ထောင်ချောက်လော
Vol. 135 Ch. 1884
“တင်ပြပါတယ်”
ဟယ်နုန်ယင်းတို့ ထွက်သွားပြီး နာရီနှစ်ဆယ်ကျော် ကြာပြီးနောက် တမလွန်ဘုံမျိုးနွယ်၏ စစ်တပ်က ထပ်မံ မီလာပြန်၏။ မိုးပြာမဟာဧကရာဇ်သည် ထိုသတင်းကို ရလိုက်သောအခါ တပ်သားသန်းအနည်းငယ်ကို ခေါ်၍ ထပ်မံ တိုက်ခိုက်စေရပြန်၏။
နောက်ဆုံးအခေါက်ကကဲ့သို့ပင် မင်တဲ၏ စွမ်းအားကြီး တမလွန်ဘုံဘုရင်များက တစ်ဘက်တွင်၊ မိုးပြာမဟာဧကရာဇ်တို့က အခြားတစ်ဘက်တွင် ရပ်ကြည့်နေကြသည်။ အလယ်တွင်မူ သန်းချီသော လူသားတပ်သားများနှင့် တမလွန်ဘုံမျိုးနွယ်စစ်တပ်၏ ရှေ့တန်းတို့က တိုက်ခိုက်နေကြပေသည်။
ထိုကဲ့သို့သော တိုက်ပွဲမျိုးက အကျအဆုံး အများဆုံးဖြစ်သည်။ မည်သည့်ဘက်ကမှ မညှာကြပေ။ သူမသေလျှင် ကိုယ်သေ တိုက်ပွဲမျိုးပင်။ တမလွန်ဘုံမျိုးနွယ်နှင့် လူသားမျိုးနွယ်ကြားမှာ အမုန်းတရားက အလွန်နက်ရှိုင်းသည်။ ပြေလည်ရန် မဖြစ်နိုင်။ နှစ်ဘက် တွေ့ဆုံသည်နှင့် သူသေကိုယ်သေတိုက်ပွဲ ဖြစ်လာမည်သာ။
တမလွန်ဘုံက တမလွန်ဘုံမျိုးနွယ်ဝင်များကိုသာ စေလွှတ်လေ့ရှိပြီး တော်ဝင်မိသားစုဝင်များကိုတော့ တိုက်ပွဲသို့ စေလွှတ်ခဲသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များက အကန့်အသတ်မဲ့ ရှိသည် မဟုတ်ပါလော။ တမလွန်ချောက်နက်ထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင်များက မပြတ်မွေးဖွားနေကြသည်။ ထို့ကြောင့် ၎င်းတို့အကုန်လုံးကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။
လူသားမျိုးနွယ်မှ ပညာရှင်များက တမလွန်ဘုံမျိုးနွယ်ဝင်များထက် အတန်ငယ်ပို၍ သန်မာကြသည်။ ပုံမှန်အားဖြင့် လူသားမျိုးနွယ် ပညာရှင်တစ်ယောက်က တမလွန်ဘုံမျိုးနွယ် ပညာရှင်နှစ်ယောက်ကို သတ်နိုင်ကြသည်။ သို့သော် မင်တဲသည် လုံးဝမစိုးရိမ်ပေ။
တစ်ဘက်တွင်မူ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများ ရင်နာနေရသည်။ ဤတစ်ခေါက် တိုက်ပွဲတွင် အသတ်ခံနေရသူများမှာ လူသားမျိုးနွယ်၏ ထိပ်သီးတပ်သားများ မဟုတ်ပါလား။ တမလွန်ဘုံမျိုးနွယ်က အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် ထိပ်သီး လူသားမျိုးနွယ်တပ်သားများကို လဲလှယ်နေခြင်းပင်။ သို့ဖြစ်၍ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများ အဆုံးအရှုံးများနေပေသည်။
ထိပ်သီးတပ်သားများကို ပျိုးထောင်ရန်မှာ အခက်ခဲဆုံးဖြစ်သည်။ သို့သော် ယခုတွင် မိုးပြာမဟာဧကရာဇ်တို့သည် သူတို့၏ ထိပ်သီးတပ်သားများ တစ်ယောက်ပြီးတစ်ယောက် အညှာအတာမရှိ အသတ်ခံနေရသည်ကို ကူကယ်ရာမဲ့စွာ ကြည့်၍သာ နေရသည်။ သူတို့ လုပ်နိုင်သည့်အရာ မရှိပေ။ ဟယ်နုန်ယင်းတို့က သူမတို့၏ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်၍ တမလွန်ဘုံမျိုးနွယ်၏ စစ်တပ်ကြီး ပြန်ဆုတ်သွားအောင် လုပ်နိုင်မည်ကိုသာ စောင့်နေရမည်ဖြစ်သည်။
ဆယ့်လေးနာရီနီးပါး ကြာပြီးနောက် သန်းချီသော လူသားတပ်သားများ သေဆုံးသွားသည်။ အချိန်တန်လောက်ပြီကို မြင်သောအခါ မိုးပြာမဟာဧကရာဇ်သည် တမလွန်ဘုံမျိုးနွယ်နှင့် ဆက်မတိုက်လိုတော့ဘဲ ပြန်ဆုတ်ဖို့ အမိန့်ပေးရန် ဟန်ပြင်လိုက်သည်။
ဝှစ်...
