← Chapters

မြို့ထဲတွင် နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

Vol. 135 Ch. 1881

မြို့ထဲတွင် နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

Vol. 135 Ch. 1881

ကောင်းကင်ကြယ်စုမြို့ထဲ၌ အမှန်ပင် တမလွန်ဘုံဘုရင်များစွာ ရှိမနေပေ။ တမလွန်ဘုံမျိုးနွယ်၏ ဗျူဟာမှာ မကောင်းပါ။ တမလွန်ဘုံတစ်ခွင်လုံးတွင် ဗျူဟာများကို သိသူမှာ တမလွန်ဘုံဧကရာဇ်တစ်ပါးသာ ရှိသည်။ ကျန်သော တမလွန်ဘုံဘုရင်များမှာ ဗျူဟာများကို အထင်မကြီးကြပေ။ သူတို့သည် အမြဲ သူတို့၏အင်အားကို သုံး၍သာ သူတို့၏ ပြိုင်ဘက်များကို အနိုင်ခဲ့ကြသည်ချည်းသာ။

ထို့ကြောင့် မင်တဲက တမလွန်ဘုံဧကရာဇ်စစ်တပ်ကို တိုက်ပွဲသို့ ဦးဆောင်သွားသောအခါ တမလွန်ဘုံမျိုးနွယ်သည် မြို့ကို စောင့်ကြပ်ရန် တမလွန်ဘုံဘုရင် သုံးပါးသာ ချန်ခဲ့သည်။ ကျန်နေသော တမလွန်ဘုံဘုရင်များက တိုက်ပွဲဆီသို့ လိုက်သွားကြသည်။ တမလွန်ဘုံမျိုးနွယ်မှ စွမ်းအားကြီးသူများ၏ အမြင်တွင် ဤတစ်ခေါက် လူသားမျိုးနွယ်က သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု မြင်သည်။ ထို့ပြင် မည်သူက ကောင်းကင်ကြယ်စုဘုံသို့ ပြန်လာ၍ ပြဿနာရှာဝံ့ပါမည်နည်း။

သို့သော် သူတို့ မသိသည်မှာ...

ကျန်းရီက ကောင်းကင်ကြယ်စုဘုံထဲ၌ ပုန်းအောင်းနေခဲ့သည်။ ကျန်းရီသည် ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေးနှင့် ဟယ်နုန်ယင်းတို့က အန္တရာယ်ရှိနေကြောင်း သိလိုက်သောအခါ တမလွန်ဘုံမျိုးနွယ်၏ စစ်တပ်ကို ပြန်မျှားခေါ်ရန် ကောင်းကင်ကြယ်စုမြို့ထဲရှိ အယောက်တိုင်းကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ပေသည်။

ကျန်းရီ၏ အမြန်နှုန်းက အဆုံးအစွန်ကို ရောက်နေပြီဖြစ်သည်။ အနိမ့်ဘုံအချိန် ဆယ်ရက်အတွင်းမှာပင် သူ ကောင်းကင်ကြယ်စုမြို့သို့ ရောက်ရှိသွားသည်။ သူ ကိုယ်ဖျောက်ထားလျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် သူ့ကို အာရုံမခံနိုင်ပေ။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကသာ အာရုံခံနိုင်သည်။ တစ်နည်းဆိုရသော် တမလွန်ဘုံဘုရင်မှ မဟုတ်လျှင် မည်သူကမှ သူ့ကို အာရုံခံနိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ ကောင်းကင်ကြယ်စုမြို့အနီးသို့ အလွယ်တကူ ရောက်လာလေသည်။

“အရှေ့ဆက်သွားလိုက်၊ ဘာပြဿနာမှ မရှိဘူး”

