← Chapters

မကောင်းဆိုးဝါးဘုရင်တံခွန်

Vol. 135 Ch. 1879

မကောင်းဆိုးဝါးဘုရင်တံခွန်

Vol. 135 Ch. 1879

တမလွန်ဘုံဧကရာဇ်စစ်တပ်မှာ အလွန်ကျော်ကြားသော စစ်တပ်တစ်တပ်ဖြစ်သည်။ လူသားမျိုးနွယ်အကြားတွင် ထိုစစ်တပ်သည် သေမင်းတမန်တော်များအဖြစ် ကျော်ကြားသည်။ ထိုစစ်တပ်က တမလွန်ဘုံ၏ အင်အားအကြီးဆုံး စစ်တပ်ပင်။ ထိုစစ်တပ် ထွက်ပေါ်လာခြင်းမှာ သေမင်း ထွက်ပေါ်လာသကဲ့သို့ဖြစ်သည်။

ထိုစစ်တပ်သည် ထွက်လာခဲပြီး တမလွန်ဘုံဧကရာဇ်မြို့ကိုသာ စောင့်ကြပ်နေခဲ့သည်။ ထိုစစ်တပ်ကို သုံးနိုင်သူမှာ တမလွန်ဘုံဧကရာဇ်အပြင် မင်တဲသာ ရှိပေသည်။ သမိုင်းတစ်လျှောက်တွင် မင်တဲသည် ထိုစစ်တပ်ကို သူ့သဘောနှင့်သူ မသုံးခဲ့ဖူးပေ။ တမလွန်ဘုံဧကရာဇ်ကိုယ်တိုင်သာ စစ်တပ်ကို တိုက်ပွဲသို့ ဦးဆောင်ခဲ့သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်ဧကရာဇ်တို့ ထိုစစ်တပ်ကို မြင်သောအခါ ပထမဆုံး တွေးမိသော အတွေးမှာ တမလွန်ဘုံဧကရာဇ် ပြန်လည်ထွက်ပေါ်လာပြီလောဟူ၍ပင်။

တော်သေးသည်မှာ သူတို့ တမလွန်ဘုံဧကရာဇ်၏ အရှိန်အဝါကို အာရုံမခံမိခြင်းပင်။ သို့ပင်လျှင် မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့သည် တမလွန်ဘုံဧကရာဇ်စစ်တပ်ကို မြင်သည်နှင့် ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် တပ်သားဆယ်သန်းကို ခေါ်လာခဲ့သည်။ ယခုတွင် တပ်သားသုံးသန်းကျော် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့ ယခု ပြန်မဆုတ်လျှင် ကျန်နေသော တပ်သားခြောက်သန်းကျော်ပါ ဤနေရာတွင် သေဆုံးသွားနိုင်ပေသည်။

မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့သည် ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးနှင့် သရေအခြေအနေရအောင်သာ တိုက်ခိုက်နိုင်သည်။ လက်ရှိတွင် သူတို့ဘက်က အရေးနိမ့်နေပြီး တမလွန်ဘုံဘုရင်ရှစ်ပါး၏ ဖိနှိပ်မှုကို ခံနေရသည်။ ယခု မင်တဲပါ ရောက်လာပြီဖြစ်၍ မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်ဧကရာဇ်တို့ ပြန်ဆုတ်ကြရပေတော့မည်။ မဟုတ်လျှင် သူတို့လည်း ဤဘုံထဲတွင် ပိတ်မိနေနိုင်သည်။ ကျန်သော တပ်သားခြောက်သန်းကျော်မှာလည်း လူစေ့ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ဟု သူတို့ တွေးပေသည်။

တမလွန်ဘုံဧကရာဇ်စစ်တပ်ကို တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် ဖွဲ့စည်းထားခြင်း မဟုတ်သလို တော်ဝင်မိသားစုဝင်များနှင့် ဖွဲ့စည်းထားခြင်းလည်း မဟုတ်ပေ။ လူသားများနှင့် ဖွဲ့စည်းထားခြင်းပင်။

