အမှန်တရား
Vol. 85 Ch. 1181
၎င်းမှာ မင်ခွန်းကျစ် ဝမ်ပေါင်လဲ့အား ပြောပြခဲ့ခြင်းမရှိသော အမှန်တရား ဖြစ်ပေသည်။
ထိုနေရာတွင် ရှိနေသည့်အရာမှာ မင်ခွန်းကျစ်၏ ခန္ဓာကိုယ်အစစ် မဟုတ်ပေ။ အမှန်တွင် မင်ခွန်းကျစ်မှာ ရှေးယခင်တုန်းက ဖြစ်ပွားခဲ့သည့် စစ်ပွဲထဲ၌ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် သူနှင့် အမှောင်ဧကရာဇ်၏ ကြားတွင် မည်သူမှမသိသော အချိတ်အဆက်တစ်ခု ရှိနေသောကြောင့် သူသည် ဤနေရာ၌ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့ကြောင့်လည်း သူသည် အမှောင်အိပ်မက်ကို အသုံးပြု၍ ဝမ်ပေါင်လဲ့အား သူ၏ တပည့်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။ သို့သော် ဤနေရာ၌ ပြန်လည်ပေါ်ပေါက်လာခဲ့သည့် မင်ခွန်းကျစ်မှာ ဝိညာဉ်တစ်ခုအဖြစ်သာ ရှိနေ၏။ သူ၏ တာဝန်မှာလည်း မိုးကောင်းကင်တာအိုအား အစားထိုးရန် မဟုတ်တော့ဘဲ အမှောင်ဧကရာဇ် သင်္ချိုင်းဂူအား ကာကွယ်စောင့်ရှောက်ရန်သာ ဖြစ်သည်။
အမှောင်ဧကရာဇ် သင်္ချိုင်းဂူအား မည်သူမှ ကျူးကျော်ခွင့်မရှိပေ။ အမှောင်ဂိုဏ်းသားများပင်လျှင် ဝင်ရောက်ခွင့် မရှိကြပေ။
သို့ဖြစ်ရာ အကယ်၍ အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်အား ယူဆောင်သွားလိုပါက မင်ခွန်းကျစ်အား အမှန်တကယ် သေဆုံးသွားအောင်လုပ်ရန် လိုအပ်ပေသည်။ သူ အပြီးတိုင် သေဆုံးသွားသည့်အခါမှသာ အမှောင်ဧကရာဇ်၏ ခေါင်းတလားမှာ အလိုလို ပွင့်လာမည်ဖြစ်သည်။
အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်အား ရယူနိုင်မည်မဟုတ်ပေ။ မင်ခွန်းကျစ်မှာ ဝိညာဉ်တစ်ခုအဖြစ်သာ ရှိနေသည့်တိုင်အောင် သူသည် အမှောင်ဂိုဏ်း၏ မဟာအကြီးအကဲ ကိုးယောက်ထဲမှ တစ်ယောက်ဖြစ်နေဆဲပင်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကြောက်ခမန်းလိလိ မြင့်မားသလို သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားမှာလည်း အလွန်အင်မတန်မှ အစွမ်းထက်၏။ လက်ရှိ အမှောင်ဂိုဏ်းပင် မဆိုထားနှင့် အဆုံးမဲ့မျိုးနွယ်စုထဲမှ နတ်ဧကရာဇ် အများစုပင်လျှင် သူ့အား အန္တရာယ်မပြုနိုင်ကြပေ။
ချန်ရှင်းမှာ မင်ခွန်းကျစ်၏ တပည့် ဖြစ်နေသည့်တိုင်အောင် သူသည်လည်း အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်အား မယူနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းအား ကာကွယ်စောင့်ရှောက်ရန်မှာ မင်ခွန်းကျစ်၏ တာဝန်ဖြစ်နေသောကြောင့်ပင်။ သူသည် ၎င်းအား အဆုံးရှုံးခံမည်မဟုတ်သလို မည်သည့် တောင်းဆိုချက်ကိုမှလည်း လက်ခံမည်မဟုတ်ပေ။ တစ်ခုတည်းသောခြွင်းချက်မှာ သူ၏ အားနည်းချက်ဖြစ်သော ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။
