← Chapters

အားလုံး စစ်ထွက်မည်

Vol. 135 Ch. 1874

အားလုံး စစ်ထွက်မည်

Vol. 135 Ch. 1874

“မီးအရင်းအမြစ်က ဘယ်ကနေလာတာလဲ။ အရှင်ချီဟုန်... ဒီကောင်းကင်ကြယ်စုဘုံမှာ အရင်က မီးအရင်အမြစ် မရှိခဲ့ဘူး မဟုတ်လား”

ကျန်းရီသည် သူ့အရှေ့ရှိ မီးပင်လယ်ကိုကြည့်၍ စိတ်ဝင်တစား မေးလိုက်၏။ ချီဟုန်သည်လည်း ဤဘုံထဲတွင် မီးအရင်းအမြစ်တစ်ခုကို တွေ့လိုက်ရ၍ အံ့ဩနေပုံပင်။ ထို့ကြောင့် ကောင်းကင်ကြယ်စုဘုံထဲတွင် ယခင်က မီးအရင်းအမြစ်တစ်ခု မရှိခဲ့ကြောင်း ထင်ရှားပေသည်။

ကျန်းရီ၏အရှေ့ရှိ မီးတောက်များထဲတွင် ချီဟုန်၏ မျက်ဝန်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူ့အသံကို ကြားလိုက်ရပေသည်။

“မီးအရင်းအမြစ်က အရမ်းရှားပါတယ်။ နတ်ဆိုးချောက်နက်အပြင် ကောင်းကင်မသေမျိုးဘုံမှာပဲ မီးအရင်းအမြစ်တစ်ခု ရှိခဲ့တာ။ ကောင်းကင်ကြယ်စုဘုံထဲမှာ မရှိခဲ့ဘူး။ အခု ဘယ်လိုလုပ်ရှိနေတာလဲဆိုတာတော့ ငါလည်း မသိဘူး။ ငါက မီးဓာတ်အနှစ်သာရခုနစ်မျိုးစလုံးကို နားမလည်သေးလို့ မီးအရင်းအမြစ်ကို မထိန်းချုပ်နိုင်ဘူး။ မီးအရင်းအမြစ်တွေ အကြောင်းကိုလည်း အများကြီး မသိဘူး”

“အာ....”

ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ ချီဟုန်သည်ပင် မီးအရင်းအမြစ်ကို မထိန်းချုပ်နိုင်သည်လော။ ထိုမီးတောက်များမှာ အလွန်စွမ်းအားကြီးလှပေသည်။ ၎င်းတို့က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများကိုပင် လောင်ကျွမ်းနိုင်လောက်သည်လော။

“ဒါပေါ့ လောင်ကျွမ်းနိုင်တာပေါ့”

ချီဟုန်က ကျန်းရီ၏အတွေးများကို ဖတ်နိုင်ပုံရ၏။ သူ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“မီးအရင်းအမြစ်နဲ့ ထိမိရင် မိုးပြာမဟာဧကရာဇ်၊ တမလွန်ဘုံဧကရာဇ်၊ တမလွန်ဘုံဘုရင်တချို့ကလွဲပြီး ကျန်တဲ့သူတွေ အကုန်လုံး လောင်ကျွမ်းပြာကျသွားမှာပဲ။ ဒါပေမဲ့ အဲ့မီးတောက်တွေက ထိန်းချုပ်လို့မရဘူး။ ပြီးတော့ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေကလည်း အရမ်းမြန်ကြတယ်။ မင်း သူတို့နားတောင် ကပ်နိုင်မှာ မဟုတ်ဘူး။ အဲ့တော့ မင်း အဲ့မီးတောက်တွေကို ထိန်းချုပ်နိုင်ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ အများကြီး တွေးမနေပါနဲ့။ စိတ်အေးအေးနဲ့သာ ကျင့်ကြံပါ။ ဒီမှာ ခဏလောက်ပုန်းနေပြီး နောက်ဆုံးအစိတ်အပိုင်းကို ရှာရအောင် ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်နိုင်မဲ့ အခွင့်အရေးကို စောင့်ပေါ့”

နောက်ဆုံးအစိတ်အပိုင်းဟု ကြားလိုက်သောအခါ ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ အလေးအနက် မေးလိုက်သည်။

“အရှင်ချီဟုန်... အရှင် နောက်ဆုံးအစိတ်အပိုင်းကို အာရုံခံမိပါပြီလား”

“ဟင့်အင်း...”

