သွေးမျိုးဆက် လှုံ့ဆော်မှု
Vol. 135 Ch. 1885
ထောက်လှမ်းရေးများက ဟယ်နုန်ယင်းတို့ကို ရှာနိုင်ပါမည်လော။
အဖြေမှာ ရှာနိုင်မည်မဟုတ်ဟူ၍ပင်။ ဟယ်နုန်ယင်းက လမ်းကြောင်းပြောင်းသွားခဲ့သည်။ မူလတွင် မိုးပြာမဟာဧကရာဇ်က ဟယ်နုန်ယင်းတို့ကို အရှေ့မြောက်ဘက်မှ ပတ်သွားရန် ပြောခဲ့သည်။ သို့သော် ဟယ်နုန်ယင်းက အရှေ့တောင်ဘက်မှ သွားနေသည်။ အရေးအကြီးဆုံးမှာ ဟယ်နုန်ယင်းတို့က အလွန်လျင်မြန်ခြင်း ဖြစ်ပေသည်။
ဟယ်နုန်ယင်းက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်ပြီး သိမ်းငှက်ဘုရင်လေးနှင့် ရီဖျောင်ဖျောင်တို့က အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်ကြသည်။ ပုံမှန်ဆိုလျှင်တော့ သူမတို့က အလွန်မလျင်မြန်သင့်ပါ။ သို့သော် ရီဖျောင်ဖျောင်က ယဉ်ပါးအောင် လုပ်ထားသော ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်မှာ အရိပ်မဲ့ငှက်ဖြစ်နေသည်။ ထိုသားရဲက သန္ဓေပြောင်း သားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏ အမြန်နှုန်းက တောက်နူ၏ အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်သည်။ ကောင်းကင်ဘုရင်နှင့် အခြားကောင်းကင်ဘုရင်များသည် ထိုသားရဲကို အောင်အောင်မြင်မြင် ဝန်းရံနိုင်ရန် ရက်ပေါင်းများစွာ အချိန်ပေးခဲ့ရသည်။ ၎င်းကို ဒဏ်ရာရသွားအောင် လုပ်ပြီးမှ ရီဖျောင်ဖျောင်က ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရီဖျောင်ဖျောင်၊ ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့သည် အရိပ်မဲ့ငှက်ကို စီး၍ သွားနေကြခြင်းပင်။ ရီဖျောင်ဖျောင်သည် ပိုးကောင်သားရဲတစ်ကောင်ကိုလည်း မရေမတွက်နိုင်သော ပိုးကောင်လေးများအဖြစ် ခွဲထွက်စေ၍ ပတ်ဝန်းကျင်ကို ထောက်လှမ်းခိုင်းထားပေသည်။ ထို့ကြောင့် သူမတို့သည် ပတ်ဝန်းကျင်ရှိ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် လူသားမျိုးနွယ်ဝင်များကို ချက်ချင်းသတိပြုမိကာ လမ်းကြောင်းပြောင်း၍ ရှောင်သွားနိုင်ပေသည်။
ဟယ်နုန်ယင်းသည် လူသားမျိုးနွယ်ကြားတွင် သစ္စာဖောက်တစ်ယောက် ရှိနေမည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူမသည် ရီဖျောင်ဖျောင်ကို လူသားထောက်လှမ်းရေးများကိုလည်း ရှောင်ရန် ပြောထားသည်။ သို့ဖြစ်ရာ ချီလင်းဧကရီက ထောက်လှမ်းရေးများ စေလွှတ်လိုက်လျှင်ပင် ဟယ်နုန်ယင်းတို့ကို ရှာတွေ့မည် မဟုတ်ပါ။
ဟယ်နုန်ယင်း၏ ပစ်မှတ်က ကောင်းကင်ဝိညာဉ်ဘုံပင်။ သူမတို့စစ်တပ်၏ အင်အားနှင့် စွမ်းအားကြီး သိုင်းသမား အရေအတွက်က အလွန်နည်းလွန်းသည်။ ကောင်းကင်ဝိညာဉ်ဘုံမှာ ယန်မဟာဧကရာဇ်၏ တိုက်ခိုက်မှုကို ခံထားရပြီးဖြစ်သည်။ အချို့မြို့များမှာ ဖြိုဖျက်ခံခဲ့ရပြီး မြို့တွင်းမှ ပညာရှင်အားလုံးနီးပါးလည်း အသတ်ခံခဲ့ရသည်။ ထို့ကြောင့် သူမတို့ဘက်တွင် တပ်သားသုံးသန်းသာရှိသော်လည်း ကောင်းကင်ဝိညာဉ်ဘုံတစ်ခုလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်လောက်ပေသည်။ သူမတို့ မြို့ဒါဇင်အနည်းငယ်ကို သွေးဖြင့် ဆေးနိုင်လိုက်မည်ဆိုလျှင် တာဝန် အောင်မြင်ပြီဟု သတ်မှတ်နိုင်ပေသည်။ ထိုအခါမှ သူမ ထွက်ပြေးရန် နည်းလမ်းတစ်ခု ရှာမည်ဖြစ်သည်။
ဝှစ်...
