မီးအရင်းအမြစ်ကို စုပ်ယူနေခြင်းလော
Vol. 135 Ch. 1877
မိုးပြာမဟာဧကရာဇ်က ဆုံးဖြတ်လိုက်ပြီဖြစ်၍ မည်သူကမှ အတွန့်မတက်ဝံ့တော့ပေ။ လောကထဲရှိ စွမ်းအားအကြီးဆုံးသူ၏ စကားကို ပြန်ပြင်၍ရမည် မဟုတ်ချေ။ သို့ဖြင့် မိုးပြာမဟာဧကရာဇ်၏ ဦးဆောင်မှုအောက်၌ စစ်တပ်က စတင်ပြင်ဆင်လေသည်။
ကောင်းကင်ဝိညာဉ်ဘုံအနီးတွင် ဆန်းကြယ်နယ်မြေကြီးများ ဒါဇင်နှင့်ချီ၍ ရှိ၏။ ယခုတွင် ထိုနယ်မြေများထဲ၌ တပ်သားများနှင့် ပြည့်နှက်နေသည်။ တပ်သားအရေအတွက်မှာ သန်းခုနစ်ဆယ်ကျော် သန်းရှစ်ဆယ်လောက် ရှိပေသည်။
ချီလင်းဧကရီစစ်တပ်နှင့် ယန်ကိုးပါးစစ်တပ်တို့မှလွဲ၍ ကျန်စစ်တပ်အားလုံး ချီတက်သွားခဲ့ကြသည်။ ထိုစစ်တပ်များသည် ချက်ချင်းမတိုက်ခိုက်သေးဘဲ ကောင်းကင်ကြယ်စုဘုံအပြင်ဘက်မှ တမလွန်ဘုံထောက်လှမ်းရေးများကို အရင်ရှင်းပစ်ကြလေသည်။
မိုးပြာမဟာဧကရာဇ်က တိုက်ခိုက်စွမ်းအားအရာတွင်သာ မဟုတ်ဘဲ အမိန့်ပေးခြင်းတွင်လည်း လောကထဲတွင် အတော်ဆုံးဖြစ်ကြောင်း ဝန်ခံရပေမည်။ လောကထဲရှိ စွမ်းအားအကြီးဆုံးသူပင် ဖြစ်လာနိုင်ခဲ့ရာ မိုးပြာမဟာဧကရာဇ်မှာ အလွန်ဉာဏ်ကောင်းကြောင်း ထင်ရှားသည်။ ဉာဏ်ကောင်းသူတစ်ယောက်က အရာအားလုံးကို အလွန်လျင်မြန်စွာ သင်ယူနိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် စစ်အခင်းအကျင်းများကို လေ့လာရန်မှာ အလွန်လွယ်ကူပေသည်။
ဤတစ်ခေါက် သူတို့၏ပစ်မှတ်မှာ ကောင်းကင်ဝိညာဉ်ဘုံဖြစ်သည်။ ကောင်းကင်ကြယ်စုဘုံထဲတွင် တမလွန်ဘုံဘုရင်များစွာ ရှိနေသည်။ သူတို့ ကောင်းကင်ဝိညာဉ်ဘုံကို သိမ်းယူလိုလျှင် ထိုတမလွန်ဘုံဘုရင်များကို ထိန်းထားရပေမည်။ သူတို့ကို ကောင်းကင်ဝိညာဉ်ဘုံဆီ တည်နေရာပြောင်းရွှေ့သွားခွင့်ပေး၍ မဖြစ်ပေ။
ထို့ကြောင့် ပထမဆုံး ခြေလှမ်းမှာ တမလွန်ဘုံ ထောက်လှမ်းရေးများကို ရှင်းပစ်၍ လူသားစစ်တပ်က ကောင်းကင်ကြယ်စုဘုံအား တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း ရန်သူကို ယုံကြည်သွားအောင် လုပ်ရန်ဖြစ်သည်။
မိုးပြာမဟာဧကရာဇ်သည် တပ်သားဆယ်သန်းကို ကောင်းကင်ကြယ်စုဘုံကို ဝန်းရံခိုင်းလိုက်၏။ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့လည်း ကိုယ်တိုင်ထွက်လာကြသည်။
တမလွန်ဘုံမျိုးနွယ်သည် ထောက်လှမ်းရေးများနှင့် တမလွန်ဘုံဘုရင်အချို့ကိုပင် အာကာသထဲ ပို့လွှတ်နေ၏။ သို့သော် ထွက်လာသည့် ထောက်လှမ်းရေးတိုင်း အသတ်ခံရပေသည်။ တမလွန်ဘုံဘုရင်များကမူ ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ကို တွေ့သောအခါ ကောင်းကင်ကြယ်စုဘုံထဲ ချက်ချင်း ပြန်ဝင်သွားကြပြီး အပြင်ထွက်မလာဝံ့ကြတော့ပေ။