ချီဟုန်က စိတ်ပျက်စွာနှင့် ပြန်ပြောလိုက်၏။

“ငါ နောက်ဆုံးအစိတ်အပိုင်းကို အာရုံမခံနိုင်သေးဘူး။ အဲ့ဒါက ထူးဆန်းတဲ့ နေရာတစ်ခုမှာထင်တယ်။ အဲ့နေရာက ငါ အစိတ်အပိုင်းကို အာရုံမခံနိုင်အောင် တားနေတဲ့ပုံပဲ။ ငါ အဆုံးအထိ အာရုံမခံနိုင်ဘူးဆိုရင် မင်းရဲ့ကံကြမ္မာကိုပဲ အားကိုးရတော့မှာ။ မင်းသာ လုံလောက်အောင် ကံမကောင်းရင် အဲ့နောက်ဆုံးအစိတ်အပိုင်းကို တစ်သက်လုံး ရှာတွေ့တော့မှာ မဟုတ်ဘူး”

“ထူးဆန်းတဲ့နေရာလား”

ကျန်းရီ ရင်ခုန်မြန်သွား၏။ သူ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“အရှင်ချီဟုန်... နောက်ဆုံးအစိတ်အပိုင်းက မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှာ ရှိနေလောက်တယ်လို့ အရှင်ထားပါသလား။ မိစ္ဆာသတ်ဖြတ်ဓားက နောက်ဆုံးအစိတ်အပိုင်းလား”

ချီဟုန်ပင် အာရုံမခံနိုင်လျှင် နောက်ဆုံးအစိတ်အပိုင်း ရှိနေသောနေရာတွင် အလွန်စွမ်းအားကြီးသော အကာအရံများ ရှိရပေမည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများသာ ထိုကဲ့သို့သော အကာအရံများကို ဆင်နိုင်ကြသည်။ ထိုအချက်အားလုံးနှင့် ကိုက်ညီသော နေရာများမှာ များစွာမရှိပါ။ ကျန်းရီသိသလောက် မိစ္ဆာသတ်ဖြတ်နန်းတော်သာ ရှိပေသည်။

“မိစ္ဆာသတ်ဖြတ်နန်းတော်လား”

ချီဟုန်သည် နတ်ဆိုးချောက်နက်ထဲတွင် နှစ်ထောင်ပေါင်းများစွာ နေခဲ့သဖြင့် အပြင်လောကအကြောင်းကို များစွာမသိပေ။ မိစ္ဆာသတ်ဖြတ်နန်းတော်မှာ ဟွင့်သွမ့်ပင်လယ်ထဲတွင်သာ ထွက်ပေါ်လေ့ရှိပြီး ကောင်းကင်ဘုံထဲတွင် ထွက်ပေါ်လာခဲသည်။ ထို့ကြောင့် ချီဟုန်သည် မိစ္ဆာသတ်ဖြတ်နန်းတော်အကြောင်းကို မသိချေ။

“အများကြီး တွေးမနေပါနဲ့။ အရင်ဆုံး ကျင့်ကြံလိုက်ပါ။ ငါတို့ ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်ရောက်မှ အဲ့အကြောင်းကို ဆက်ပြောကြတာပေါ့”

“ကောင်းပါပြီ”

ကျန်းရီသည် ဆောင်းဥတုပုလဲကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကာ အားလုံးထံ အသံပို့လွှတ်၍ အေးအေးဆေးဆေး ကျင့်ကြံနေရန် ပြောလိုက်သည်။ သူတို့က လက်ရှိတွင် ဘေးကင်းသော်လည်း အချိန်တိုအတွင်း ပြန်သွားနိုင်လိမ့်ဦးမည် မဟုတ်ကြောင်းလည်း ပြောလိုက်သည်။ ထို့နောက် သူ၏ ကောင်းကင်စိတ်အာရုံက ဆောင်းဥတုထောင့်စွန်းတွင် ရှိနေသည့် ရီယွင်အပေါ်သို့ ကျရောက်သွား၏။ သူ ရီယွင်ထံ အသံပို့လွှတ်၍ အထဲတွင် အေးအေးချမ်းချမ်း နေနေရန်သာ ပြောလိုက်လေသည်။

