ကောင်လေး၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ
Vol. 135 Ch. 1880
“တမလွန်ဘုံဧကရာဇ်စစ်တပ်လား”
ချီဟုန်သည်လည်း တမလွန်ဘုံဧကရာဇ်စစ်တပ်ကို တွေ့သောအခါ တုန်လှုပ်သွား၏။ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာပြီဟု သူ တွေးမိသွားသည်။ သမိုင်းတွင် တမလွန်ဘုံဧကရာဇ် ထွက်လာမှသာ တမလွန်ဘုံဧကရာဇ်စစ်တပ် ထွက်ပေါ်လာသည်။ ထိုစစ်တပ်မှာ တမလွန်ဘုံဧကရာဇ်၏ ကိုယ်ပိုင်စစ်တပ်၊ တော်ဝင်စစ်တပ်ပင်။
ချီဟုန်၏ ကောင်းကင်စိတ်အာရုံက အကြိမ်ကြိမ် အာရုံခံနေ၏။ သို့သော် မည်သည်ကိုမှ ရှာမတွေ့ပေ။ မင်တဲနှင့် အခြားသူများသည် မိုးပြာဧကရာဇ်တို့နောက်သို့ လိုက်သွားပြီဖြစ်သည်။ ချီဟုန်က အတန်ကြာ လှည့်ပတ်အာရုံခံနေပြီးနောက် ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာလေသည်။
“အာ...”
ကျန်းရီသည် သူ့အရှေ့ကို ကြည့်ပြီးနောက် အတန်ငယ် မှင်တက်သွား၏။ သူ၏ ပထမဆုံးအတွေးမှာ ချီဟုန်က သူ့ကို တောင်ကြားအပြင်သို့ ခေါ်သွားပြီးပြီဟူ၍ပင်။ ပတ်ဝန်းကျင်တွင် မီးတောက်များ ရှိမနေတော့ဘဲ တောင်ကြားအလွတ်ကြီးသာ ရှိတော့သည် မဟုတ်ပါလား။
ကျန်းရီ နိုးလာခြင်းမှာ မီးတောက်အကုန်လုံးကို စုပ်ယူပြီးသွား၍ဖြစ်သည်။ မီးဝိညာဉ်ပုလဲက သူ့ကို ဆက်ကာကွယ်ပေးနေစရာ မလိုတော့၍ သူ့စိတ်ဝိညာဉ်ထဲမှ စွမ်းအင်က ပျောက်ကွယ်သွားသည်။ ထိုအခါ သူ နိုးလာခြင်းဖြစ်သည်။
ရွှီး...
ကျန်းရီ၏ အရှေ့တွင် ဧရာမမျက်လုံးတစ်စုံ ဖြစ်တည်လာ၏။ ချီဟုန် စိတ်မရှည်နိုင်ဟန်နှင့် မေးလိုက်သည်။
“ကောင်လေး... မင်း နိုးလာပြီလား။ မင်း မီးအရင်းအမြစ်ကို ဘယ်လို စုပ်ယူခဲ့တာလဲ”
“မီးအရင်းအမြစ်လား”
ကျန်းရီ နားမလည်ဟန်နှင့် မျက်တောင်ပုတ်ခတ်လိုက်၏။ သူသည် နိုးထလာခါစဖြစ်၍ သူ့ခန္ဓာကိုယ်ကို စစ်မကြည့်ရသေးပေ။ ယခု ချီဟုန်က မေးနေရာ သူ သူ့ခန္ဓာကိုယ်ကို အလိုလို စစ်ဆေးမိသွားသည်။
နောက်ဆုံးတွင် ကျန်းရီ ထခုန်လိုက်ပြီး မျက်လုံးပြူးမျက်စံပြူးနှင့် ဝမ်းဗိုက်ကို ကိုင်ကာ ပြောလိုက်သည်။
“အရှင်ချီဟုန်... ဘာဖြစ်တာလဲ။ ဘယ်လိုလုပ် မီးအရင်းအမြစ်က ကျွန်တော့်ခန္ဓာကိုယ်ထဲ ရောက်နေရတာလဲ”
ချီဟုန် ဆွံ့အသွားသည်။ ကျန်းရီက သူ့ကို မေးနေရာ သူက မည်သူ့ကို မေးရမည်နည်း။ သူ သက်ပြင်းချကာ ပြောလိုက်သည်။
“ငါက ဘယ်လိုလုပ် သိမှာလဲ။ မီးအရင်းအမြစ်က မင်းခန္ဓာကိုယ်ထဲ ဘယ်လိုရောက်နေတာလဲ တွေးမနေနဲ့တော့။ မင်း မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်လား ကြည့်ကြည့်လိုက်”
ကျန်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နဝမမြောက်ကြယ်စက်လုံးအပေါ် အာရုံစိုက်လိုက်၏။ ခေတ္တကြာပြီးနောက် သူ ခေါင်းခါကာ ပြောလိုက်သည်။
“အရှင်ချီဟုန်... ကျွန်တော် ထိန်းချုပ်လို့ မရဘူး။ အဲ့မီးတောက်တွေကို ရွှေ့လို့တောင် မရဘူး”
“အဲ့ဒါက...”