ကောင်းကင်ကြယ်စုဘုံက ပရမ်းပတာဖြစ်နေသည်။ ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးသည် အလျင်စလို မပြုမူဝံ့၍ သူတို့၏စစ်တပ်များကို ပြန်ဆုတ်စေလိုက်၏။ စစ်တပ်များက ကောင်းကင်ကြယ်စုမြို့သို့ ဆုတ်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မင်တဲထံသို့ ဆက်သွယ်ကာ ချက်ချင်း တည်နေရာပြောင်းရွှေ့လာရန် တောင်းဆိုလိုက်ပေသည်။ ထိုထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးသည် သူတို့က မိုးပြာမဟာဧကရာဇ်ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိကြပေ။
ကောင်းကင်ကြယ်စုဘုံအပြင်တွင် အယောင်ပြပြီးနောက် မိုးပြာမဟာဧကရာဇ်သည် လူသားမျိုးနွယ်၏ ထိပ်တန်း ထောက်လှမ်းရေးများကို ကောင်းကင်ဝိညာဉ်ဘုံသို့ စေလွှတ်၍ အခြေအနေကို စူးစမ်းစေလိုက်၏။ လူသားမျိုးနွယ်ထဲတွင် ထူးခြားသော မျိုးနွယ်များစွာ ရှိသည်။ ဥပမာအားဖြင့် ဝိညာဉ်မျိုးနွယ်မှာ မွေးရာပါထောက်လှမ်းရေးများ ဖြစ်ပေသည်။
ဝိညာဉ်မျိုးနွယ်ထက် ပုန်းကွယ်ရာတွင် ပိုကျွမ်းကျင်သော အခြားမျိုးနွယ်တစ်ခုလည်း ရှိသေးသည်။ ထိုမျိုးနွယ်ဝင်များက လေပြေများအဖြစ် ပြောင်းလဲ၍ ကောင်းကင်ဝိညာဉ်ဘုံထဲ အလွယ်တကူ ဝင်ကာ စုံစမ်းနိုင်ပေသည်။ တမလွန်ဘုံဘုရင်များနှင့် မဆုံသေးသ၍ သာမန် တမလွန်ဘုံမျိုးနွယ်ဝင်များက သူတို့ကို တွေ့နိုင်မည် မဟုတ်ပေ။ သို့သော် သူတို့ ကြာရှည် စုံစမ်းနေလျှင် တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို ခံရနိုင်ပေသေးသည်။
အရာအားလုံး ချောမွေ့နေသည်။
ထိပ်တန်းတမလွန်ဘုံဘုရင်အားလုံးက ကောင်းကင်ကြယ်စုဘုံထဲတွင် ရှိနေသည်။ ကောင်းကင်ဝိညာဉ်ဘုံထဲတွင်မူ သာမန် တမလွန်ဘုံဘုရင် ဆယ်ပါးသာရှိသည်။ သူတို့အားလုံးသည် မင်ဟကဲ့သို့ ဧကရာဇ်အဆင့်ကို မရောက်နိုင်သောသူများဖြစ်ကြသည်။ ထို့ကြောင့် မည်သည့် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားကမဆို သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
သုံးရက်မြောက်နေ့တွင် စစ်တပ်က စတင်လှုပ်ရှားလာသည်။
မိုးပြာမဟာဧကရာဇ်က ရူးသွပ်ဧကရာဇ်နှင့်အတူ တပ်သားဆယ်သန်းကို ဦးဆောင်၍ ကောင်းကင်ကြယ်စုဘုံထဲ ဝင်တိုက်မည်ဖြစ်ပြီး ယန်ဧကရာဇ်ကမူ ရှန်ကွေ့၊ တောက်နူနှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်ကာ ကောင်းကင်ဝိညာဉ်ဘုံကို ဝင်တိုက်ရမည်ဖြစ်သည်။
ဝုန်း...ဝုန်း...ဝုန်း...