လမ်းတစ်လျှောက်တွင် ချီဟုန်က ကျန်းရီကို ကူညီ၍ အာရုံခံပေးနေသည်။ ကျန်းရီက ကောင်းကင်ကြယ်စုမြို့ တစ်မြို့လုံးကို သတ်ပစ်မည်ဟု ဆုံးဖြတ်ပြီးပြီဖြစ်၍ ချီဟုန် မည်သို့မှ မပြောတော့ပေ။ ကျန်းရီ ဆုံးဖြတ်သမျှက ကျန်းရီနှင့်သာ သက်ဆိုင်သည်။ ထိုဆုံးဖြတ်ချက်က အလွန်ရူးမိုက်ပုံ ပေါ်သော်လည်း ကျန်းရီက ဆုံးဖြတ်ပြီးပြီဖြစ်၍ ချီဟုန် သူ့ကို ဖျောင်းဖျရန် ကြိုးစားမနေတော့ချေ။ အားလုံးတွင် ကိုယ်ပိုင်ရွေးချယ်မှုများ ရှိကြသည်။ ကျန်းရီက ကံကြမ္မာပါသူတစ်ယောက်ဆိုလျှင် ကောင်းကင်ကြယ်စုမြို့ထဲတွင် သေလိမ့်မည် မဟုတ်ပေ။

“သတ်ကြ...”

ကျန်းရီ၏ ဆောင်းဥတုပုလဲက လင်းလက်လာပြီး ထျန်းဖုန့်ဧကရာဇ်၊ ကော့ချန်ဘုရင်၊ ဖုန့်နီ၊ ဟဲ့ရွှီဝမ်နှင့် ခွမ်ဟူတို့ ထွက်ပေါ်လာသည်။ ကျန်းရီသည် သူတို့အရှေ့မှ ကောင်းကင်ကြယ်စုမြို့ကို ကြည့်၍ အော်ပြောလိုက်သည်။

“အဲ့မြို့ကို မြေလှမ်ပစ်ကြ”

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်နှင့် အခြားနှစ်ယောက်တို့သည် တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ ပျံသန်းသွားကြသည်။ သို့သော် ဟဲ့ရွှီဝမ်နှင့် ခွမ်ဟူတို့မှာမူ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် မျက်နှာပျက်သွားကြလေ၏။ ယခင်တွင် ကျန်းရီက ကောင်းကင်ဝိညာဉ်မြို့ကို ဖျက်ဆီးခဲ့သည်။ ထိုမြို့မှာ တမလွန်ဘုံက ထိန်းချုပ်ထားသော မြို့တစ်မြို့ဟု သူတို့ သံသယရှိခဲ့ကြသည်။ ယခုတွင်လည်း ထိုဧရာမမြို့ကြီးကို ကြည့်ရာ မြို့ထဲရှိ တော်ဝင်မိသားစုဝင်များနှင့် မြို့အပြင်ရှိ တမလွန်ဘုံမျိုးနွယ်ဝင်များကို မြင်လိုက်ရ၍ သူတို့ ပိုသေချာသွားကြလေသည်။

“အရူးပဲ...”

ခွမ်ဟူက တီးတိုး ဆဲဆိုလိုက်၏။ ကျန်းရီက လူသားအနည်းငယ်၊ မိစ္ဆာအနည်းငယ်နှင့် တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားသော ဘုံတစ်ခုထဲ ဝင်လာဝံ့သည်လော။ သူက သေလိုလျှင်လည်း အဘယ်‌ကြောင့် သူတို့ကိုပါ ဆွဲထည့်ရသနည်း။