ချီဟုန်သည် ယခုတွင် ကျန်းရီကို နားမလည်နိုင်တော့ပေ။ သူက စုပ်ယူနိုင်သော်လည်း အဘယ်ကြောင့် မထိန်းချုပ်နိုင်ရသနည်း။ ချီဟုန် အတန်ငယ် စိတ်ပျက်စွာနှင့် ပြောလိုက်သည်။
“မင်းခန္ဓာကိုယ်မှာ ဘာအပြောင်းအလဲတွေရှိလဲ ကြည့်လိုက်။ တစ်ခုခုမှားနေလား သေချာစစ်ကြည့်ပါ။ တမလွန်ဘုံဘုရင်တွေက ဘုံအပြင်ကို ထွက်သွားပြီ.. တမလွန်ဘုံစစ်တပ်ကလည်း ထွက်နေတုန်းပဲ။ မင်း ဒီအခွင့်အရေးကို အသုံးချပြီး ထွက်သွားရမယ်”
မီးအရင်းအမြစ်မှာ တိုက်ခိုက်ခုခံနိုင်စွမ်းကို သိသိသာသာ တိုးတက်သွားစေမည်ဖြစ်သည်။ သို့သော် ကျန်းရီက ယင်းကို မထိန်းချုပ်နိုင်သည်လော။ ချီဟုန် စိတ်မဖြေနိုင်ဘဲ နှမြောနေမိသည်။ ကျန်းရီကိုယ်တိုင်ပင် သူက မီးအရင်းအမြစ်ကို မည်သို့ စုပ်ယူခဲ့ကြောင်း မသိပေ။ သို့ဖြစ်ရာ မေးခွန်းများ ထပ်မေးနေလျှင်လည်း အကျိုးရှိလိမ့်မည် မဟုတ်ချေ။
ကျန်းရီ သွက်လက်စွာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို စူးစမ်းလိုက်၏။ သူ အကြိမ်အနည်းငယ် သေချာစွာ စူးစမ်းပြီးနောက် နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ မီးအရင်းအမြစ်မှလွဲ၍ အခြားပြောင်းလဲမှုများ မရှိကြောင်း သိလိုက်ရသည်။ သူ မည်သည့်ပြဿနာကိုမှလည်း ရှာမတွေ့ပေ။ ကျန်းရီ ကောင်းကင်စွမ်းအားနှင့် မိုးမြေစွမ်းအားကို ထုတ်ကြည့်ရာတွင်လည်း မည်သည့်ပြဿနာကိုမှ မတွေ့ချေ။
‘ဘာလို့ မီးအရင်းအမြစ်က ငါ့ နဝမမြောက်ကြယ်စက်လုံးထဲ ရောက်သွားရတာလဲ။ အဲ့ဒါက ငါ လျှပ်စီးအနှစ်သာရကို သိမြင်နားလည်လာတာနဲ့ ဆိုင်မလား။ ငါက လျှပ်စီးက မီးကို ဖန်တီးနိုင်တဲ့အကြောင်းကို လေ့လာဆင်ခြင်နေလို့ မီးအရင်းအမြစ်က စုပ်ယူခံခဲ့ရတာလား။ ငါသာ လျှပ်စီးက မီးကို ဖန်တီးနိုင်တဲ့အကြောင်းကို အပြည့်အဝ နားလည်သွားရင် မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်မှာလား’
ကျန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ သူ ရင်ခုန်လည်း မြန်လာသည်။ ထိုလျှပ်စီးအနှစ်သာရက မည်မျှစွမ်းအားကြီးသနည်း။ လျှပ်စီးက ရေကို ဖန်တီးနိုင်သည့် အကြောင်းကို လေ့လာလျှင် သူ ရေအရင်းအမြစ်ကို စုပ်ယူနိုင်ပြီး၊ လျှပ်စီးက သစ်သားကို ဖန်တီးနိုင်သည့် အကြောင်းကို လေ့လာလျှင် သစ်သားအရင်းအမြစ်ကို စုပ်ယူနိုင်မည်လော။ သို့သော် ဤလောကထဲတွင် ရေအရင်းအမြစ်နှင့် သစ်သားအရင်းအမြစ်ဟူ၍ ရှိပါသလော။