အရိပ်မဲ့ငှက်၏ အမည်တွင် ရာဇဝင်ရှိသည်။ ထိုငှက်က အလွန်မကြီးပါ။ မီတာတစ်ရာသာ ရှိသည်။ အခြားကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲများနှင့် ယှဉ်မည်ဆိုလျှင် ၎င်းငှက်က သေးသည်ဟု ဆိုရပေမည်။ ၎င်း၏ အမွေးအတောင်များမှာ အဖြူရောင်ဖြစ်ပြီး ၎င်း၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ ၎င်းပျံသန်းချိန်တွင် ၎င်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဖြူရောင်အလင်းခပ်ရေးရေး စီးဆင်းနေသည်။ ထို့ကြောင့် လူများသည် အဖြူရောင်အလင်းတန်းတစ်တန်းက ကောင်းကင်ကိုဖြတ်၍ ပျံသန်းသွားသည်ကိုသာ မြင်ကြရပြီး ၎င်း၏အရိပ်ကိုပင် မမြင်ကြရပေ။
ယခုတွင် အရိပ်မဲ့ငှက်၏ အနီးတွင် ဆန်စေ့အရွယ်အစားရှိသော ပိုးကောင်အုပ်တစ်အုပ် ရှိနေ၏။ ထိုပိုးကောင်များက အရိပ်မဲ့ငှက်နှင့် အမြန်နှုန်းတူနေသည်။ ၎င်းတို့သည် ကီလိုမီတာငါးဆယ် အဝန်းအဝိုင်းကို လွှမ်းခြုံထားပြီး ကျိုင်းကောင်အုပ်တစ်အုပ်ကဲ့သို့ ထင်ရပေသည်။ သာမန်ထောက်လှမ်းရေးများအနေဖြင့် အနားသို့ပင် ကပ်မလာနိုင်လျှင် ဟယ်နုန်ယင်းတို့ကို ရှာတွေ့မည် မဟုတ်ပါ။
ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့သည် အရိပ်မဲ့ငှက်၏ အနောက်ပိုင်းတွင် တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့၏ ဆံပင်များနှင့် ဝတ်ရုံများက လေထဲတွင် တဖျပ်ဖျပ်ခတ်နေကြသည်။ သူတို့နှစ်ယောက်စလုံးသည် အပြင်တွင် ဖြစ်နေသည်များကို အရေးမစိုက်ဘဲ မျက်လုံးမှိတ်ထားကြပြီး အရာအားလုံးကို ရီဖျောင်ဖျောင်အား ယုံယုံကြည်ကြည်နှင့် လွှဲထားပေသည်။
ရီဖျောင်ဖျောင်သည် ပိုးကောင်များ၏ အကူအညီနှင့် ပတ်ဝန်းကျင်မှ လှုပ်ရှားမှုအားလုံးကို အာရုံခံနိုင်သည်။ သူမ၏ ဝတ်ရုံဖြူမှာလည်း လေထဲတွင် ဝဲလွင့်နေသည်။ သူမသည် မျက်မှောင်ကြုတ်လျက် အရှေ့ကို အာရုံစိုက်ကာ ကြည့်နေ၏။ သူမ ပိုဝေးဝေး ပျံနိုင်လာလေ၊ ပိုစိတ်လှုပ်ရှားလာလေပင်။ သူမက ကျန်းရီနှင့် ပို၍ နီးကပ်လာပြီ မဟုတ်ပါလား။
ရီဖျောင်ဖျောင် သူမသာကြားနိုင်သော လေသံလောက်နှင့် ရေရွတ်လိုက်၏။
“သားလေး... အမေ သားကို လာရှာပြီ။ အမေတို့ သားအမိ မကြာခင် ပြန်ဆုံနိုင်တော့မှာပါ”
***
ထိုအခိုက်တွင် ကျန်းရီက ကောင်းကင်ကြယ်စုမြို့ထဲတွင် မရှိတော့ပါ။ ချီဟုန်က သူ့ကို အချိန်ခြောက်နာရီသာ ပေးခဲ့သည်။ မင်တဲထံတွင် အလွန်စွမ်းအားကြီးသော ဆန်းကြယ်စွမ်းရည်တစ်ခု ရှိသဖြင့် ခြောက်နာရီအတွင်း ကောင်းကင်ကြယ်စုဘုံသို့ ရောက်လာမည်ဖြစ်သည်။ တမလွန်ဘုံအရှိန်အဝါ ရှိနေသေးသ၍ သူက တည်နေရာပြောင်းရွှေ့လာနိုင်သည်။
