← Chapters

တမလွန်ဘုံဧကရာဇ်စစ်တပ်

Vol. 135 Ch. 1878

တမလွန်ဘုံဧကရာဇ်စစ်တပ်

Vol. 135 Ch. 1878

ကျန်းရီသည် အမှန်ပင် မီးအရင်းအမြစ်ကို စုပ်ယူနေခြင်းပင်။ သို့သော် ယင်းအဖြစ်ကို သူကိုယ်တိုင်လည်း မသိပါ။ သူ့စိတ်က ကျင့်ကြံခြင်းတွင် နစ်မြုပ်နေပေသည်။

ချီဟုန်က ကျန်းရီကို စိတ်ရှည်ရှည်စောင့်နေရန် ပြောခဲ့၏။ တမလွန်ဘုံစစ်တပ်များ ကောင်းကင်ကြယ်စုဘုံမှ ထွက်သည်နှင့် သူ့ကို နှိုးမည်ဟုလည်း ပြောခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ပျင်းရိစွာ ထိုင်နေမည့်အစား ဆက်လေ့လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဤတစ်ကြိမ်တွင် ကျန်းရီ ကြီးကြီးမားမား အောင်မြင်ခဲ့သည်။ သူက မီးအရင်းအမြစ်ထဲတွင် ရှိနေ၍ မီးဓာတ်နှင့် ပိုနီးစပ်နေသဖြင့် သို့မဟုတ် သူက မီးအကြောင်းကို များစွာနားလည်ထားသဖြင့် ထိုသို့ အောင်မြင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူ့လက်ထဲတွင် မီးအရင်းအမြစ်မှ ဖြစ်တည်လာသော မီးဝိညာဉ်ပုလဲ ရှိနေ၍ လျှပ်စီးက မီးကိုဖန်တီးနိုင်ခြင်း၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို အောင်အောင်မြင်မြင် နားလည်သွားခြင်း ဖြစ်ပေလိမ့်မည်။

အရေးအကြီးဆုံးမှာ ကျန်းရီက လေ့လာရန် လမ်းမှန်တစ်ခုကို ရှာတွေ့သွားခဲ့ခြင်းဖြစ်သည်။

လျှပ်စီးက သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဆိုသော ဓာတ်ကြီးငါးပါးကို ခွဲထုတ်ပေးခြင်းဖြစ်သည်။ ယင်းကို ကျန်းရီ ယခင်ကတည်းက နားလည်ထားပြီးပေပြီ။ နောက်ပိုင်းတွင် ကျန်းရီသည် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့က လျှပ်စီးကို ဖန်တီးရန် မည်သို့ပြန်ပေါင်းစည်းကြောင်းကို နားလည်နိုင်ရန် လေ့လာနေခဲ့သည်။ အမှန်တွင်မူ သူက လမ်းမှားကို လျှောက်မိနေခဲ့ခြင်းပင်။

ကျန်းရီသည် လျှပ်စီးအနှစ်သာရကို အပြည့်အဝ သိမြင်နားလည်နိုင်ရန် လျှပ်စီးက မည်သို့ ထွက်ပေါ်လာကြောင်း၊ ၎င်းက မည်သို့ဖြစ်တည်လာကြောင်း၊ မည်တွင် အဆုံးသတ်ကြောင်းနှင့် ဓာတ်ကြီးငါးပါးက လျှပ်စီးကို ဖန်တီးရန် မည်သို့ပြန်ပေါင်းစည်းကြောင်းတို့ကို နားလည်သင့်သည်ဟု ထင်ခဲ့၏။ ထိုအတွေးအထင်မှာ သဘာဝကျပါသည်။ ထို့ကြောင့်လည်း ကျန်းရီသည် ယင်းတို့ကို သိမြင်နားလည်နိုင်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ တစ်နှစ်လုံးလုံး လေ့လာပြီးသည်ပင် နားမလည်နိုင်သေးရာ ထိုနည်းလမ်းမှာ အလုပ်မဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် ကျန်းရီ အကြံတစ်ခု ရလိုက်၏။ သူ ပြောင်းပြန်ကြိုးစားလျှင် မည်သို့ဖြစ်မည်နည်း။ လက်ရှိအခြေအနေတွင်လည်း မည်သည်ကိုမှ နားမလည်နိုင်ရာ သူ ပြောင်းပြန်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် လျှပ်စီးက ဓာတ်ကြီးငါးပါးအဖြစ် မည်သို့ခွဲထွက်သွားကြောင်းကို သူ စတင်လေ့လာခဲ့ပေသည်။