ပြီးလျှင် ကျန်းရီ တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်သည်။ ဤနေရာတွင် သူ ကောင်းကင်စွမ်းအား ကျင့်ကြံနိုင်ပြီဖြစ်သည်။ မီးအရင်းအမြစ်နှင့် မိုင်တစ်သန်းပတ်လည်အတွင်းကို မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်မှ မလာဝံ့ပေ။ ဤနေရာ၌ ကောင်းကင်စွမ်းအား ထွက်ပေါ်လာလျှင်ပင် တမလွန်ဘုံမျိုးနွယ်ဝင်များက ၎င်းကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီသည် လက်တစ်ဘက်ထဲတွင် နတ်ဘုရားသစ်ရွက်ကို ကိုင်၍ ကျန်လက်တစ်ဘက်တွင် မီးဝိညာဉ်ပုလဲကို ကိုင်လျက် ကျင့်ကြံရန် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်၏။ သူသည် လျှပ်စီးအနှစ်သာရကို ဆက်လေ့လာရန် ကြိုးစားနေဆဲဖြစ်သည်။ ထိုအနှစ်သာရက အလွန်ရှုပ်ထွေးလွန်းသည်။ သူ ၎င်းကို လေ့လာရန် ကြိုးစားနေခဲ့သည်မှာ ကြာခဲ့ပေပြီ။ သို့သော် သူ ၎င်းအနှစ်သာရ၏ အပေါ်ယံလောက်ကိုသာ သိရသေးသည်ဟု ခံစားရပေသည်။

ချီဟုန်သည် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံနှင့် ဆက်၍ အာရုံခံနေ၏။ အကယ်၍ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက် ရောက်လာလျှင် သူ ချက်ချင်းအာရုံခံမိမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီအနေဖြင့် မည်သည်ကိုမှ စိုးရိမ်နေရန် မလိုဘဲ အေးအေးချမ်းချမ်း ကျင့်ကြံနိုင်ပေသည်။

***

အပြင်ဘက်တွင် လှုပ်လှုပ်ရှားရှား ရှိနေသေးသည်။ ဘုံများစွာမှ တမလွန်ဘုံ တော်ဝင်မိသားစုဝင်များသည် ဆန်းကြယ်နယ်မြေများကို တစ်ခုပြီးတစ်ခု လိုက်ရှာနေကြသည်။ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံတို့လည်း ရှာဖွေခံရသည်။ သူတို့သည် ရှာနိုင်သည့်နေရာတိုင်းကို လိုက်ရှာနေခြင်းပင်။

ဟယ်နုန်ယင်းသည် ကျန်းရီတို့ကို ကယ်ရန် စစ်တပ်တစ်တပ်ကို ဦးဆောင်ခေါ်သွား၏။ မိုးပြာမဟာဧကရာဇ်စစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်၊ ရူးသွပ်မဟာဧကရာဇ်စစ်တပ်၊ ယန်ကိုးပါးစစ်တပ်နှင့် မိစ္ဆာသတ်ဖြတ်စစ်တပ်တို့အားလုံးလည်း လှုပ်ရှားနေပြီဖြစ်သည်။ ၎င်းစစ်တပ်များသည် အာကာသဟင်းလင်းပြင်ထဲရှိ တမလွန်ဘုံစစ်တပ်များကို ဝင်တိုက်ကြပေသည်။

ထိုစစ်တပ်များက ကျန်းရီတို့ကို ကယ်လိုခြင်း‌လော သို့မဟုတ် ပရမ်းပတာအခြေအနေကို အသုံးချ၍ တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်လိုခြင်းလောကိုမူ မည်သူမှ မသိပေ။ မည်သို့ပင်ဖြစ်စေ နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်ပေါ်လာပြီး တမလွန်ဘုံမျိုးနွယ်ကို ပို၍ ဖရိုဖရဲ ဖြစ်လာစေလေသည်။

မင်ယနှင့် တမလွန်ဘုံဘုရင်အုပ်စုသည် ကျန်းရီတို့ကို နေရာအနှံ့တွင် လိုက်ရှာနေခဲ့ကြ၏။ သို့သော် လူသားစစ်တပ်များက တမလွန်ဘုံစစ်တပ်များကို တိုက်ခိုက်၍ ဆန်းကြယ်နယ်မြေများစွာကို ပြန်သိမ်းပိုက်နေကြောင်း သိလိုက်သောအခါ သူတို့ ရွေးချယ်စရာ မရှိတော့ဘဲ လူသားစစ်တပ်များ၏ တိုက်ခိုက်မှုကို ခုခံရန် တမလွန်ဘုံစစ်တပ်များကို ကိုယ်တိုင်သွားဦးဆောင်ကြရလေတော့သည်။ မဟုတ်လျှင် လွန်ခဲ့သော နှစ်များအတွင်း သူတို့ သိမ်းပိုက်ထားနိုင်ခဲ့သည် ဆန်းကြယ်နယ်မြေများက လူသားမျိုးနွယ်၏လက်ထဲ ပြန်ရောက်သွားပေလိမ့်မည်။

