ကောင်းကင်ဝိညာဉ်ဘုံကို သိမ်းပိုက်မည်
Vol. 135 Ch. 1876
ချီဟုန်သည် ကျန်းရီကို ထွက်ခွာဖို့ အသင့်ပြင်ထားရန် ပြောသော်လည်း ချက်ချင်း ထွက်မသွားလိုသေးပါ။ တမလွန်ဘုံမျိုးနွယ်နှင့် လူသားမျိုးနွယ် တိုက်ပွဲပြင်းထန်လာပြီး တမလွန်ဘုံဘုရင်များ တိုက်ပွဲထဲ ဝင်ပါလာသည်အထိ စောင့်လိုသည်။ ထိုမှသာ ကျန်းရီအနေဖြင့် တမလွန်ဘုံစစ်တပ်တစ်တပ်ထဲ ဝင်ရောနိုင်မည်ဖြစ်သည်။
တမလွန်ဘုံဘက်တွင် ထိပ်တန်းတမလွန်ဘုံဘုရင် ဆယ်ပါးရှိသည်။ ယခုတွင် ထိုထဲမှ ရှစ်ပါးသည် ကောင်းကင်ကြယ်စုဘုံထဲတွင် ရှိနေကြသည်။ အခြား သာမန် တမလွန်ဘုံဘုရင်များလည်း ရာနှင့်ချီ၍ ရှိနေသည်။ အကယ်၍ ကျန်းရီသာ ယခု အပြင်ထွက်သွားလျှင် ချက်ချင်း ရှာတွေ့ခံရကာ အသတ်ခံရပေလိမ့်မည်။
ဤအခိုက်တွင် ထိပ်တန်းတမလွန်ဘုံဘုရင် ရှစ်ပါးသည် ကောင်းကင်ကြယ်စုမြို့ထဲတွင် စုဝေးနေကြသည်။ တော်ဝင်မိသားစုဝင် ဆယ်သန်းနှင့် တမလွန်ဘုံမျိုးနွယ်ဝင် သန်းတစ်ရာနီးပါးလည်း ရှိနေသည်။ ထိုတမလွန်ဘုံမျိုးနွယ်ဝင်များသည် မျက်နှာစိမ်းအစွမ်သားရဲများကဲ့သို့ အဆင့်နိမ့် မျိုးနွယ်ဝင်များ မဟုတ်ဘဲ ပို၍သန်မာသော မျိုးနွယ်ဝင်များ ဖြစ်ကြသည်။
စစ်တပ်က ချက်ချင်း မထွက်သေးသည်မှာ ထိုတမလွန်ဘုံဘုရင်ရှစ်ပါးက နောက်ဆုံး တမလွန်ဘုံဘုရင်ကို စောင့်နေခြင်းကြောင့်ဖြစ်သည်။ ထိုတမလွန်ဘုံဘုရင်မှာ တမလွန်ဘုံဧကရာဇ်၏အောက်တွင် စွမ်းအားအကြီးဆုံးဖြစ်သော မင်တဲပင်။ သူ၏တိုက်ခိုက်စွမ်းအားက မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားထက် မနိမ့်ပေ။
တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ဤကဲ့သို့သောအခိုက်တွင် တမလွန်ဘုံက မည်သို့ အရှုံးခံနိုင်မည်နည်း။
တိုက်ပွဲတွင် တမလွန်ဘုံဘုရင်များစွာ ကျဆုံးခဲ့သည်။ ဆန်းကြယ်နယ်မြေများစွာကိုလည်း လက်လွှတ်ပေးခဲ့ရသည်။ တမလွန်ဘုံဧကရာဇ်သာ ထိုအကြောင်းကို သိသွားမည်ဆိုလျှင် မည်မျှဒေါသထွက်သွားမည်ကို တမလွန်ဘုံဘုရင်များပင် မသိကြပေ။ ထို့ကြောင့် အတန်ငယ် ဆွေးနွေးပြီးနောက် ထိုတမလွန်ဘုံဘုရင်များသည် သူတို့အားလုံး စစ်ထွက်ကာ လူသားမျိုးနွယ်ကို ကမ္ဘာဦးကောင်းကင်ဘုံဆီ ပြန်တွန်းထုတ်ရန် ဆုံးဖြတ်ခဲ့ကြပေသည်။