မိုးပြာမဟာဧကရာဇ်က တိုက်ခိုက်လိုက်သောအခါ ကောင်းကင်ကြယ်စုဘုံ ပတ်ပတ်လည်ရှိ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ လွင့်ပြယ်သွားပြီး လမ်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ မိုးပြာမဟာဧကရာဇ်သည် လမ်းကြောင်းပေါ်လျှင်ပေါ်လာချင်း ဘုံထဲသို့ တန်းမဝင်သေးဘဲ လမ်းကြောင်း ကျယ်လာသည်အထိ စောင့်ပြီးမှ စစ်တပ်ကို ဦးဆောင်ကာ ဘုံထဲ ဝင်သွားပေသည်။
ဟီ...ဟီ...
ကောင်းကင်ကြယ်စုမြို့အထက်တွင် အနက်ရောင်အခိုးအငွေ့များ တလိပ်လိပ်တက်နေ၏။ မင်ယ၊ မင်တိနှင့် အခြား တမလွန်ဘုံဘုရင်များသည် တော်ဝင်မိသားစုဝင် သန်းတစ်ရာနှင့် မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်ဝင်များကို ဦးဆောင်၍ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ ထို့နောက် မိုးပြာမဟာဧကရာဇ်တို့နှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဝိညာဉ်ဘုံ၏ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များမှာလည်း ယန်မဟာဧကရာဇ်ကြောင့် လွင့်ပြယ်သွားကြသည်။ သို့သော် ယန်မဟာဧကရာဇ်သည် လမ်းကြောင်း မဖန်တီးဘဲ ဓားတစ်လက်ဆွဲကိုင်၍သာ ဘုံထဲ တစ်ကိုယ်တော် ဝင်သွားလိုက်သည်။ အရင်ဆုံး ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံကို ချိတ်ဆက်ထားသော တမလွန်ဘုံအစီအရင်ကို ဖျက်ဆီးပစ်ရပေမည်။
ပြီးခဲ့သည့်အခေါက်တွင် ကျန်းရီက တမလွန်ဘုံအစီအရင်ကို ဖျက်ဆီးခဲ့သည်။ သို့သော် တစ်နှစ်အတောအတွင်း အစီအရင်ကို ပြန်တည်ဆောက်ပြီးထားပြီဖြစ်သည်။ ထိုအစီအရင်ကို မဖျက်ဆီးလျှင် ကောင်းကင်ကြယ်စုဘုံမှ စွမ်းအားကြီး တမလွန်ဘုံဘုရင်များက ကောင်းကင်ဝိညာဉ်ဘုံသို့ အချိန်မရွေး ရောက်လာနိုင်သည်။ စွမ်းအားကြီး တမလွန်ဘုံဘုရင်များ၏ အလစ်ဝင်တိုက်မှုကို ခံရမည်ဆိုလျှင် ယန်မဟာဧကရာဇ်တို့ သေရပေလိမ့်မည်။
“ငါ့လမ်းကို ပိတ်တဲ့သူတိုင်း သေရမယ်...”