မူလတွင် ကောင်းကင်ဘုရင်ဝေတို့သည် ကျန်းရီကို သွားကယ်လိုခဲ့ကြသည်။ သို့သော် လူသားစစ်တပ်များက အောင်ပွဲများစွာ ရ၍ ဆန်းကြယ်နယ်မြေများစွာကို ပြန်သိမ်းပိုက်နိုင်လာသောအခါ သူတို့သည် အခြေအနေကို အခွင့်ကောင်းယူ၍ ဆုံးရှုံးထားရသော နယ်မြေများကို ပြန်သိမ်းယူရန်သာ ကြိုးစားကြလေ‌တော့သည်။

သို့သော် ဆန်းကြယ်နယ်မြေများကို ပြန်သိမ်းယူနိုင်လျှင်လည်း များစွာအသုံးမဝင်ပါ။ တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာသည်နှင့် ထိုနယ်မြေများက ချက်ချင်းပြန်သိမ်းယူခံရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေက လူသားမျိုးနွယ်၏ စိတ်ဓာတ်ကို အနည်းငယ် ပြန်မြှင့်တင်နိုင်ခဲ့သည်မှာတော့ အမှန်ပင်။

အောင်ပွဲသတင်းများက မပြတ်ရောက်ရှိလာနေသည်။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေပေသည်။ ဤအတောအတွင်း စစ်တပ်အသီးသီးထဲ ဝင်ရန် စာရင်းပေးလာသော သိုင်းသမားအရေအတွက်မှာလည်း ယခင်ကထက် ဆနှင့်ချီ၍ ပိုတိုးလာသည်။ ဓာတုဘုံခုနစ်ဘုံမှ သိုင်းသမားများစွာကလည်း စစ်တပ်များထဲဝင်ရန် တည်နေရာပြောင်းရွှေ့လာကြသည်။ တမလွန်ဘုံစစ်တပ်များနှင့် တိုက်ခိုက်ရန် အာကာသဟင်းလင်းပြင်ထဲ ထွက်သွားနေကြသည့် တပ်သားများလည်း အဆက်မပြတ်နိုင်အောင် ရှိနေပေသည်။

မိုးပြာမဟာဧကရာဇ်၊ ချီလင်းဧကရီ၊ ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့သည်လည်း အားလုံးကို စစ်ပွဲတွင် ပူးပေါင်းရန် အမိန့်ပေးလိုက်သည်။ တမလွန်ဘုံမျိုးနွယ်နှင့် မတိုက်ခိုက်ဖူးသေးသူများကိုလည်း အာကာသဟင်းလင်းပြင်ထဲ အလှည့်ကျသွားရန် ပြောလိုက်သည်။ သူတို့သည် ဤအခွင့်အရေးကို အသုံးချ၍ တပ်သားသစ်များကို လေ့ကျင့်ပေးလိုခြင်းပင်။

မျိုးနွယ်အသီးသီးမှ လူငယ်များသည် တိုက်ခိုက်ရန် ထွက်လာကြ၏။ ဤတစ်‌ခေါက်တွင် မဟာဧကရာဇ်လေးပါးက ဘွဲ့ထူးများစွာ၊ ရတနာများစွာ ဆုချီးမြှင့်မည်ဟုလည်း ကြေညာထားသည် မဟုတ်ပါလား။ မဟာဧကရာဇ်များသည် လူသားမျိုးနွယ်၏ နှလုံးသားကို လှုပ်နှိုးကာ ပုန်းအောင်းနေကြသော စွမ်းအားကြီး သိုင်းသမားများ စစ်ပွဲတွင် ဝင်ပါရန် ဆွဲဆောင်လိုခြင်း ဖြစ်ပေသည်။

တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာ‌တော့မည် ဖြစ်သည်။ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာသည်နှင့် လူသားမျိုးနွယ်က နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲရလောက်သည်။ သို့ဖြစ်ရာ လက်ရှိအခွင့်အရေးကောင်းကို မဆုပ်ကိုင်လျှင် နောက်ထပ်အခွင့်အရေး ထပ်ရရန် မဖြစ်နိုင်လောက်တော့ပေ။

