ရပ်လိုက်စမ်း
Vol. 85 Ch. 1182
" သွားသေလိုက်လေ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ နီမြန်းနေ၏။ လူနှစ်ယောက် ပေါင်းစည်းထားသည့် အမှောင်ကလေးငယ် သူ့အား လက်ညှိုးထိုးလိုက်ချိန်တွင် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်သည်။
ထို အော်ဟစ်သံကြီးမှာ အားကောင်းလွန်းလှသောကြောင့် ကမ္ဘာကြီး၏ အရောင်များမှာ ပြောင်းလဲသွားရပြီး ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရ၏။ အပြင်ဘက်တွင်ရှိနေသည့် အမှောင်မြစ်ကြီးပင်လျှင် စတင်တုန်ရီလာသည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့ အော်ဟစ်လိုက်ပြီးနောက် ရှောင်တိမ်းနေခြင်းမရှိဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ ထို့နောက် သူသည် သူ့ဆီသို့ ဦးတည်လာနေသည့် အမှောင်ကလေးငယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားသောကြောင့် လေပြင်းများ စတင်တိုက်ခတ်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်သွားကြ၏။ လူနှစ်ယောက် ပေါင်းစည်းထားသည့် အမှောင်ကလေးငယ်မှာ အမှန်တကယ်ပင် အစွမ်းထက်ပေသည်။ သူတို့နှစ်ယောက်မှာ မပေါင်းစည်းခင်ကတည်းက ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေခဲ့သည်မဟုတ်ပါလော။ ထို့အပြင် သူတို့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများနှင့် ပါရမီများမှာလည်း အံ့သြမှင်တက်စရာကောင်းသည့် အဆင့်တစ်ခုတွင် ရှိနေခဲ့ကြ၏။ ယခုတွင် သူတို့နှစ်ယောက်မှာ လူတစ်ယောက်အဖြစ် ပေါင်းစည်းသွားကြသည်ဖြစ်ရာ သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ ကြောက်ခမန်းလိလိ တိုးတက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ နတ်ဘုရားဝိညာဉ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အဆင့်တစ်ရာအထိ တိုးတက်သွားပြီး ၎င်းကို ဖောက်ထွက်ကာ ကြယ်နယ်မြေ အဆင့်အထိ ရောက်ရှိသွားသည်။ သူ၏ အပြင်ခန္ဓာကိုယ်မှာမူ အနည်းငယ် အားနည်းနေပါသော်လည်း ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အဆင့် နှစ်ဆယ်မှ သုံးဆယ်ကြားတွင် ရှိနေဆဲပင်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပါသော်လည်း ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အဆင့်သုံးဆယ် ဝန်းကျင်တွင် ရှိနေဆဲပင်။ သို့ဖြစ်ရာ ထိုကျင့်ကြံသူအား သက်ရှိကမ္ဘာထဲတွင်ပင် ထိပ်သီးအဆင့် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့သာ ရောက်ရှိလာခြင်းမရှိပါက သူသည် အမှောင်ကြယ်စင်စုထဲ၌ ထိပ်ဆုံးအဆင့် ပါရမီရှင် ဖြစ်နေမည်ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့နှင့် ယှဉ်လိုက်ပါက သူသည် လိုအပ်ချက်များရှိနေဆဲပင်။ တစ်ဖက်တွင် သူ၏ အပြင်ခန္ဓာကိုယ်မှာ လိုအပ်ချက်များရှိနေသလို အခြားတစ်ဖက်တွင်လည်း သူသည် အနိုင်မခံအရှုံးမပေးလိုသည့် စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားခြင်းမရှိပေ။
