အသေခံစစ်တပ်
Vol. 135 Ch. 1882
နှင်းညဆန်းကြယ်နယ်မြေ...
ထိုဆန်းကြယ်နယ်မြေက ကောင်းကင်ကြယ်စုဘုံ၊ ကောင်းကင်ဝိညာဉ်ဘုံတို့နှင့် မိုင်သန်းရာချီအကွာတွင် ရှိသည်။ ဤအခိုက်တွင် ထိုဆန်းကြယ်နယ်မြေအနီး၌ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနေပေသည်။
တိုက်ခိုက်နေကြသည့် နှစ်ဘက်မှာ တမလွန်ဘုံမျိုးနွယ်နှင့် လူသားမျိုးနွယ်ပင်။ တမလွန်ဘုံမျိုးနွယ်၏ စစ်တပ်က လူသားမျိုးနွယ်၏ စစ်တပ်အနောက်သို့ လိုက်တိုက်ခဲ့သည်။ မင်တဲသည် မကောင်းဆိုးဝါးဘုရင်တံခွန်ကို အသုံးပြု၍ တမလွန်ဘုံသေမင်းအရှိန်အဝါများစွာကို ထုတ်လွှတ်ကာ တမလွန်ဘုံမျိုးနွယ်၏ အမြန်နှုန်းကို အဆများစွာ တိုးမြှင့်ခဲ့သည်။ တမလွန်ဘုံသေမင်းအရှိန်အဝါများထဲတွင်ဆိုလျှင် တမလွန်ဘုံမျိုးနွယ်သည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ပင်။ သူတို့၏ တိုက်ခိုက်စွမ်းအားက များစွာတိုးတက်မလာသော်လည်း သူတို့၏ အမြန်နှုန်းမှာမူ အလွန်တိုးတက်လာပေသည်။
ထို့ကြောင့် လူသားမျိုးနွယ်စစ်တပ်က ဤအတိုင်း ဆက်ဆုတ်မည်ဆိုလျှင် ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ရောက်ချိန်၌ တပ်သားတစ်သန်းလောက်ပင် ကျန်လိမ့်မည် မဟုတ်ချေ။ ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်က သူတို့၏ စွမ်းအားကြီး သိုင်းသမား အားလုံးနီးပါးကို ခေါ်လာခဲ့သည်။ ထို တပ်သား သန်းခုနစ်ဆယ်ကျော် ရှစ်ဆယ်မှာ လူသားမျိုးနွယ်၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ ထို့ကြောင့် မဟာဧကရာဇ်သုံးပါးသည် တမလွန်ဘုံမျိုးနွယ်က ထိုတပ်သားများကို သတ်ဖြတ်မည် သို့မဟုတ် ထိုတပ်သားများ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုအား ခံရမည်ကို ကြည့်မနေနိုင်ပေ။
မဟာဧကရာဇ်သုံးပါးသည် ရွေးချယ်စရာ မရှိတော့ဘဲ စွမ်းအားကြီး သိုင်းသမားတစ်စုကို ခေါ်၍ နောက်ဆုံးမှ ခုခံပေးနေရ၏။ သူတို့စစ်တပ်၏ ဆုတ်ခွာနှုန်းက မြန်သည်။ ထို့ကြောင့် သူတို့ တမလွန်ဘုံမျိုးနွယ်၏ စစ်တပ်ကို တစ်ခဏမျှသာ ထိန်းထားရန် လိုပေသည်။ လူသားမျိုးနွယ်စစ်တပ် အဝေးသို့ ရောက်သွားသည်နှင့် သူတို့ ထွက်ပြေးနိုင်ပေသည်။
သို့သော် မင်တဲက မလောပေ။ မိုးပြာမဟာဧကရာဇ်တို့က မတိုက်ခိုက်သေးသ၍ သူနှင့် ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးတို့ကလည်း တိုက်ခိုက်ကြမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော နှစ်ဘက်မှ စွမ်းအားအကြီးဆုံးသူများက တိုက်ခိုက်လိုက်လျှင် တိုက်ပွဲမှာ သေရေးရှင်ရေးတိုက်ပွဲ ဖြစ်သွားမည် ဖြစ်၍ပင်။ အကယ်၍ မိုးပြာမဟာဧကရာဇ်တို့က သူသေကိုယ်သေ အစွမ်းကုန် တိုက်ခိုက်ကြမည်ဆိုလျှင် မင်တဲကိုပင် သတ်ပစ်နိုင်လောက်သည် မဟုတ်ပါလား။