သူသည် ဝမ်ပေါင်လဲ့၏ နာကြည်းမှုများနှင့် သူခံစားနေရသည့် ဖိအားများကို မြင်ခဲ့ရသဖြင့် သူ့အား သူ၏တပည့်အဖြစ် သတ်မှတ်ခဲ့သည်ကို နောင်တရနေသည်။ ထို့အပြင် သူသည် သူအတွက် စိတ်မကောင်းဖြစ်နေရသလို သူ၏ တာအိုကြောင့်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေရ၏။
သို့သော်လည်း နောက်ဆုံးတွင် သူသည် အပြစ်ရှိသလို ခံစားနေရဆဲပင်။ ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် သူ့အား ထိုသို့ခံစားရအောင် လုပ်နိုင်၏။ သူသည် ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်အား မငြင်းဆန်ရက်သောကြောင့် သူ၏ ကိိုယ်ပိုင်ခံယူချက်ကို ဆန့်ကျင်ကာ သူ၏ တပည့်၏ ဆန္ဒအား ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ချန်ရှင်းမှာ ထိုအချက်များအားလုံးကို သိရှိထားပြီး ဖြစ်သည်။ အကယ်၍ သူသာ မိုးကောင်းကင်တာအိုနှင့် မပေါင်းစည်းရသေးပါက ယခုလို လုပ်ရက်မည်မဟုတ်ပေ။ သို့သော် သူသည် မိုးကောင်းကင်တာအိုနှင့် ပေါင်းစည်းသွားပြီဖြစ်ရာ ၎င်းအား ဦးစားပေးမှသာ ရတော့မည်ဖြစ်သည်။
ထိုကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်၏။
၎င်းမှာ အစီအစဉ်တစ်ခု ဖြစ်ပေသည်။ မင်ခွန်းကျစ် ထုတ်မပြောချင်ခဲ့သည့် အစီအစဉ်နှင့် ချန်ရှင်းတစ်ယောက် ဝမ်ပေါင်လဲ့အား အသိပေးခဲ့ခြင်းမရှိသော အစီအစဉ် ဖြစ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် ဆုတောင်းပြည့်ပုလင်လေးကြောင့် အရာအားလုံးကို မြင်လိုက်ရပြီဖြစ်သည်။ ထို့ကြောင့် အချိန်တိုလေးအတွင်းတွင် သူ၏ နှလုံးသားထဲ၌ အဖြေတစ်ခုပေါ်ပေါက်လာ၏။
သူ၏ နှလုံးသားထဲ၌ ထိုအဖြေ ပေါ်ပေါက်လာသည်နှင့် သူသည် မျက်ဝန်းများ နီမြန်းသွားပြီး ကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ သူသည် ကောင်းကင်ယံထဲရှိ လူရိပ်ကြီးအား ထိုကဲ့သို့သော အကြည့်မျိုးဖြင့် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြည့်ဖူးခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းထဲ၌ အမှောင်ဂိုဏ်းသားများ၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရစဉ်တုန်းကနှင့် အမှောင်မြစ် အပြင်ဘက်၌ ပစ်မှတ်ထားခံခဲ့ရစဉ်တုန်းကပင်လျှင် ယခုလို မခံစားခဲ့ရပေ။ သို့သော် ယခုတွင်မူ သူသည် လုံးဝသည်းမခံနိုင်တော့သဖြင့် ဒေါသစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် အော်မေးလိုက်တော့သည်။
" ဂိုဏ်းတူအစ်ကိုကြီး။ ဒါတွေအားလုံးက တကယ် အမှန်ပဲလား "
ချန်ရှင်းမှာမူ နှုတ်ဆိတ်နေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နာကြည်းနေသည့် အမူအရာဖြင့် ရယ်မောလိုက်ပြီး နောက်သို့ဆုတ်ခွာသွား၏။ သို့သော် ထိုအချိန်တွင် မင်ခွန်းကျစ်၏ ရှေးဆန်သော စကားသံကြီးမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားသည်။
