ရှေ့တန်းတွင် စစ်သူကြီးသည် မင်းမိန့်ကို နာခံမည်မဟုတ်
Vol. 135 Ch. 1883
“နုန်ယင်းလား...”
ချီလင်းဧကရီ အတန်ငယ် မျက်နှာပျက်သွား၏။ ဟယ်နုန်ယင်းက ခေါင်းဆောင်လုပ်ရန် အမှန်ပင် စာရင်း ပေးလိုက်သည်လော။ ယခုတာဝန်က အလွန်အန္တရာယ်များပေသည်။ သူမက ရူးနေခြင်းလော။ ချီလင်းဧကရီသည် မည်သူ့ကိုမှ အရေးမထားသော်လည်း ဟယ်နုန်ယင်းကိုမူ အရေးထားသည်။ သူမသည် ဟယ်နုန်ယင်းကို မြေးအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။ ဟယ်နုန်ယင်း ဆံခြည်တစ်မျှင် ထိခိုက်သွားလျှင်ပင် သူမ ဒေါသူပုန်ထသွားမည်ဖြစ်သည်။ ဟယ်နုန်ယင်းကို ထိခိုက်အောင် လုပ်သူက မည်သူဖြစ်စေ သူမ ထိုသူကို ချက်ချင်း တိုက်ခိုက်မည်လည်းဖြစ်သည်။
သို့သော် ယခုတွင် အသေခံစစ်တပ် စေလွှတ်ရန်နှင့် မိမိတို့သဘောအတိုင်း ပါဝင်မည့်သူများကို စာရင်းကောက်ရန်မှာ ချီလင်းဧကရီ ပေးလိုက်သောအကြံများ ဖြစ်နေပေသည်။ ဟယ်နုန်ယင်းက ပါဝင်ရန် စာရင်းပေးလိုက်တော့မှ မပါရဟု ပြောရမည်လော။ သို့ဆိုလျှင် ကိုယ့်ပါးကိုယ်ရိုက်သလို ဖြစ်မနေသလော။
ကောင်းကင်ဘုရင်ဝေ၏ မျက်နှာထားမှာလည်း ခါးသီးနေသည်။ ယန်ကိုးပါးစစ်တပ်မှ ပါရမီရှင်နှစ်ယောက်က အသေခံစစ်တပ်ထဲ ဝင်ရန် စာရင်းပေးခဲ့ကြသည်လော။ ရီဖျောင်ဖျောင်၏ ဇာစ်မြစ်ကို ဖုံးကွယ်ထားသော်လည်း မိုးပြာမဟာဧကရာဇ်ကတော့ သေချာပေါက် သိပေလိမ့်မည်။ မိုးပြာမဟာဧကရာဇ်က ရီဖျောင်ဖျောင်၊ ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့ကို သေလမ်းသို့ ပို့နေခြင်းဖြစ်ကြောင်း သိသာပေသည်။
အဓိကပြဿနာမှာ ခွမ်မျိုးနွယ်က အကြီးအကဲတစ်ယောက်လည်း ပါနေခြင်းပင်။ မိုးပြာမဟာဧကရာဇ်၏စကား ဆုံးသွားသောအခါ ရူးသွပ်မဟာဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ သို့ဖြစ်ရာ ချီလင်းဧကရီနှင့် ကောင်းကင်ဘုရင်ဝေတို့က ဝင်ပြောလိုက်မည်ဆိုလျှင် နောင်တွင် လှောင်ပြောင်ခနဲ့ ခံရပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ်သည် ချီလင်းဧကရီနှင့် ကောင်းကင်ဘုရင်ဝေတို့ကို ကြည့်၍ ပြောလိုက်၏။
“ခင်ဗျားတို့နှစ်ယောက်မှာ ငြင်းစရာမရှိမှတော့ ဒီကိစ္စက ပြီးပြီပေါ့။ ကိုယ်သဘောနဲ့ကိုယ် စာရင်းပေးခဲ့ကြသူတွေက ရဲရင့်ဖြောင့်မတ်တဲ့သူတွေပဲ။ သူတို့ကို ဆုချီးမြှင့်သင့်တယ်။ ကျုပ် ကျုပ်ရဲ့ ဝိညာဉ်စိမ်းပုလဲကို ထုတ်လိုက်ပါမယ်။ အားလုံးလည်း သူတို့ကို ဆုချီးမြှင့်ဖို့ ရတနာတွေ ထုတ်လိုက်ကြပါ”
“ဝိညာဉ်စိမ်းပုလဲလား”
ချီလင်းဧကရီနှင့် ကောင်းကင်ဘုရင်ဝေတို့ မည်သို့ပြောရမည်မသိ ဖြစ်သွားကြ၏။ ထိုဝိညာဉ်စိမ်းပုလဲက ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခု ဖြစ်ပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ကာကွယ်ရန် အကောင်းဆုံး ရတနာလည်းဖြစ်သည်။ ထိုရတနာသည် တမလွန်ဘုံအရှိန်အဝါများကို ခုခံရာတွင်လည်း အလွန်အသုံးဝင်ပေသည်။