ထိုစစ်တပ်တစ်တပ်လုံးကို တမလွန်ဘုံရုပ်သေးရုပ်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သို့သော် ၎င်းတို့က သာမန် တမလွန်ဘုံရုပ်သေးရုပ်များ မဟုတ်ပေ။ အုပ်ချုပ်သူအဆင့် တမလွန်ဘုံရုပ်သေးရုပ်များဖြစ်ကြသည်။ ၎င်းတို့၏ အရေအတွက်ကလည်း မများပါ။ တစ်သိန်းသာရှိသည်။ သို့သော် ထိုတမလွန်ဘုံရုပ်သေးရုပ်တစ်သိန်းစလုံးသည် တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် မွမ်းမံပေးထားသူများဖြစ်ကြသည်။ ၎င်းတို့၏ ရုပ်ခန္ဓာများက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ၏ ရုပ်ခန္ဓာများနှင့်ပင် ယှဉ်နိုင်ကြသည်။ ၎င်းတို့သည် သာမန်တပ်သားများနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို အလွယ်တကူ အနိုင်ယူနိုင်ကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှုများက အလွန်ရိုးရှင်းသည်။ ၎င်းတို့သည် ၎င်းတို့၏ သန်မာသော ရုပ်ခန္ဓာနှင့် တမလွန်ဘုံအရှိန်အဝါကို အားထား၍ တိုက်ခိုက်ကြခြင်းဖြစ်သည်။

တမလွန်ဘုံဧကရာဇ်စစ်တပ်၏ တမလွန်ဘုံအရှိန်အဝါမှာ သာမန်မဟုတ်ပေ။ ၎င်းမှာ တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် တမလွန်ချောက်နက်ထဲတွင် ဖန်တီးခဲ့သော တမလွန်ဘုံသေမင်းအရှိန်အဝါဖြစ်သည်။ ထိုအရှိန်အဝါက တမလွန်ဘုံ၏ ကြောက်မက်ဖွယ်အကောင်းဆုံး တမလွန်ဘုံအရှိန်အဝါပင်။ အကယ်၍ သာမန် သိုင်းသမားများသာ ထိုအရှိန်အဝါနှင့် ထိတွေ့သွားလျှင် ရုတ်ခြည်း ထိန်းချုပ်ခံရပေလိမ့်မည်။

“ပြန်ဆုတ်ကြ...”

စစ်သေနာပတိများက တစ်ပြိုင်တည်း အော်ဟစ်၍ သူတို့၏ တပ်ဖွဲ့များကို ကောင်းကင်ထက်သို့ ဦးဆောင်ခေါ်သွားကြ၏။ ရူးသွပ်မဟာဧကရာဇ်နှင့် မိုးပြာမဟာဧကရာဇ်တို့သည် ချက်ချင်း ပြန်မဆုတ်ကြသေးဘဲ တမလွန်ဘုံဧကရာဇ်စစ်တပ်ကို တိုက်ခိုက်လိုက်ကြသည်။

ရွှစ်...

မိုးပြာမဟာဧကရာဇ်သည် သူ၏ မိုးပြာမဟာဧကရာဇ်ဓားကို သုံးလိုက်၏။ သူသည် ဓားကို ခပ်ဖွဖွ ယမ်း၍သာ တိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှုက ရိုးရှင်းသည်ဟု ထင်ရသော်လည်း အာကာပြင်ထဲတွင် မိုင်တစ်သောင်းရှည်၍ မီတာတစ်ထောင်ကျယ်သော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ၎င်းသည် ကောင်းကင်ကို စုတ်ဖြဲနိုင်သော လျှပ်စီးတန်းတစ်တန်းကဲ့သို့ပင်။ မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်၊ မည်သည့်တမလွန်ဘုံဘုရင်ကမှ သူ၏တိုက်ခိုက်မှုကို မကာနိုင်ပေ။ ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးပင် ချက်ချင်း ရှောင်လိုက်ကြရသည် မဟုတ်၍ သူတို့ ဓားချက်တစ်ချက် ထိမှန်ခံရပါက သေသွားပေလိမ့်မည်။