ထိုအခိုက်တွင် အနောက်ဘက်မှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်း ပျံသန်းလာ၏။ အလင်းတန်း၏ အမြန်နှုန်းမှာ အလွန်လျင်မြန်ရာ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများ၏ အာရုံကို ဆွဲဆောင်နိုင်လိုက်သည်။
“ဟင်...”
အနက်ရောင်အခိုးအငွေ့များထဲတွင် ပုန်းနေသော မင်တဲသည် အာမေဋိတ်ပြုလိုက်၏။ သူ အလင်းတန်းဆီသို့ အနက်ရောင်အခိုးအငွေ့တန်းတစ်တန်း ပစ်လွှတ်လိုက်သည်။ သို့သော် မကြာခင်မှာပင် သူ ဒေါသထွက်သွားပေသည်။
ကောင်းကင်ကြယ်စုမြို့မှ တမလွန်ဘုံဘုရင်က သတင်းလှမ်းပို့လိုက်ခြင်းဖြစ်သည်။ မိစ္ဆာများနှင့် လူသားများက ကောင်းကင်ကြယ်စုမြို့ထဲတွင် ပေါ်လာပြီး မြို့ကို သွေးနှင့်ဆေးနေကြသည်။
ကောင်းကင်ကြယ်စုမြို့က တမလွန်ဘုံ၏ အလွန်အရေးပါသော ခံတပ်မြို့ဖြစ်သည်။ မြို့ထဲတွင် တော်ဝင်မိသားစုဝင်များစွာနှင့် မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်ဝင်များ ရှိသည်။ သို့သော် ပညာရှင်များမှာတော့ များစွာမရှိပေ။ ထို မိစ္ဆာများနှင့် လူသားများက အလွန်စွမ်းအားကြီးကြသည်။ သူတို့ထဲမှ တစ်ယောက်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပင် ဖြစ်သည်။ သူတို့သာ ဆက်သတ်နေမည်ဆိုလျှင် ကောင်းကင်ကြယ်စုဘုံတစ်ခွင်လုံးရှိ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ ရှင်းပစ်ခံရပေလိမ့်မည်။
“အရှင်မင်တဲ... ကျုပ်တို့ ဘာလုပ်သင့်လဲ”
အခြားတမလွန်ဘုံဘုရင်များ တုန်လှုပ်သွားကြ၏။ နောက်တန်းတွင် ပြဿနာတစ်ခု ရှိနေလျှင် ပြဿနာကြီးပေလိမ့်မည်။ သူတို့ ယင်းကို အရေးမထားလျှင် ထို မိစ္ဆာများနှင့် လူသားများက ကောင်းကင်ကြယ်စုဘုံကို ရှင်းပစ်ပြီးနောက် အခြားဘုံများသို့ ဆက်သွားနိုင်သည်။ နောက်ဆုံးတွင် သူတို့ တမလွန်ဘုံထဲပင် ဝင်ကာ တမလွန်ချောက်နက်ကို ဖျက်ဆီးပစ်နိုင်ပေသည်။ ထိုအခါ တမလွန်ဘုံ၏ အခြေခံအုတ်မြစ် ပျက်စီးရပေလိမ့်မည်။