ကျန်းရီ မျက်လုံးဖွင့်ကာ မေးလိုက်သည်။
“အရှင်ချီဟုန်... ဒီလောကထဲမှာ ရေအရင်းအမြစ်၊ သစ်သားအရင်းအမြစ်၊ မြေအရင်းအမြစ်နဲ့ သတ္တုအရင်းအမြစ်တွေရော ရှိပါသလား”
“ရှိတယ်...”
ချီဟုန်က ပုံမှန်အတိုင်း ပြန်ဖြေသည်။
“မီးအရင်းအမြစ်ရှိရင် သစ်သားအရင်းအမြစ်လည်း ရှိရမှာပေါ့။ ငါ အရင်က သစ်သားအရင်းအမြစ်ကို တွေ့ဖူးတယ်။ မင်းက ဘာလို့ အဲ့ဒါကို မေးနေတာလဲ”
“တကယ်ပဲ ရှိတာလား”
ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွားသည်။ သူ မီးအရင်းအမြစ်၊ သစ်သားအရင်းအမြစ်တို့နှင့် အဘယ်အား လုပ်နိုင်မည်ကို မသိသလို ၎င်းတို့ကို ထိန်းချုပ်နိုင်၊ မနိုင်ကိုလည်း မသိပေ။ သို့သော် ထိုနဝမမြောက်ကြယ်စက်လုံးထဲတွင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ အရင်းအမြစ်ငါးခု ရှိလာလျှင် သူ အကြီးအကျယ် အံ့အားသင့်ရလိမ့်မည်ဟု ခပ်ရေးရေး ခံစားနေရသည်။ ထိုအံ့အားသင့်ရမှုက တစ်လောကလုံးကိုလည်း တုန်လှုပ်သွားစေလိမ့်မည်ဟု သူ ထင်နေမိသည်။
“ကောင်လေး... မင်းပြီးပြီလား။ ဒီမှာ တွေဝေမနေနဲ့။ အခုက ထွက်သွားဖို့ အကောင်းဆုံးအချိန်ပဲ”
ချီဟုန်၏ စကားများက ကျန်းရီကို သတိပြန်ကပ်သွားစေ၏။ သူ သွက်လက်စွာ ထရပ်၍ ပြောလိုက်သည်။
“ကောင်းပါပြီ အရှင်... အရင်ဆုံး ထွက်သွားကြတာပေါ့”
“အင်း... ချက်ချင်း တမလွန်ဘုံမျိုးနွယ်ဝင်လို ပုံပြောင်းပြီး ကောင်းကင်ကြယ်စုမြို့ဆီ လျှို့ဝှက်ပြီးသွားလိုက်။ ဒီက မီးအရင်းအမြစ်က ပျောက်ကွယ်သွားပြီး။ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်တွေက အဲ့ဒါကို အာရုံခံမိလိမ့်မယ်။ အရင် သွားလိုက်။ နောက်မှ ငါ လိုက်လာမယ်”
“ကောင်းပါပြီ”
ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း လက်လာပြီး မျက်နှာစိမ်းအစွမ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ သူ တိတ်တဆိတ်ပျံတက်၍ တောင်ကြားထဲမှထွက်ကာ ကောင်းကင်ကြယ်စုမြို့သို့ ဦးတည်သွားလိုက်သည်။ သူ ပျံမသွားဝံ့ပေ။ သူ၏ အမြန်နှုန်းကလည်း အလွန်နှေးလာသည်။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းလည်း ဝင်လိုက်သည်။ အကယ်၍ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်က သူ့ကို စူးစမ်းမည်ဆိုလျှင်ပင် သူ့အကြောင်းကို ချက်ချင်း သိနိုင်လိမ့်မည် မဟုတ်ချေ။