ရူးသွပ်မဟာဧကရာဇ်က ကောင်းကင်ခွင်းပုဆိန်ကို ကိုင်၏။ ထိုပုဆိန်က ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုဖြစ်သည်။ သူ ပုဆိန်ကို လွှဲလိုက်တိုင်း မရေမတွက်နိုင်သော စက်ဝိုင်းခြမ်းပုံ ပုဆိန်အလင်းများ ထွက်သွားသည်။ ထို့ကြောင့် သူ တိုက်ခိုက်လိုက်တိုင်း ကောင်းကင်ထဲတွင် ပုဆိန်အလင်းများ ပြည့်နှက်သွားသည်။ ထို့ပြင် ၎င်းပုဆိန်အလင်းများက တစ်ဖြောင့်တည်း ပျံထွက်သွားသည် မဟုတ်ဘဲ အနက်ရောင်နဂါးတစ်ကောင်အဖြစ် ပေါင်းစည်းကာ လေကိုခွင်းသွားပေသည်။

ထိုအခိုက်တွင် မဟာဧကရာဇ်နှစ်ပါးသည် ယခင်ကထက် ဆယ်ဆပိုလျင်မြန်စွာ တိုက်ခိုက်နေသည်။ သူတို့က လေထဲတွင် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေပြီး သာမန် အုပ်ချုပ်သူအဆင့် သိုင်သမားများပင် သူတို့ကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ သို့သော် သူတို့ ထိုမျှမလျင်မြန်လျှင်လည်း ယခုလောက်ဆို သေလျှင်သေ၊ မသေလျှင် ဒဏ်ရာရပြီးနေလောက်ပေပြီ။

ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးကလည်း လေထဲတွင် လျင်မြန်စွာ ပျံသန်း၍ မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ကို ဝန်းရံထားနေကြ၏။ သူတို့သည် တမလွန်ဘုံအရှိန်အဝါကိုလည်း ထုတ်ကာ ၎င်းဖြင့် အာကာပြင် ကီလိုမီတာတစ်ထောင်ပတ်လည်ကို လွှမ်းခြုံလိုက်သည်။ တမလွန်ဘုံအရှိန်အဝါထဲတွင် သူတို့က ပို၍ လျင်မြန်သွားကြသည်။ သူတို့ထံတွင် ရုပ်ခန္ဓာမရှိဟုပင် ထင်ရလာသည်။ ရူးသွပ်မဟာဧကရာဇ်နှင့် မိုးပြာမဟာဧကရာဇ်တို့အနေဖြင့် တမလွန်ဘုံဘုရင်များကို ထိအောင်တိုက်ခိုက်ရန် မလွယ်ကူ‌တော့ပေ။ မဟုတ်လျှင် မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားနှင့်ဆိုလျှင် ယခုလောက်ဆို သူ တမလွန်ဘုံဘုရင် တစ်ပါး၊ နှစ်ပါးလောက်ကို သတ်ပြီးနေလောက်ပြီဖြစ်သည်။

“ဝူ...ဝူ...”

လေထဲတွင် ဧရာမတံခွန်နက်ကြီးတစ်ခု ဝဲလွင့်နေ၏။ မင်တဲ စတင်လှုပ်ရှားလိုက်သည်။ ဝဲလွင့်နေသော တံခွန်နက်မှနေ၍လည်း အနက်ရောင်သင်္ကေတများ အဆက်မပြတ် လင်းလက်လာသည်။ ဆန်းကြယ်သော ပုံသဏ္ဌာန်များလည်း ထွက်ပေါ်လည်ပတ်လာပြီး မကောင်းဆိုးဝါးတစ်ကောင်၏ အော်သံနှင့်တူသည့် ကြောက်မက်ဖွယ်အသံတစ်သံမှာလည်း မိုးမြေတစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ ပတ်ဝန်းကျင် အာကာပြင်က အတန်ငယ် တုန်ခါသွားပြီး လေအေးတစ်ချက် တိုက်ခတ်လာသည်။ ထို့နောက် အလွန်သိပ်သည်းသော တမလွန်ဘုံအရှိန်အဝါက တလိပ်လိပ် ထွက်ပေါ်လာပြီး မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ကို လွှမ်းခြုံသွားလေသည်။