" ပေါင်လဲ့ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ၏ ဆရာအား လှမ်းကြည့်လိုက်၏။ သူ၏ နှလုံးသားထဲတွင်မူ နာကြည်းမှုများနှင့် နားမလည်နိုင်လောက်အောင်ဖြစ်နေသည့် ခံစားချက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
" မင်းရဲ့ တာအိုက ပြီးပြည့်စုံမှုမရှိသေးဘူးလို့ ငါ ပြောခဲ့တဲ့ အကြောင်းရင်းကို မင်း သိချင်နေတာမလား။ အခု ငါ မင်းရဲ့မေးခွန်းကို ဖြေပေးမယ် " မင်ခွန်းကျစ်မှာ ဖြည်းဖြည်းချင်း ဆိုလိုက်၏။ သူ၏ မျက်နှာ အမူအရာမှာ နွေးထွေးမှုအပြည့် ရှိနေပြီး သူ၏ မျက်ဝန်းထဲမှ ချစ်ခြင်းမေတ္တာများမှာ ပို၍အားကောင်းလာသည်။
" မင်းက မင်းရဲ့ တာအိုရဲ့ အစပိုင်းကို နားလည်သွားပြီဆိုပေမယ့် မင်းရဲ့ တာအိုနှလုံးသားက တည်ငြိမ်မှုမရှိသေးဘူး။ ပြီးတော့ ဒီနေရာမှာရှိနေတဲ့ ဝိညာဉ်တွေအကုန်လုံးက အစစ်မဟုတ်ဘဲ အတုအယောင်တွေချည်းပဲ... အဲတာမလို့ မင်း မင်းရဲ့တာအိုကို ပြီးပြည့်စုံသွားအောင် လုပ်ချင်တယ်ဆိုရင် ဝိညာဉ်အစစ်တစ်ခုကို သန့်စင်ဖို့လိုတယ် "
" ငါက အဲဒီ ဝိညာဉ်ပဲ။ မင်းအတွက် အဲဒီဝိညာဉ်ကို ငါကိုယ်တိုင် ပြင်ဆင်ပေးထားတာ။ ငါ့ကို သန့်စင်လိုက်။ မင်းနဲ့ငါ၊ အမှောင်အိပ်မက်ထဲမှာ စတွေ့ခဲ့တဲ့ ဆရာနဲ့တပည့် ဒီ သင်္ချိုင်းဂူထဲမှာ ပြန်ဆုံကြပြီ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏ မျက်ဝန်းများမှာ ပို၍ပင် နီမြန်းလာ၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ နောက်သို့ ထပ်၍ ဆုတ်ခွာသွားလိုက်ပြန်သည်။ သူသည် သူ၏ ဆရာအား ကြည့်နေလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှုအရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် အသာအယာ ခေါင်းယမ်းလိုက်သည်။
သန့်စင်ခြင်းဆိုသည်မှာ အမှောင်ဂိုဏ်းထဲ၌ အသုံးပြုသည့် အခေါ်အဝေါ်တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ သေဆုံးခြင်းအား ဆိုလိုခြင်းဖြစ်၏။ သူ့ဘက်မှ ရုပ်အလောင်းမျက်နှာအသစ်တစ်ခု ရေးဆွဲကာ၊ ကံကြမ္မာအား သတ်မှတ်ပေးပြီး သံသရာစက်ဝန်းထဲသို့ ပို့ဆောင်ပေးလျှင်တောင် ထို သံသရာစက်ဝန်းထဲသို့ ရောက်ရှိသွားမည့်သူမှာ သူ၏ ဆရာ ဖြစ်နေတော့မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ အမှောင်ကလေးငယ်တစ်ယောက်ဖြစ်ရာ သံသရာစက်ဝန်းထဲသို့ ရောက်ရှိသွားပြီး ပြန်လည်မွေးဖွားလာမည့် လူတစ်ယောက်မှာ အတိတ်ဘဝတုန်းကနှင့် တူနေတော့မည်မဟုတ်ကြောင်း သိထားပြီးဖြစ်သည်။
ဤ ကမ္ဘာကြီးထဲတွင် တထေရာတည်းတူသည့် ပန်းနှစ်ပွင့် ပွင့်နိုင်မည်မဟုတ်ပေ။
သူသည် အခြားဝိညာဉ်များအတွက် ရုပ်အလောင်းမျက်နှာများ ရေးဆွဲကာ ၎င်းတို့အား သံသရာစက်ဝန်းထဲသို့ အခက်အခဲမရှိ ပို့ဆောင်ပေးနိုင်ပေသည်။ သို့သော် သူကိုယ်တိုင် သူ၏ ဆရာအား သန့်စင်ပေးနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဆရာမှာ နှစ်ပေါင်းမြောက်မြားစွာ ဆက်လက် ရှင်သန်နေထိုင်ခွင့် ရှိနေသေးသည်မဟုတ်ပါလော။ သူ၏ ဝိညာဉ်အား သန့်စင်ပေးခြင်းမှာ သူ့အား သတ်ဖြတ်လိုက်ခြင်းနှင့် မထူးမခြားနားပင်။