ထို့ကြောင့် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့သည် ခြောက်နာရီသာ သတ်ဖြတ်၍ ပြန်ဆုတ်ခဲ့ကြသည်။ ခြောက်နာရီမှာ လုံလောက်ပေသည်။ ကောင်းကင်ကြယ်စုမြို့ထဲရှိ တော်ဝင်မိသားစုဝင် တစ်ဝက်လောက်နှင့် တမလွန်ဘုံမျိုးနွယ်ဝင် ဆယ်သန်း အသတ်ခံခဲ့ရသည်။
ကျန်းရီသည် ဖုန့်နီ၊ ခွမ်ဟူနှင့် အခြားသူများကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်ပြီး ထျန်းဖုန့်ဧကရာဇ်ကို သူ့ကိုခေါ်၍ အာကာသဟင်းလင်းပြင်ထဲ ထွက်ရန် ပြောလိုက်၏။ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များမှ လမ်းကြောင်းမှာ ယခုအထိ အပြည့်ပိတ်မသွားသေးပေ။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ် အပြင်သို့ အလွယ်တကူ ထွက်လိုက်နိုင်သည်။
ယခင်ကကဲ့သို့ပင် ချီဟုန်က ပတ်ဝန်းကျင်ကို ထောက်လှမ်း၍ ထျန်းဖုန့်ဧကရာဇ်က ကျန်းရီကို ဆွဲခေါ်ကာ ပျံသန်းသည်။ သို့သော် ကျန်းရီတစ်ယောက် ခေါင်းကိုက်နေပေသည်။
တမလွန်ဘုံဘုရင်က သတင်းပို့လိုက်ပြီးဖြစ်၏။ ယခုလောက်ဆို မင်တဲတို့က စစ်ကူပေးရန် ပြန်လာနေလောက်ပေပြီ။ အကယ်၍ ကျန်းရီသာ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်မည်ဆိုလျှင် လမ်းတွင် တမလွန်ဘုံမျိုးနွယ်စစ်တပ်နှင့် ဆုံရပေလိမ့်မည်။ ကျန်းရီ မင်တဲနှင့် ဆုံ၍ မဖြစ်ပေ။ ဆုံလိုက်သည်နှင့် သူ ထွက်ပြေးနိုင်တော့မည် မဟုတ်ပါ။
ထို့ကြောင့် ကျန်းရီသည် ချီဟုန်ကို အရင်ဆုံး ပုန်းအောင်းနေရန် ဆန်းကြယ်နယ်မြေတစ်ခုကို ရှာဖို့ ပြောလိုက်သည်။ သူ တစ်ခဏမျှ ပုန်းအောင်းနေ၍ မင်တဲတို့ကို ရှာခွင့် ပေးရပေမည်။ ရှာဖွေမှုများ ငြိမ်သွားမှ သူ စစ်တပ်ထဲ ရောဝင်ကာ ထွက်ပြေးမည်ဖြစ်သည်။
အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးဖြစ်သည်။
ကျန်းရီသည် ထိုသို့တွေးတော၍ ကောင်းကင်ဝိညာဉ်ဘုံအနီးရှိ ဆန်းကြယ်နယ်မြေတစ်ခုသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သူ ယခင်ကလည်း ထိုဆန်းကြယ်နယ်မြေထဲတွင် တစ်ခဏမျှ ပုန်းအောင်းခဲ့ဖူးသည်။ ထိုနေရာက အလွန်လုံခြုံပေသည်။ တမလွန်ဘုံမျိုးနွယ်က အသိဉာဏ်မမြင့်မားပါ။ ထို့ကြောင့် သူတို့သည် ကျန်းရီက တူညီသောနေရာတွင် ထပ်ပုန်းနေလိမ့်မည်ဟု တွေးမိကြလိမ့်မည် မဟုတ်ချေ။
