သားရဲထိန်းနတ်ဘုရားမ
Vol. 135 Ch. 1875
တိုက်ပွဲများမှာ လူတစ်ယောက်၏ တိုက်ခိုက်စွမ်းအားကို မြှင့်တင်ရန် အမှန်ပင် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အထူးသဖြင့် သေရေးရှင်ရေး တိုက်ပွဲများက လူတစ်ယောက်၏ တိုက်ခိုက်စွမ်းအားကို ပို၍ပင် မြှင့်တင်ပေးနိုင်ကြသည်။
သိုင်းသမားများအတွက် ကျင့်ကြံရန်အခက်ဆုံးအရာမှာ အဘယ်အရာနည်း။ မိုးမြေစည်းမျဉ်းများနှင့် အနှစ်သာရများပင်။ ကောင်းကင်စွမ်းအားနှင့် စိတ်ဝိညာဉ်တို့ကို အရင်းအမြစ်များသုံး၍ ကျင့်ကြံနိုင်သည်။ သို့သော် မိုးမြေစည်းမျဉ်းများနှင့် အနှစ်သာရများကို သိမြင်နားလည်နိုင်ရန်မူ မိမိကိုယ်ကိုယ်သာ အားကိုးရပေသည်။
သိုင်းသမားများသည် သေရေးရှင်ရေးတိုက်ပွဲများတွင် မိမိတို့၏ အလားအလာအကုန်လုံးကို ထုတ်နိုင်လာလေ့ရှိကြသည်။ သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ ဦးနှောက်များက ပုံမှန်ထက် အဆသောင်းချီ ပိုလျင်မြန်စွာ အလုပ်လုပ်လာကြသည်။ ထိုအခိုက်အတန့်တွင် ယခင်က သူတို့ နားမလည်နိုင်ခဲ့သော အရာများကိုလည်း နားလည်သွားတတ်ကြလေသည်။
မိုးမြေစည်းမျဉ်းများနှင့် အနှစ်သာရများကို နားလည်နိုင်သည်နှင့် မည်သည်ကမှ ပြဿနာဟုတ်တော့မည် မဟုတ်ပေ။ ထို့ကြောင့် မဟာဧကရာဇ်လေးပါးနှင့် မျိုးနွယ်ကြီးများသည် သူတို့ထိန်းချုပ်ထားကြသော ရှေးဦးဆန်းကြယ်နယ်မြေ၊ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနှင့် ကမ္ဘာဦးဆန်းကြယ်နယ်မြေများကို ဖွင့်ပေးလိုက်ကြသည်။ တိုက်ပွဲအမှတ်များ ရှိသ၍ ထိုဆန်းကြယ်နယ်မြေများထဲ ကြိမ်ရေအကန့်အသတ်မရှိ ဝင်ခွင့်ရှိလာသည်။ မဟာဧကရာဇ်လေးပါးသည် တပ်သားများ ကျင့်ကြံခြင်းအဆင့် မြှင့်တင်ရန်နှင့် တိုက်ခိုက်စွမ်အားကို လျင်မြန်စွာ မြှင့်တင်နိုင်ရန်အတွက် ဝိညာဉ်ဆေးပင်များစွာလည်း ထုတ်ဝေပေးလိုက်ပေသည်။
တိုက်ပွဲများ ဆက်လာသောအခါ ပုန်းကွယ်နေခဲ့ကြသော စွမ်းအားကြီး သိုင်းသမားများလည်း စတင်ထွက်ပေါ်လာသည်။ ထို စွမ်းအားကြီး သိုင်းသမားများသည် လျင်မြန်စွာ ရာထူးများတက်ကာ အရေးပါသောနေရာများတွင် တာဝန်ချထားခြင်း ခံရပေသည်။ စစ်တပ်ခြောက်တပ်ကလည်း ပို၍ကြီးမားလာပြီး ဘွဲ့အသစ်များနှင့် ရာထူးအသစ်များပါ ထပ်ပေါင်းထည့်လာရလေသည်။
ဤအတောအတွင်း ပညာရှင်များစွာလည်း ထွက်ပေါ်လာသည်။ မထင်ရှားခဲ့သော သိုင်းသမားများစွာလည်း လောကတစ်လွင်လုံးတွင် ကျော်ကြားလာကြသည်။ ထိုသူများထဲတွင် လေးယောက်မှာ အကျော်ကြားဆုံးဖြစ်၏။ ပထမတစ်ယောက်မှာ တိုက်ခိုက်စွမ်းအားအရာတွင် တောက်နူနှင့်ပင် ယှဉ်နိုင်သော ပုန်းကွယ်နေခဲ့သည့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်။ သူသည် ယန်မဟာဧကရာဇ်စစ်တပ်ထဲ ဝင်ဝင်ချင်းမှာပင် စစ်သူကြီးတစ်ယောက် ဖြစ်လာခဲ့ပေသည်။