ဟဲ့ရွှီဝမ်လည်း ရင်ခုန်စိတ်လှုပ်ရှားနေသေးသည်။ ကျန်းရီက အနှေးနှင့်အမြန်ဆိုသလို အဆုံးသတ်သွားတော့မည်ဖြစ်သည်။ တမလွန်ဘုံတွင် စွမ်းအားကြီးသူများစွာ ရှိပြီး တမလွန်ဘုံဧကရာဇ်လည်း ပြန်ထွက်ပေါ်လာတော့မည်ဖြစ်သည်။ သူက ပြန်ပင် ထွက်ပေါ်လာပြီးလောက်ပြီလည်း ဖြစ်ပြီး ဘုံတစ်ခုထဲတွင် ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။ တမလွန်ဘုံဧကရာဇ်က တိုက်ခိုက်သည်နှင့် သူတို့ထဲက မည်သူမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သူက သေမည်ကို မကြောက်ပါ။ သူ တမလွန်ဘုံမျိုးနွယ်ဝင်များကို တိုက်ခိုက်ရင်း သေရမည်ဆိုလျှင် လူသားမျိုးနွယ်၏ သူရဲကောင်းတစ်ယောက်ပင် ဖြစ်နိုင်သေးသည်။ သို့သော် လေဘုံထဲတွင် ဟဲ့မျိုးနွယ်၏ ရန်သူများစွာရှိသည်။ သူတို့ဟဲ့မျိုးနွယ်က အခြေခိုင်အောင် ခြေကုပ်မယူနိုင်သေးပေ။ အကယ်၍ သူ သေသွားလျှင် လေဘုံထဲရှိ အခြားမျိုးနွယ်ကြီးများက ဟဲ့မျိုးနွယ်ကို တိုက်ခိုက်ကြပေလိမ့်မည်။ နောက်ဆုံးတွင်မူ ဟဲ့မျိုးနွယ် ပျက်သုဉ်းရမည်ဖြစ်သည်။

“မတိုက်ကြဘူးလား။ ခင်ဗျားတို့ မတိုက်ရင်လည်း ကျွန်တော်က ခင်ဗျားတို့ကို သတ်မပစ်ဘူးဆိုတာ ယုံလား”

ကျန်းရီက အရှေ့သို့ ပျံသန်းသွားပြီဖြစ်သည်။ သို့သော် ဟဲ့ရွှီဝမ်နှင့် ခွမ်ဟူတို့က မလှုပ်သေးကြောင်းကို တွေ့သောအခါ သူ အေးစက်စက် လှမ်းကြည့်၍ အော်ပြောလိုက်သည်။

“ခင်ဗျားတို့ ကျွန်တော့်အမိန့်တွေကို နာခံတာ ပိုကောင်းလိမ့်မယ်။ ဒါက ကောင်းကင်ကြယ်စုဘုံပဲ။ ခင်ဗျားတို့ ကျွန်တော့်ကို ဒေါသထွက်စေရင် ကျွန်တော်က ခင်ဗျားတို့ကို မသတ်ဘဲ ဒီဘုံထဲမှာပဲ ချန်ခဲ့ရင်တောင် ခင်ဗျားတို့ တမလွန်ဘုံရုပ်သေးရုပ်တွေ ဖြစ်သွားပြီး ဒီမှာ ထာဝရ နေနေရလိမ့်မယ်...”

‘ထင်ထားသလိုပဲ’

ဟဲ့ရွှီဝမ်နှင့် ခွမ်ဟူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက် အံကြိတ်၍သာ အရှေ့သို့ ပျံသန်းသွားလိုက်ကြရသည်။ ကျန်းရီ၏စကားက မှန်၏။ ကျန်းရီမရှိလျှင် သူတို့ ကောင်းကင်ကြယ်စုဘုံထဲမှ ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့နှစ်ယောက် စိတ်ထဲမှ အံ့ဩနေကြသေးသည်။ ကျန်းရီက မည်သည့်နည်းလမ်းများကို သုံး၍ တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားသော ဘုံများထဲသို့ စိတ်ကြိုက် ဝင်ထွက်နိုင်နေသနည်း။ သူ မြို့တစ်မြို့ကို ရှင်းပစ်ခဲ့သည်မှာ တစ်နှစ်ပင် ကြာခဲ့ပြီ မဟုတ်လော။ သူက တစ်နှစ်လုံးလုံး ဤဘုံထဲတွင် ပုန်းအောင်းနေခဲ့ခြင်းလော။

ဝုန်း...ဝုန်း...ဝုန်း...