မင်တဲသည် တမလွန်ဘုံဧကရာဇ်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သည်။ သူနှင့် တမလွန်ဘုံဧကရာဇ်တို့က တောက်နူနှင့် မိုးပြာမဟာဧကရာဇ်တို့ကဲ့သို့ပင်။ သူသည် ဗျူဟာအကြောင်းကို အနည်းငယ်သိသည်။ ဤတစ်ကြိမ်တွင် သူ၏ ရည်မှန်းချက်က ကြီးပေသည်။ သူက ထိုရည်မှန်းချက်အတွက် တမလွန်ဘုံမျိုးနွယ်စစ်တပ်က လူသားမျိုးနွယ်စစ်တပ်ထက် အရေအတွက်ပိုများသည်ဆိုသော အချက်အပေါ် မှီခိုအားထားနေခြင်းပင်။ ထို့ပြင် လူသားမျိုးနွယ်က စိတ်အားလျော့နေပြီး ဆက်မတိုက်လိုကြတော့ပေ။
‘မင်းတို့ နောက်ပိုင်းကို ကာထားချင်ရင် အနည်းဆုံး တပ်သားသန်းဂဏန်းတော့ လိုလိမ့်မယ် မဟုတ်လား။ ဒီတစ်ခေါက် ငါ မင်းတို့ရဲ့ တပ်သားတစ်သန်းကို ရှင်းပစ်မယ်၊ နောက်တစ်ခေါက်ကျ တပ်သားနှစ်သန်းကို ရှင်းမယ်။ မင်းတို့ ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်ရောက်တဲ့အခါကျ ငါ အနည်းဆုံး တပ်သားဆယ်သန်း၊ သန်းနှစ်ဆယ်လောက်ကို ရှင်းပစ်ပြီးနေလောက်ပြီ မဟုတ်လား’
မင်တဲ တွေးလိုက်သည်။ အဆက်မပြတ် ပြန်ဆုတ်နေရခြင်းက လူသားမျိုးနွယ်စစ်တပ်ကို စိတ်အားလျော့ကျစေသည်။ ထို့ပြင် ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်ရောက်ရန် အဝေးကြီးလည်း လိုသေးသည်။ လူသားမျိုးနွယ်က ခက်ခက်ခဲခဲ ပြန်သိမ်းယူခဲ့ရသော ဆန်းကြယ်နယ်မြေများကိုလည်း ယခု တမလွန်ဘုံမျိုးနွယ်က ပြန်သိမ်းပိုက်နေပြီဖြစ်သည်။ သူတို့စစ်တပ်က တတိတိ အချွေခံနေရသည်ကို တွေ့သောအခါ လူသားမျိုးနွယ်၏ စိတ်ဓာတ်က အားနည်း၍ အားနည်း၍ လာပေသည်။ သူတို့ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ရောက်ချိန်တွင် စိတ်ဓာတ်က အောက်ဆုံးအထိ ကျဆင်းနေပေလိမ့်မည်။ ထိုအခါမှ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲရပေမည်။
ထို့ကြောင့် မင်တဲသည် လူသားမျိုးနွယ်စစ်တပ်ကို လိုက်မီသော်လည်း တိုက်စစ်မထိုးသေးဘဲ ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးကို ခေါ်ထားပြီး စောင့်ကြည့်၍သာ နေပေသည်။ မိုးပြာမဟာဧကရာဇ်တို့ကလည်း မလှုပ်ရှားကြပေ။ သူတို့သည် မင်တဲတို့က ဝင်တိုက်လျှင် ခုခံရန်သာ အသင့်ပြင်ထားကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်စစ်တပ်၏ နောက်တန်းနှင့် တမလွန်ဘုံမျိုးနွယ်စစ်တပ်၏ ရှေ့တန်းတို့ကသာ အဆက်မပြတ် တိုက်ခိုက်နေကြပြီး စွမ်းအားကြီး သိုင်းသမားများက ရပ်ကြည့်၍သာ နေကြပေသည်။
