ဟိုတယ်ဘလိဗီးယား
Vol. 9 Ch. 8
ဆိပ်ကမ်းပြာတည်းခိုခန်းနားကိုရောက်တော့ ပုစွန်တစ်ပိုင်းပြတ်ကို ကျောပေါ်တင်ထားတဲ့ အေမီက မက်ဒါနာကို ဦးညွှတ်ပြီး အခုလိုမျိုးပြောပါတယ်။
“သခင်မလေး၊ ကျွန်မတည်းခိုခန်းရှေ့ကနေ ဝင်မယ်ဆိုရင် စားသုံးသူတွေကို လန့်အောင်လုပ်သလို ဖြစ်သွားမယ်ထင်ပါတယ်။ အနောက်ဘက်ကနေပတ်သွားပြီး ပြတင်းပေါက်ကနေဝင်ဖို့ အကြံရထားတာမလို့ မမလေးတို့အခန်းကိုအရင်ပြန်ပြီး ပြတင်းပေါက်တံခါးဖွင့်ပေးပါ။”
မက်ဒါနာလည်း မေးကိုလက်ခုံနဲ့ထောက်ရင်း စဥ်းစားကြည့်တယ်။ အဲဒီနောက် အေမီရဲ့ပခုံးပေါ်မှာရှိနေတဲ့ ပုစွန်ကောင်ကို ကြည့်လိုက်လေရဲ့။ အဲဒီအကောင်က ပုပ်စော်နံနေတဲ့အပြင် သွေးရည်ကြည်တွေပါတစ်စက်စက်ကျနေတာလေ။
“အေမီရေ၊ တည်းခိုခန်းထဲ လူမသိအောင်သယ်နိုင်ရင်တောင်မှ အနံဆိုးတွေနံနေဦးမှာမဟုတ်လား။” မက်ဒါနာက စိုးရိမ်စိတ်နဲ့ပြောလိုက်တာ။ သူတို့တည်းနေတဲ့ တည်းခိုခန်းထဲ အနံဆိုးနံနေရင် အဆင်မပြေဘူးလေ။
“ဆိပ်ကမ်းပြာမှာ မသုံးတဲ့ပစ္စည်းတွေသိုလှောင်ဖို့သုံးတဲ့ ထပ်ခိုးတစ်ခုရှိတာ သတိထားမိပါတယ် သခင်မလေး။ ဒီကမဟာမိတ်ဌာနခွဲကို လိုအပ်တဲ့ပစ္စည်းတွေလာပို့ခိုင်းရင် လုံလုံခြုံခြုံနဲ့ထားလို့ရမယ်ထင်ပါတယ်။”
မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး လီဆာကိုလှည့်ကြည့်လိုက်တယ်။ လီဆာကလည်း သူ့ကိုပခုံးတွန့်ပြတယ်။ မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး အေမီရဲ့လက်ထဲက သေတ္တာနှစ်လုံးကို လွှဲပြီးယူလိုက်လေရဲ့။
“ကောင်းပြီလေ၊ အခန်းမှာပြန်တွေ့ကြတာပေါ့။” မက်ဒါနာနဲ့လီဆာက အေမီကိုနှုတ်ဆက်လိုက်ပြီး ဆိပ်ကမ်းပြာဘက်ကို ဆက်သွားတယ်။ အေမီက ပုစွန်ကောင်ကိုထမ်းရင်းနဲ့ နောက်ဖေးလမ်းကြားတစ်ခုထဲကို ပြေးဝင်သွားခဲ့ပါပြီ။
မက်ဒါနာကတော့ ဆိပ်ကမ်းပြာတည်းခိုခန်းရှေ့ကို ရောက်တဲ့အထိ ပုံမှန်အတိုင်းပဲ လျှောက်သွားလိုက်ပါတယ်။ အဲဒီနောက်တော့ လမ်းရဲ့တစ်ဖက်ခြမ်းမှာရှိနေတဲ့ အထပ်မြင့်တိုက်တစ်ခုကို ကြည့်လိုက်လေရဲ့။
“ဟမ်၊ ငါအခုမှသတိထားမိတယ်ကြည့်စမ်း။ ဒီနားမှာ နောက်ထပ်တည်းခိုခန်းတစ်ခု ရှိနေသေးတာပဲ။”