မဟာဧကရာဇ်လေးပါးသည် ဆွေးနွေးရန်လည်း စုဝေးလိုက်ကြ၏။ သူတို့သည် ယခုမှစ၍ လူသားမျိုးနွယ်ဝင်အားလုံးကို စစ်ပွဲထဲ ဝင်ပါခွင့်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။ အားလုံး စစ်ပွဲထဲ ဝင်ပါမှ လူသားမျိုးနွယ်က ပိုလျင်မြန်စွာ တိုးတက်လာပြီး စွမ်းအားကြီး သိုင်းသမားများကို ပို၍မွေးထုတ်နိုင်မည်ဖြစ်သည်။ ထိုမှ သူတို့ အင်အားကြီးစစ်တပ်ကြီးတစ်တပ်ကို တည်ထောင်နိုင်ပေလိမ့်မည်။

လူသားများက တမလွန်ဘုံဧကရာဇ်ကို မယှဉ်နိုင်လျှင်ပင် အနည်းဆုံးတော့ အကောင်းဆုံး ကြိုးစားနိုင်သေးသည်။ အရှုံးမပေးသူအတွက် မျှော်လင့်ချက်တစ်ခု ရှိနေမြဲပင် မဟုတ်ပါလား။ အကယ်၍ လူသားမျိုးနွယ်က ဆက်၍သွေးကွဲနေလျှင် တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာသည်နှင့် တစ်ခဏအတွင်း ပျက်သုဉ်းရပေလိမ့်မည်။ သူတို့ ပြန်ပင် ခုခံနိုင်လိုက်မည် မဟုတ်ချေ။

မဟာဧကရာဇ်လေးပါးသည် ဓာတုဘုံခုနစ်ဘုံဆီသို့ အမိန့်တော်တစ်ခု ပို့လိုက်ပြီး လူသားမျိုးနွယ်၏ သိုင်းသမားအားလုံးကို စစ်ပွဲတွင် ဝင်ပါရန် ဆင့်ခေါ်လိုက်သည်။ ဓာတုဘုံခုနစ်ဘုံကလည်း ချက်ချင်း ပြန်တုံ့ပြန်ကြသည်။ မကြာခင်မှာပင် မရေမတွက်နိုင်သော သိုင်းသမားများ ကောင်းကင်ဘုံသို့ တက်လာကြလေတော့သည်။

အကြောင်းအချို့ကြောင့် လူသားမျိုးနွယ်က စည်းလုံးလာ၏။ ဤစည်းလုံးမှုမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် စည်းလုံးမှုဖြစ်သည်။ သူတို့သည် မဟာမိတ်မဖွဲ့ကြသေးသော်လည်း လူသားစစ်တပ်အသီးသီးကြားတွင် ပဋိပက္ခတစ်ခုမှ ဖြစ်မလာသေးပေ။ မဟာဧကရာဇ်လေးပါးကလည်း သေမိန့်ထုတ်ပြန်ထားသည်။ ပြဿနာစရှာသူတိုင်း ခြွင်းချက်မရှိ အသတ်ခံရမည်ဖြစ်သည်။

လူသားမျိုးနွယ်ဘက်တွင် စစ်တပ်ခြောက်တပ်ရှိသည်။ ထိုစစ်တပ်များက အရပ်မျက်နှာခြောက်ဘက်မှ တိုက်ခိုက်ကာ အနောက်ဘက်သို့ တစ်လှမ်းခြင်း သွားနေကြပြီး တမလွန်ဘုံစစ်တပ်များကို ပြန်ဆုတ်အောင် ဖိအားပေးနေကြသည်။ မဟာဧကရာဇ်လေးပါးက မင်ယတို့နှင့် ကိုယ်တိုင် တိုက်ခိုက်ကြသည်။ သူတို့ တမလွန်ဘုံဘုရင်နှစ်ပါးကို သတ်နိုင်လိုက်ကြပြီး မင်ယကိုလည်း သတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်မှာ ပို၍ပင် စိတ်အားတက်ကြွလာပေသည်။

လူသားမျိုးနွယ် မချင့်မရဲ ဖြစ်နေရသည့် တစ်ခုတည်းသောအရာမှာ ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများ၏ သတင်းကို ထပ်မရသေးခြင်းပင်ဖြစ်သည်။ ထိုသိုင်းသမားများက တမလွန်ဘုံမျိုးနွယ်၏လက်ထဲ ကျရောက်သွားပြီး တမလွန်ဘုံရုပ်သေးရုပ်များ ဖြစ်သွားသကဲ့သို့ပင်။

***

All Chapters