ဒုတိယတစ်ယောက်မှာ ရေဘုံမှ ပါရမီရှင်တစ်ယောက်ပင်။ ထိုပုဂ္ဂိုလ်မှာ ရှားယွီဟုခေါ်သော အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမက အလွန်ငယ်ရွယ်သော မိန်းမပျိုလေးဖြစ်ပြီး ခွမ်ဟူလောက်ပင် အသက်မကြီးလောက်သေးပေ။ သူမသည် အလင်းအနှစ်သာရဟုခေါ်သော အလွန်ထူးခြားသည့်အနှစ်သာရတစ်ခုကို သိမြင်နားလည်ထားသည်။ ထိုအနှစ်သာရက တမလွန်ဘုံအရှိန်အဝါကို တန်ပြန်နိုင်စွမ်းရှိသည်။ သူမသည် အုပ်ချုပ်သူအဆင့်တွင်သာ ရှိသေးသော်လည်း ထိုအနှစ်သာရကြောင့် တိုက်ပွဲအမှတ်များစွာ ရရှိကာ အဆင့်ခုနစ်ဆင့် တက်သွားခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူမက မိုးပြာမဟာဧကရာဇ်စစ်တပ်ထဲတွင် စစ်သူကြီးတစ်ယောက် ဖြစ်နေပေပြီ။
တတိယတစ်ယောက်မှာ သိမ်းငှက်ဘုရင်လေးဖြစ်သည်။ သူသည် အလွန်ကြိုးစား၍ တိုက်ခိုက်ခဲ့ပြီး သေရမည်ကို မကြောက်ပေ။ ထို့ကြောင့် သူ့တိုက်ခိုက်စွမ်းအားက အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူဦးဆောင်သော တပ်ဖွဲ့က ကျဆုံးမှုနှုန်း အများဆုံးဖြစ်သည်။ သို့သော် သူ၏စွမ်းဆောင်ချက်များက အခြားတပ်ဖွဲ့များစွာကို အံ့အားသင့်စေပေသည်။ သို့ဖြင့် ကောင်းကင်ဘုရင်ဝေသည် သိမ်းငှက်ဘုရင်လေးကို စစ်သေနာပတိအဖြစ် ရာထူးတိုးပေးလိုက်လေသည်။
စတုတ္ထတစ်ယောက်မှာကား ရီဖျောင်ဖျောင်ပင်ဖြစ်၏။ ရီဖျောင်ဖျောင်၏လက်အောက်တွင် တပ်ဖွဲ့တစ်ဖွဲ့မရှိပါ။ သူမထံတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်သာရှိသည်။ ထိုသိုင်းသမားများ၏ တာဝန်မှာ သူမကို ကာကွယ်ပေးရန်ဖြစ်သည်။
ရီဖျောင်ဖျောင်က ဟွင့်သွမ့်သားရဲစစ်တပ်တစ်တပ်ကို ဦးဆောင်၏။ ၎င်းသားရဲအားလုံးက သက်တမ်း နှစ်ဆယ်သန်းရှိကြသော ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲများဖြစ်ကြပြီး အရေအတွက် တစ်သောင်းရှိပေသည်။ လက်ရှိတွင် ထိုဟွင့်သွမ့်သားရဲစစ်တပ်က ကောင်းကင်ဘုံတစ်ခွင်လုံးရှိ အင်အားအကြီးဆုံးစစ်တပ် ဖြစ်နေလေသည်။
သက်တမ်း နှစ်ဆယ်သန်းရှိသော ဟွင့်သွမ့်သားရဲတစ်ကောင်၏ တိုက်ခိုက်စွမ်းအားက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်စွမ်းအားနှင့် ယှဉ်နိုင်၏။ တစ်နည်းဆိုရသော် ရီဖျောင်ဖျောင်၏လက်အောက်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်တစ်သောင်း ရှိနေသကဲ့သို့ဟု ဆိုရပေမည်။ မည်သည့်စစ်တပ်က ထိုမျှအင်အားကြီးပါမည်နည်း။