ယန်မဟာဧကရာဇ်က ဒိုင်းတစ်ခုကို ထုတ်လိုက်ရာ ရူးသွပ်မဟာဧကရာဇ်၊ ချီလင်းဧကရီ၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများလည်း ရတနာအချို့ကို ထုတ်လိုက်ရလေသည်။ သို့ဖြင့် အသေခံစစ်တပ်ကို ဖွဲ့စည်းပြီးသွား၏။ သို့သော် ထိုစစ်တပ်၏ အမည်ကို အသေခံစစ်တပ်ဟုတော့ မမှည့်ပါ။ မိုးပြာမဟာဧကရာဇ်သည် ထိုစစ်တပ်ကို ကောင်းကင်ဝိညာဉ်စစ်တပ်ဟု ကိုယ်တိုင်အမည်ပေးလိုက်သည်။ ယင်းအမည်မှာ မိုးမြေ၏ သူရဲကောင်းဝိညာဉ်များဟုလည်း အဓိပ္ပာယ်ရသည်။ ထို့ပြင် မဟာဧကရာဇ်များသည် စစ်တပ်ကို ကိုယ်တိုင် လိုက်ပို့ကြပေသည်။
“ကောင်မလေး... သမီးက ဘာလို့ အဲ့လောက်ရူးမိုက်ရတာလဲ”
ချီလင်းဧကရီသည် အနီရောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အလွန်သူရဲကောင်းဆန်နေသော ဟယ်နုန်ယင်းကို ကြည့်လိုက်၏။ ဟယ်နုန်ယင်းက ခပ်ရေးရေးပြုံးကာ ပြန်ပြောသည်။
“ဒီက သန်းဆယ်ချီတဲ့ တပ်သားတွေက လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။ ဘွားဘွား... နုန်ယင်းက မသိတတ်လို့ ဘွားဘွားကို စိုးရိမ်စေမိပါပြီ။ ဒါပေမဲ့ သမီး ဒီတစ်ခေါက်တာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်ပြီး သေချာပေါက် အသက်ရှင်ရက် ပြန်လာခဲ့မှာပါ”
ချီလင်းဧကရီသည် ဟယ်နုန်ယင်း၏ ပြတ်သားနေသော မျက်ဝန်းများကို ကြည့်၍ မည်သို့ ပြန်ပြောလိုက်ရမည်မသိ ဖြစ်သွား၏။ တစ်ဘက်တွင်လည်း ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က ပုန်ကန်တတ်သောအကျင့်ရှိသည့် ဆံပင်အစိမ်းရောင်နှင့် သိမ်းငှက်ဘုရင်လေးနှင့် တစ်ကိုယ်လုံးကို အခိုးအငွေ့များနှင့် လွှမ်းခြုံထားသည့် အမျိုးသမီးတစ်ယောက်ကို ကြည့်နေကြသည်။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည် သူတို့ကို တာဝန်ပြီးသည်နှင့် နည်းလမ်းတစ်ခုရှာကာ အသက်ရှင်ရန် ပြန်လာခဲ့ရန် မှာကြားလိုက်ကြလေသည်။
ထို့နောက် ဟယ်နုန်ယင်းသည် ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေး၊ ခွမ်ချူနှင့် တပ်သားသုံးသန်းကို ဦးဆောင်ကာ အရှေ့မြောက်ဘက်သို့ ပျံသန်းသွားလိုက်၏။ သူမတို့သည် နောက်မှ လိုက်လာသော တမလွန်ဘုံမျိုးနွယ်၏ စစ်တပ်ကြီးကို ကွေ့ပတ်၍ သွားရပေမည်။
“အားလုံး ကျွန်မရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ကြ”
ဟယ်နုန်ယင်းသည် စစ်တပ်ကို ကီလိုမီတာသောင်းကျော် ဦးဆောင်ခေါ်သွားပြီးနောက် ရပ်တန့်စေလိုက်၏။ စစ်တပ်ကလည်း သူမအမိန့်ကို အကြွင်းမဲ့နာခံပေသည်။ ထို့ကြောင့် ဟယ်နုန်ယင်းသည် တပ်သားအားလုံးကို သူမ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ အခက်အခဲမရှိ ထည့်လိုက်နိုင်လေသည်။
ပြီးမှ ဟယ်နုန်ယင်းက အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။
“ခွမ်ချူ... အရှေ့က ရေကောင်းကင်ဆန်းကြယ်နယ်မြေကို သွားပုန်းနေပြီး ကျွန်မရဲ့ အမိန့်ကို စောင့်နေပါ”
“အာ...”
