုင်သည်။
“ထုံးစံအတိုင်း ငါတို့က တိုက်ပွဲကို စကြတာပေါ့… နိုင်တဲ့လူက နောက်တစ်ဆင့် တက်မယ်… ရှုံးတဲ့လူတွေကို တော်ဝင်ကျဲ နန်းတော်က စိနီယာတွေက ရွေးချယ်မယ်… အရွေးမခံရတဲ့ လူတွေက ထွက်သွားကြရမယ်…”
သည်နည်းကား အနည်းငယ် ထူးဆန်းပေသည်။ ရှုံးနိမ့်သူကိုသာ တပည့်အဖြစ် ရွေးချယ်ကြမည် ဖြစ်ကာ အနိုင်ရသူများက နောက်တစ်ဆင့် တက်ရောက်မည် ဖြစ်သည်။
ယခု သူတို့အားလုံးက မိမိတို့ စွမ်းရည်များကို အတတ်နိုင်ဆုံး ထုတ်ပြ ကြရမည် ဖြစ်သည်။ နောက်ထပ် အခွင့်အရေး ဆိုသည်မှာ ရှိမည် မဟုတ်ပေ။
“စည်းမျဉ်းက အရင်နေ့ကနဲ့ သိပ်မတူတော့ဘူး… မင်းတို့က တစ်ယောက်တည်းကိုပဲ ထပ်ခါထပ်ခါ စိန်ခေါ်လို့ မရတော့ဘူး… အားလုံးက တိုက်ပွဲမှာ ဝင်ပါရမယ်…” အကြီးအကဲက ဆက်လက်၍ ကြေညာသည်။ တိုက်ပွဲက တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ စနစ်ဖြင့် သွားမည်ဖြစ်ရာ ပထမအဆင့်တွင် တိုက်ပွဲ အရေအတွက် ရှစ်ဆယ်ရှိမည် ဖြစ်သည်။ ရှုံးနိမ့်သူများက စီနီယာများ၏ ရွေးချယ်ခြင်းကို မခံရပါက တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်ခွင့်ရမည် မဟုတ်တော့ပေ။
“စိန်ခေါ်မယ့်လူက ရှေ့ကို ထွက်လာနိုင်တယ်… တကယ်လို့ နှစ်ယောက် တစ်ပြိုင်နက်တည်း ရှေ့ကို ထွက်လာရင် အဲဒီနှစ်ယောက်က အချင်းချင်း တိုက်ခိုက်ကြရမယ်…” အကြီးအကဲက ကြေညာသည်… “စကြရအောင်… တိုက်ပွဲကွင်းပြင်က မင်းတို့အတွက်ပဲ…”
***