ရီဖျောင်ဖျောင်က မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ဖုံးဖိထားသည်။ သူမက ကျန်းရီ၏အမေ မဟုတ်ပါလား။ လက်ရှိတွင် ကျန်းရီ၏အမည်က မိုးပြာမဟာဧကရာဇ်၊ တောက်မျိုးနွယ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကို စော်ကားသလို ဖြစ်နေပေသည်။ ထို့ကြောင့် ရီဖျောင်ဖျောင်၏ ဇာစ်မြစ်ကို ဖုံးကွယ်ထားရခြင်းပင်။ သူမသည် သာမန်လူများ၏ ရင်ထဲတွင် နတ်ဘုရားမတစ်ပါးအဖြစ်သာ နေရာယူထားသည်။ အချို့လူများသည် သူမကို ‘သားရဲထိန်းနတ်ဘုရားမ’ဟူ၍ပင် ဘွဲ့အမည် ပေးထားကြပေသည်။
***
မရေမတွက်နိုင်သော တိုက်ပွဲများအတွင်း အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တမလွန်ဘုံမျိုးနွယ်က ထပ်ခါ ထပ်ခါ ရှုံးနိမ့်နေပြီး လူသားမျိုးနွယ်က ထပ်ခါ ထပ်ခါ နိုင်နေသည်။
တစ်နှစ်...
တစ်နှစ်အတွင်းမှာပင် လူသားစစ်တပ်များသည် အနောက်ဘက်သို့ မိုင်သန်းချီ တိုးသွားနိုင်ခဲ့ပြီး သိန်းချီသော ဆန်းကြယ်နယ်မြေများကို ပြန်သိမ်းပိုက်နိုင်ခဲ့သည်။ ယခုတွင် ရှေ့တန်းသည် ကောင်းကင်ဝိညာဉ်ဘုံနှင့်ပင် နီးကပ်နေပြီဖြစ်သည်။
ကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါးသည် အတူပူးပေါင်း၍ တမလွန်ဘုံဘုရင်နှစ်ပါးကို သတ်ဖြတ်ခဲ့ကြသည်။ မဟာဧကရာဇ်လေးပါးကလည်း ကောင်းကင်ဝိညာဉ်ဘုံ၏ တမလွန်ဘုံဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်သော မင်ရွေကို သတ်ပစ်ခဲ့ကြသည်။ သူတို့ သာမန်တမလွန်ဘုံဘုရင်နှစ်ပါးကိုလည်း သတ်နိုင်ခဲ့သည်။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်က ပြန်ဆုတ်၍ ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့တွင်သာ ခံစစ်ခင်းနေပေသည်။ ၎င်းတို့သည် အာကာသဟင်းလင်းပြင်ထဲ ထွက်မလာရဲကြတော့ပေ။
လူသားမျိုးနွယ်ကလည်း အနောက်ဘက်သို့ ဆက်မသွားဝံ့တော့ပါ။ တမလွန်ဘုံမှ တမလွန်ဘုံဘုရင်များစွာက စစ်ကူ ရောက်လာကြသည် မဟုတ်ပါလား။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် ယှဉ်နိုင်သော ထိပ်တန်းတမလွန်ဘုံဘုရင်ခုနစ်ပါးနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် ယှဉ်နိုင်သည့် တမလွန်ဘုံဘုရင် အပါးရာကျော်လည်း ရောက်လာကြပေသည်။
ဤတစ်ကြိမ်တွင် နှစ်ဘက်စလုံး အထိအခိုက်များခဲ့သည်။ ထို့ကြောင့် သူတို့သည် သဘောတူညီချက်တစ်ခု ယူကာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။