သို့သော် တမလွန်ဘုံဘုရင်များ ပြန်သွားကူလိုလျှင်လည်း မည်သို့လုပ်ရမည်နည်း။ ပညာရှင်အချို့ကိုသာ ပြန်လွှတ်လိုက်ရမည်လော သို့မဟုတ် အားလုံး ပြန်ဆုတ်သွားရမည်လော။ အကယ်၍ စစ်တပ်တစ်တပ်လုံး ပြန်ဆုတ်သွားမည်ဆိုလျှင် မိုးပြာမဟာဧကရာဇ်တို့က ကမ္ဘာဦးကောင်းကင်ဘုံသို့ အလွယ်တကူ လွတ်မြောက်သွားပေလိမ့်မည်။ သို့သော် စစ်တပ်တစ်ဝက်သာ ပြန်ဆုတ်လျှင်လည်း မိုးပြာမဟာဧကရာဇ်တို့က ထိုအခွင့်အရေးကို အခွင့်ကောင်းယူ၍ ကျန်ခဲ့သော စစ်တပ်တစ်ဝက်ကို တိုက်ခိုက်မည်ဖြစ်သည်။
မင်တဲသည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ ပြတ်သားစွာ အမိန့်ပေးလိုက်လေသည်။
“အရင်ဆုံး လူသားမျိုးနွယ်စစ်တပ်ကို ပြေးခိုင်းလိုက်။ ပြီးမှ ငါတို့ ပြန်ပြီး စစ်ကူပေးမယ်။ ငါတို့ရဲ့မျိုးနွယ်ဝင်တွေအတွက် အဲ့မိစ္ဆာတွေနဲ့ လူသားတွေကို သတ်ရမယ်”
တမလွန်ဘုံ ကျရှုံးသွား၍ မဖြစ်ပေ။ ထိုဘုံက တမလွန်ဘုံမျိုးနွယ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ မိုးပြာမဟာဧကရာဇ်တို့အား လိုက်တိုက်ရန်ကို လက်လျှော့လိုက်ရခြင်းမှာ နှမြောစရာကောင်းသော်လည်း တမလွန်ဘုံက ပိုအရေးကြီးသည်။ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာတော့မည်ဖြစ်သည်။ လူသားမျိုးနွယ်က အနှေးနှင့် အမြန်ဆိုသလို ရှင်းထုတ်ခံရမည်သာ။ သို့ဖြစ်ရာ သူတို့ကို တစ်ခဏလောက် အလွှတ်ပေးလိုက်လျှင်လည်း ဘာအရေးနည်း။
ကျန်းရီနှင့် အခြားသူများက အလွန်မုန်းစရာကောင်းသည်။ ထို့ပြင် သူတို့က တမလွန်ဘုံမျိုးနွယ် ထိန်းချုပ်ထားသော ဘုံများထဲတွင် အလွယ်တကူ ပုန်းအောင်းနေနိုင်ကြသည်။ ထို့ကြောင့် သူတို့ကို အရင်ရှင်းပစ်မှရမည်ဟု မင်တဲ ခံစားရပေသည်။ မဟုတ်လျှင် မြို့များက ဟိုတစ်မြို့၊ သည်တစ်မြို့ တိုက်ခိုက်ခံနေရလျှင် တမလွန်ဘုံမျိုးနွယ် တစ်ရက်ပင် အနားယူနိုင်လိမ့်မည် မဟုတ်ချေ။
မင်တဲက အလွန်ဉာဏ်ကောင်း၏။ သူသည် မိုးပြာမဟာဧကရာဇ်က တန်ပြန်တိုက်ခိုက်မည်ကို ကာကွယ်ရန် စစ်တပ်ကို ချက်ချင်း ပြန်မဆုတ်ခိုင်းလိုက်ပေ။ မိုးပြာမဟာဧကရာဇ်က တစ်ခဏမျှ စောင့်ကြည့်နေ၏။ တမလွန်ဘုံမျိုးနွယ်က မည်သို့မှ မလှုပ်ရှားကြောင်းကို တွေ့သောအခါ သူ အခွင့်အရေးကို အသုံးချ၍ လူသားမျိုးနွယ်စစ်တပ်ကို ဦးဆောင်ကာ လျင်မြန်စွာ ပြန်ဆုတ်သွားလိုက်၏။
“တင်ပြပါတယ်...”