မီးအရင်းအမြစ်အနီးတွင် မည်သည့် စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်မှ ရှိမနေပေ။ ကောင်းကင်ကြယ်စုမြို့ထဲရှိ တမလွန်ဘုံဘုရင်များ ထွက်သွားကြပြီဖြစ်သည်။ တော်ဝင်မိသားစုဝင်များနှင့် စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးလည်း လိုက်သွားကြပေပြီ။ ထိုအခိုက်တွင် တမလွန်ဘုံမျိုးနွယ်စစ်တပ်က ထွက်သွားနေဆဲရှိသေးသည်။ ထို့ကြောင့် မည်သူကမှ ကျန်းရီကို သတိမထားမိကြပေ။
ရွှစ်...
ကျန်းရီက တစ်နာရီကြာ ပြေးသွားပြီးနောက် ချီဟုန် လိုက်မီလာ၏။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မီးဝိညာဉ်ပုလဲထဲ ဝင်လိုက်သည်။ ထို့နောက် သူ အသံပို့လွှတ်လိုက်လေသည်။
“ကောင်းပြီ.. အကုန်လုံး လုံခြုံတယ်။ ငါ တစ်ကြိမ် စစ်ဆေးပြီးပြီ။ ကောင်းကင်ကြယ်စုမြို့ထဲမှာ တမလွန်ဘုံဘုရင် သုံးပါးပဲ ရှိတယ်။ သူတို့က သိပ်စွမ်းအားမကြီးကြဘူး။ မင်း သတိထားမယ်ဆိုရင် အဆင်ပြေလောက်မှာပါ။ သူတို့ မင်းကို တွေ့သွားရင်လည်း မင်း သူတို့ကို သတ်ပစ်နိုင်တယ်။ မင်း မြန်မြန်တော့ ထွက်သွားရမယ်။ မိုးပြာမဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နဲ့ ယန်ကိုးပါစစ်တပ်က လိုက်တိုက်ခံရနေတယ်။ မင်း နှေးနေရင် သူတို့ကို လိုက်မီနိုင်မှာ မဟုတ်ဘူး”
“သူတို့က လိုက်တိုက်ခံနေရတာလား”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ အလေးအနက် မေးလိုက်သည်။
“ယန်ကိုးပါးစစ်တပ်ကလည်း လိုက်တိုက်ခံနေရတာလား။ ယန်ကိုးပါစစ်တပ်တစ်တပ်လုံး ထွက်လာခဲ့တာလား”
“တစ်တပ်လုံး ထွက်လာခဲ့တာထင်တယ်။ ဒီတစ်ခေါက် လူသားမျိုးနွယ် စွမ်းအားကြီး သိုင်းသမားအကုန်လုံး ထွက်လာတာပဲ”
ချီဟုန်က ပြန်ဖြေသည်။
“မင်တဲကလည်း တမလွန်ဘုံဧကရာဇ်စစ်တပ်ကို ခေါ်လာခဲ့တယ်။ အဲ့စစ်တပ်က အရမ်းအင်အားကြီးတယ်။ မိုးပြာမဟာဧကရာဇ်က တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာမှာကို ကြောက်တာ။ အဲ့ဒါကြောင့် သူက ချက်ချင်း ပြန်ဆုတ်သွားခဲ့တာ။ သူက ဒီဘုံထဲမှာ တပ်သားနှစ်သန်းတောင် ချန်ခဲ့သေးတယ်။ ဒီတစ်ခေါက် လူသားမျိုးနွယ်က သေချာပေါက် ရှုံးတော့မှာပဲ။ ခေါင်းဆောင်က သေတဲ့အထိတိုက်ဖို့ ဆုံးဖြတ်မထားဘူးဆိုရင် လူသားမျိုးနွယ်က ဘယ်လိုလုပ် တမလွန်ဘုံမျိုးနွယ်ကို ယှဉ်နိုင်မှာလဲ”