" ဆရာ။ ကျွန်တော် အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို မယူတော့ဘူး " ဝမ်ပေါင်လဲ့မှာ နဖူးပေါ်တွင် သွေးကြောများ ထောင်လာပြီး နောက်သို့ ထပ်၍ ဆုတ်ခွာသွား၏။ သို့သော် ထိုအချိန်တွင် အဝေးမှနေ၍ စောင့်ကြည့်နေကြသည့် အမှောင်ဂိုဏ်းသား ဒါဇင်ပေါင်းများစွာမှာ ချက်ချင်းဆိုသလိုပင် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
သူတို့ထဲမှ အားအနည်းဆုံး ကျင့်ကြံသူများပင်လျှင် ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြသည်။ သုံးယောက်မှာဆိုလျှင် ကြယ်နယ်မြေအဆင့်တွင် ရှိနေကြ၏။ သူတို့မှာ အလွန်အင်မတန်မှ မြန်ဆန်ကြပေသည်။ သူတို့၏ ပစ်မှတ်မှာမူ ဝမ်ပေါင်လဲ့ မဟုတ်ဘဲ... ခေါင်တလားကြီးသာ ဖြစ်သည်။
သူတို့သည် ထိုခေါင်တလားကြီးပေါ်ရှိ မျက်လုံးဖြင့် မမြင်နိုင်သော ဝိညာဉ်မီးအိမ်များကို မီးငြှိမ်းရန် ကြံစည်နေကြခြင်း ဖြစ်သည်။ သူတို့မှာ မည်သို့မည်ဖုံ လုပ်ရမည်မှန်း မသိပါသော်လည်း ထို ခေါင်းတလားကြီးအား ဖွင့်လိုက်ပါက ထို ဝိညာဉ်မီးအိမ်မှာ မီးငြိမ်းသွားမည်ဖြစ်ကြောင်း ယုံကြည်နေကြသည်။ အခြားအခြေအနေတစ်ခုခုတွင်သာဆိုလျှင် မင်ခွန်းကျစ်ဘက်မှ ဆန္ဒမရှိပါက သူတို့မှာ ထိုကဲ့သို့ လုပ်နိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ... မင်ခွန်းကျစ်မှာ မျက်စိမှိတ်ခေါင်းညိတ်၍ သဘောတူရန် ဆုံးဖြတ်ထားပြီးသား မဟုတ်ပါလော။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထို အမှောင်ဂိုဏ်းသားများမှာ အနီးသို့ ရောက်ရှိလာကြ၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များမှာ အမှောင်ကြယ်စင်စုထဲ၌ ပထမဆုံးအကြိမ်အဖြစ် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် သူ၏ ကျင့်ကြံခြင်စွမ်းအားများကို ချက်ချင်း လည်ပတ်သွားစေလိုက်သဖြင့် သူ၏ ကြယ်နယ်မြေအဆင့် အပြင်ခန္ဓာကိုယ် စွမ်းအားများမှာ ပို၍ပင် အားကောင်းလာ၏။ ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီဖြစ်သည့် သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း အော်ဟစ်မြည်တမ်းလိုက်သကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်မှာမူ ကိုယ်ပွား ဒါဇင်ပေါင်းများစွာအဖြစ် ခွဲထွက်သွား၏။ ထို့နောက် အမှောင်ဂိုဏ်းသားများ အနီးသို့ရောက်ရှိလာချိန်တွင် ၎င်းတို့မှာ သူတို့အား တားဆီးရန် ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။