ထျန်းဖုန့်ဧကရာဇ်က စတင် တိုက်ခိုက်နေပြီဖြစ်သည်။ သူသည် ကျန်းရီ၏အမိန့်ကို ရသည်နှင့် မြို့ဆီသို့ ထက်ရှာသော ဓားတစ်ချောင်အလား ပျံသန်းသွားခဲ့သည်။ ကျန်းရီက သူ့အား မြို့ထဲရှိ တမလွန်ဘုံအစီအရင်များကို ဖျက်ဆီးပစ်ရန် အသံပို့လွှတ်၍ အမိန့်ပေးခဲ့သည်။ ထိုမှ တမလွန်ဘုံဘုရင်များ ချက်ချင်း တည်နေရာမပြောင်းရွှေ့လာနိုင်မည် ဖြစ်သည်။

စွမ်းအားကြီး တော်ဝင်မိသားစုဝင် အားလုံးနီးပါးက တိုက်ပွဲထွက်သွားကြပြီဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ကြယ်စုမြို့ထဲတွင် အင်အားနည်းသူများသာ ကျန်ခဲ့သည်။ သို့သော် ထိုအရေအတွက်မှာပင် အနည်းဆုံး သန်းနှစ်ဆယ်လောက် ရှိသေး၏။ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များကလည်း သန်းတစ်ရာကျော်လောက် ရှိကြသေးသည်။

“ဝူ...ဝူ...”

ကျန်းရီ မြို့အထက်တွင် ထွက်ပေါ်လာသည်နှင့် တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက ရုတ်ခြည်း သတိပြုမိလိုက်ကြ၏။ တမလွန်ဘုံဘုရင်သုံးပါးကလည်း တိမ်မည်းများအဖြစ် ပျံထွက်လာကြသည်။ တမလွန်ဘုံဘုရင်တစ်ပါးသည် မင်တဲကို အတုခိုး၍ လေထဲတွင် ဧရာမမျက်နှာကြီးတစ်ခု ဖန်တီးလိုက်၏။ ထို့နောက် သူ ထျန်းဖုန့်ဧကရာဇ်ကို အံ့ဩတကြီး ကြည့်ကာ ပြောလိုက်သည်။

“မိစ္ဆာဧကရာဇ်လား၊ လူသားဧကရာဇ်လား... မင်းက ကောင်းကင်ကြယ်စုမြို့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ မင်းရဲ့ စိတ်ဝိညာဉ်ကို တမလွန်ချောက်နက်ထဲမှာ ထာဝရ ပိတ်မိနေစေချင်လို့လား”

ရွှစ်...

ထျန်းဖုန့်ဧကရာဇ်သည် မည်သို့မှ ပြန်မပြောဘဲ တမလွန်ဘုံဘုရင်၏ ဧရာမမျက်နှာကြီးထံ အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်၏။ သူ တမလွန်ဘုံဘုရင်နှင့် အချိန်ဖြုန်းမနေဘဲ မြို့ထဲသို့ ပျံဆင်း၍ တမလွန်ဘုံအစီအရင်များကို တိုက်ခိုက်လိုက်သည်။

“ကျား...”

ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့သည်လည်း ဒေါသတကြီး တိုက်ခိုက်လိုက်ကြ၏။ တမလွန်ဘုံမျိုးနွယ်က မိစ္ဆာမျိုးနွယ်ကို ကောင်းကင်ဝိညာဉ်ဘုံထဲမှ ‌မောင်းထုတ်ခဲ့သည်။ မိစ္ဆာမျိုးနွယ်ဝင်များစွာလည်း အသတ်ခံခဲ့ရသည်။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်သည် တမလွန်ဘုံမျိုးနွယ်ကို ရင်ထဲအသည်းထဲမှ မုန်းတီးကြသည်။ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့သည် သူတို့က ဤဘုံထဲတွင် သေရမည်ကို စိုးသော်လည်း ကျန်းရီက အမိန့်ပေးလိုက်ပြီဖြစ်၍ မည်သည်ကိုမှ အရေးစိုက်မနေတော့ပေ။

တန်...တောင်...