ထိုတံခွန်မှ တမလွန်ဘုံအရှိန်အဝါက တမလွန်ဘုံဘုရင်များ၏ ခန္ဓာကိုယ်မှ တမလွန်ဘုံအရှိန်အဝါများနှင့် ကွာခြားသည်။ အကယ်၍ တမလွန်ဘုံဘုရင်များ၏ ခန္ဓာကိုယ်မှ တမလွန်ဘုံအရှိန်အဝါက ကြည်လင်သောရေဆိုလျှင် ထိုတံခွန်မှ အရှိန်အဝါက အနှစ်တစ်ခုကဲ့သို့ဖြစ်သည်။ ၎င်းက အဆတစ်ရာ ပိုသိပ်သည်းပေသည်။

‘မကောင်းဆိုးဝါးဘုရင်တံခွန်၊ တမလွန်ဘုံသေမင်းအရှိန်အဝါ’

မိုးပြာမဟာဧကရာဇ် မျက်မှောင်ကြုတ်လိုက်၏။ သူ ထိုတံခွန်ကို မှတ်မိ၏။ တစ်ခါတွင် သူ ၎င်းကြောင့် မရှုမလှရှုံးကာ အသတ်ခံရမလိုပင် ဖြစ်ခဲ့ဖူးသည်။ ထိုတံခွန်မှာ မီးဝိညာဉ်ပုလဲကဲ့သို့ဖြစ်ပြီး တမလွန်ချောက်နက်ထဲတွင် ဖြစ်တည်လာခြင်းဖြစ်သည်။ ၎င်းတွင် တမလွန်ဘုံသေမင်းအရှိန်အဝါ ရှိပေသည်။

တမလွန်ဘုံသေမင်းအရှိန်အဝါသည် မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ကို ရုတ်ခြည်း မထိန်းချုပ်နိုင်ပါ။ သို့သော် ၎င်းက သူတို့၏ အမြန်နှုန်းကို ထိခိုက်စေသည်။ သူတို့ တမလွန်ဘုံသေမင်းအရှိန်အဝါထဲတွင် ကြာရှည်နေမည်ဆိုလျှင် သူတို့၏ တိုက်ခိုက်စွမ်းအားနှင့် အမြန်နှုန်းတို့က လျော့နည်း၍ လာပေလိမ့်မည်။ ထိုအခါ သေခြင်းကသာ သူတို့ကို စောင့်ကြိုနေပေလိမ့်မည်။

“သွားမယ်...”

မိုးပြာမဟာဧကရာဇ်သည် တံခွန်မှနေ၍ သွေးရောင် ဧရာမအရိုးခေါင်းကြီးများ ထွက်လာသည်ကို မြင်လိုက်သောအခါ ထပ်၍ မျက်နှာပျက်သွား၏။ သူ ‌ဒေါသတကြီး အော်လိုက်ပြီး ဆက်၍ နှောင့်နှေးမနေတော့ဘဲ ဓားကို အကြိမ်အနည်းငယ် ယမ်းကာ ရူးသွပ်မဟာဧကရာဇ်နှင့်အတူ အထက်သို့ ပျံတက်သွားလိုက်သည်။

ထိုသွေးရောင်အရိုးခေါင်းများကလည်း မူလရတနာများဖြစ်ကြသည်။ အရိုးခေါင်းတစ်ခေါင်းလျှင် ပေတစ်သောင်းရှည်သည်။ ၎င်းတို့မှာ တမလွန်ဘုံဧကရာဇ်ကို ကျော်ကြားစေခဲ့သော မကောင်းဆိုးဝါးအသုံးအဆောင် သုံးခုထဲမှ တစ်ခုဖြစ်သည်။ သို့သော် ၎င်းတို့က ဤနေရာတွင် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။