မင်တဲမှာ ဉာဏ်နီဉာဏ်နက်များသော မြေခွေးအိုတစ်ကောင်ပင်။ သူသည် တစ်ကြိမ်တည်းနဲ့ ပြင်းပြင်းထန်ထန် မကိုက်ပါ။ လူသားတပ်သား တစ်သန်း၊ နှစ်သန်းလောက်ကို သတ်နိုင်ပြီးနောက် မိုးပြာမဟာဧကရာဇ်တို့ ထွက်ပြေးသွားသည်ကို ကြည့်၍သာ နေလိုက်သည်။ ထို့ပြင် သူတို့ ထွက်ပြေးနိုင်ရန်ပင် အချိန်ပေးလိုက်သေးသည်။
လမ်းတစ်လျှောက်တွင် မင်တဲတို့သည် လူသားမျိုးနွယ်စစ်တပ်ကို သုံးကြိမ်၊ လေးကြိမ် လိုက်မီခဲ့သည်။ ထို့ကြောင့် လူသားတပ်သား ငါးသန်းကျော် ခြောက်သန်း အသတ်ခံလိုက်ရပြီဖြစ်ပြီး မျိုးနွယ်ကြီးများမှ စွမ်းအားကြီး သိုင်းသမားများစွာလည်း တိုက်ပွဲတွင် ကျဆုံးခဲ့ကြသည်။
မိုးပြာမဟာဧကရာဇ်တို့သည် မင်တဲ၏ အကြံကို မည်သို့ မရိပ်မိဘဲ နေပါမည်နည်း။ သို့သော် ရိပ်မိလျှင်ပင် သူတို့ မည်သို့မှ မတတ်နိုင်ချေ။ လူသားမျိုးနွယ်အတွက် ရွေးချယ်စရာလမ်း နှစ်လမ်းသာ ရှိသည်။ တစ်လမ်းမှာ သူသေကိုယ်သေ တိုက်ခိုက်ရန်နှင့် ကျန်တစ်လမ်းမှာ ထွက်ပြေးရန်ဖြစ်သည်။ သို့သော် မိုးပြာမဟာဧကရာဇ်တို့သည် တိုက်ခိုက်ရန် ယုံကြည်မှု မရှိပေ။ တမလွန်ဘုံဧကရာဇ်စစ်တပ်က လိုက်လာပြီဖြစ်သည်။ ထိုစစ်တပ်ထဲတွင် တမလွန်ဘုံဧကရာဇ် ပုန်းအောင်းမနေဟု မည်သူက အာမခံနိုင်မည်နည်း။
ထို့ပြင် တမလွန်ဘုံဧကရာဇ်စစ်တပ်က အလွန်အင်အားကြီးသည်။ အကယ်၍ မင်တဲပါ ဝင်တိုက်မည်ဆိုလျှင် ရန်သူဘက်က ထိပ်တန်းတမလွန်ဘုံဘုရင်ကိုးပါးလည်း ဖြစ်သွားလိမ့်မည်။ ထိပ်တန်းတမလွန်ဘုံဘုရင်များက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် ယှဉ်နိုင်ကြသည်။ လူသားမျိုးနွယ်ဘက်တွင်မူ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား လေးယောက်သာ ရှိသည်။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးကို အားလုံးအတူပူးပေါင်းတွက်မည်ဆိုလျှင်တော့ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဟု ရေတွက်၍ရသည်။ ထို့ကြောင့် စုစုပေါင်း ငါးယောက်ဖြစ်သည်။
စွမ်းအားကြီး သိုင်းသမားများ အရေအတွက်အရ လူသားမျိုးနွယ်က အသားစီးတွင် မရှိပေ။ ထို့ပြင် တပ်သားအရေအတွက်မှာလည်း တမလွန်ဘုံမျိုးနွယ်ဘက်က ပိုများသည်သာ။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်သည် ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ဆုတ်ရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။