ယခုတွင် ကျန်းရီက မီးတောက်များကြား၌ ရှိနေသည်။ ထို့ကြောင့် လျှပ်စီးက မီးကို မည်သို့ဖန်တီးကြောင်းကို သူ လေ့လာခဲ့သည်။ ထိုလေ့လာမှုက အလွန်ချောမွေ့ခဲ့သည်။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် ရှိနေစဉ်၌ မီးအရင်းအမြစ်မှနေ၍ လျှပ်စီးအရှိန်အဝါရေးရေးကို ခံစားခဲ့ရသည်။ မီးမှာ လျှပ်စီးအရင်းအမြစ်များထဲမှ တစ်ခုပင်။ ထို့ကြောင့် လျှပ်စီးက မီးအဖြစ် ခွဲထွက်နိုင်ခြင်းမှာ ပုံမှန်သာဖြစ်သည်။

ကျန်းရီသည် လမ်းစကို တွေ့သည်နှင့် ထိုလမ်းအတိုင်း ဆက်လိုက်သွားလိုက်၏။ ယင်းက ရှာပါးအခွင့်အရေးတစ်ခုဖြစ်၍ တစ်စုံတစ်ယောက်က သူ့အား နှောင့်ယှက်မည်ကို သူ စိုးရိမ်မိခဲ့သည်။ ထို့ကြောင့် သူ သူ၏အာရုံခြောက်ပါးစလုံးကို ပိတ်၍ အပြည့်အဝ စိတ်နှစ်ထားခဲ့ခြင်းဖြစ်ပေသည်။

နောက်ဆုံးတွင်... တစ်စုံတစ်ခု ဖြစ်လာခဲ့သည်။

ကျန်းရီ လေ့လာဆင်ခြင်နေရင်း မီးအရင်းအမြစ်က စတင်ရွေ့လျားလာသည်။ မီးတောက်များက သူ့ဆီ စီးဆင်းကာ သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။ ပို၍တိတိကျကျပြောရသော် မီးတောက်များက သူ၏နဝမမြောက်ကြယ်စလုံးထဲ စုပ်ယူခံလိုက်ရပေသည်။ မီးတောက်များသည် ထူးဆန်းသော စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲကာ သူ့ကိုယ်ထဲ ဝင်သွားပြီး နောက်ဆုံးတွင် နဝမမြောက်ကြယ်စက်လုံးထဲ ဝင်သွားလေသည်။

ကျန်းရီကိုယ်တိုင်ကမူ ထိုအဖြစ်များကို သတိမထားမိပေ။ အကယ်၍ ချီဟုန်သာ သူ့ထံ အသံမပို့လွှတ်ပါက မိုးပြို၊ မြေအက်လာလျှင်ပင် သူ နိုးလာလိမ့်မည် မဟုတ်ပေ။ ကျန်းရီက မိုးမြေစွမ်းအားကို ကျင့်ကြံနေခြင်းမဟုတ်ရာ သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများနှင့် မီးအရင်းအမြစ်က သူ့နဝမမြောက်ကြယ်စက်လုံးထဲ ဝင်နေသည်ကို မခံစားနိုင်ချေ။

‘လူထူးဆန်းပဲ...’

ချီဟုန် မှင်တက်နေသည်။ သူသည် ကမ္ဘာဦးခေတ်ကတည်းက ရှိခဲ့သော ပထမဆုံး မီးနဂါးဖြစ်ပြီး မီး၏မူလပင်။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးသည်အထိ သူ မီးဓာတ်အနှစ်သာရခုနစ်မျိုးကို ပေါင်းစည်းရန် မဆိုထားနှင့် နားပင်နားမလည်နိုင်သေးပေ။

ယန်မဟာဧကရာဇ်မှာလည်း ထို့အတူပင်ဖြစ်သည်။ ကောင်းကင်ဘုံတွင် ယန်မဟာဧကရာဇ်က မီးအနှစ်သာရကို နားအလည်ဆုံးသူဖြစ်သည်။ သို့သော် သူပင် မီးအနှစ်သာရခြောက်မျိုးကိုသာ ပေါင်းစည်းနိုင်ထားပြီး ခုနစ်ခုမြောက်ကို နားမလည်နိုင်သေးပေ။ နောက်ဆုံးတွင် သူသည် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် မီးအနှစ်သာရခြောက်မျိုးကို လေအနှစ်သာရတစ်မျိုးနှင့်သာ ပေါင်းစည်းခဲ့ရပေသည်။

ထို့ကြောင့်...