မင်တဲသည် တမလွန်ဘုံထဲတွင်သာ နေခဲ့သည်။ တမလွန်ဘုံဧကရာဇ်နောက်ကို လိုက်ရန်မှလွဲ၍ သူသည် တမလွန်ဘုံအပြင်သို့ တစ်ခါမှ မထွက်ခဲ့ဖူးပေ။ တမလွန်ဘုံက တမလွန်ဘုံမျိုးနွယ်၏ မူလဘုံဖြစ်သည်။ ထိုဘုံထဲ၌ တမလွန်ဘုံမျိုးနွယ်ဝင်များကို မပြတ်မွေးထုတ်ပေးနိုင်သည့် တမလွန်ချောက်နက်များစွာ ရှိ၏။ အခြားဘုံများကို အဆုံးရှုံးခံနိုင်သော်လည်း တမလွန်ဘုံကို အဆုံးရှုံးခံ၍ မဖြစ်ပေ။
ဤတစ်ကြိမ်တွင် မင်တဲသည် တမလွန်ဘုံမှနေ၍ ကောင်းကင်ကြယ်စုဘုံသို့ လာ၍ ကိုယ်တိုင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ တမလွန်ဘုံမျိုးနွယ်၏ ရှုံးနိမ့်မှုအတွက် သူ မကျေနပ်ကြောင်း ထင်ရှားပေသည်။ ယခုတွင် သူက တမလွန်ဘုံမှ စီစဉ်စရာကိစ္စများကို စီစဉ်နေသည်ဟု ပြော၏။ ထိုကိစ္စများ ပြီးသည်နှင့် သူ ချက်ချင်း တည်နေရာပြောင်းရွှေ့လာကာ တိုက်ပွဲစမည်ဖြစ်သည်။
***
လူသားမျိုးနွယ်၏ ဘက်က ပို၍ စည်ကားနေ၏။ မဟာဧကရာဇ်လေးပါး၊ ကောင်းကင်ဘုရင်ဝေနှင့် မိစ္ဆာသတ်ဖြတ်ပင်မစံအိမ်အရှင် ရှန်ကွေ့တို့အားလုံး ဆန်းကြယ်နယ်မြေတစ်ခုထဲ ရောက်နေကြသည်။ မိုးပြာမဟာဧကရာဇ်ထံတွင် မိုးပြာမဟာဧကရာဇ်နန်းတော်ဟု ခေါ်သော ရတနာတစ်ခုရှိသည်။ ဤအခိုက်တွင် စွမ်းအားကြီး သိုင်းသမားအားလုံးက မိုးပြာမဟာဧကရာဇ်၏ နန်းတော်ထဲတွင် ရောက်နေကြပေသည်။
ထိုတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်မှာ စစ်ပွဲကို ဆက်တိုက်ကာ ကောင်းကင်ဝိညာဉ်ဘုံကို ပြန်သိမ်းယူသင့်သလော သို့မဟုတ် ယာယီစစ်ပြေငြိမ်းထားသင့်သလောကို ဆွေးနွေးရန်ဖြစ်သည်။
မိုးပြာမဟာဧကရာဇ်က ထိပ်ဆုံးမှ ထိုင်ခုံတွင် ထိုင်နေသည်။ သူ၏ ခံ့ညားသော မျက်နှာက တည်နေသည်။ သူ စကားတစ်ခွန်းမှ မပြောရသေးဘဲ တိတ်တဆိတ်ထိုင်၍သာ အခြားသူများ၏ ဆွေးနွေးမှုများကို နားထောင်နေပေသည်။