ဝမ်ပေါင်လဲ့နှင့် ထို အမှောင်ကလေးငယ်တို့ ဝင်တိုက်မိသွားကြချိန်တွင် တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာ၏။ ထို့နောက် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကြီးတစ်သံ ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး နောက်သို့ ပေအနည်းငယ်ခန့် ဆုတ်ခွာသွားလိုက်ရသည်။ အမှောင်ကလေးငယ်မှာမူ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး နောက်သို့ ပေတစ်ရာကျော် ဆုတ်ခွာသွားရသလို သူ၏ နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျလာ၏။
သူတို့နှစ်ယောက်မှာ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ထိပ်တိုက်ရင်ဆိုင်တွေ့ကာ ထိုက်ခိုက်ဖူးခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အပြင်ခန္ဓာကိုယ်အပိုင်းတွင် အသာစီးရနေပြီး ကျင့်ကြံခြင်းအဆင့်အပိုင်းတွင် အားနည်းနေပါသော်လည်း တာအိုထာဝရကြယ်တစ်လုံး၏ ကူညီထောက်ပံ့မှုကို ရရှိထားသည်ဖြစ်ရာ သူ၏ အားနည်းချက်များမှာ မသိသာပေ။ သူ၏ နတ်ဘုရားဝိညာဉ်မှာမူ ကြယ်နယ်မြေအဆင့်သို့ မရောက်သေးပါသော်လည်း သူသည် သူ၏ အပြင်ခန္ဓာကိုယ် စွမ်းအားတစ်မျိုးတည်းနှင့် သူသည် အသာစီးယူနိုင်စွမ်း ရှိနေသည်။
သို့သော် အမှောင်ကလေးငယ်မှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားဝိညာဉ်နှင့် ကျင့်ကြံခြင်းအဆင့်ကြားရှိ ခြားနားချက်များကြောင့် သူ၏ နတ်ဘုရားစွမ်းရည်များနှင့် မန္တန်များမှာ အနည်းငယ် အားနည်းနေမည်ဖြစ်ကြောင်း ချက်ချင်း အာရုံခံမိလိုက်သည်။ ထို့ကြောင့် တစ်အောင်ခန့်အကြာတွင် နောက်သို့ဆုတ်ခွာသွားနေသည့် ထို အမှောင်ကလေးငယ်မှာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ မီးခိုးရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ၎င်းတို့မှာ သူ၏ နောက်တွင် ပွင့်ဖတ် ဆယ့်နှစ်ခုပါသော မီးခိုးရောင် ကြာပွင့်တစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွား၏။
" ဝမ်ပေါင်လဲ့။ မင်းက ပါရမီရှင်တစ်ယောက် ဖြစ်ရင်ဖြစ်နိုင်ပေမယ့် ငါ့ရဲ့ မီးခိုးရောင်ကြာပွင့် တာအိုပြောင်းလဲမှုပညာရပ်ကိုတော့ ယှဉ်နိုင်မှာမဟုတ်ပါဘူး "
ထို အမှောင်ကလေးငယ် ထိုသို့ဆိုလိုက်သည်နှင့် သူ ဖန်တီးထားသည့် ကြာပွင့်မှာ သူ၏ရှေ့၌ လည်ပတ်သွား၏။ ထို့နောက် ၎င်း၏ ပွင့်ဖတ်များမှာ ချက်ချင်းဆိုသလို ကြွေကျလာကြပြီး တာအိုစေတီတော်များအဖြစ် ပြောင်းလဲသွားသည်။ ထို တာအိုစေတီတော်များမှာ မီးခိုးရောင် သန်းနေပါသော်လည်း အပြင်ဘက်သို့ ပျံထွက်သွားချိန်တွင် ရောင်စုံတောက်ပလာသည်။ ၎င်းတို့ထဲတွင်လည်း မရေမတွက်နိုင်လောက်အောင်များပြားသည့် စည်းမျဉ်းဥပဒေသများနှင့် ဓမ္မပညာရပ်များ ကိန်းအောင်းနေသေးသည်။
ထို စည်းမျဉ်းဥပဒေသများနှင့် ဓမ္မပညာရပ်များ၏ ရင်းမြစ်မှာ... အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို ဖြစ်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ နှလုံးသားကို တစ်စစီ ဆုတ်ဖြဲဖြစ်ခဲ့သည့် သူ၏ အထက် ဟင်းလင်းပြင်ကြီးထဲရှိ ပုဂ္ဂိုလ်ကြီး ဖြစ်၏။