ဤလောကထဲတွင် မီးအရင်းအမြစ်ကို စုပ်ယူနိုင်သူ မဆိုထားနှင့် ထိန်းချုပ်နိုင်သော လူသား၊ မိစ္ဆာ၊ တမလွန်ဘုံမျိုးနွယ်ဝင်ဟူ၍ မရှိချေ။ နှစ်တစ်သောင်းအတွင်း ကျန်းရီက ထိုသို့လုပ်နိုင်သော ပထမဆုံးလူသားဖြစ်သည်။ သို့ဖြစ်ရာ ချီဟုန်က မည်သို့ မအံ့ဩဘဲ နေပါမည်နည်း။

မီးအရင်းအမြစ်ကို ထိန်းချုပ်လိုလျှင် မီးအနှစ်သာရခုနစ်မျိုးကို ပေါင်းစည်းရပေမည်။ ဤတစ်ခေါက်တွင် ကျန်းရီသည် တစ်ခဏမျှသာ စိတ်နှစ်လေ့လာရသေးသည်။ သူ့နေရာတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ဆိုလျှင်ပင် အနှစ်သာရတစ်ခုကို ထိုမျှမြန်မြန် သိမြင်နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ၏ အောင်မြင်မှုက ကောင်းကင်ကိုပင် ဆန့်ကျင်နေသလို ဖြစ်နေပေသည်။

မီးအနှစ်သာရခုနစ်မျိုးကို သိမြင်နားလည်အောင် လေ့လာ၍ ၎င်းတို့ကို ပေါင်းစည်းရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခုလိုပင်။ ချီဟုန်ပင် နားမလည်နိုင်ခဲ့ပေ။ သို့သော် ယခုတွင် သူ ကျန်းရီကို မနှိုးဝံ့ဘဲ အရူးတစ်ယောက်ကဲ့သို့သာ ရပ်နေမိသည်။ ထိုအခိုက်တွင် မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပေါ်လာမည်ဆိုလျှင် သူသည် ယင်းကို ကျန်းရီအတွက် ကာပေးရန် တုံ့ဆိုင်းနေမည် မဟုတ်ချေ။ သူ ကျန်းရီအား ဆက်လေ့လာဆင်ခြင်၍ မီးအရင်းအမြစ်ကို စုပ်ယူခွင့် ပေးမည်ဖြစ်သည်။

ကျန်းရီက မီးအရင်းအမြစ်ကို စုပ်ယူနိုင်ပြီးနောက် မည်သည့်အရာများ လုပ်နိုင်လာမည်ကို ချီဟုန်မသိပါ။ သို့သော် မီးအရင်းအမြစ်က မီးအနှစ်သာရဖြစ်ကြောင်း သူသိသည်။ မီးအရင်းအမြစ်မှာ မီးတောက်များက ကပ်လောကထဲတွင် စွမ်းအားအကြီးဆုံး မီးတောက်များပင်။ ၎င်းမီးတောက်များကို စုပ်ယူနိုင်ခြင်းက သေချာပေါက် အကျိုးရှိပေလိမ့်မည်။ အကယ်၍ ကျန်းရီသာ ၎င်းမီးတောက်များကို ထိန်းချုပ်နိုင်မည်ဆိုလျှင် တိုက်ခိုက်ခုခံရာတွင် အလွန်အသုံးဝင်ပေလိမ့်မည်။

‘ဝူမင်က သူ့ကို အကဲခတ် မမှားဘူးပဲ။ အဲ့ကောင်လေးက တကယ်ကို ထူးဆန်းတယ်။ နတ်ဆိုးချောက်နက်ထဲမှာတုန်းကလည်း သူက မိုးမြေမူမမှန်မှု ဖြစ်လာအောင်တောင် လုပ်နိုင်ခဲ့တယ်။ အခု သူက မီးအရင်းအမြစ်ကိုပါ စုပ်ယူနေပြီလား။ အဲ့ကောင်လေးက တစ်နေ့နေ့ကျရင် ဝူမင်ရဲ့အဆင့်ကို တကယ်ရောက်သွားလိမ့်မယ်။ သူက.. ဝူမင်ကိုတောင် ကျော်ဖြတ်၊ နောက်ဆုံးအဆင့်ကို တက်လှမ်း၊ မသေမျိုးလောကတံခါးကို ဖွင့်ပြီး မသေမျိုး ဖြစ်သွားနိုင်တယ်’