ယန်မဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားကို သံသယဖြစ်စရာ မရှိပါ။ သူက မီးဓာတ်အနှစ်သာရကို သိမြင်နားလည်ထားသည်။ သို့သော် သူသည် မီးဓာတ်အနှစ်သာရခြောက်မျိုးကို လေဓာတ်အနှစ်သာရတစ်မျိုးနှင့် ပေါင်းစည်းကာ ဧကရာဇ်အဆင့်ကို တက်လှမ်းခဲ့သူဖြစ်ပေသည်။
ယန်မဟာဧကရာဇ်က မီးတောက်များကို ကောင်းကင်ပြည့် ထုတ်လွှတ်လိုက်၏။ မီးတောက်များ ဖြတ်သွားတိုင်း အာကာပြင်က တွန့်ခေါက်သွားသည်။ အထက်သို့ ပျံတက်လာကြသော တမလွန်ဘုံမျိုးနွယ်ဝင်များလည်း မီးလောင်ပြာကျသွားကြသည်။ တမလွန်ဘုံဘုရင်တစ်ပါးလည်း မီးလောင်ခံလိုက်ရ၍ ကြောက်ရွံ့တကြီး ပြန်ဆုတ်သွားပေသည်။
ယန်မဟာဧကရာဇ်မှာ ရပ်တန့်၍ မရနိုင်ပေ။ သူသည် တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များကို သတ်ဖြတ်၍ ကောင်းကင်ဝိညာဉ်မြို့ထဲ ဝင်သွားလိုက်သည်။ ထို့နောက် တမလွန်ဘုံအစီအရင်ကို ရှာကာ ၎င်းအစီအရင်ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်လေသည်။
“သတ်ကြ...”
ထိုအခါမှ ရှန်ကွေ့၊ တောက်နူနှင့် အခြားသူများသည် သူတို့၏ တပ်များကို ဦးဆောင်၍ ကောင်းကင်ဝိညာဉ်ဘုံထဲ ဝင်လာကြသည်။ ဤဘက်တွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားက တစ်ယောက်သာ ရှိသော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက များစွာရှိပေသည်။ မျိုးနွယ်ကြီးများ၏ မျိုးနွယ်ခေါင်းဆောင်အားလုံးနီးပါး ဤဘက်တွင် ရှိနေကြသည်။ တပ်သားအရေအတွက်မှာလည်း သန်းခြောက်ဆယ်ကျော် ရှိနေသည်။
ယန်မဟာဧကရာဇ် ဤတစ်ခေါက်တာဝန်က အလွန်ခက်၏။ သူက ကောင်းကင်ဝိညာဉ်ဘုံကို တစ်ရက်အတွင်း သိမ်းပိုက်ရမည်ဖြစ်သည်။ ကောင်းကင်ဝိညာဉ်ဘုံကို အပြည့်အဝ သိမ်းပိုက်နိုင်ရန် ဘုံထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံး၊ တော်ဝင်မိသားစုဝင်များအားလုံးနှင့် တမလွန်ဘုံအစီအရင်အားလုံးကို သတ်ဖြတ်ဖျက်ဆီးပစ်ရပေမည်။ ထို့ပြင် တမလွန်ဘုံအရှိန်အဝါများကိုလည်း ရှင်းပစ်ကာ အကာအရံအမျိုးမျိုး၊ အစီအရင်အမျိုးမျိုးကိုလည်း ဆင်ရဦးမည်ဖြစ်သည်။
လူသားမျိုးနွယ်သည် တမလွန်ဘုံမျိုးနွယ်နှင့် တိုက်ခိုက်ရာတွင် ကောင်းကင်ဝိညာဉ်ဘုံကို ခံတပ်အနေနှင့် သုံးရန် ကြံရွယ်ထား၏။ ထို့ကြောင့် ၎င်းဘုံးကို အပြည့်အဝ သိမ်းယူနိုင်မှ ရပေလိမ့်မည်။
ကောင်းကင်ဝိညာဉ်ဘုံထဲတွင် တော်ဝင်မိသားစုဝင်များ များစွာရှိမနေပါ။ သို့သော် အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များမှာတော့ အများအပြား ရှိနေသည်။ အနည်းဆုံး သန်းရာကျော်လောက်သည်။ သို့ရာတွင် ဘုံထဲ ဝင်လာသော တပ်သားများမှာ လုံးဝကြောက်ရွံ့မနေကြပါ။ ထိုအစား သူတို့ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ နောက်ဆုံးရလဒ်က မည်သို့ဖြစ်စေ သူတို့သည် သမိုင်းတွင် မှတ်တမ်းဝင်သွားတော့မည်ဖြစ်ပြီး နောင်မျိုးဆက်များ၏ အမှတ်ရမှုကို ခံရမည် မဟုတ်ပါလား။
***
“အာ...”