မိုးပြာမဟာဧကရာဇ်က မဟာဧကရာဇ်လေးပါး၏ ခေါင်းဆောင်ဖြစ်၏။ ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ နှစ်ပါးစလုံးက သူ့စကားများကို နားထောင်ကြသည်။ ယန်မဟာဧကရာဇ်သည် ကောင်းကင်ဝိညာဉ်ဘုံကို သိမ်းပိုက်နိုင်တော့မည့် အခိုက်တွင် မိုးပြာမဟာဧကရာဇ်၏ ညွှန်ကြားချက်ကြောင့် လက်လျှော့ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဆီးတိုက်မည့် တမလွန်ဘုံမျိုးနွယ်စစ်တပ်ကို လက်မတင်လေး ရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။
လမ်းတွင် နောက်တန်း၌ ကျန်ခဲ့သော ချီလင်းဧကရီစစ်တပ်နှင့် ယန်ကိုးပါစစ်တပ်တို့နှင့် ဆုံ၏။ မိုးပြာမဟာဧကရာဇ်က ပြန်ဆုတ်လိုနေရာ ထိုစစ်တပ်နှစ်တပ်သည် ရွေးချယ်စရာမရှိတော့ဘဲ အတူလိုက်ပါ ဆုတ်ခွာရလေသည်။ ပြန်ဆုတ်မည်ဆိုလျှင်လည်း အသေအပျောက်မရှိဘဲ ဆုတ်နိုင်မည်တော့ မဟုတ်ပေ။ ထို့ကြောင့် စွမ်းအားကြီး သိုင်းသမားများက သူတို့စစ်တပ်ကြီးက တတိတိအချွေခံနေရသည်ကို ကြည့်၍သာ နေရလေသည်။
“ကောင်းပြီ... ပြန်ဆုတ်ကြစို့”
မိုးပြာမဟာဧကရာဇ်သည် စစ်တပ်နောက်ပိုင်းတွင် အတော်ကြာအောင် ကာပေးနေပြီးနောက် လူသားမျိုးနွယ်စစ်တပ်ကြီးက အဝေးသို့ ရောက်သွားပြီဖြစ်ကြောင်း သိလိုက်၏။ သူတို့အသေခံတပ်ဖွဲ့တွင်လည်း တပ်သားတစ်သန်းကျော်လောက်သာ ကျန်တော့သည်။ သူတို့ ယခု ပြန်မဆုတ်သေးလျှင် ထိုတပ်သားတစ်သန်းကျော်လည်း သေရပေလိမ့်မည်။
ဝှစ်...ဝှစ်...
မိုးပြာမဟာဧကရာဇ်နှင့် အခြားမဟာဧကရာဇ်များ ပြန်ဆုတ်သွားကြ၏။ ထို့အခါ ကောင်းကင်ဘုရင်ဝေတို့လည်း လိုက်၍ဆုတ်လိုက်ကြသည်။ မင်တဲသည် မိုးပြာမဟာဧကရာဇ်တို့ ပြန်ဆုတ်သွားသည်ကို မြင်လိုက်သောအခါ ချက်ချင်း ကျယ်လောင်စွာ အော်၍ တမလွန်ဘုံမျိုးနွယ်စစ်တပ်ကိုလည်း ပြန်ဆုတ်ခိုင်း၍ မိုးပြာမဟာဧကရာဇ်တို့ကို ထွက်ပြေးခွင့်ပေးလိုက်၏။
မိုးပြာမဟာဧကရာဇ်တို့သည် တပ်သားတစ်သန်းကျော်ကို ခေါ်၍ အာကာသဟင်းလင်းပြင်ထဲတွင် အလောင်းများ၊ ခြေပြတ်လက်ပြတ်များကို ချန်ကာ ထွက်ပြေးသွားကြသည်။ မင်တဲသည် သူ့စစ်တပ်ကို တစ်ခဏမျှ အနားယူခိုင်းလိုက်ပြီးနောက် လူသားမျိုးနွယ်စစ်တပ်နောက်သို့ ဆက်လိုက်စေလိုက်၏။ သူကိုယ်တိုင်လည်း မကောင်းဆိုးဝါးဘုရင်တံခွန်ကို ဆွဲကိုင်ကာ အရှေ့ဆုံးမှ ဦးဆောင်လိုက်ပေသည်။
မကောင်းဆိုးဝါးဘုရင်တံခွန်မှနေ၍ အနက်ရောင်အခိုးအငွေ့များ အလိပ်လိုက် ထွက်လာနေသည်။ ထိုတမလွန်ဘုံသေမင်းအရှိန်အဝါများထဲကို ကောင်းကင်စိတ်အာရုံနှင့် အာရုံမခံနိုင်ပါ။ တမလွန်ဘုံမျိုးနွယ်စစ်တပ်ကြီးသည် ၎င်းအနက်ရောင်အခိုးအငွေ့များထဲမှနေ၍ လူသားမျိုးနွယ်စစ်တပ်နောက်သို့ အလွန်လျင်မြန်စွာ လိုက်နေကြလေသည်။
***
“ဒီပုံစံအတိုင်းဆို မဖြစ်တော့ဘူး။ မိုးပြာမဟာဧကရာဇ် ကျွန်မတို့ တခြားနည်းလမ်းတစ်မျိုးကို စဉ်းစားမှရလိမ့်မယ်။ မဟုတ်ရင် ကျုပ်တို့ တပ်သားတွေ ဆယ်သန်း၊ သန်းနှစ်ဆယ်လောက် သေရလိမ့်မယ်”