လီဆာလည်း မက်ဒါနာကိုလိုက်မီလာပြီးတဲ့နောက် အဲဲဒီတည်းခိုခန်းကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။ “ဟုတ်တယ်၊ ဒါပေမဲ့ အဖွားပြောတာတော့ အဲဒီတည်းခိုခန်းကို အရင်ပိုင်ရှင်က ရောင်းလိုက်ပြီးတဲ့။ အဲဒါကြောင့်မလို့ ဆိုင်းဘုတ်မရှိတော့တာ။ နောက်ပိုင်ရှင်က အဲဒီဟိုတယ်ကို ဘာအတွက်သုံးမယ်တော့မသိဘူး။”
မက်ဒါနာလည်း ဟိုတယ်ကို သေချာထပ်ပြီးစောင့်ကြည့်တယ်။ လီဆာပြောသလိုပဲ ဟိုတကယ်က ပိတ်ထားတာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်သားတချို့က အဆောက်အဦးကို ပြင်ဆင်ဖို့လုပ်နေတာတွေ့ရပါတယ်။
“ထားပါလေ၊ အရေးမကြီးပါဘူး။” မက်ဒါနာက ခေါင်းကိုခါယမ်းလိုက်ပြီး တည်းခိုခန်းခြံဝန်းထဲကို ဝင်လိုက်တယ်။ ရိုးရာဂါဝန်နဲ့စားပွဲထိုးအမျိုးသမီးကတော့ ခါတိုင်းလိုပဲ တစ်ယောက်တည်းအလုပ်များနေတုန်းပဲ။
“အာရာ့၊ လီဆာပြန်ရောက်လာပြီလား။”
“အင်း...” လီဆာက ခေါင်းညိတ်ပြလိုက်ပြီးတော့ လူတွေနဲ့ပြည့်နေတဲ့ဆိုင်ကို လှည့်ကြည့်လိုက်ပြီး သူ့ကိုယ်သူပြန်ငုံကြည့်တယ်။ ခုမှတိုက်ပွဲကနေ ပြန်လာတာဖြစ်လို့ အဝတ်အစားတွေညစ်ပတ်ပေကျံနေတယ်မဟုတ်လား။
“အရင်ရေမိုးချိုးအဝတ်အစားလဲပြီးမှ ပြန်လာကူပါလား။” မက်ဒါနာက အကြံပေးလိုက်တော့ လီဆာလည်း စိတ်ပျက်ပျက်နဲ့သက်ပြင်းချလိုက်လေရဲ့။
“အဲဒီလိုလုပ်မှဖြစ်မှာပဲ။” လီဆာက သူ့အင်္ကျီမှာပေနေတဲ့ အညစ်အကြေးပမာဏကိုကြည့်ရင်း နှာခေါင်းကို ရှုံ့လိုက်မိတဲ့အထိပဲ။ ဒီပုံစံနဲ့စားပွဲထိုးလုပ်မယ်ဆိုရင် စားသုံးသူတွေ ထွက်ပြေးကုန်ကြလိမ့်မယ်။
“ဟုတ်ပြီ၊ ငါလည်းလုပ်ရမယ့်ကိစ္စ အရင်လုပ်ရမယ်။” မက်ဒါနာက လီဆာတစ်ယောက် ရေချိုးဖို့အတွက် အပေါ်ထပ်က သူငှားနေတဲ့အခန်းဆီ ပြေးတက်သွားတာတွေ့တော့ သူ့ဘာသာရေရွတ်လိုက်ပြီး အိတ်နှစ်လုံးနဲ့အတူ အပေါ်ကိုလိုက်တတ်ပါတယ်။
“ဒီလိုလေး ပြတင်းပေါက်တံခါးကို ဖွင့်ပေးလိုက်ရင်ရပြီထင်တယ်...” မက်ဒါနာက သူတည်းနေတဲ့အခန်းထဲရောက်တော့ နောက်ဖေးလမ်းကြားကို မျက်နှာမူထားတဲ့ တံခါးကိုဖွင့်ပြီး နောက်ကိုသာသာလေးဖယ်ပြီး ဆုတ်လိုက်တယ်။ မကြာခင်မှာပဲ ဘုတ်ဆိုတဲ့အသံနဲ့အတူ အိမ်ဝေဝတ်စုံဝတ်ထားတဲ့ ညိုချောစက်ရုပ်မလေးက ခုန်ပြီးအခန်းထဲဝင်လာပါလေရော။