မိုးပြာမဟာဧကရာဇ်တို့ ကီလိုမီတာငါးထောင် ဆုတ်သွားပြီးနောက် သတင်းစုံစမ်းရေးကို တာဝန်ယူရသော တောက်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်က ပျံသန်းလာ၏။ သူ မိုးပြာမဟာဧကရာဇ်တို့အရှေ့တွင် ဒူးတစ်ဘက်ထောက်ကာ ပြောလိုက်သည်။
“မဟာဧကရာဇ်လေးပါး၊ အရှင်တို့... ကျုပ် ထောက်လှမ်းရေးတွေဆီကနေပြီး သတင်းတစ်ခု ရလိုက်ပါတယ်။ တမလွန်ဘုံမျိုးနွယ်စစ်တပ်က ဆုတ်ခွာသွားပါပြီတဲ့။ ပြီးတော့ စစ်တပ်တစ်တပ်လုံး ဆုတ်သွားတာပါ”
“ဟင်...”
မိုးပြာမဟာဧကရာဇ်တို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် သံသယအရိပ်အယောင်တစ်ခုလည်း ထွက်ပေါ်လာသည်။ ရူးသွပ်မဟာဧကရာဇ်က အရင်ဆုံး ပြောလိုက်သည်။
“ဟယ်နုန်ယင်းတို့က နောက်တန်းကို စတိုက်နေပြီလား”
“...”
ချီလင်းဧကရီနှင့် အခြားသူများ မျက်လုံးပင့်လိုက်ကြ၏။ ဟယ်နုန်ယင်းတို့ ထွက်သွားသည်မှာ မည်မျှသာ ကြာပါသေးသနည်း။ ထို့ပြင် သူမတို့က မတုံးအကြပါ။ သူမတို့အနေဖြင့် တမလွန်ဘုံမျိုးနွယ်စစ်တပ်၏ နောက်တန်းကို တိုက်ရန် မည်သည့်အကြောင်းမှ မရှိပါ။
“အဲ့ဒါက ထောင်ချောက်တစ်ခုလား”
ကောင်းကင်ဘုရင်ဝေ မျက်မှောင်ကြုတ်လိုက်သည်။ တမလွန်ဘုံမျိုးနွယ်သည် အသာစီးရနေချိန်တွင် အဘယ်ကြောင့် ပြန်ဆုတ်သွားရသနည်း။ မင်တဲမှာ တုံးအသူ မဟုတ်ပါ။
မိုးပြာမဟာဧကရာဇ်သည် ခေတ္တမျှ တွေးတောပြီးနောက် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“ထောက်လှမ်းရေးတွေကို ဆက်စုံစမ်းခိုင်းထားလိုက်။ အခု အခြေအနေမှာ ခန့်မှန်းနေလို့ ဘာမှ အသုံးမဝင်ဘူး။ ပြီးတော့ အလျင်စလိုလည်း မလှုပ်ရှားကြနဲ့”
ချီလင်းဧကရီနှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြပြီး စစ်တပ်ကို ဦးဆောင်၍ အရှေ့မှ စစ်တပ်ဆီ အမီပြန်လိုက်သွားလိုက်ကြသည်။ ထောက်လှမ်းရေးများသည် တမလွန်ဘုံမျိုးနွယ်စစ်တပ်က အမှန်ပင် ပြန်ဆုတ်သွားခြင်းဖြစ်ကြောင်း သတင်းများ ပြန်ပို့ကြ၏။ သို့သော် မည်သူမှ အလျင်စလို မလုပ်ဆောင်ဝံ့ကြပေ။ မင်တဲက တမလွန်ဘုံဧကရာဇ်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သဖြင့် ဗျူဟာအမျိုးမျိုးကို ကျွမ်းကျင်သည်။ အကယ်၍ သူတို့ပြန်ဆုတ်သွားခြင်းက ထောင်ချောက်တစ်ခု ဖြစ်နေလျှင် လူသားမျိုးနွယ်စစ်တပ်အတွက် အန္တရာယ်ရှိပေလိမ့်မည်။
“တင်ပြပါတယ်...”