ဤစစ်ပွဲတွင် အနည်းဆုံး လူသားသိုင်းသမား သန်းဆယ်ချီ ကျဆုံးခဲ့သည်။ သို့သော် ပေါ်ထွန်းလာသော စွမ်းအားကြီး သိုင်းသမား အရေအတွက်က ယခင်ကထက် အဆတစ်ရာ ပိုများလာသဖြင့် မဟာဧကရာဇ်လေးပါးနှင့် မျိုးနွယ်ကြီးများ ဝမ်းသာအားရ ရှိနေကြပေသည်။
အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်နှစ်ဆယ်ကျော်က ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်သွားခဲ့ကြသည်။ အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းနိုင်သွားသော သိုင်းသမားများမှာလည်း အယောက်တစ်ထောင်နီးပါး ရှိသည်။ ယင်းမှာ တစ်နှစ်အတွင်း တိုးတက်လာမှုပင်။ လူတစ်ယောက်၏ တိုက်ခိုက်စွမ်းအားကို တိုးမြှင့်ရန် စစ်ပွဲက အမှန်ပင် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
တစ်နှစ်ဟူသော အချိန်က အလွန်တိုသည်ဟု ဆိုနိုင်၏။
သို့သော် လူသားမျိုးနွယ်၏ လူဦးရေက များပြားသည်။ တစ်နှစ်အတွင်း သူတို့ မျိုးဆက်သစ်များစွာ မွေးထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ဘက်တွင် အဆင့်နိမ့် သိုင်းသမားများ မရှားပေ။ သူတို့ လိုအပ်သည်မှာ စွမ်းအားကြီး သိုင်းသမားများသာဖြစ်သည်။
အဆင့်နိမ့် သိုင်းသမားများကို အသုတ်လိုက် မွေးထုတ်နိုင်၏။ သို့သော် စွမ်းအားကြီး သိုင်းသမားများကိုမူ မွေးမထုတ်နိုင်ပေ။ သူတို့အနေဖြင့် အဆင့်တက်နိုင်ရန် သူတို့ကိုယ်သူတို့သာ အားကိုးရမည်ဖြစ်သည်။
ထို့ကြောင့် ဤစစ်ပွဲတွင် အကျအဆုံး များခဲ့သော်လည်း လူသားမျိုးနွယ်မှာ အလွန်စိတ်အားတက်နေပေသည်။ စစ်တပ်များကို ဦးဆောင်၍ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံတို့ကို တိုက်ခိုက်ရန် မဟာဧကရာဇ်လေးပါးအား တောင်းဆိုနေကြသူများလည်း များစွာရှိနေသည်။ သူတို့သည် ဘုံအားလုံးကို ပြန်သိမ်းယူကာ တမလွန်ဘုံမျိုးနွယ်ကို တမလွန်ဘုံဆီ ပြန်မောင်းထုတ်လိုနေကြသည်။ သူတို့ တမလွန်ဘုံမျိုးနွယ်ကို ထာဝရ ဖိနှိပ်ထားလိုနေကြပေသည်။
တမလွန်ဘုံမျိုးနွယ်က ကျန်းရီတို့ကို ဆက်ရှာမနေတော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လက်ရှိတွင် မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်ကမှ ကျန်းရီတို့ကို အာရုံမထားနိုင်တော့ပေ။ တမလွန်ဘုံမျိုးနွယ်က ရှုံးပွဲဆက်နေခဲ့သည်။ ၎င်းတို့ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံအထိ တွန်းထုတ်ခံခဲ့ရသည်။ ယခုတွင် ၎င်းတို့၏ အကြီးမားဆုံးရန်သူမှာ မိုးပြာမဟာဧကရာဇ်နှင့် အပေါင်းအပါများဖြစ်သည်။ မိုးပြာမဟာဧကရာဇ်တို့နှင့် ယှဉ်လျှင် ကျန်းရီတို့မှာ အရေးမပါတော့ပေ။
သို့သော်...