ကောင်းကင်ကြယ်စုမြို့၏ အနောက်ဘက် ကီလိုမီတာ သန်းဆယ်ချီအကွာရှိ တောင်ကြားကြီးတစ်ခုထဲတွင် အာမေဋိတ်သံတစ်သံ ထွက်ပေါ်လာ၏။ ချီဟုန်သည် တမလွန်ဘုံဘုရင်များက တန်ပြန်တိုက်ခိုက်ကြမည့် အချိန်ကို စောင့်နေခြင်းဖြစ်သည်။ သို့သော် တမလွန်ဘုံဘုရင်များ ထွက်မသွားသေးခင် လူသားမျိုးနွယ်က အရင်ဝင်လာလိမ့်မည်ဟု သူ မျှော်လင့်မထားချေ။
“မိုးပြာမဟာဧကရာဇ်က တော်တော်ရဲတာပဲ”
ချီဟုန် သက်ပြင်းသဲ့သဲ့ချလိုက်၏။ ရလဒ်ကို မည်သို့ပင်ဖြစ်စေ မိုးပြာမဟာဧကရာဇ်က ကောင်းကင်ကြယ်စုဘုံထဲ ဝင်လာဝံ့သည်နှင့်ပင် အလွန်အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။ ချီဟုန်သည် တစ်ခဏမျှ အာရုံခံနေလိုက်ပြီးနောက် ဆက်အာရုံမခံဝံ့တော့ပေ။ မိုးပြာမဟာဧကရာဇ်၏ စိတ်ဝိညာဉ်က အလွန်အားကောင်းသည်။ ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးမှာလည်း ဧကရာဇ်အဆင့် ဖြစ်ကြသည်။ သူတို့ သူ့ကို အာရုံခံမိသွားလျှင် အကျိုးဆက်က ဆိုးဝါးသွားပေလိမ့်မည်။
“ကောင်လေး.. လှုပ်ရှားဖို့ အသင့်ပြင်ထားတော့။ မင်း ဒီအခွင့်အရေးကို အသုံးချပြီး တစ်ခါတည်း လူသားမျိုးနွယ်စစ်တပ်ထဲ ရောဝင်ပြီးတော့ ထွက်သွားနိုင်လောက်တယ်။ ဒါပေမဲ့ ဒီမှာ မိုးပြာမဟာဧကရာဇ်ရော ရူးသွပ်မဟာဧကရာဇ်ပါ ရှိနေတယ်။ မင်း သတိထားဖို့တော့ လိုမယ်။ သူတို့ မင်းကို မြင်မသွားစေနဲ့”
မီးတောက်များထဲတွင် ချီဟုန်၏ မျက်လုံးများ ထွက်ပေါ်လာ၏။ သူသည် ကျန်းရီကို ကြည့်ကာ လေသံတိုးတိုးနှင့် ပြောလိုက်သည်။ ကျန်းရီသည် မျက်လုံးမှိတ်ကျင့်ကြံရင်းနှင့် ချီဟုန်၏ အမိန့်များကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ချီဟုန်က အမိန့်ပေးလိုက်ပြီဖြစ်သော်လည်း သူ မျက်လုံးဖွင့်မလာသေးပေ။
“ဟင်...”