ထိုဆန်းကြယ်နယ်မြေက ကောင်းကင်ကြယ်စုဘုံနှင့်လည်း ဝေးသည်။ မင်တဲက နေရာအနှံ့တွင် လိုက်ရှာမည် မဟုတ်ပေ။ အလွန်ဆုံးမှ သူ ကောင်းကင်ကြယ်စုဘုံ အနီးတစ်ဝိုက်ကိုသာ ရှာပေလိမ့်မည်။ ကျန်နေရာများကိုမူ သူ့လက်အောက်ငယ်သားများကို လွှတ်၍သာ ရှာခိုင်းလောက်သည်။ သို့သော် တမလွန်ဘုံဘုရင်များပင် ကျန်းရီပုန်းအောင်းနေမည့် ဆန်းကြယ်နယ်မြေကို ရှာလောက်ကြမည် မဟုတ်ပေ။
တမလွန်ဘုံဘုရင်များ၏ ရှာဖွေမှု ပြီးဆုံးသွားသည်နှင့် ကျန်းရီသည် တမလွန်ဘုံမျိုးနွယ်စစ်တပ်ထဲ အလွယ်တကူ ရောဝင်၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာရမည်ဖြစ်သည်။
ကောင်းကင်ကြယ်စုဘုံ အပြင်ဘက်တွင် တမလွန်ဘုံမျိုးနွယ်ဝင်များစွာ မရှိတော့ပါ။ ၎င်းတို့အများစုက လူသားမျိုးနွယ်စစ်တပ်နောက်သို့ လိုက်တိုက်ရန် မင်တဲနှင့်အတူ လိုက်သွားကြသည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ်သည် ကောင်းကင်ဝိညာဉ်ဘုံသို့ လျင်မြန်စွာ ပျံသန်းသွားနိုင်လိုက်သည်။ အနိမ့်ဘုံအချိန် နေ့တစ်ဝက်အတွင်းမှာပင် သူတို့ ကောင်းကင်ဝိညာဉ်ဘုံ အနီးရှိ ဆန်းကြယ်နယ်မြေသို့ ရောက်သွားကြသည်။
ထိုဆန်းကြယ်နယ်မြေထဲတွင် မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်မှ ရှိမနေ၍ ကျန်းရီ အံ့ဩသွား၏။ ပြီးခဲ့သောအခေါက်က အဖြစ်အပျက်ကြောင့် မည်သူမှ ဤဆန်းကြယ်နယ်မြေထဲ ထပ်မလာခဲ့ခြင်း ဖြစ်နိုင်သည်။
တမလွန်ဘုံမျိုးနွယ်ဝင်များ မရှိသဖြင့် ကျန်းရီ ပို၍စိတ်အေးသွားသည်။ သူ ကိုယ်ဖျောက်ထားချိန်တွင် သာမန် တမလွန်ဘုံမျိုးနွယ်ဝင်များက သူ့ကို လုံးဝရှာတွေ့မည် မဟုတ်ပေ။ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များက လာရောက်ရှာဖွေလျှင်လည်း ပြဿနာမရှိပါ။ တမလွန်ဘုံဘုရင်များ ရောက်မလာသေးသ၍ သူ ထျန်းဖုန့်ဧကရာဇ်နှင့်အတူ ဖောက်ထွက်၍ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခု ရှာနိုင်မည်ဖြစ်သည်။
‘ကျင့်ကြံရမယ်’
ကျန်းရီသည် ဂူတစ်လုံးရှာပြီးနောက် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလိုက်၏။ ချီဟုန် ရှိနေ၍ တမလွန်ဘုံမျိုးနွယ်ဝင်များ အနားရောက်လာလျှင် သူ တန်းသိရမည်ဖြစ်သည်။ သူ လျှပ်စီးအနှစ်သာရကို ဆက်လေ့လာရန် မစောင့်နိုင်တော့ပေ။ သူ မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်မည်၊ မနိုင်မည်ကိုလည်း သိလိုနေသည်။ သူသာ ၎င်းကို ထိန်းချုပ်နိုင်ပါက တိုက်ခိုက်ခုခံစွမ်းအား အလွန်မြင့်တက်သွားမည်ဖြစ်သည်။