မိုးပြာမဟာဧကရာဇ်တို့ အရှေ့မှ စစ်တပ်နှင့် ပြန်ဆုံချိန်တွင် ထောက်လှမ်းရေးများက တမလွန်ဘုံမျိုးနွယ်စစ်တပ်မှာ ကောင်းကင်ကြယ်စုဘုံဆီသို့ ပြန်ဆုတ်နေခြင်းဖြစ်ကြောင်း တင်ပြလာသည်။ မိုးပြာမဟာဧကရာဇ်တို့ စိတ်ငြိမ်ငြိမ် မထားနိုင်ကြတော့ပေ။ အကယ်၍ တမလွန်ဘုံမျိုးနွယ်စစ်တပ်က ဆက်ဆုတ်မည်ဆိုလျှင် နှစ်ဘက်က ပိုဝေးကွာသွားပေလိမ့်မည်။ ထိုအခါ လူသားမျိုးနွယ်စစ်တပ်သည် ကမ္ဘာဦးကောင်းကင်ဘုံသို့ အလွယ်တကူ ပြန်ဆုတ်နိုင်မည်ဖြစ်သည်။
ဗျူဟာများနှင့် လှည့်ကွက်များအားလုံးတွင် ရည်ရွယ်ချက်တစ်ခု ရှိရပေမည်။ တမလွန်ဘုံမျိုးနွယ်၏ ဗျူဟာရည်ရွယ်ချက်မှာ လူသားမျိုးနွယ်စစ်တပ်ကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့၏ ရည်ရွယ်ချက်က ပြောင်းပြန်ဖြစ်နေသလိုပင်။ မင်တဲက ကြင်နာသနားစိတ်ဝင်လာ၍ လူသားမျိုးနွယ်စစ်တပ်ကို ထွက်သွားခွင့် ပေးလိုက်ခြင်းလော။
“ထောက်လှမ်းရေးတွေကို တော်ဝင်မိသားစုဝင် တချို့ကို ဖမ်းပြီး သတင်းစုံစမ်းစစ်မေးဖို့ ပြောလိုက်။ ဘာလို့ တမလွန်ဘုံမျိုးနွယ်စစ်တပ်က ပြန်ဆုတ်သွားရတာလဲဆိုတဲ့ အကြောင်းကို သိကိုသိရမှ ဖြစ်မယ်”
မိုးပြာမဟာဧကရာဇ်က အမိန့်ပေးလိုက်၏။ ထိုအမိန့်ကို ပေးလိုက်လျှင် ထောက်လှမ်းရေးများစွာ သေရလိမ့်မည်ကို သူသိသည်။ သို့သော် တမလွန်ဘုံမျိုးနွယ်စစ်တပ်က အဘယ်ကြောင့် ပြန်ဆုတ်သွားရကြောင်းကို သိရန် လိုအပ်ပေသည်။ ယင်းက အလွန်အရေးကြီးသည်။
ဆယ်နာရီကြာပြီးသည်အထိ တမလွန်ဘုံမျိုးနွယ်စစ်တပ်က ပြန်ဆုတ်နေဆဲပင်။ သို့ဖြစ်ရာ တမလွန်ဘုံမျိုးနွယ်စစ်တပ်က အမှန်တကယ် ပြန်ဆုတ်နေခြင်းဖြစ်ပြီး ထောင်ချောက်တစ်ခု မဟုတ်ကြောင်း ထင်ရှားလာသည်။
ထောက်လှမ်းရေးများကလည်း သတင်းများ ပြန်ပို့လာသည်။ တိုက်ပွဲတွင် ထောက်လှမ်းရေးသောင်းကျော် အသေခံပြီးမှ အဖိုးတန်သတင်းတစ်ခုကို ရလာခြင်းဖြစ်သည်။ ထိုသတင်းမှာ ကောင်းကင်ကြယ်စုဘုံတွင် ဖြစ်ခဲ့သောသတင်းပင်။ ကောင်းကင်ကြယ်စုမြို့က သတ်ဖြတ်ရှင်းလင်းခံနေရသဖြင့် တမလွန်ဘုံမျိုးနွယ်စစ်တပ်က ပြန်ဆုတ်နေခြင်းဖြစ်သည်။
ထောက်လှမ်းရေးများသည် ထိုသတင်းကိုသာ ရခဲ့၏။ ထိုသတင်းရရန် တော်ဝင်မိသားစု ဒါဇင်ကျော်ကို ဖမ်းဆီးရန်အတွက် ထောက်လှမ်းရေး သောင်းကျော်၏ အသက်ကို စတေးခဲ့ရပေသည်။ ထို့ကြောင့် ထိုသတင်း၏ စစ်မှန်မှုကို သံသယဖြစ်စရာ မရှိပေ။ ထိုသတင်းကို ဝိညာဉ်ရှာဖွေအတတ်ကိုသုံး၍ ရလာခြင်းလည်းဖြစ်ပေသည်။