မိုးပြာမဟာဧကရာဇ်သည် တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာပြီး သူ့ကို အလစ်ဝင်တိုက်ကာ သတ်ပစ်မည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် သူ ချက်ချင်း ပြန်ဆုတ်သွားခြင်းဖြစ်သည်။ တမလွန်ဘုံဧကရာဇ်၏ အလစ်တိုက်ခိုက်မှုများက လောကထဲတွင် အကောင်းဆုံးဖြစ်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင် သူ၏ အလစ်တိုက်ခိုက်မှုကြောင့် သေခဲ့ရခြင်းဟု ဆိုကြသည်။ နောက်ပိုင်းတွင်လည်း သူ၏အလစ်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသော ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများစွာ ရှိခဲ့ပေသည်။

ထိုအခိုက်တွင် လူသားစစ်တပ်၏ တစ်ဝက်လောက်က ပြန်ဆုတ်ပြီးသွားပြီဖြစ်သည်။ သို့သော် ကောင်းကင်ထဲတွင် တပ်သားနှစ်သန်းလောက် ကျန်နေသေးသည်။ မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ ထွက်ပြေးသွားသောအခါ မင်တဲနှင့် ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးတို့သည် တမလွန်ဘုံမျိုးနွယ်စစ်တပ်ကို ဦးဆောင်၍ သူတို့နောက်သို့ လိုက်သွားကြသည်။

မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့သည် အခြေအနေမဟန်ကြောင်း တွေ့သဖြင့် ရွေးချယ်စရာမရှိ‌တော့ဘဲ တပ်သားနှစ်သန်းကို လက်လျှော့ကာ အာကာသထဲ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးကြရလေသည်။

“ကျား...”

မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများ အေးစက်သွား၏။ ရုတ်တရက် သူ သူ့အနောက်ရှိ လမ်းကြောင်းကြီးဆီသို့ လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးရိုက်ချက်က တိုက်ခိုက်မှု မဟုတ်ပါ။ ထိုအစား လက်ဝါးရာက ကြီး၍ ကြီး၍လာပြီး ဧရာမလက်ကြီးတစ်ဘက်အဖြစ် ပြောင်းလဲကာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

“သွားမယ်...”

တပ်သားနှစ်သန်း၏ လွတ်လမ်းကို ပိတ်ခဲ့သော်လည်း မိုးပြာမဟာဧကရာဇ်၏ မျက်နှာထားက တစ်ချက်ပြောင်းမသွားပါ။ သူ ဒေါသတကြီး အော်လိုက်ပြီး လွတ်ခဲ့သော တပ်သားများကို ဦးဆောင်ကာ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်သွားလိုက်ပေသည်။ သူက ရက်စက်ခြင်း မဟုတ်ပေ။ သူ ထိုလမ်းကြောင်းကို မပိတ်ခဲ့လျှင်လည်း ထိုတပ်သားနှစ်သန်းက လွတ်မြောက်နို်ငလိမ့်မည် မဟုတ်ပါ။

“မိုးပြာမဟာဧကရာဇ်... ကောင်းကင်ဝိညာဉ်ဘုံကိစ္စကို ဘာဆက်လုပ်သင့်လဲ”

ရူးသွပ်မဟာဧကရာဇ်က မိုးပြာမဟာဧကရာဇ်ထံသို့ လျှို့ဝှက်အသံပို့လွှတ်လိုက်၏။ မိုးပြာမဟာဧကရာဇ်သည် ခေတ္တမျှ တွေးတောပြီးမှ ပြန်အသံပို့လွှတ်လိုက်သည်။

“ယန်မဟာဧကရာဇ်ဆီ အသံပို့လွှတ်ပြီး သူ့ကို ပြန်ဆုတ်ဖို့ ပြောလိုက်ပါ။ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာလောက်ပြီ။ အရင်ဆုံး ကျုပ်တို့ ကမ္ဘာဦးကောင်းကင်ဘုံဆီ ပြန်ဆုတ်သွားတာ ကောင်းလိမ့်မယ်”

မဟာဧကရာဇ်လေးပါးသည် နှစ်ထောင်ပေါင်းများစွာ သုံး၍ ကမ္ဘာဦးကောင်းကင်ဘုံတွင် အစီအရင်ကြီးတစ်ခုကို တည်ဆောက်ထားခဲ့သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်သည် ကမ္ဘာဦးကောင်းကင်ဘုံမှနေ၍ ခုခံရန်ကို ပိုယုံကြည်မှုရှိသည်။ အကယ်၍ သူတို့အားလုံး အာကာသထဲမှ တိုက်ပွဲတွင် ကျဆုံးသွားမည်ဆိုလျှင် လူသားမျိုးနွယ်၏ မျှော်လင့်ချက်က လုံးဝပျက်သုဉ်းသွားမည်ဖြစ်သည်။

“ကောင်းပြီ...”