ဆွေးနွေးနေသူများသည် ရူးသွပ်မဟာဧကရာဇ်၏ဘက်နှင့် ကောင်းကင်ဘုရင်ဝေ၏ဘက်ဟူ၍ နှစ်ဘက်ကွဲနေသည်။ ရူးသွပ်မဟာဧကရာဇ်သည် အခြေအနေက တည်ငြိမ်နေပြီဟု ယုံကြည်၏။ တမလွန်ဘုံမျိုးနွယ်က ယခုအထိ တန်ပြန်တိုက်စစ်မဆင်သေးရာ သူတို့အနေဖြင့် အောင်ပွဲအရှိန်ကို အသုံးချ၍ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံတို့ကို ဝင်တိုက်သင့်သည်ဟုလည်း တွေးသည်။ သူတို့ ဘုံတစ်ခု သို့မဟုတ် နှစ်ခုစလုံးကို ပြန်သိမ်း၍ သူတို့၏အောင်မြင်မှုကို ချဲ့ထွင်ရပေမည်။
သို့သော် ကောင်းကင်ဘုရင်ဝေက အလျင်စလို မလုပ်ဆောင်သေးရန် ဆုံးဖြတ်သည်။ ဤတစ်ခေါက် လူသားမျိုးနွယ်၏ အောင်မြင်မှုက လွယ်ကူလွန်းသည်ဟု သူတွေးသည်။ ယခု သူတို့ ရှုံးပွဲတစ်ပွဲနှင့် ရင်ဆိုင်ရလျှင် လူသားမျိုးနွယ်၏ စိတ်ဓာတ်က ပြန်ထိခိုက်သွားပေလိမ့်မည်။ တမလွန်ဘုံ၏ အဓိကအင်အားက ယခုအထိ မထိခိုက်သေးဟု သူ ယုံကြည်သည်။ ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးထဲမှ တစ်ပါးကိုသာ သတ်နိုင်သေးသည်။ လက်ရှိအချိန်တွင် သူတို့ စွန့်စားကာ ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့ကို တိုက်ခိုက်မည်ဆိုလျှင် ရှုံးသွားနိုင်ခြေရှိသည်။ အကယ်၍ ထိပ်တန်းတမလွန်ဘုံကိုးပါးစလုံး ရောက်လာဆိုပါက လူသားမျိုးနွယ်စစ်တပ်အတွက် အန္တရာယ်များပေသည်။
သူတို့ ထိုတိုက်ပွဲကို ရှုံးသည်နှင့် လွန်ခဲ့သော နှစ်များအတွင်း လူသားမျိုးနွယ် အားထုတ်ထားခဲ့ရသမျှ အလကားဖြစ်သွားပေလိမ့်မည်။ ဆန်းကြယ်နယ်မြေအားလုံးလည်း ပြန်သိမ်းယူခံရမည်ဖြစ်သည်။ တဖြည်းဖြည်းနှင့် ကမ္ဘာဦးကောင်းကင်ဘုံအနီးရှိ ဆန်းကြယ်နယ်မြေများပါ သိမ်းပိုက်ခံလာရနိုင်ပေသည်။ ထိုအခါ တမလွန်ဘုံမျိုးနွယ်က ယင်းအခွင့်အရေးကို အသုံးချ၍ ကမ္ဘာဦးကောင်းကင်ဘုံကို ကျူးကျော်ကာ လူသားမျိုးနွယ်ကို ရှင်းပစ်ပေလိမ့်မည်။
ချီလင်းဧကရီသည် ဘယ်ဘက်ရှိ ပထမဆုံးခုံတွင် ထိုင်နေ၏။ သူမဘေးတွင် ဟယ်နုန်ယင်း ရပ်နေသည်။ သူမတို့နှစ်ယောက်သည် မြေးနှင့် အဖွားကဲ့သို့ မထင်ရဘဲ ညီအစ်မများနှင့် ပိုတူပေသည်။ ချီလင်းဧကရီက တိတ်ဆိတ်နေခဲ့သည်။ သူမသည် သွေးနှင့်တူသော အနီရင့်ရောင်အရည် ထည့်ထားသည့် ခွက်တစ်ခွက်ကို ကိုင်လျက် တစ်ငုံချင်း သောက်နေ၏။ သူမသည် အရသာခံနေပုံပင် ပေါ်ပေသည်။