ထို ပုဂ္ဂိုလ်ကြီးမှာ တစ်လက်မလေးပင် လှုပ်ရှားခဲ့ခြင်းမရှိသည့်တိုင်အောင် သူသည် မိုးကောင်းကင်တာအို ဖြစ်နေသောကြောင့် သူ၏ စိတ်ဆန္ဒများကို သူ၏ လုပ်ရပ်များမှတစ်ဆင့် ဖော်ပြနေရန်မလိုပေ။ ယခုတွင် တာအိုစေတီတော်များမှာ ဝင်းလက်စွာတောက်ပနေကြပြီး ၎င်းတို့ တစ်ဆူချင်းစီတိုင်းမှာ အလွန်အင်မတန်မှအားကောင်းသော အငွေ့အသက်များနှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီ ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာ၏။ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာလည်း ထိပ်ဆုံးအဆင့်အထိ ရောက်ရှိသွားပြီး ကြောက်မက်ဖွယ်ရာ သွေးချီများမှာလည်း သူ၏ ခန္ဓာကိုယ်ထဲမှ ဒလဟော ထိုးထွက်လာသည်။ သို့ဖြစ်ရာ သူ၏ ပတ်ပတ်လည်၌ သွေးချီမုန်တိုင်းကြီးတစ်ခု စတင်တိုက်ခတ်လာပြီး ထစ်ချုန်းသံများနှင့်အတူ အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသကဲ့သို့ပင်။
" ဝာာအိုစေတီတော်တွေ... တာအိုဆိုတာ ဘာမှန်းရော မင်း သိရဲ့လား " ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွား၏။ သူသည် သူ၏ ညာဘက်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သဖြင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာသည်။ ထို့နောက် သူသည် သူ့ဆီသို့ ဦးတည်လာနေသည့် တာအိုစေတီတော်များအား ထိုးနှက်လိုက်တော့သည်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်... အသက်ရှူကြိမ် တစ်ကြိမ်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ ခုနစ်ချက်တိတိ ဆက်တိုက် ထိုးနှက်လိုက်၏။
သူ၏ လက်သီးချက် တစ်ချက်ချင်းစီတိုင်းမှာ တာအိုစေတီတော်များပေါ်သို့ ကျရောက်သွားသဖြင့် တအုန်းအုန်း မြည်သံများမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွား၏။ ထို လက်သီးချက်များထဲတွင် ဝမ်ပေါင်လဲ့၏ စွမ်းအားများအားလုံး ကိန်းအောင်နေသည်။ သူသည် တစ်ကိုယ်လုံး သွေးကြောများ ထောင်နေပြီး သူ၏ သွေးချီများ၏ စွမ်းအားများမှာဆိုလျှင် မိုးကောင်းကင်ကြီးကိုပင် ဖုံးလွှမ်းသွားနိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေ၏။
ထိုသို့ဖြင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး တာအိုစေတီတော်များမှာ စတင်ပျက်စီးလာကြတော့သည်။ လက်သီးချက်ခုနစ်ချက် ပြီးဆုံးသွားချိန်တွင် စေတီခုနစ်ဆူမှာ တစ်စစီ ကြေမွပျက်စီးသွား၏။
၎င်းတို့ ပျက်စီးသွားသည့်အချိန်တိုင်း အကျိုးအပဲ့အပိုင်းအစ အမြောက်အမြားမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြသည်သာ ဖြစ်သည်။ ၎င်းတို့၏ ပျက်စီးမှုများကြောင့် ထစ်ချုန်းသံများမှာလည်း အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရသလို ပြင်ပကမ္ဘာထဲတွင်ရှိနေသည့် အမှောင်မြစ်ကြီးမှာလည်း လှုပ်လှုပ်ရွရွ ဖြစ်လာပြီဖြစ်သည်။
အမှန်တွင် သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ သာမန် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများ၏ ကြားရှိ တိုက်ပွဲများထက်ပင် ပို၍ ပြင်းထန်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လက်သီးချက်တစ်ချက်ချင်းစီတိုင်းမှာ အစောပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ဖြတ်ပစ်နိုင်လောက်သည့်အထိ အစွမ်းထက်နေ၏။ လူနှစ်ယောက်ပေါင်းစည်းထားသည့် အမှောင်ကလေးငယ် ဖန်တီးထားသော တာအိုစေတီတော်များမှာလည်း ထိုနည်းတူပင်။
၎င်းတို့၏ စွမ်းအားများမှာ ကြောက်ခမန်းလိလိ ကြီးမားပေးသည်။