ချီဟုန်၏ ဧရာမမျက်ဝန်းကြီးများထဲတွင် အပြုံးများနှင့် ပြည့်နှက်နေ၏။ သူ ကျန်းရီနှင့် ပတ်သတ်၍ အလွန်ကျေနပ်နေသည်။ သူ ခေတ္တမျှတွေးတောပြီးနောက် သူ့ဧရာမခန္ဓာကိုယ်ကြီးကို မီးတောက်လုံးများအဖြစ် ခွဲထုတ်လိုက်၏။ ထို့နောက် မီးတောက်လုံးများက တောင်ကြားအထက်သို့ ပျံတက်သွားပြီး အကြည်ရောင်ဒိုင်းကာတစ်ခုအဖြစ် ပေါင်းစည်းကာ တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံလိုက်လေသည်။

ကောင်းကင်ကြယ်စုဘုံထဲတွင် ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးနှင့် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား နှစ်ယောက် ရှိနေသည်။ ထိုစွမ်းအားကြီး သိုင်းသမားများက အလွန်အားကောင်းသော အာရုံများကို ပိုင်ဆိုင်ထားကြသည်။ ကျန်းရီက မီးအရင်းအမြစ်ထဲမှ မီးတောက်အကုန်လုံးကို စုပ်ယူတော့မည့်ပုံပင်။ ထိုအခါ ဤနေရာမှ အပူချိန်က သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။ သို့ဖြစ်လာလျှင် ထို စွမ်းအားကြီး သိုင်းသမားများက သေချာပေါက် သတိပြုမိသွားပေလိမ့်မည်။ ထို့ကြောင့် ချီဟုန်သည် ရွေးချယ်စရာမရှိတော့ဘဲ ကျန်းရီကိုကာကွယ်ရန် သူ့အတတ်များကို ထုတ်သုံးရပေတော့သည်။

ရွှစ်...ရွှစ်...

မီးတောက်များက ကျန်းရီထံသို့ ရွေ့လျားနေ၏။ ကျန်းရီက မီးတောက်များကို လျင်မြန်စွာ စုပ်ယူနေသော်လည်း မီးတောက်များစွာ ရှိနေသေးသည်။ သူ ၎င်းတို့အားလုံးကို အချိန်တိုအတွင်း စုပ်ယူနိုင်မည် မဟုတ်ပေ။

ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးကလည်း ထူးဆန်းသည်။ ထိုကြယ်စက်လုံးအတွင်းပိုင်းက အကန့်အသတ်မရှိ ကျယ်ဝန်းသည်။ အတိတ်တွင် ကျန်းရီက ဝိညာဉ်လေစွမ်းအင်များစွာကို စုပ်ယူခဲ့သော်လည်း နဝမမြောက်ကြယ်စက်လုံး၏ အပုံတစ်သန်းပုံ တစ်ပုံကိုသာ ပြည့်စေခဲ့သည်။ ယခုတွင်လည်း မီးအရင်းအမြစ်မှ မီးတောက်များက နဝမမြောက်ကြယ်စက်လုံး၏ နေရာအနည်းငယ်ကိုသာ ယူပေသည်။

ကျန်းရီသည် ထိုကြယ်စက်လုံးကို နားမလည်နိုင်ပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သာ နားလည်လောက်သည်။ ထိုကြယ်စက်လုံးသည် သူ အမည်မဲ့ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကျန်းရီသည် ထိုကြယ်စက်လုံး၏ အသုံးဝင်မှုကို မသေချာခဲ့ပါ။ ၎င်းက ဝိညာဉ်လေများကို စုပ်ယူနိုင်ပြီး မီးတောက်များကို ပေါင်းစည်းနိုင်ကြောင်းကိုသာ သိခဲ့သည်။ ယခုတွင် ၎င်းသည် မီးအရင်းအမြစ်ကိုပင် စုပ်ယူနိုင်နေပြီလော။

မီးအရင်းအမြစ်သည် ကြယ်စက်လုံးထဲ ဝင်ပြီးနောက် ငါးရောင်ခြယ်မီးတောက်များနှင့် ပေါင်းစည်းမသွားကြောင်းကို ဖော်ပြရပေမည်။ ဆိုရလျှင် ငါးရောင်ခြယ်မီးတောက်များက မီးအရင်းအမြစ်မီးတောက်များအနီးကိုပင် မကပ်ဝံ့ကြပါ။ ထိုမီးအရင်းအမြစ်မီးတောက်များမှာ သဲထဲမြှုပ်ထားသော ပုလဲလုံးတစ်လုံးကဲ့သို့ ငါးရောင်ခြယ်မီးတောက်များကြားတွင် မဝင်ဆံ့ဘဲ ကြက်အုပ်အလယ်မှ ကြိုးကြာတစ်ကောင်ကဲ့သို့ ဖြစ်နေပေသည်။

နှစ်နာရီ၊ ဆယ်နာရီ... နာရီငါးဆယ်...