မိစ္ဆာသတ်ဖြတ်ပင်မစံအိမ်အရှင် ရှန်ကွေ့သည် ဘယ်ဘက်ရှိ တတိယခုံတွင် ထိုင်နေသည်။ မိစ္ဆာသတ်ဖြတ်စံအိမ်က အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပြီး မဟာဧကရာဇ်လေးပါးနှင့် ယန်ကိုးပါးစစ်တပ်ထက် အနည်းငယ်သာ ပိုအားနည်းသည်။ ရှန်ကွေ့၏ တိုက်ခိုက်စွမ်းအားကလည်း တောက်နူ၏ တိုက်ခိုက်စွမ်းအားနှင့်ပင် ယှဉ်နိုင်ပေသည်။
ရှန်ကွေ့ကလည်း တိုက်ခိုက်မည့်ဘက်က ဖြစ်သည်။ သို့သော် ချီလင်းဧကရီ၊ မိုးပြာမဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့က မည်သို့မှ မပြောသေးသဖြင့် သူ ဝင်ပြောရန် ရှက်နေမိသည်။ ထို့ကြောင့် တိတ်တဆိတ်သာ နားထောင်နေသည်။
အတန်ကြာ ငြင်းခုန်နေကြပြီးနောက် ရူးသွပ်မဟာဧကရာဇ် စိတ်မရှည်နိုင်ဖြစ်လာ၏။ သူ ထရပ်ကာ ပြောလိုက်သည်။
“ဆက်ငြင်းမနေကြနဲ့တော့။ အားလုံး မဲပေးကြမယ်။ တိုက်ခိုက်ချင်တဲ့သူတွေ ကျုပ်နဲ့ လိုက်ခဲ့ပါ။ ခုခံချင်တဲ့သူတွေက ဆက်ခုခံကြပါ”
“ရူးသွပ်မဟာဧကရာဇ် အရင်ဆုံး ထိုင်နေလိုက်ပါ”
နောက်ဆုံးတွင် မိုးပြာမဟာဧကရာဇ်က ပြောလာသည်။ သူ ချီလင်းဧကရီကိုကြည့်ကာ ပြောလိုက်သည်။
“ချီလင်းဧကရီ... ခင်ဗျား ဘယ်လိုတွေးလဲ”
ချီလင်းဧကရီက ခေါင်းမော့ကြည့်၍ လက်ထဲမှ ခွက်ကို ချလိုက်၏။ သို့သော် သူမသည် သူမ၏အတွေးကို မပြောပေ။ ထိုအစား ဟယ်နုန်ယင်းကို ကြည့်၍သာ ပြောလိုက်လေသည်။
“ယင်းအာ... မင်း ဘယ်လိုထင်လဲ”
ဟယ်နုန်ယင်းသည် အရေးကြီးပုဂ္ဂိုလ်များ၏ အရှေ့တွင် ကြောက်မနေပေ။ သူမ ခေတ္တမျှ တွေးတောကာ ဦးညွှတ်၍ ပြောလိုက်ပေသည်။
“မဟာဧကရာဇ်တို့၊ အရှင်တို့... အခု တမလွန်ဘုံမျိုးနွယ်က တိုက်ပွဲကြီးတစ်ပွဲ တိုက်ဖို့ ပြင်နေလောက်တယ်လို့ နုန်ယင်း ထင်ပါတယ်။ အခု ကျွန်မတို့ တိုက်လိုက်ရင် သူတို့အကွက်ထဲ ဝင်သွားသလို ဖြစ်နေပါလိမ့်မယ်။ ကျွန်မတို့ ကောင်းကင်ဝိညာဉ်ဘုံနဲ့ ကောင်းကင်ကြယ်စုဘုံကို တိုက်မယ်ဆိုရင် ဆက်ပြီး အသာရနေတော့မှာ မဟုတ်ပါဘူး။ အလွယ်တကူလည်း ရှုံးသွားပါလိမ့်မယ်...”