“အောင်မလေး၊ နင်ဒီလောက်အမြင့်ကြီးခုန်နိုင်မှန်းသိပေမဲ့ အိမ်စေဝတ်စုံနဲ့အပေါ်ထပ်ကို လွှားခနဲခုန်လာတာမြင်ရတာ ကြောက်စရာကြီး။”
မက်ဒါနာက သူ့နဖူးသူဖျစ်ညှစ်လိုက်ပြီး မွေ့ရာပေါ်ကို ထိုင်ချကာ ပြောလိုက်တယ်။ အေမီကတော့ မက်ဒါနာကို အရင်ပြန်မဖြေသေးဘဲ ကြမ်းပြင်ကိုငုံကြည့်ကာ ပြောလိုက်လေရဲ့။
“အကုန်လုံးပေကျံကုန်ပြီပဲ၊ ကြမ်းပြန်တိုက်မှရမယ်ထင်တယ်။”
“ဟုတ်သားပဲ။” မက်ဒါနာလည်း အေမီကြည့်နေတဲ့နေရာကို ငုံကြည့်တော့ တကယ်ပဲအကုန်လုံးပေကျံကုန်ပြီ။ အေမီက အနက်ရောင်လေဒီရှူးကိုဝတ်ထားတာဖြစ်ပြီး ရွံနွံထူထပ်တဲ့ နောက်ဖေးလမ်းကြားတွေကို ဖြတ်သန်းလာတာဖြစ်လို့ ကြမ်းပြင်ပေါ်ကိုခုန်တက်တဲ့အချိန်မှာ ရွံနွံထူထပ်တဲ့ ခြေရာတွေကိုချန်ထားရစ်တယ်။ ပြီးတော့ ပုစွန်ဖုတ်ကောင်ဆီကနေပြီး ညစ်ပတ်တဲ့အရည်ကြည်တွေ စီးကျနေသေးတယ်။
“သခင်မလေးရှင့်၊ ကျွန်မပြန်လာရင် သန့်ရှင်းရေးလုပ်လိုက်ပါမယ်။” အေမီက မက်ဒါနာကို ဦးညွှတ်ပြီးပုစွန်ကောင်ကို ထပ်ခိုးဆီပို့ဖို့အတွက် အခန်းတံခါးဆီလျှောက်သွားပြီး လက်ကိုင်ကိုလှည့်ကာ အခန်းပြင်ကိုထွက်သွားတယ်။ အပြင်ရောက်တော့ တံခါးကိုပြန်ပိတ်ပေးလိုက်တယ်။
မက်ဒါနာကတော့ အိပ်ရာပေါ်မှာထိုင်နေရာကနေ ကျောခင်းလိုက်ပြီး ပါးစပ်ထဲက လေပူတွေကို မှုတ်ထုတ်လိုက်လေရဲ့။ “နောက်ဆုံးတော့ လီဆာကို ငါတို့နဲ့ပူးပေါင်းချင်စိတ်ရှိအောင် လုပ်လိုက်နိုင်ပြီပဲ။”
မက်ဒါနာက လီဆာကို သူ့ရဲ့လာရင်းကိစ္စပြောဖို့ စိတ်မကူးထားသေးဘူး။ ဒီရက်ပိုင်းအတွင်း ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် ရေဂင်ကိုလိုက်ရှာနှိမ်နင်းပြီးမှ အဲဒီကိစ္စကိုဖွင့်ပြောဖို့ သူဆုံးဖြတ်ထားတာ။
“ဟုတ်သားပဲ၊ အေမီပြောသလိုပဲ လိုအပ်တဲ့ပစ္စည်းတွေ လှမ်းမှာရဦးမယ်။” မက်ဒါနာက အိပ်ရာကနေထပြီး ဖုန်းကိုလှမ်းယူတယ်။ အဲဒီနောက် မဟာမိတ်အဖွဲ့ဝင်တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ ကွန်ယက်ထဲကိုဝင်ပြီး ဖရာလီတာကို တိုက်ရိုက် ဗီဒိယိုကော်
ခေါ်လိုက်ပါတယ်။