ကျန်းရီသည် ဗျပ်စောင်းကို ထုတ်၍ ဦးတည်ရာတစ်ဘက်သို့ နတ်ဘုရားအသံကောင်းကင်အတတ် ထုတ်လွှတ်လိုက်၏။ အချိန်က ကြပ်နေသည်။ ထို့ကြောင့် ပြီးခဲ့သည့် တစ်ခေါက်ကကဲ့သို့ ထိရောက်မှုအရှိဆုံး နည်းလမ်းကိုသာ သူ သုံးလိုက်ခြင်းဖြစ်သည်။ ထိုနည်းလမ်းမှာ နတ်ဘုရားအသံကောင်းကင်အတတ်နှင့် ငါးရောင်ခြယ်မီးတောက်များကို ပေါင်းစပ်ခြင်း ဖြစ်သည်။ ထိုပေါင်းစပ်မှုက အလွန်အဖျက်အားကြီးသည်။ အထူးသဖြင့် အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများသည် ယင်းကို မခံနိုင်ကြပေ။ ထိုနည်းလမ်းမှာ အလွန်ရက်စက်ပေသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံ စတင်လာသည်။ ထျန်းဖုန့်ဧကရာဇ်ကလည်း တမလွန်ဘုံအစီအရင် ဆယ်ခုကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်သည်။ ထို့ကြောင့် တမလွန်ဘုံဘုရင်များ မဆိုထားနှင့် တမလွန်ဘုံဧကရာဇ်ပင် မြို့ဆီသို့ တည်နေရာပြောင်းရွှေ့လာနိုင်တော့မည် မဟုတ်ပေ။ သို့သော် တမလွန်ဘုံဧကရာဇ်က အမှန်တကယ် ရောက်ရှိလာလျှင်မူ ကျန်းရီ သူ၏ကံကြမ္မာကို လက်ခံလိုက်ရုံသာ ရှိပေတော့သည်။

ဤတစ်ကြိမ်တွင် ယခင်တစ်ခေါက်ကထက် တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ ပိုများနေသည်။ သို့သော် ဤတစ်ခေါက်က များစွာပိုလွယ်ကူပေသည်။ စွမ်းအားကြီးသော တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက တိုက်ပွဲထွက်သွားကြပြီ မဟုတ်ပါလား။ ထို့ကြောင့် အားနည်းသူများသာ ကျန်ခဲ့သည်။ ကျန်းရီတို့အတွက် ၎င်းတို့ကို သတ်ရန်မှာ စပါးပင် ရိတ်ရသလို လွယ်ကူပေသည်။ သူတို့သည် တစ်ချီလျှင် အယောက်ပေါင်းများစွာကို သတ်ပစ်နိုင်သည်။ အထူးသဖြင့် ကျန်းရီက ရက်စက်ခက်ထန်နေပေသည်။ သူ မီးတောက်များကို ထုတ်လိုက်တိုင်း တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ သောင်းနှင့်ချီ၍ သေဆုံးသွားကြလေသည်။

ကျန်းရီတို့သည် တမလွန်ဘုံမျိုးနွယ်ဝင်များကို လုံးဝမသက်ညှာကြပါ။ သူတို့ အဆက်မပြတ် သတ်ဖြတ်နေကြသည်။ ကောင်းကင်ကြယ်စုမြို့မှာ ငရဲအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ခြေပြတ်၊ လက်ပြတ်များ မြေပြင်ပေါ် ပြုတ်ကျနေသည်။ မြို့တစ်မြို့လုံး အနီရင့်ရောင်သွေးများ လွှမ်းနေသည်။ အောက်ဘက်မှ ရဲတိုက်များလည်း ဖျက်ဆီးခံရသည်။ ကောင်းကင်ကြယ်စုမြို့မှာ ကောင်းကင်ဝိညာဉ်မြို့၏ လမ်းစဉ်အတိုင်း လိုက်တော့မည်ဖြစ်ကြောင်း ထင်ရှားပေသည်။

“တမလွန်ဘုံဘုရင်တစ်ပါးကို အရှင်ချန်ထား”