ချီဟုန်သည် ကျန်းရီကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်လိုက်၏။ ကျန်းရီက သူ့အာရုံခြောက်ပါးလုံးကို ပိတ်ဆို့ထားကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် ကျန်းရီ မျက်လုံးဖွင့်မလာခြင်းမှာ အံ့ဩစရာမရှိတော့ပေ။
‘သူက ဒီလိုအချိန်မျိုးမှာ စိတ်နှစ်ပြီး ကျင့်ကြံနေတာလား။ လျှပ်စီးအနှစ်သာရက အထွတ်အထိပ်အဆင့်ကို ရောက်တော့မှာလား’
ချီဟုန်၏ မျက်လုံးကြီးများက မျက်တောင်ပုတ်ခတ်လိုက်၏။ သူ ကျန်းရီကို နှိုးရန်လည်း အတန်ငယ် ချီတုံချတုံ ဖြစ်သွားသည်။ ယခုက အကောင်းဆုံးအခွင့်အရေးပင်။ လူသားမျိုးနွယ်က ကောင်းကင်ကြယ်စုဘုံထဲ ဝင်လာခဲ့သည်။ မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ကလည်း ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးနှင့် တိုက်ခိုက်နေကြသည်။ ကျန်းရီသာ သူတို့အနီး ကပ်မသွားသ၍ သူတို့က ကျန်းရီကို သတိပြုမိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ကျန်းရီ စစ်တပ်ထဲ အလွယ်တကူ ရောဝင်၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်နိုင်လောက်ပေသည်။
‘ထားလိုက်ပါတော့... ဒီတိုက်ပွဲက အချိန်တိုအတွင်း ပြီးဦးမှာ မဟုတ်ဘူး။ တိုက်ပွဲပြီးလုတဲ့အချိန်အထိ စောင့်ပြီးမှ ငါ အဲ့ကောင်လေးကို နှိုးတာပေါ့။ အနှစ်သာရကို သိမြင်နားလည်ဖို့က အရေးအကြီးဆုံးပဲ’
ချီဟုန်သည် ဆက်စောင့်၍ ကျန်းရီကို အချိန်အနည်းငယ်ပေးရန် ဆုံးဖြတ်လိုက်သည်။ တိုက်ပွဲက နေ့ဝက်လောက်နှင့် မပြီးနိုင်သည် မဟုတ်ပါလား။ မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့က မယုံနိုင်လောက်အောင် ခက်ထန်နေကြသည်။ သူတို့သည် ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါး၏ ဝန်းရံမှုကို ခံထားရသော်လည်း အရေးနိမ့်မနေကြပါ။ ထို့ကြောင့် တိုက်ပွဲပြီးဆုံးရန် အနည်းဆုံး နေ့ဝက်ကျော်လောက် လိုပေလိမ့်မည်။
ချီဟုန်သည် မသိမသာ ဆက်အာရုံခံနေသည်။ သို့သော် သူ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် တမလွန်ဘုံဘုရင်ရှစ်ပါးကိုတော့ အာရုံမခံဝံ့ပေ။ တိုက်ပွဲတစ်ခုလုံး၏ အခြေအနေကိုသာ ခြုံ၍ စူးစမ်းနေရပေသည်။
“အာ...”
နာရီနှစ်ဆယ်ကျော်ကြာပြီးနောက် ချီဟုန် စိတ်လှုပ်ရှားသွား၏။ သူ ကျန်းရီကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ အလွန်ထူးခြားသော ဖြစ်စဉ်တစ်ခုကို သူ အာရုံခံမိနေသည်။ မီးအရင်းအမြစ်က ကျန်းရီထံသို့ စီးဆင်းနေလေသည်။
ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် ချီဟုန် မျက်မှောင်ကြုတ်သွား၏။ မီးအရင်းအမြစ်က အမှန်ပင် ကျန်းရီထံသို့ စီးဆင်းနေသည်။ မီးတော်များက ကျန်းရီ၏ ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ စီးဝင်နေကြသည်။
“ဒါ..ဒါက... ဒီကောင်လေးက မီးအရင်းအမြစ်ကို စုပ်ယူနေတာလား။ သူက မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်တာလား။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက လျှပ်စီးအနှစ်သာရတစ်ခုကိုတောင် နားမလည်နိုင်သေးတာကို ဘယ်လိုလုပ် မီးဓာတ် အနှစ်သာရခုနှစ်မျိုးကို နားလည်နိုင်မှာလဲ”
ချီဟုန်သည် အံ့ဩလွန်းသဖြင့် သူ့ဘာသာ ရေရွတ်နေမိသည်။ သူ့မျက်လုံးကြီးများကလည်း ကျန်းရီကို လူထူးဆန်းတစ်ယောက်လို ငေးကြည့်နေသည်။ ထိုထူးဆန်းသောဖြစ်စဉ်ကို သူ့ဗဟုသုတ၊ သူ့အတွေ့အကြုံမျှနှင့် ရှင်းမပြနိုင်တော့ပေ။
***