ချီလင်းဧကရီ၏ လှပသော မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် အခြားသူများသည်လည်း မည်းမှောင်သော မျက်နှာထားများနှင့် သူမဘေးမှ လိုက်ပါပျံသန်းနေကြသည်။ သူတို့ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ရောက်ရန် အဝေးကြီး လိုသေးသည်။ သို့သော် လူသားမျိုးနွယ်ဘက်တွင် စွမ်းအားကြီး သိုင်းသမား အနည်းငယ်သာ ကျန်တော့သည်။ ထို့ပြင် ပြန်ဆုတ်ခွာသည့် လမ်းမှာပင် တပ်သား ဆယ်သန်းကျော်၊ သန်းနှစ်ဆယ်ကို ဆုံးရှုံးလိုက်ရလျှင် သူတို့ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ရောက်သွားလျှင်လည်း တမလွန်ဘုံမျိုးနွယ်စစ်တပ်ကို မည်သို့ ခုခံနိုင်ပါမည်နည်း။
မိုးပြာမဟာဧကရာဇ်၏ မျက်နှာထားက ပြောင်းမသွားပါ။ သူ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေသည်။ သူသည် ခေတ္တမျှ တွေးတောပြီးနောက် ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့မှာ အကြံကောင်းတွေ ရှိလား”
ချီလင်းဧကရီသည် တစ်ခဏမျှ တွေးတောကာ ပြောလိုက်သည်။
“ကျွန်မတို့ စစ်တပ်တစ်တပ်ကို နောက်ကို ပြန်စေလွှတ်ပြီး ကောင်းကင်ဝိညာဉ်ဘုံကို တိုက်ခိုက်ခိုင်းလိုက်မယ်ဆို ဘယ်လိုလဲ။ အဲ့လိုဆို တမလွန်ဘုံမျိုးနွယ်ရဲ့ စစ်တပ်က ကူဖို့ ပြန်ဆုတ်သွားရမယ် မဟုတ်လား”
ကောင်းကင်ဘုရင်ဝေနှင့် စံအိမ်အရှင်ရှန်းတို့၏ မျက်လုံးများ အရောင်လက်သွားကြ၏။ သို့သော် သူတို့ မည်သို့မှ မပြောကြပေ။ ထိုအကြံက မဆိုးပါ။ သို့သော် သူတို့ မည်သည့်စစ်တပ်ကို စေလွှတ်ရမည်နည်း။ ထိုစစ်တပ်ကို မည်သူကရော ဦးဆောင်မည်နည်း။
ကောင်းကင်ဝိညာဉ်ဘုံကို ပြန်သွားတိုက်ခိုက်မည့် စစ်တပ်က သေချာပေါက် ပြန်လာနိုင်လိမ့်မည် မဟုတ်ပါ။ အကယ်၍ ဦးဆောင်သူက အသေခံလိုစိတ်မရှိလျှင် တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်သည့်အပြင် စစ်တပ်တစ်တပ်ကို အလကားအရှုံးဆုံးခံလိုက်ရသလိုသာ ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် စစ်တပ်ထဲ၌ တပ်သားအနည်းငယ်သာ ထည့်ပေးလိုက်လျှင်လည်း အသုံးဝင်မည် မဟုတ်ပါ။ တပ်သားများစွာ ထည့်ပေးလျှင်လည်း အားလုံး ရင်ကျိုးရပေလိမ့်မည်။ မည်သည့်စစ်တပ်ခေါင်းဆောင်ကမှ သူ၏ တပ်သားသန်းကျော်ကို အဆုံးရှုံးမခံလိုသည် မဟုတ်ပါလား။
မိုးပြာမဟာဧကရာဇ်က မျက်နှာသေနှင့် ဆက်ရှိနေသေးသည်။ သူ ချီလင်းဧကရီကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ချီလင်းဧကရီ... ခင်ဗျားရဲ့အကြံက မဆိုးပါဘူး။ ဒါပေမဲ့ အပြောလွယ်သလောက် အလုပ်ခက်တယ်”
“ဟူး...”