ရူးသွပ်မဟာဧကရာဇ်သည် ထိုအခိုက်တွင် စိတ်ကြီးမဝင်ရဲတော့ပါ။ သူ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်၍သာ ယန်မဟာဧကရာဇ်ကို ဆက်သွယ်လိုက်သည်။ ထို့နောက် သူ သူ၏စစ်တပ်ကို ဦးဆောင်၍ နောက်ပြန်လှည့်မကြည့်တော့ဘဲ ကမ္ဘာဦးကောင်းကင်ဘုံဆီ ပျံသန်းသွားလိုက်လေသည်။

ဝုန်း...ဝုန်း...

အမွေးတိုင်သုံးတိုင်စာအတွင်းမှာပင် မင်တဲက မိုးပြာမဟာဧကရာဇ် ချန်ခဲ့သော လက်ဝါးရာကြီးကို ဖောက်ခွဲပစ်နိုင်လိုက်သည်။ ကောင်းကင်ကြယ်စုဘုံထဲတွင် ကျန်ခဲ့သည် တပ်သားနှစ်သန်းစလုံးမှာ တမလွန်ဘုံရုပ်သေးရုပ်များ ဖြစ်နေပေပြီ။ ကောင်းကင်ထဲတွင် အနက်ရောင်အခိုးအငွေ့များ ပြည့်နှက်သွားပြီး တမလွန်ဘုံမျိုးနွယ်စစ်တပ်က ဘုံအပြင်သို့ လျင်မြန်စွာ ပျံထွက်သွားကြသည်။ ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးသည်လည်း သာမန်တမလွန်ဘုံဘုရင်တစ်စုကို ဦးဆောင်၍ အာကာသဟင်းလင်းပြင်ထဲ ပျံထွက်သွားကြလေသည်။

ရွှီ...

ဟင်းလင်းပြင်ထဲတွင် ကြီးမားရုပ်ဆိုးသော မျက်နှာကြီးတစ်ခု ဖြစ်ပေါ်လာ၏။ မင်တဲသည် အာကာသဟင်းလင်းပြင်ကို အေးစက်စက်မျက်လုံးများနှင့် ဝေ့ဝဲကြည့်ကာ အမိန့်ပေးလိုက်သည်။

“လိုက်ကြ... ဒီတစ်ခေါက် ငါတို့ ကမ္ဘာဦးကောင်းကင်ဘုံကို ဖျက်ဆီးမပစ်နိုင်ရင်တောင် အနည်းဆုံး လူသားမျိုးနွယ်စစ်တပ်ရဲ့ တစ်ဝက်လောက်ကို ရှင်းပစ်နိုင်ရမယ်”

အာကာသဟင်းလင်းပြင်ထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင်များ ပြည့်နှက်နေ၏။ ၎င်းတို့သည် အမျိုးမျိုး အော်ဟစ်ကာ ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ ဦးတည်ပျံသန်းသွားကြသည်။ တမလွန်ဘုံဘုရင်အချို့ကလည်း သူတို့၏ တပ်ဖွဲ့များကို ဦးဆောင်၍ ကောင်းကင်ဝိညာဉ်ဘုံဆီသို့ ပျံသန်းသွားကြသည်။ သူတို့သည် အာကာသထဲ ထွက်လာမည့် ယန်မဟာဧကရာဇ်နှင့် သန်းဆယ်ချီသော တပ်သားများကို ဆီးတိုက်ရန် ကြံရွယ်ထားကြပေသည်။

***

All Chapters