တမလွန်ဘုံမျိုးနွယ်က ကျန်းရီတို့ကို ရှာလိုလျှင်လည်း ရှာတွေ့မည် မဟုတ်ပါ။ ကျန်းရီက မီးအရင်းအမြစ်ထဲတွင် ပုန်းအောင်းနေသည် မဟုတ်ပါလား။ မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်ကမှ မီးအရင်းအမြစ်အနီးကို မကပ်ဝံ့ပေ။ ကောင်းကင်ကြယ်စုဘုံထဲရှိ တမလွန်ဘုံဘုရင်များကလည်း မြို့ပြင် ထွက်မလာကြရာ ကျန်းရီသည် တစ်နှစ်လုံးလုံး အေးအေးချမ်းချမ်း နေနိုင်ခဲ့၏။ ထိုတစ်နှစ်လုံး သူ လျှပ်စီးအနှစ်သာရကိုသာ လေ့လာနေခဲ့ပေသည်။
တစ်နှစ်လုံး လေ့လာပြီးသည်ပင် လျှပ်စီးအနှစ်သာရ၏ အထွတ်အထိပ်အဆင့်ကို မရောက်နိုင်သေးသဖြင့် ကျန်းရီ မျှော်လင့်ချက်မဲ့နေ၏။ သူ အပေါ်ယံလောက်ကိုသာ နားလည်သေးသည်ဟုလည်း ခံစားနေရသည်။
ကျန်းရီသည် ပြိုလဲတော့မလို ခံစားနေရ၏။ တစ်နှစ်ကျော် အချိန်ကုန်သွားပြီဖြစ်သော်လည်း သူ အနှစ်သာရတစ်ခုကိုပင် အပြည့်အဝ နားမလည်နိုင်သေးပေ။ သူ နောက်ထပ် အနှစ်သာရငါးမျိုးကို သိမြင်နားလည်ရန် လိုအပ်သေးပြီး အနှစ်သာရခုနစ်မျိုးကိုလည်း ပေါင်းစည်းရဦးမည်ဖြစ်သည်။
သတ်မှတ်ချိန်ဆယ်နှစ် ပြည့်သည်အထိ ကျန်းရီက ဧကရာဇ်အဆင့်သို့ မတက်လှမ်းနိုင်သေးလျှင် ချီဟုန်သည် ကျန်းရီကို စွန့်ပစ်၍ မီးနဂါးဓားကို ယူကာ ထွက်သွားပေလိမ့်မည်။ မီးနဂါးဓားမရှိတော့လျှင် မီးဝိညာဉ်ပုလဲလည်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ကျန်းရီ မီးအရင်အမြစ်ထဲတွင် ဆက်ပုန်းနေနိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ပေးထားသောကတိအရ ထျန်းဖုန့်ဧကရာဇ်ကိုလည်း လွတ်လပ်ခွင့် ပြန်ပေးရမည်ဖြစ်သည်။ လွတ်လပ်မှု ပြန်ရသွားချိန်တွင် ထျန်းဖုန့်ဧကရာဇ်က ကျန်းရီကို မသတ်လျှင်ပင် သေချာပေါက် ထွက်တော့သွားပေလိမ့်မည်။ ထျန်းဖုန့်ဧကရာဇ်မရှိလျှင် ကျန်းရီ ကောင်းကင်ကြယ်စုဘုံထဲမှ ပြန်ထွက်နိုင်မည် မဟုတ်ပါ။ သူ သေရန် စောင့်နေရုံသာ ရှိပေသည်။
“မင်း အဲ့အနှစ်သာရကို အပြည့်အဝ နားမလည်နိုင်သေးဘူးလား”
ကျန်းရီက လေ့လာနေခြင်းကို ရပ်၍ ခါးသီးသော မျက်နှာထားနှင့် ထိုင်နေသောအခါ မီးတောက်များထဲတွင် ချီဟုန်၏ မျက်ဝန်းများ ထွက်ပေါ်လာသည်။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေပေသည်။ ကျန်းရီ၏ ပါရမီနှင့်ပင် တစ်နှစ်ကြာအောင် လေ့လာပြီးသည်အထိ လျှပ်စီးအနှစ်သာရကို အပြည့်အဝ နားမလည်နိုင်သေးသည်လော။