ခွမ်ချူ နားမလည်နိုင်ဟန်နှင့် မျက်တောင်ပုတ်ခတ်ကာ မေးလိုက်၏။
“မိန်းကလေးဟယ်... အဲ့ဒါက...”
“မိန်းကလေးဟယ်က ဘယ်သူလဲ”
ဟယ်နုန်ယင်းက အေးစက်စက် မျက်နှာထားနှင့် အော်ပြောလိုက်၏။
“ကျွန်မက ကောင်းကင်ဝိညာဉ်စစ်တပ်ရဲ့ ခေါင်းဆောင်ပဲ။ ရှင် ကျွန်မကို ခေါင်းဆောင်ဟယ်လို့ ခေါ်သင့်တယ်။ ပြီးတော့.. ဒါက အမိန့်ပဲ။ ဘာမေးခွန်းမှ ပြန်မမေးနဲ့၊ ခိုင်းတဲ့အတိုင်းသာ လုပ်ပါ”
“...”
သိမ်းငှက်ဘုရင်လေးက ရီဖျောင်ဖျောင်ကို လှမ်းကြည့်လိုက်သည်။ ရီဖျောင်ဖျောင်၏ မျက်ဝန်းများက ရုတ်တရက် ကြည်လင်လာသည်။ ထိုအခါ သူမ၏ မျက်ဝန်းထဲရှိ အံ့အားသင့်မှုကို မြင်လိုက်ရသည်။ ဟယ်နုန်ယင်းက အဘယ်ကိုလုပ်ရန် ကြံနေခြင်းနည်း။
ခွမ်ချူ၏ မျက်ဝန်းများ လင်းလက်သွား၏။ သူ ဟယ်နုန်ယင်း၏ ဆိုလိုရင်းကို နားလည်လာသလိုပင်။ သို့သော် ဟယ်နုန်ယင်းက ခေါင်းဆောင်ဖြစ်ပြီး သူက လက်ထောက်ခေါင်းဆောင်သာဖြစ်ရာ သူ ဘာတတ်နိုင်မည်နည်း။ အမိန့်မနာခံလျှင် ဟယ်နုန်ယင်းက သူ့ကို မောင်းထုတ်ပစ်နိုင်သလို သတ်ပင်သတ်ပစ်နိုင်သည်။
“ကောင်းပါပြီ... လမ်းခရီးမှာ ဘေးကင်းပါစေ ခေါင်းဆောင်ဟယ်”
ခွမ်ချူသည် အရှေ့သို့ အရှိန်အပြည့်နှင့် ပျံသန်းသွားပြီး မကြာခင်မှာပင် အာကာသဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားပေသည်။ ထိုအခါ ဟယ်နုန်ယင်း၏ မျက်နှာထားက အတန်ငယ် တိုးတက်လာသည်။ သူမ သိမ်းငှက်ဘုရင်လေးနှင့် ရီဖျောင်ဖျောင်တို့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဒေါ်လေးရီ၊ သိမ်းငှက်ဘုရင်လေး... ဒေါ်လေးတို့ ဒီတာဝန်ကို လက်လျှော့လိုက်ဖို့ ကျွန်မ အကြံပေးချင်ပါတယ်။ စစ်တပ်ကို ကျွန်မတစ်ယောက်တည်းပဲ ဦးဆောင်ခေါ်သွားပါမယ်”
“ဒေါ်လေးတဲ့လား”
ရီဖျောင်ဖျောင်၏ ပတ်ပတ်လည်မှ အခိုးအငွေ့များ လွင့်ပြယ်သွားပြီး ချောမောလှပသော မျက်နှာတစ်ခုကို လှစ်ဟပြလိုက်သည်။ သူမ၏ပုံစံက မိန်းမပျိုတစ်ယောက်နှင့် မကွာပေ။ သူမ ဟယ်နုန်ယင်းဘေးတွင် ရပ်လိုက်သောအခါ ညီအစ်မနှစ်ယောက်ဟုပင် ထင်ရပေသည်။ သူမသည် ဟယ်နုန်ယင်းကို အံ့ဩဟန်နှင့် ကြည့်ကာ မေးလိုက်သည်။
“သခင်မလေးက ကျွန်မကို ဒေါ်လေးရီလို့ ခေါ်လိုက်တာလား။ သခင်မလေးက ရှောင်ရီရဲ့ မိတ်ဆွေလား”
သိမ်းငှက်ဘုရင်လေးကလည်း စူးရှသော သိမ်းငှက်မျက်ဝန်းများနှင့် ဟယ်နုန်ယင်းကို စိုက်ကြည့်နေသည်။ ဟယ်နုန်ယင်းက အတန်ငယ် ပြုံးလိုက်ပြီး ပြန်ဖြေလေသည်။
“ဟုတ်ပါတယ်... ကျန်းရီက ကျွန်မရဲ့ မိတ်ဆွေပါ။ ကျွန်မက သူ့အသက်ကို ကယ်ဖူးသလို သူကလည်း ကျွန်မအသက်ကို ကယ်ဖူးပါတယ်”