ခပ်လှမ်းလှမ်းတွင် ဝမ်ပေါင်လဲ့၏ တားဆီးခြင်းကိုခံခဲ့ရသဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့ရသည့် အမှောင်ဂိုဏ်းသားများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီး သုံးယောက်ပင်လျှင် အံ့သြတုန်လှုပ်နေကြရပြီ ဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ နတ်ဆိုးတစ်ပါးနှင့်တူနေ၏။ သူသည် တာအိုစေတီတော်များ၏ ဖိနှိပ်ချုပ်တည်းမှုများကြောင့် ရူးသွပ်လုမတတ် ခံစားနေရသည့်ပုံ ပေါက်နေသည်။
သို့သော် သူတို့သည် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ် စွမ်းအားများမှာ ကုန်ခန်းသွားပြီဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ တာအိုစေတီတော်များမှာမူ ငါးဆူတိတိ ကျန်ရှိနေသေးသည့်အပြင် ၎င်းတို့မှာ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်နိုင်သည့် အငွေ့အသက်တစ်မျိုးနှင့်အတူ ရှေ့သို့ ဦးတည်သွားနေကြ၏။
သို့သော် သူတို့၏ ထင်မြင်ယူဆချက်မှာ မှန်ကန်ပါသော်လည်း တိကျမှုမရှိဟု ဆိုနိုင်ပေသည်။
၎င်းမှာ ဝမ်ပေါင်လဲ့၏ အစွမ်းကုန်မဟုတ်သေးပေ။ သူ၏ နတ်ဘုရားဝိညာဉ်နှင့် ကျင့်ကြံခြင်းအဆင့်တို့မှာ နိမ့်ကျနေသည့်တိုင်အောင် သူသည် သူ့၏ အတိတ်ဘဝများမှ ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားဆဲပင်။ ထို့ကြောင့် ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်၌ တစ်ခုပေါ်တစ်ခု ထပ်နေကြသည့် အရိပ်များပေါ်ပေါက်လာ၏။ ထို့နောက် ရှင်းဟော့နှစ်ဘုရားမျိုးနွယ်စုမှ ကျင့်ကြံသူကြီးမှာ အသံကုန်အော်ဟစ်ကာ အဋ္ဌမတာအိုစေတီတော်ဆီသို့ ရုတ်တရက်ဆိုသလို ပြေးသွားလိုက်တော့သည်။
ထို့နောက် ဖုတ်ကောင်ကြီး၏ ခန္ဓာကိုယ်၊ နတ်ဆိုးဓား၏ ခန္ဓာကိုယ်၊ မုန်းတီးစိတ်များ ပြည့်နှက်နေသည့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် သမင်ဖြူလေး၏ ခံ့ညားထည်ဝါသော ခန္ဓာကိုယ်များလည်း ဆက်တိုက်ပေါ်ပေါက်လာကြ၏။
ထို အတိတ်ဘဝငါးခု၏ ခန္ဓာကိုယ်များမှာ တာအိုစေတီတော်ငါးဆူနှင့် တစ်ပြိုင်နက်တည်းနီးပါး ဝင်တိုက်သွားကြ၏။ ထိုအခါ ကမ္ဘာကြီးတစ်ခုလုံးမှာ အပြင်းအထန်တုန်ရီသွားပြီး အမှောင်မြစ်ကြီးထဲတွင်လည်း လှိုင်းလုံးများထလာ၏။ ထို့နောက် အမှောင်ဧကရာဇ် သင်္ချိုင်းဂူကြီးထဲမှ မြေပြင်ကြီးကိုပင် ကွဲအက်သွားစေနိုင်သည့် စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုသို့ဖြင့် တာအိုစေတီတော် ဆယ့်နှစ်ဆူစလုံးမှာ ပျက်စီးသွားတော့သည်။
လူနှစ်ယောက်ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် အမှောင်ကလေးငယ်မှာမူ တန်ပြန်အားများကြောင့် ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာ၏။ သူ နောက်သို့ အဆက်မပြတ်ဆုတ်ခွာသွားနေစဉ် သူ၏ နဖူးပေါ်တွင် သွေးရောင် အစင်းကြောင်း တစ်ကြောင်းပေါ်ပေါက်လာသည်။ ၎င်းမှာ အသွားထက် လက်နက်တစ်ခုကြောင့် ပေါ်ပေါက်လာသည့် ဒဏ်ရာ မဟုတ်ပေ။ ၎င်းမှာ သူ၏ ခန္ဓာကိုယ် တန်ပြန်အားများကြောင့် နာကျင်မှုများခံစားရပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ယင်နှင့်ယန် ပေါင်းစည်းမှု အတင်းအဓမ္မချိုးဖျက်ခံလိုက်သဖြင့် ပေါ်ပေါက်လာသည့် ဒဏ်ရာ ဖြစ်ပေသည်။
သူသည် ပြီးပြည့်စုံခြင်း မရှိသေးပေ။