“လူသားမျိုးနွယ်ရဲ့ စွမ်းအားကြီး သိုင်းသမားတွေ အကုန်လုံး ထွက်လာခဲ့တာလား”
ကျန်းရီတစ်ယောက် ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားသွားရ၏။ သူ အခြားစစ်တပ်များကို ဂရုမစိုက်ပါ။ သို့သော် ယန်ကိုးပါးစစ်တပ်နှင့် ချီလင်းဧကရီစစ်တပ်ကိုတော့ သူ အလွန်စိုးရိမ်မိသည်။ ထိုစစ်တပ်နှစ်တပ်ထဲတွင် ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေးနှင့် ဟယ်နုန်ယင်းတို့ ရှိနေကြသည် မဟုတ်ပါလား။
လူသားမျိုးနွယ်က ကမ္ဘာဦးကောင်းကင်ဘုံအထိ လိုက်တိုက်ခံရမည်ဆိုလျှင် လမ်းခရီးရှည်ကြီး၌ ကိစ္စကြီးများစွာ ဖြစ်သွားနိုင်သည်။ စွမ်းအားကြီး သိုင်းသမားများစွာနှင့် တပ်သားများစွာ သေသွားနိုင်သည်။ အကယ်၍ ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေးနှင့် ဟယ်နုန်ယင်းတို့ တိုက်ပွဲတွင် ကျသွားမည်ဆိုလျှင် ကျန်းရီ သေချာပေါက် ရူးသွားပေလိမ့်မည်။
ဝှစ်...
ကျန်းရီသည် ထိုအတွေးများ တွေးမိသောအခါ အမြန်နှုန်းကို အဆုံးအစွန်အထိ မြှင့်တင်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်ကာ ကိုယ်ပျောက်သွားသည်။ ထို့နောက် သူသည် လေပြေတစ်ချက်အလား ကောင်းကင်ကြယ်စုမြို့ဆီသို ပျံသန်းသွားလိုက်လေသည်။
“မင်း ဘာလို့ ဒီလောက်မြန်မြန် သွားနေရတာလဲ။ လောစရာ မလိုပါဘူး”
ချီဟုန်က ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ကျန်းရီနှင့် ပတ်သတ်၍ တစ်ခုခု မူမမှန်ကြောင်းလည်း သူခံစားမိ၍ မေးလိုက်သည်။
“ကောင်လေး.. မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ကျန်းရီ၏ မျက်ဝန်းများက နီရဲလာသည်။ ၎င်းနောက် သူ ပြုံးကာ ပြောလိုက်သည်။
“ကောင်းကင်ကြယ်စုမြို့မှာ စွမ်းအားကြီး တမလွန်ဘုံဘုရင်တွေ မရှိတော့မှတော့ ကျွန်တော်က ဘာလို့ ကောင်းကင်ကြယ်စုမြို့ထဲက အယောက်တိုင်းကို မသတ်ပစ်ဘဲ နေရမှာလဲ။ ကျွန်တော် တမလွန်ဘုံမျိုးနွယ်ဝင် တစ်ယောက်ကို ပိုသတ်နို်ငလေ၊ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက် ပိုရှိလာလေပဲ။ ပြီးတော့... ဒီမှာ တစ်ခုခု ဖြစ်လာရင် တမလွန်ဘုံဘုရင်တွေက ဘယ်လိုလုပ် ကူညီဖို့ ပြန်မလာဘဲ နေနိုင်မှာလဲ”
***