ချီလင်းဧကရီ သက်ပြင်းသဲ့သဲ့ချလိုက်၏။ ဤအခြေအနေက မည်သို့သော အခြေအနေပါနည်း။ သို့ပင်လျှင် ထိုလူများက အချင်းချင်း တွက်ကပ်နေကြသေးသည်လော။ သူတို့က အလွန် မစည်းမလုံး ဖြစ်နေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်က အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပါ။
ချီလင်းဧကရီသည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ ပြောလိုက်၏။
“ကျွန်မတို့ အဲ့လိုကိစ္စအတွက် အမိန့်နဲ့ အတင်းအကြပ် စေခိုင်းလို့ မဖြစ်ဘူး။ ဒီအကြောင်းကို စစ်တပ်ကြီးတစ်ခုလုံးကို ကြေညာလိုက်ပါ။ ဘယ်သူက ဒီတာဝန်ကို ယူချင်လဲ ကြည့်ကြတာပေါ့။ ဒီတာဝန်က အရမ်းအန္တရာယ်များတယ်။ အဲ့တော့ မသွားချင်တဲ့သူကို မသွားခိုင်းတာ ပိုကောင်းလိမ့်မယ်”
“ကောင်းပြီ”
မိုးပြာမဟာဧကရာဇ်သည် တွေးတောပြီးနောက် ရူးသွပ်မဟာဧကရာဇ်ကို ကြည့်လိုက်၏။ ရူးသွပ်မဟာဧကရာဇ်သည် ချက်ချင်းပင် တာဝန်အကြောင်းကို စစ်တပ်တစ်တပ်လုံးအား ကြေညာလိုက်သည်။ မည်သည့် စွမ်းအားကြီး သိုင်းသမားက အသေခံစစ်တပ်ထဲ ဝင်လိုမည်နည်း။
မဟာဧကရာဇ်များ၏ အကြံအကြောင်း ပျံ့နှံ့သွားသောအခါ စစ်တပ်တစ်တပ်လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ထိုအကြံက မဟာဧကရာဇ်လေးပါးစလုံး ဆွေးနွေးကာ ထုတ်ထားသော အကြံပင်။ ထိုအကြံအတိုင်း ဆောင်ရွက်နိုင်မည်ဆိုလျှင် ကောင်းကျိုးများစွာ ရပေလိမ့်မည်။ အကယ်၍ တာဝန်သွားထမ်းဆောင်သူများက အသက်ရှင်လျက် ပြန်လာနိုင်မည်ဆိုလျှင် ဆုလာဘ်များစွာ ချီးမြှင့်ခံရမည်ဖြစ်သလို လူသားမျိုးနွယ်၏ သူရဲကောင်းများလည်း ဖြစ်သွားမည်ဖြစ်သည်။
သို့သော် ပြဿနာမှာ...
တာဝန်သွားထမ်းဆောင်သူများက အသက်ရှင်လျက် ပြန်လာနိုင်ပါမည်လော။
သို့ပင်လျှင် တပ်သားများစွာနှင့် စွမ်းအားကြီး သိုင်းသမားများစွာသည် တာဝန်ထမ်းဆောင်ရန် ရှေ့ထွက်လာကြသေး၏။ မကြာခင်မှာပင် မိမိသဘောအလျောက် စာရင်းပေးသည့် တပ်သားသုံးသန်း၏ အမည်စာရင်း ရောက်လာပေသည်။ အသေခံစစ်တပ်၏ခေါင်းဆောင်လုပ်ရန် စာရင်းပေးသူများမှာလည်း ကျော်ကြားသူများ ဖြစ်ကြသည်။
“ဟယ်နုန်ယင်း၊ ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေး၊ ခွမ်ချူ...”
မိုးပြာမဟာဧကရာဇ်သည် အမည်စာရင်းကို ဖတ်ပြီးနောက် ချီလင်းဧကရီကို လှည့်ကြည့်လိုက်၏။
“ချီလင်ဧကရီ... ခင်ဗျားရဲ့ မြေးမလေးက တကယ့်ကို အံ့မခန်းထူးကဲတဲ့ မိန်းကလေးတစ်ယောက်ပဲ။ သူက ယောက်ျားတွေထက် မနိမ့်ဘူး။ သူက အသေခံစစ်တပ်ကို ဦးဆောင်ချင်တာလား။ ကျုပ်တို့ သူ့ကို ခေါင်းဆောင်ရာထူးပေးပြီး ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေးနဲ့ ခွမ်ချူတို့ကို လက်ထောက်ခေါင်းဆောင်ရာထူးတွေ ပေးလိုက်မယ်ဆိုရင် ဘယ်လိုလဲ”
***