မိုးပြာမဟာကရာဇ်တို့သည် ထိုသတင်းကို ရလိုက်သောအခါ ခေါင်းရှုပ်သွားကြ၏။ ဟယ်နုန်ယင်းတို့က ထိုမျှမြန်မြန် မသွားနိုင်လောက်သည် မဟုတ်လော။ သူမတို့ထွက်သွားခဲ့သော နေရာနှင့် ကောင်းကင်ကြယ်စုဘုံက အလွန်ဝေးသည်။ အကယ်၍ လမ်းခရီးတွင် အနှောင့်အယှက်မရှိဘဲ ချောမွေ့ခဲ့လျှင်ပင် သူမတို့ ကောင်းကင်ကြယ်စုမြို့သို့ရောက်ရန် အနည်းဆုံး တစ်ရက်လောက် အချိန်လိုပေလိမ့်မည်။ ယခုတွင်မူ နေ့တစ်ဝက်သာ အချိန်ကုန်ပေသေးသည်။
မည်သူက ကောင်းကင်ကြယ်စုမြို့တွင် သတ်ဖြတ်မှုများ လုပ်ခဲ့သနည်း။ တမလွန်ဘုံမျိုးနွယ်တွင်တော့ အတွင်းရေးပဋိပက္ခများ မရှိနိုင်။ သတ်ဖြတ်ခဲ့သူများမှာ မိစ္ဆာများနှင့် လူသားများသာ ဖြစ်နိုင်သည်။
“ကျန်းရီများ ဖြစ်နေမလား”
ချီလင်းဧကရီက ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်၏။ ကျန်းရီမှလွဲ၍ သူမ အခြားမည်သူကိုမှ မတွေးမိပေ။ ခွမ်ဟူ၊ ယွင်ပင်းနှင့် အခြားသူများ၏ စိတ်ဝိညာဉ်ကျောက်စိမ်းပြားများမှာလည်း မကွဲအက်သွားသေးချေ။ ယင်းမှာ ခွမ်ဟူတို့က အသက်ရှင်နေသေးသည်ဆိုသော အဓိပ္ပာယ်ပင်။ သို့ဖြစ်ရာ ကျန်းရီလည်း အသက်ရှင်နေပေလိမ့်ဦးမည်။
အကယ်၍ ကျန်းရီက တမလွန်ဘုံမျိုးနွယ် ထိန်းချုပ်ထားသော ဘုံထဲတွင် တစ်နှစ်ကြာအောင် ပုန်းနေနိုင်ခဲ့လျှင် သူ၏ ဆန်းကြယ်စွမ်းရည်က အလွန်စွမ်းအားကြီးသော ဆန်းကြယ်စွမ်းရည် ဖြစ်ရပေမည်။ ကျန်းရီကလည်း အလွန်စွမ်းအားကြီးနေရမည်။ မဟုတ်လျှင် သူ ကမ္ဘာဦးကောင်းကင်ဘုံထဲ ခိုးဝင်၍ ခွမ်ဟူတို့ကို အလွယ်တကူ ဖမ်းခေါ်သွားနိုင်မည် မဟုတ်ပေ။
“မကောင်းတော့ဘူး”
ချီလင်းဧကရီက ရုတ်တရက် ရေရွတ်လိုက်၏။ တမလွန်ဘုံမျိုးနွယ်စစ်တပ်က ပြန်ဆုတ်သွားပြီဖြစ်သည်။ သို့သော် ဟယ်နုန်ယင်၊ ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေးနှင့် အခြားသူများက ကောင်းကင်ဝိညာဉ်ဘုံသို့ သွားနေဆဲသာရှိသေးသည်။ အကယ်၍ သူမတို့သာ တမလွန်ဘုံမျိုးနွယ်စစ်တပ်နှင့် တိုးလျှင် သေရပေလိမ့်မည်။
“လာကြစမ်း”
ချီလင်းဧကရီက သွက်လက်စွာ အမိန့်ပေးလိုက်၏။
“ကောင်းကင်ဝိညာဉ်စစ်တပ်ကို ချက်ချင်းသွားရှာပြီး သူတို့ကို ချက်ချင်း ပြန်လာခိုင်းလိုက်ပါ။ သူတို့ကို ကောင်းကင်ဝိညာဉ်ဘုံနဲ့ ကောင်းကင်ကြယ်စုဘုံဆီ မသွားစေနဲ့တော့”
***