ထိုအခါ သူတို့မှာ ဝင်တိုက်မိသွားကြသဖြင့် ခေါင်းတလားကြီး၏ အထက်၌ တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ ဤနေရာ၌ ပထမဆုံးအကြိမ်အဖြစ် သူ၏ စွမ်းအားများကို ထုတ်သုံးနေခြင်းဖြစ်သည်။ သူ၏ အငွေ့အသက်များမှာ ကောင်းကင်ပေါ်အထိ ထိုးတက်သွား၏။ အမှောင်ဂိုဏ်းသား ဒါဇင်ပေါင်းများစွာထဲမှ ကိုးဆယ်ရာခိုင်နှုန်း နီးပါးမှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများနှင့် ဝင်တိုက်သွားကြချိန်တွင် ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြသည်သာ ဖြစ်သည်။ သူတို့မှာ နောက်သို့လွင့်ထွက်သွားကြပြီး မျက်နှာအမူအရာ ပျက်သွားကြ၏။
ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီး သုံးယောက်ပင်လျှင် သွေးများအန်ထွက်လာခြင်း မရှိသည့်တိုင်အောင် ခန္ဓာကိုယ်များ အပြင်းအထန် တုန်ရီသွားကြဆဲပင်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်နှင့် နတိဘုရားဝိညာဥ်တို့၏ စွမ်းအားများကြောင့် နောက်သို့ ပေ ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် တွန်းထုတ်ခံလိုက်ရ၏။
" ငါ့ကို လူသတ်ရအောင် ဖိအားမပေးနဲ့နော် " ဝမ်ပေါင်လဲ့၏ ဝတ်ရုံမှာ လေထဲတွင် တလူလူလွင့်နေပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ သူသည် ကျင့်ကြံသူပေါင်းမြောက်မြားစွာအား တစ်ပြိုင်နက်တည်း ရင်ဆိုင်ခဲ့ရသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် မည်မျှပင် အစွမ်းထက်နေစေကာမူ ဒဏ်ရာရသွားခဲ့ဆဲပင်။ သို့သော် သူ၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များမှာမူ ပို၍အားကောင်းလာ၏။
ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို နောက်ထပ်တစ်ကြိမ် ထပ်၍ ထုတ်လွှတ်လိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ နောက်တွင် ကြယ်မြေပုံကြီး ပေါ်ပေါက်လာသလို သူ၏ ပတ်ပတ်လည်တွင်လည်း မရေမတွက်နိုင်လောက်အောင် များပြားသည့် ဓမ္မရတနာများ ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည်။ မင်ခွန်းကျစ်မှာမူ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်ပြီး ခေါင်းမော့ကာ ကောင်းကင်ယံထဲရှိ သူ၏ အခြားတပည့်အား လှမ်းကြည့်လိုက်သည်။
" မင်း... ဘာတွေများ တွေးနေတာလဲ "
နောက်သို့ တွန်းထုတ်ခံလိုက်ရသည့် အမှောင်ဂိုဏ်းသားများ၏ မျက်နှာအမူအရာများမူ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့်ပုံ ပေါက်နေသည်။
ထိုအချိန်တွင် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းအား အသိအမှတ်ပြုလိုက်ပြီး ခါးခါးသီးသီးဆိုလိုက်၏ " အမှောင်ကလေးငယ်။ ဘာလို့ အခုလိုလုပ်နေရတာလဲ... "
" မင်း နာကျင်ခံစားနေရတာ ငါတို့တွေသိပါတယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးက အမှောင်ဂိုဏ်း တန်ခိုးအာဏာပြန်လည်ကြီးထွားလာဖို့ အတွက်ပဲလေ။ ပြီးတော့ နဝမအကြီးအကဲကြီးကိုယ်တိုင်ကလည်း သဘောတူပြီးသွားပြီ.... "