ကျန်းရီက ဤအသက်ဤအရွယ်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့ရာ ပါရမီထူးသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူ နားမလည်နိုင်ခြင်းက သူ့တွင် ချို့ယွင်းမှု ရှိနေ၍ မဟုတ်နိုင်။ ထိုလျှပ်စီးအနှစ်သာရကသာ အလွန်ရှုပ်ထွေးလွန်းနေခြင်း ဖြစ်ပေလိမ့်မည်။
“ထားလိုက်တော့... ဆက်လေ့လာမနေနဲ့တော့”
ချီဟုန်က လေသံတိုးတိုးနှင့် ပြောလိုက်၏။
“အနားယူပြီး အပြင်ပြန်ထွက်ဖို့သာ အသင့်ပြင်ထားတော့”
“အပြင်ပြန်ထွက်မှာလား”
ကျန်းရီ မှင်တက်သွားပြီး အံ့ဩတကြီးနှင့် မေးလိုက်သည်။
“အရှင်ချီဟုန်... အခု ကျွန်တော်တို့ ပြန်သွားလို့ရပြီလား”
“အင်း...”
ချီဟုန်က ခေါင်းညိတ်ကာ ပြန်ပြောသည်။
“လူသားမျိုးနွယ်က တမလွန်ဘုံမျိုးနွယ်ကို ကောင်းကင်ကြယ်စုဘုံနဲ့ ကောင်းကင်ဝိညာဉ်ဘုံအထိ တွန်းထုတ်နိုင်ခဲ့ပြီ။ မကြာသေးခင်တုန်းက တမလွန်ဘုံစစ်တပ်တွေ ကောင်းကင်ကြယ်စုဘုံဆီ တည်နေရာပြောင်းရွှေ့လာကြတယ်။ ထိပ်တန်းတလွန်ဘုံဘုရင်ခုနစ်ပါးလည်း ရောက်လာတယ်။ ကြည့်ရတာ မကြာခင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်တော့မယ်ထင်တယ်။ အဲ့အချိန်ကျရင် မင်း တမလွန်ဘုံစစ်တပ်တစ်တပ်ထဲ ခိုးဝင်ပြီး သူတို့နဲ့အတူ အပြင်ကို လိုက်သွားလို့ ရလိမ့်မယ်။ အပြင်ရောက်ရင် မင်း လျှို့ဝှက်ပြီး လူသားစစ်တပ်တွေဆီ ပြန်သွားလို့ရပြီပေါ့”
ချီဟုန်က တစ်ခဏမျှ စကားစရပ်ပြီးနောက် ဆက်ပြော၏။
“မင်း တစ်နှစ်လောက် လေ့လာတာတောင် အဲ့အနှစ်သာရကို နားမလည်နိုင်သေးတော့ လောလောဆယ် အဲ့ဒါကို ဆက်မလေ့လာနဲ့ဦး။ အချိန်က ကြပ်နေတယ်။ မင်း ကမ္ဘာဦးကောင်းကင်ဘုံကိုပြန်ပြီး မီးနဂါးဓားရဲ့ နောက်ဆုံးအစိတ်အပိုင်းကို ရှာတာက ပိုကောင်းလိမ့်မယ်။ နောက်ဆုံးအစိတ်အပိုင်းကို ရှာပြီးမှ ဆန်းကြယ်နယ်မြေတွေဆီသွားပြီး အနှစ်သာရကို ဆက်လေ့လာပေါ့။ တမလွန်ဘုံဧကရာဇ်က ဆယ်နှစ်အတွင်း ပြန်ထွက်ပေါ်လာလောက်တယ်။ ဆယ်နှစ်ပြည့်တဲ့အထိ မင်း ဧကရာဇ်အဆင့်ကို မရောက်သေးရင်၊ ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်ကို ပြန်မတည်ဆောက်နိုင်သေးရင် လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်က အဆုံးသတ်သွားလိမ့်မယ်”
***