သူ၏ ကျင့်ကြံခြင်းအဆင့်အား ကြယ်နယ်မြေအဆင့်သို့ မမြှင့်တင်နိုင်ပါက သူ၏ ယင်နှင့်ယန် ပေါင်းစည်းမှု လုပ်ငန်းစဉ်ထဲတွင် လိုအပ်ချက်များ ရှိနေဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် ထစ်ချုန်းသံများ အဆက်မပြတ်မြည်ဟည်းနေစဉ် သူသည် သွေးများ ထပ်၍ အန်ထွက်လာသလို သူ၏ နဖူးပေါ်ရှိ အနီရောင်အစင်းကြောင်းမှာလည်း ပို၍ပင် နီမြန်းလာတော့သည်။ သူ မီတာသုံးရာအကွာသို့ ရောက်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်အဖြစ် ပြန်ကွဲသွား၏။ သူတို့နှစ်ယောက်မှာ လက်မခံလိုသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြသည်။
ဝမ်ပေါင်လဲ့မှာလည်း နောက်သို့ ဆုတ်ခွာသွားလိုက်ရ၏။ သူသည် နောက်သို့ ပေသုံးရာ ကျော်အထိ ဆုတ်ခွာသွားလိုက်သဖြင့် သူ၏ ဆရာ မင်ခွန်းကျစ်၏ ရှေ့သို့ ပြန်ရောက်သွားသည်။ ထိုအခါမှသာ သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာ၏။ သူသည် ဒဏ်ရာရထားခြင်းမရှိပါသော်လည်း သူ၏ အပြင်ခန္ဓာကိုယ် ခံစားနေရသည့် မောပန်းနွမ်းနယ်မှုများကြောင့် ထိုကဲ့သို့ သွေးများအန်ထွက်လာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ နတ်ဘုရားဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအားများမှာလည်း သိသိသာသာ အားလျော့သွားပြီ ဖြစ်သည်။ သို့သော်လည်း သူသည် ဆက်လက်တိုက်ခိုက်ရန် စွမ်းအားအလုံအလောက် ရှိနေဆဲပင်။
" ဆရာ။ ကျွန်တော် အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို မယူတော့ဘူး " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံနေပြီး စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် ဆိုလိုက်၏။ ထိုအခါ မင်ခွန်းကျစ်မှာ ချစ်ခြင်းမေတ္တာများနှင့် စိတ်အေးသွားသည့် အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် ခေါင်းညိတ်ကာ စကားပြောရန် ပြင်လိုက်၏။
သို့သော် သူ ထိုသို့ ခေါင်းညိတ်လိုက်သည့်အချိန်တွင် ပြင်ပကမ္ဘာထဲ၌ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသက်ပြင်းချသံနှင့်အတူ လူတစ်ယောက်မှာ အမှောင်မြစ်၏ အပြင်ဘက်မှနေ၍ အမှောင်မြစ်ထဲရှိ အမှောင်ဧကရာဇ် သင်္ချိုင်းဂူဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာ၏။
သူ ရှေ့သို့ လျှောက်လှမ်းလာသည်နှင့် အမှောင်မြစ်ကြီးမှာ နှစ်ခြမ်းကွဲသွား၏။
အမှောင်ဧကရာဇ် သင်္ချိုင်းဂူကြီးမှာလည်း တုန်ရီသွားသည်။
သူ၏ ခြေထောက်အောက်တွင်လည်း အနက်ရောင်ကြာပွင့်များ ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့အား တိုက်ခိုက်ခဲ့သည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်နှစ်ယောက် အပါအဝင် အမှောင်ဂိုဏ်းသားများ အားလုံးမှာလည်း လေးစားကြည်ညိုမှု အပြည့်ရှိသော မျက်နှာအမူအရာများဖြင့် ဒူးထောက်ချလိုက်ကြ၏။
ဝမ်ပေါင်လဲ့မှာမူ ခေါင်းမော့လိုက်ပြီး အောက်သို့ဆင်းလာနေသည့် လူရိပ်ကြီးအား လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်များနှင့် ဇဝေဇဝါဖြစ်နေသည့် ခံစားချက်များ ရှုပ်ထွေးနေဆဲပင်။ သို့သော် နောက်ဆုံးတွင် သူသည် စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် ဆိုလိုက်၏။
" ချန်ရှင်း၊ ရပ်လိုက်စမ်း “