“ကျွန်မတို့ အခြေအနေကို တည်ငြိမ်အောင် လုပ်ထားပြီးပါပြီ။ တိုက်ခိုက်ဖို့ကို စိတ်ရှည်ရှည်နဲ့ စောင့်နေသင့်ပါတယ်။ ကျွန်မတို့သာ ဒီတစ်ခေါက် တန်ပြန်တိုက်စစ်ကို ခုခံနိုင်လိုက်ရင် ကောင်းကင်ဝိညာဉ်ဘုံနဲ့ ကောင်းကင်ကြယ်စုဘုံကို သိမ်းယူနိုင်ပါလိမ့်မယ်။ ဟုတ်ပါတယ်.. နုန်ယင်းက ငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါတယ်။ ဒီက အကုန်လုံးက ကျွန်မရဲ့ လူကြီးသူမတွေပါ။ ကျွန်မရဲ့ အမြင်က အားလုံး တွေးကြည့်ဖို့ပါပဲ။ အသေးစိတ်ကိုတော့ အရှင်တို့ပဲ ဆုံးဖြတ်ကြပါ”
ဟယ်နုန်ယင်းက ပြောပြီးနောက် ချီလင်းဧကရီ ဝင်ပြော၏။
“ဒီတစ်ခေါက်... ချီလင်းဧကရီစစ်တပ်ကို နုန်ယင်းတစ်ယောက်တည်းက ဦးဆောင်ခဲ့တာပါ။ အားလုံးပဲ ချီလင်းဧကရီစစ်တပ်ရဲ့ တိုက်ပွဲရလဒ်တွေကို သိလိမ့်မယ်ထင်ပါတယ်။ သူ့အမြင်က ကျွန်မအမြင်ပါပဲ”
“အာ...”
အားလုံး လှမ်းကြည့်လိုက်ကြသည်။ ဤတစ်ခေါက်တွင် ချီလင်းဧကရီစစ်တပ်က တိုက်ပွဲရာကျော် တိုက်ခဲ့သည်။ ထိုတိုက်ပွဲအားလုံးနီးပါးတွင်လည်း ချီလင်းဧကရီစစ်တပ်က နိုင်ခဲ့သည်။ သူတို့ ရှုံးနိမ့်ခဲ့လျှင်လည်း အသေးအမွှားလောက်သာ ရှုံးနိမ့်ခြင်းဖြစ်သည်။
အားလုံးသည် ထိုတိုက်ပွဲများတွင် ချီလင်းဧကရီက နောက်ကွယ်မှနေ၍ ကြီးကြပ်နေခဲ့ခြင်းဖြစ်မည်ဟု ထင်ခဲ့ကြ၏။ သို့သော် ဟယ်နုန်ယင်းက ထိုတိုက်ပွဲများတွင် တစ်ဦးတည်း ဦးဆောင်ခဲ့ခြင်း ဖြစ်မည်ဟု သူတို့ မျှော်လင့်မထားကြပေ။
“ချီလင်းဧကရီမှာ ဆက်ခံသူတစ်ယောက် ရှိနေပြီပဲ”
“မိန်းကလေးနုန်ယင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ မိန်းကလေးက အလှတရားရော၊ ဉာဏ်ပညာရော တိုက်ခိုက်စွမ်းရည်ရော အကုန်လုံးကို ပိုင်ဆိုင်ထားတယ်။ ကျုပ် မနာလိုလိုက်တာ.. ဘာလို့ ကျုပ်ဆီမှာ မိန်းကလေးလို သမီးတစ်ယောက် မရှိရတာလဲ”
“စစ်နတ်ဘုရားမပဲ”
“...”