သိမ်းငှက်ဘုရင်လေး သဘောပေါက်သွားပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျွန်တော် သခင်မလေးဟယ်ကို ကျွန်တော်တို့ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေကို ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးမတင်ရသေးပါဘူး”
“သိမ်းငှက်ဘုရင်လေးက ယဉ်ကျေးလွန်းနေပါပြီ”
ဟယ်နုန်ယင်းက ခပ်ဖွဖွ ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။
“ရှင် ဘာလို့ ကောင်းကင်ဝိညာဉ်စစ်တပ်ထဲ ဝင်ဖို့ စာရင်းပေးခဲ့လဲဆိုတာကို ကျွန်မသိပါတယ်။ ရှင်က ကျန်းရီကို လိုက်ရှာချင်တာ မဟုတ်လား။ ဒါပေမဲ့... ရှင် သူ့ကို ရှာနိုင်လိမ့်မယ်လို့ ထင်လား။ တစ်နှစ်တောင်ရှိခဲ့ပြီဆိုပေမဲ့ သူက မသေသေးပါဘူး။ အဲ့တော့ သူက လုံခြုံတဲ့တစ်နေရာရာမှာ ပုန်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အာကာသဟင်းလင်းပြင်ကြီးက အရမ်းကျယ်လွန်းတယ်၊ ဘုံတွေ ဆန်းကြယ်နယ်မြေတွေ အများကြီးရှိတယ်။ ရှင် သူ့ကို ရှာနိုင်မှာတဲ့လား။ ကျန်းရီက အသက်ရှင်နေသေးတော့ အနှေးနဲ့အမြန်ဆိုသလို ပြန်လာမှာပါ။ ရှင် သူ့ကို သွားရှာဖို့ မလိုပါဘူး”
“သခင်မလေးဟယ် မှားနေပါပြီ”
သိမ်းငှက်ဘုရင်လေးက ရုတ်တရက် ပြောလိုက်သည်။
“ကျွန်တော် ကောင်းကင်ဝိညာဉ်စစ်တပ်ထဲ ဝင်ဖို့ စာရင်းပေးခဲ့တာ ကျန်းရီကြောင့်ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော် အဆင့်တက်နိုင်ဖို့နဲ့ ကျွန်တော့်ရဲ့ တိုက်ခိုက်စွမ်းအားကို မြှင့်တင်နိုင်ဖို့လည်း ပါပါတယ်။ ကျွန်တော်က တိုက်ခိုက်အမှတ်နဲ့ ကျော်ကြားမှုအတွက် လုပ်ခဲ့တာပါ။ ဒါက ကျွန်တော့်ရဲ့ ရွေးချယ်မှုပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ရွေးချယ်မှုကို လေးစားပေးပါ”
ဟယ်နုန်ယင်း အတန်ငယ် အံ့ဩစွာနှင့် သိမ်းငှက်ဘုရင်လေးကို ကြည့်လိုက်၏။ မိမိ၏ အတွင်းစိတ်ကို ဖုံးကွယ်မထားတတ်သူမျိုးကို ယခုမှ သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူက တိုက်ပွဲအမှတ်များနှင့် ကျော်ကြားမှုအတွက်ဟူ၍ပင် ပြောခဲ့သေးသည်။ သို့သော် သူမ စိတ်မသက်မသာ မခံစားခဲ့ရပါ။ သိမ်းငှက်ဘုရင်လေး၏ စကားများက စစ်မှန်ရိုးသားသည်။ ဟန်ဆောင်မှု အလျင်းမရှိပေ။ ဆိုရလျှင် သူ့စကားများကို ကြားရသည်မှာ သူမ စိတ်သက်တောင့်သက်သာပင် ခံစားရပေသည်။
ရီဖျောင်ဖျောင်က သူမ၏ ဆံပင်ကို သပ်၍ ဝင်ပြောလိုက်၏။
“သခင်မလေးဟယ်... ကျွန်မ သွားရပါမယ်။ အဲ့နှစ်တုန်းက ကျွန်မ ရှောင်ရီကို ထားခဲ့တုန်းက သူ့ရင်ဘတ်မှာ ဝိညာဉ်မျိုးနွယ်ရဲ့ သွေးအမှတ်အသားတစ်ခု ချန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်မ သူ့အနားကို ရောက်ရင် လျှို့ဝှက်အတတ်တစ်ခုကို သုံးပြီး သူ့တည်နေရာကို အကြမ်းဖျင်း အာရုံခံနိုင်ပါလိမ့်မယ်...”