“ဝိုး၊ မက်ဒါနာပါလား။ နင်ငါ့ကို ဖုန်းခေါ်ဖို့သတိရသေးတယ်ပေါ့လေ။” ဗီဒီယိုကောလ်ခေါ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ဖရာလီတာက ဖုန်းကိုင်တယ်။ အခုဖရာလီတာက Archmegaဝတ်စုံထဲမှာ ရောက်နေတာပါ။
“အာ့၊ နင်တိုက်ပွဲဝင်နေတုန်း ငါဖုန်းခေါ်မိတာလား။ ငါပြီးမှပြန်ဆက်လိုက်မယ်လေ။” မက်ဒါနာလည်း အားနာသွားပြီး ဖုန်းချဖို့လုပ်ပေမဲ့ ဖရာလီတာက ချက်ချင်းဆိုသလိုပဲ တားလိုက်လေရဲ့။
“ကိစ္စမရှိဘူး၊ ငါတို့က စစ်မြေပြင်မှာ ပုံမှန်အတိုင်း အချိန်ဖြုန်းနေကြရုံပါ။” ဖရာလီတာက မက်ဒါနာကို ပြုံးပြလိုက်ပြီး ဝတ်စုံတွင်းမြင်ကွင်းတွေကိုပြတဲ့ ကင်မရာမြင်ကွင်းကိုချုံကာ ဝတ်စုံပြင်ပက မြင်ကွင်းတွေကိုပြတဲ့ ကင်မရာပြောင်းပြတယ်။
“ဒါတွေအကုန်လုံး နင်တို့လုပ်ထားတာလား။” မက်ဒါနာက ဖရာလီတာနဲ့အဖွဲ့ရဲ့ပတ်ဝန်းကျင်မှာ ပုံခံနေတဲ့ မျိုးနွယ်ပေါင်းစုံက ပိုးကောင်အသေတွေကိုတွေ့တော့မျက်ခုံးပင့်လိုက်မိတယ်။
ဖရာလီတာနဲ့အတူ အယ်လိုဟင်နဲ့ဒရုန်းဇုန်တို့လည်း ရှိနေပြီးတော့ သူတို့တွေလက်ထဲမှာ ဝိညာဥ်စုရတနာတွေကိုင်ထားတယ်။
“ဪ၊ ငါနင့်ကိုမပြောရသေးဘူးထင်တယ်။ အခုပိုးကောင်ဗိုလ်ချုပ်တွေထဲက ယင်ကောင်ဗိုလ်ချုပ် အဆင့်တက်သွားတယ်။ ငါတို့သူ့ကိုရင်ဆိုင်နိုင်သေးပေမဲ့ သူက တော်တော်အနှောင့်အယှက်ဖြစ်တာမလို့ သူ့ကိုရှောင်ပြီးလှုပ်ရှားနေကြတာ။”
ဖရာလီတာက ပိုးကောင်တွေကို ဆက်နှိမ်နင်းနေရင်းကနေ တစ်ဖက်က အခြေအနေတွေကို ရှင်းပြတယ်။ ယင်ကောင်အဆင့်တက်သွားပြီးတဲ့နောက်မှာတော့ မဟာမိတ်စိုးရိမ်ရတဲ့သူက ဘာရွန်တစ်ယောက်တည်းမဟုတ်တော့ပါဘူး။ ဒါကြောင့် သူတို့တွေက မစ်ရှင်တွေကို တစ်နေရာထဲမှာအကြာကြီးမလုပ်တော့ဘဲ ဘယ်သူမှရောက်မလာသေးခင် ပြန်ဆုတ်ကြတယ်။
“သခင်မလေး၊ ဘာရွန်က ကျုပ်တို့ရှိနေတဲ့မြို့ဆီကို ဦးတည်ပြီးလာနေပြီလို့ ဂိုင်ယာက သတိပေးလာပါတယ်။”
အယ်လိုဟင်က ဖရာလီတာကို သတိပေးလိုက်တော့ ဖရာလီတာက ဂိုင်ယာရဲ့အချက်ပြကိုစစ်ကြည့်ပြီး အတည်ပြုလိုက်တယ်။ ဘာရွန်က သူတို့နဲ့သိပ်မဝေးတော့ဘူး။