ဤဆန်းကြယ်နယ်မြေထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင်များ မရှိတော့သော်လည်း တမလွန်ဘုံအရှိန်အဝါများက အလွန်သိပ်သည်းနေသေး၏။ ထို့ကြောင့် နယ်မြေထဲတွင် မည်းမည်းမှောင်နေသည်။ တိတ်ဆိတ်နေမှုကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင်။
ထျန်းဖုန့်ဧကရာဇ်က ဆောင်းဥတုပုလဲထဲ ပြန်ဝင်ထား၏။ ထို့ကြောင့် ဂူထဲတွင် ကျန်းရီတစ်ယောက်တည်း ဖြစ်နေသည်။ သူသည် ဂူအောင်းနေထိုင်သော အဘိုးကြီးတစ်ယောက်ကဲ့သို့ပင်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာနေသည်။ ကျန်းရီသည် နာရီဒါဇင်ကျော်သာ လေ့လာရသေးသော်လည်း ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက လျှပ်စီးက မီးကိုဖန်တီးနိုင်သည့်အကြောင်းကို အပြည့်အဝ သဘောပေါက်သွား၍တော့ မဟုတ်ပါ။ ရုတ်တရက် သူ့နှလုံးသားက တဒုတ်ဒုတ် ခုန်လာ၍ဖြစ်သည်။ သူသည် အလိုလို ရင်ခုန်မြန်လာခြင်းပင်။ အဘယ်ကြောင့် ထိုသို့ရင်ခုန်မြန်လာရသည်ကိုမူ သူ မသိပါ။ ထို့ပြင် သူ့သွေးများက ပိုလျင်မြန်စွာ စီးဆင်းလာသည်ကိုလည်း သူ ခံစားနေရပေသည်။
“အရှင်ချီဟုန်... အပြင်မှာ တစ်ခုခု ဖြစ်နေတာလား”
ကျန်းရီသည် တစ်ခဏမျှ တွေးကြည့်သော်လည်း နားမလည်နိုင်သဖြင့် ချီဟုန်ထံသာ အသံပို့လွှတ်၍ မေးလိုက်သည်။ ချီဟုန်ကလည်း မည်သည်ကိုမှ ရှာမတွေ့ပေ။ ထို့ကြောင့် သူ ပြန်မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ အပြင်မှာတော့ တိတ်ဆိတ်နေတာပဲ”
“ကျွန်တော်လည်း မသိဘူး။ ကျွန်တော် နှလုံးခုန်မြန်လာပြီး ကျွန်တော့်သွေးတွေ ပိုမြန်မြန် စီးဆင်လာလို့။ ကိစ္စကြီးတစ်ခု ဖြစ်တော့မဲ့အတိုင်းပဲ”
ကျန်းရီက ခေါင်းကုတ်၍ အသံပြန်ပို့လွှတ်လိုက်၏။ ချီဟုန်သည် ကောင်းကင်စိတ်အာရုံနှင့် ကျန်းရီ၏ ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်ပြီး နားမလည်နိုင်ဟန်နှင့် ရေရွတ်လိုက်၏။
“မင်းရဲ့သွေးတွေက တကယ်ကို မြန်မြန်ကြီး စီးဆင်းနေတာပဲ။ ကြည့်ရတာ သွေးမျိုးဆက် လှုံ့ဆော်မှု ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့ဒါက ဘာလို့ ဖြစ်နေရတာလဲ”
“သွေးမျိုးဆက် လှုံ့ဆော်မှုလား”
ကျန်းရီ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွား၏။ သူ မျက်လုံးဝေ့ဝဲကြည့်ကာ ရုတ်တရက်လည်း ထရပ်လိုက်သည်။ ထို့နောက် သူ ရေရွတ်လိုက်လေသည်။
“အ..အမေက အနီးမှာလား”
***