“ရှောင်ရီကို မွေးပြီးကတည်းက ကျွန်မ သူ့ကို မတွေ့ဖူးသေးဘူး။ ကျွန်မက သူတော်စင်ဝိညာဉ်တောင်အောက်မှာ အဖိခံထားခဲ့ရတာ။ ကျွန်မ ကြိုစားကျင့်ကြံခဲ့တာ၊ ကျွန်မရဲ့ အင်အားကို မြှင့်တင်ဖို့ နေရာအနှံ့မှာ ဟွင့်သွမ့်သားရဲတွေကို လိုက်ရှာစုဆောင်ခဲ့တာတွေက သူ့ကို ရှာနိုင်ဖို့ လုပ်ခဲ့တာတွေချည်းပါပဲ။ အခု သူက နတ်ဆိုးသိုက်ထဲမှာ ရှိနေပြီး အချိန်မရွေး သေသွားနိုင်နေတယ်။ သူ့အမေအနဲ့နဲ့ ကျွန်မက ဘယ်လိုလုပ် သူ့ကို သွားမရှာဘဲ နေနိုင်မှာပါလဲ”
ရီဖျောင်ဖျောင်သည် ပြောရင်းနှင့် မျက်ရည်ဝဲလာ၏။ သူမ၏ မျက်နှာပေါ်တွင်လည်း လွမ်းဆွတ်မှုနှင့် အပြစ်ရှိသလို ခံစားရမှုတို့ ရှိနေသည်။ ဟယ်နုန်ယင်းသည် သူမကို တစ်ခဏမျှ ကြည့်ပြီးနောက် သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
“ကောင်းပါပြီ... ရှင်တို့က ဆုံးဖြတ်ပြီးသွားမှတော့ သွားကြတာပေါ့။ ကျွန်မတို့ အရှေ့တောင်ဘက်ကနေပတ်ပြီး ကောင်းကင်ဝိညာဉ်ဘုံကို သွားကြမယ်”
“အရှေ့တောင်ဘက်လား”
သိမ်းငှက်ဘုရင်လေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ကျွန်တော်တို့က အရှေ့မြောက်ဘက်ကို သွားမယ်လို့ ပြောခဲ့တာ မဟုတ်လား။ မိုးပြာမဟာဧကရာဇ်ကလည်း အရှေ့မြောက်ဘက်က သွားတာက ပိုဘေးကင်းလိမ့်မယ်လို့ ပြောခဲ့တာပဲ။ ကျွန်တော်တို့ ခွမ်ချူကို အတူခေါ်မသွားတော့ဘူးလား”
“ဟင်းဟင်း...”
ဟယ်နုန်ယင်းက အရှေ့သို့ ဆက်ပျံသန်းသွားပြီး ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။
“အဲ့နှစ်တုန်းက မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ဘယ်လို သေသွားခဲ့တာလဲ။ ခွမ်မျိုးနွယ်အကြီးအကဲတစ်ယောက်ပါလာလို့ ဘယ်လောက်မှ အကူအညီပိုရမှာ မဟုတ်ဘူး။ အဲ့အပြင် ကျွန်မတို့က သူ့ကို စိုးရိမ်နေရလိမ့်မယ်။ သူသာ ကျွန်မတို့ကို သစ္စာဖောက်လိုက်ရင် ကျွန်မတို့ သေရလိမ့်မယ်။ ရှေ့တန်းမှာ စစ်သူကြီးက မင်းမိန့်ကို မနာခံဘူး။ ကျွန်မတို့ရဲ့ ကံကြမ္မာက... ကျွန်မတို့လက်ထဲမှာပဲ”
***