" အမှောင်ကလေးငယ်။ ငါတို့တွေ မင်းရဲ့ မဟာတာအိုကို ပြီးပြည့်စုံအောင် လုပ်ပေးပါရစေ။ ဒီကိစ္စတွေ ပြီးသွားရင် ငါတို့တွေ မင်းကို ငါတို့ရဲ့ ခေါင်းဆောင်အဖြစ် လက်ခံပေးပါ့မယ် " ကြယ်နယ်မြေအဆင့် အစွမ်းထပ်ပုဂ္ဂိုလ်ကြီးသုံးယောက်မှာ ပြိုင်တူ ဆိုလိုက်ကြ၏။
" မရဘူး " ဝမ်ပေါင်လဲ့မှာမူ ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ထိုအခါ သူ၏ နောက်တွင် ရှိနေသည့် ကြယ်မြေပုံကြီးထဲမှ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး နတ်နွားကြီး၏ ပုံရိပ် ပေါ်ပေါက်လာတော့သည်။ ၎င်း၏ အငွေ့အသက်မှာလည်း အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသဖြင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ တုန်ရီသွားရ၏။ ထိုအချိန်တွင် မလှမ်းမကမ်းမှ အေးစက်စက် နှာမှုတ်သံတစ်သံထွက်ပေါ်လာသည်။
ထိုနှာမှုတ်သံမှာ လူနှစ်ယောက်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ထိုနှစ်ယောက်မှာ သူမ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သည့် အမျိုးသမီး တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်နှင့် အများ၏ အမြင်တွင် တမူထူးခြားနေခြင်း မရှိသော အမျိုးသား အမှောင်ကလေးငယ်တို့ ဖြစ်ပေသည်။ သူတို့နှစ်ယောက်မှာ အဝေးမှနေ၍ ရှေ့သို့ ပျံထွက်လာကြပြီးနောက် အလင်းတန်းနှစ်ခုအသွင် ပြောင်းလဲသွားကြ၏။ ထို့နောက် ထိုအလင်းတန်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ပူးကပ်သွားပြီး တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
ထို အလင်းတန်းများနှင့်အတူ ထို ကျင့်ကြံသူနှစ်ယောက်၏ ခန္ဓာကိုယ်များမှာလည်း တစ်သားတည်း ပေါင်းစည်းသွားနေကြ၏။ ထို ပေါင်းစည်းမှုဖြစ်စဉ်မှာ အသက်ရှူကြိမ် သုံးကြိမ်မှ ငါးကြိမ်မျှသာ ကြာမြင့်လိုက်သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ယောက်ျား မိန်းမ ခွဲခြားရန်မဖြစ်နိုင်သည့် လိင်မရှိသော ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာတော့သည်။ ထိုကျင့်ကြံသူမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်မှ ချက်ချင်းဖောက်ထွက်သွား၏။ သူ၏ အငွေ့အသက်မှာ ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီး သုံးယောက်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
သူသည် ထိုသို့ ပေါ်ပေါက်လာသည်နှင့် တစ်ခဏလေးပင် ရပ်တန့်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးကာ ဆိုလိုက်သည်။
" အမှောင်ဂိုဏ်းရဲ့ တိုးတက်မှုကို ရပ်တန့်သွားအောင် လုပ်လို့မဖြစ်ဘူး။ ဝမ်ပေါင်လဲ့၊ မင်းက အမှောင်ကလေးငယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်တဲ့ကောင်ပဲ။ အဲလိုဆိုမှတော့ ငါက မင်းရဲ့ကိုယ်စား အမှောင်ဂိုဏ်းရဲ့ တာဝန်ကို ထမ်းဆောင်ပေးရတာပေါ့ “