ဤနေရာတွင် မီးတောက်များစွာ မကျန်တော့ပါ။ တောင်ကြားအခြေရှိ မီးအရင်းအမြစ်မီးတောက်အားလုံးကို စုပ်ယူပြီးပြီဖြစ်သည်။ တောင်ကြားအခြေအောက်ရှိ ချောက်နက်ကြီးထဲတွင်သာ မီး‌တောက်များ ရှိနေသေးသည်။ သို့သော် ၎င်းတို့အားလုံးကို စုပ်ယူနိုင်ရန်လည်း အချိန်သိပ်မလိုလောက်တော့ပေ။ ကျန်းရီကမူ နိုးထမလာသေးချေ။

ထိုအခိုက်တွင် ကောင်းကင်ကြယ်စုမြို့ထဲ၌ ပြောင်းလဲမှုတစ်ခု ဖြစ်လာ၏။ ရဲတိုက်တစ်လုံးက လင်းလက်လာပြီး ၎င်းနောက် ရဲတိုက်ထဲမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်လာသည်။ ရဲတိုက်မှ ထွက်လာသော အနက်ရောင်အခိုးအငွေ့များကလည်း ကောင်းကင်တစ်ခြမ်းကို ရုတ်ခြည်းလွှမ်းခြုံသွား၏။ ထို့နောက် ကောင်းကင်ထဲတွင် ကြီးမားရုပ်ဆိုးသော မျက်နှာကြီးတစ်ခု ပေါ်လာကာ လူသားများကို ကျောစိမ့်သွားစေသည့် အသံတစ်သံလည်း ပဲ့တင်ထပ်လာလေသည်။

“ကျွတ်ကျွတ်... မိုးပြာမဟာဧကရာဇ် မင်းက ဒီလောက်ရဲလိမ့်မယ်လို့ ငါ ထင်မထားဘူး။ မင်းက ကောင်းကင်ကြယ်စုဘုံကိုတောင် တိုက်ရဲတယ်ပေါ့လေ။ မင်းတို့ ဒီကို ရောက်နေမှတော့ မင်းတို့အကုန်လုံး ဒီမှာပဲ နေလိုက်ကြတော့ပေါ့။ ငါက တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာတဲ့အထိ စောင့်ပြီးမှ မင်းတို့အကုန်လုံးကို သတ်ပစ်ဖို့ ကြံထားတာ။ ဒါပေမဲ့ ကြည့်ရတာ ဆက်စောင့်လို့ မဖြစ်တော့တဲ့ပုံပဲ”

“မင်တဲ...”

တမလွန်ဘုံဘုရင်အချို့နှင့် တိုက်ခိုက်နေသော မိုးပြာမဟာဧကရာဇ်၏ မျက်နှာထားက အေးစက်သွား၏။ စွမ်းအားအကြီးဆုံး တမလွန်ဘုံဘုရင်က တမလွန်ဘုံမှထွက်၍ ဤနေရာသို့ ရောက်လာပြီလော။ ကြည့်ရသည်မှာ ဤတစ်ခေါက်တွင် သူတို့ ပြဿနာ အကြီးအကျယ် တက်တော့မည့်ပုံပင်။

နောက်အခိုက်တန့်တွင်...

မိုးပြာမဟာဧကရာဇ်၏ မျက်နှာထား ပြောင်းလဲသွား၏။ သူ ရုတ်တရက် အော်ပြောလိုက်သည်။

“ပြန်ဆုတ်ကြ... အားလုံး မြန်မြန်ပြန်ဆုတ်ကြ”

ရူးသွပ်မဟာဧကရာဇ်သည် မိုးပြာမဟာဧကရာဇ်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်၏။ သူလည်း မျက်နှာပျက်သွားပြီး အော်ပြောလိုက်လေသည်။

“အခု ပြန်ဆုတ်ကြ။ မဟုတ်ရင် မင်းတို့အကုန်လုံး သေလိမ့်မယ်။ မင်တဲက တမလွန်ဘုံဧကရာဇ်စစ်တပ်ကို ခေါ်လာပြီ”

***

All Chapters