တမလွန်ဘုံဘုရင်သုံးပါးမှာ ဧကရာဇ်တစ်ပိုင်းအဆင့်များသာ ဖြစ်သည်။ သူတို့က ထျန်းဖုန့်ဧကရာဇ်၏ ပြိုင်ဘက်များ မဟုတ်ပါ။ ငါးမိနစ်အတွင်းမှာပင် တမလွန်ဘုံဘုရင်နှစ်ပါး အသတ်ခံလိုက်ရသည်။ ထို့ကြောင့် ကျန်းရီ ထျန်းဖုန့်ဧကရာဇ်ကို လှမ်း၍ သတိပေးလိုက်ရသည်။ ထိုအခါမှ ထျန်းဖုန့်ဧကရာဇ်သည် နောက်ဆုံး တမလွန်ဘုံဘုရင်ကို မသတ်တော့ဘဲ စစ်တပ်ဆီသို့ ပျံသန်းသွားလိုက်လေသည်။

ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဓိက ရည်ရွယ်ချက် မဟုတ်ပေ။

ကျန်းရီသည် တမလွန်ဘုံဘုရင်တစ်ပါးက အထူးနည်းလမ်းများကို အသုံးပြု၍ မင်တဲနှင့် အခြားသူများထံ သတင်းလှမ်းပိုသည်ကို လိုချင်၏။ ထိုမှ စစ်တပ်ကို ပြန်မျှားခေါ်နိုင်မည်ဖြစ်သည်။ အကယ်၍ တမလွန်ဘုံဘုရင်အားလုံးကို သတ်လိုက်လျှင် မည်သူက မင်တဲတို့ဆီ သတင်းပို့နိုင်‌တော့မည်နည်း။

မျှော်လင့်ထားသကဲ့သို့ပင် တမလွန်ဘုံဘုရင်နှစ်ပါးနှင့် မြို့ထဲရှိ တော်ဝင်မိသားစုဝင်များ၊ တမလွန်ဘုံမျိုးနွယ်ဝင်များ သတ်ဖြတ်ခံလိုက်ရသည်ကို မြင်လိုက်သောအခါ နောက်ဆုံးကျန်သော တမလွန်ဘုံဘုရင်က တုန်လှုပ်သွားသည်။ သူနှင့် မြို့ထဲမှ စစ်တပ်က ထိုလူသားများနှင့် မိစ္ဆာများကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သူ သိသည်။ သူ မင်တဲတို့ထံ သတင်းမို့လျှင် ကောင်းကင်ကြယ်စုမြို့နှင့်‌ ကောင်းကင်ကြယ်စုဘုံက ရှင်းပစ်ခံရပေလိမ့်မည်။

တမလွန်ဘုံဘုရင်၏ ခန္ဓာကိုယ်မှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်လာ၏။ ထိုအခိုးအငွေ့များက ကောင်းကင်ထက်သို့ ထိုးတက်ကာ အာကာပြင်ကို ခွင်း၍ ဟင်းလင်းပြင်ထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။

“ဟုတ်ပြီ...”

ချီဟုန်က ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“မင်း သတ်ဖြတ်ဖို့ အလွန်ဆုံး ခြောက်နာရီ အချိန်ရတယ်။ ခြောက်နာရီ ပြည့်သွားရင်တော့ မင်း ထွက်သွားရမယ်။ မင်တဲတို့မှာ စွမ်းအားကြီး တမလွန်ဘုံလျှို့ဝှက်အတတ်တွေ ရှိကြတယ်။ သူတို့ ဒီကို ခြောက်နာရီအတွင်း ပြန်ရောက်လာနိုင်တယ်။ မင်တဲ ပြန်ရောက်လာတဲ့အချိန်အထိ မင်း ထွက်မသွားရသေးဘူးဆိုရင် ငါ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”

“ခြောက်နာရီလား။ အဲ့အချိန်က လုံလောက်ပါတယ်”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် သွေးဆာသော အရိပ်အယောင်များ လင်းလက်သွားသည်။ ခြောက်နာရီကြာပြီးလျှင် မြို့ပြင်ရှိ တမလွန်ဘုံမျိုးနွယ်ဝင်များ မဆိုထားနှင့် မြို့ထဲရှိ တော်ဝင်မိသားစုဝင်များအားလုံးပင် အသတ်ခံရပြီးလောက်ပေပြီ။

***

All Chapters