ခန်းမထဲတွင် ထိုင်နေသည့် လူတော်တော်များများ ထရပ်ကာ ဟယ်နုန်ယင်းကို ချီးကျူးလိုက်ကြ၏။ ထိုချီးကျူးမှုများမှာ လောကွတ်သက်သက် မဟုတ်ဘဲ စိတ်ရင်းအမှန်နှင့် ချီးကျူးခြင်းဖြစ်သည်။ ဤတစ်ခေါက်တွင် ချီလင်းဧကရီစစ်တပ်က လှလှပပ တိုက်ခိုက်နိုင်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် အားလုံး လေးစားနေကြပေသည်။
မိုးပြာမဟာဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး ယန်မဟာဧကရာဇ်ကို ကြည့်လိုက်သည်။ ယန်မဟာဧကရာဇ်က ပြတ်သားစွာ ပြောလိုက်လေသည်။
“ကျုပ်ရဲ့အမြင်ကတော့ တိုက်ခိုက်သင့်တယ်ဆိုတာပဲ။ ကျုပ်တို့ ကောင်းကင်ကြယ်စုဘုံကို တိုက်ခိုက်ချင်ယောင်ဆောင်ပြီး ကောင်းကင်ဝိညာဉ်ဘုံကို တိုက်ခိုက်သင့်တယ်”
ယန်ကိုးပါးစစ်တပ်၏ အမြင်ကိုမူ မေးနေရန်မလိုပေ။ ကောင်းကင်ဘုရင်ဝေက ကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါး၏ ခေါင်းဆောင် မဟုတ်ပါလား။ သူက ယန်ကိုးပါးစစ်တပ်ကို စောင့်ရှောက်ရန်လည်း တာဝန်ယူထားရသည်။ ထို့ကြောင့် အခြားကောင်းကင်ဘုရင်များသည် သူတို့၏အမြင်များကို မပြောဝံ့ကြပါ။
နောက်ဆုံးတွင် မိုးပြာမဟာဧကရာဇ်သည် ရှန်ကွေ့ကို ကြည့်လိုက်၏။ ရှန်ကွေ့သည် အချိန်ထပ်ဖြုန်းမနေတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျုပ်လည်း ယန်ကိုးပါးမဟာဧကရာဇ်နဲ့ အမြင်တူပါတယ်။ ကျုပ်တို့ ပြန်သိမ်းပိုက်နိုင်ထားတဲ့ ဆန်းကြယ်နယ်မြေတွေက သေးလွန်းတယ်။ ကျုပ်တို့ရဲ့ အင်အားတွေကလည်း ပြန့်ကျဲနေတယ်။ တကယ်လို့ ကျုပ်တို့သာ ကောင်းကင်ဝိညာဉ်ဘုံကို သိမ်းနိုင်လိုက်မယ်ဆိုရင် နောက်ကျ တမလွန်ဘုံနဲ့ တိုက်ခိုက်တဲ့နေရာမှာ ခံတပ်အနေနဲ့ သုံးလို့ရတာပေါ့။ အဲ့ဘုံကို ရထားရင် ကျုပ်တို့ လွတ်လွတ်လပ်လပ် တက်နိုင်၊ ဆုတ်နိုင်လိမ့်မယ်။ ပြီးတော့ စစ်မီးကို ကမ္ဘာဦးကောင်းကင်ဘုံအထိ ရောက်မလာအောင်လည်း တားနိုင်လိမ့်မယ်”
“ကောင်းပြီ... အဲ့လိုဆိုလည်း တိုက်ကြတာပေါ့”
မိုးပြာမဟာဧကရာဇ်က ထရပ်ကာ ပြောလိုက်လေ၏။
“ချီလင်းဧကရီ၊ ကောင်းကင်ဘုရင်ဝေ.. ခင်ဗျားတို့ မတိုက်ချင်ကြမှတော့ နောက်တန်းကိုပဲ စောင့်ကြပ်ပြီး ကျုပ်တို့ကို ကူညီထောက်ပံ့ပေးပေါ့။ ကျုပ်၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နဲ့ စံအိမ်အရှင်ရှန်တို့က တပ်တွေကို ဦးဆောင်ပြီး ကောင်းကင်ဝိညာဉ်ဘုံကို သိမ်းမယ်။ အားလုံးပဲ သွားပြင်ဆင်လိုက်ကြပါ။ သုံးရက်အတွင်း ကျုပ်တို့ ကောင်းကင်ကြယ်စုဘုံကို အယောင်ပြတိုက်ကြမယ်။ ကျုပ်တို့ တကယ်တိုက်မှာကတော့ ကောင်းကင်ဝိညာဉ်ဘုံပဲ။ ဒီတစ်ခေါက် ကျုပ်တို့ မြန်မှရမယ်။ ကောင်းကင်ဝိညာဉ်ဘုံကို တစ်ရက်အတွင်း သိမ်းမယ်”
***