“ကောင်းပြီ၊ ဒီနေရာကနေ ခွာကြတာပေါ့။” ဖရာလီတာက အမိန့်ကိုအတည်ပြုလိုက်တယ်။ သူတို့လုပ်နေတာတွေကိုကြည့်ရင်း မက်ဒါနာကလည်း ဖရာလီတာရဲ့တီထွင်မှုဖြစ်တဲ့ ဂိုင်ယာကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်မိပါတယ်။
‘ဂိုင်ယာက အတော်အသုံးဝင်တာပဲ။ စစ်သုံးဂြိုဟ်တုတွေအားလုံးရဲ့စံပြပဲ။’လို့ သူတွေးတယ်။ လူသားတွေက အရင်ကတည်းက အဆင့်မြင့်စစ်သုံးဂြိုဟ်တုတွေကို လွှတ်တင်ခဲ့တာဆိုပေမဲ့ ဂိုင်ယာက အဆင့်အမြင့်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးပါပဲ။
“ဒါနဲ့နင်တို့တွေ ဝိညာဥ်စွမ်းအားကိုသုံးပြီး လိပ်နက်ကိုနှိုးဖို့ ကြိုးစားပြီးသွားပြီလား။” မက်ဒါနာက ဖရာလီတာတို့ စနစ်တကျဆုတ်ခွာနေတာကို စောင့်ကြည့်နေရင်းနဲ့ မေးလိုက်တယ်။ ဖရာလီတာက ပျံသန်းနေရင်းကနေ ခေါင်းညိတ်ပြလေရဲ့။
“အင်း၊ ဆိုဖီယာတို့ရလာတဲ့ ဝိညာဥ်စွမ်းအားတွေကိုသုံးပြီး လိပ်နက်ကိုနှိုးဖို့ကြိုးစားပေမဲ့ မအောင်မြင်လိုက်ဘူး။ ဒါပေမဲ့ ပန်းသီးလေးက ဝိညာဥ်စွမ်းအင်ပမာဏနည်းလွန်းတယ်လို့ပြောလို့ ပိုများတဲ့ပမာဏတစ်ခုစုဆောင်းဖို့ကြိုးစားနေတယ်။”
မက်ဒါနာလည်း စိတ်ထဲမှာ သူ့တွက်ကိန်းနဲ့သူတွေးလိုက်တယ်။ ဒီအတိုင်းဆိုရင် ဝိညာဥ်စွမ်းအင်ကိုသုံးတဲ့နည်းက အသုံးမဝင်တာမျိုးလည်း ဖြစ်နေနိုင်တယ်မဟုတ်လား။ ပမာဏနည်းလို့ဆိုပေမဲ့ ပထမတစ်ကြိမ်ကျရှုံးပြီးသွားပြီဆိုကတည်းက ကျရှုံးနိုင်ခြေက မြင့်တက်သွားပြီ။
“ကြည့်ရတာ ငါလည်းငါ့နည်းလမ်းကို ရှေ့ဆက်နိုင်ဖို့အသင့်ပြင်ထားသင့်ပြီထင်တယ်။” မက်ဒါနာက သက်ပြင်းချရင်းပြောလိုက်တော့ ဖရာလီတာက အခုလိုပြန်တုံ့ပြန်ပါတယ်။
“ဒါပေမဲ့ နင့်နည်းလမ်းက နည်းနည်းအကြင်နာမဲ့လွန်းတယ်လို့မထင်ဘူးလား။” မက်ဒါနာလည်း ဖရာလီတာစကားကိုနားထောင်ရင်းကနေ ခေါင်းညိတ်လိုက်တယ်။
“ပုံမှန်ဆိုရင်တော့ ဒီလိုပဲ၊ ဒါပေမဲ့ ရွေးစရာမရှိရင်တော့ လုပ်ရမယ်မဟုတ်လား။”
ဖရာလီတာက မက်ဒါနာရဲ့အဖြေကို ကြားပြီးတဲ့နောက်မှာ ထူးခြားစွာနဲ့တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် အတော်ကြာမှ စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့ တခြားကိစ္စတစ်ခုကိုမေးတယ်။
“ဒါနဲ့၊ နင်ငါ့ကိုတခြားပြောစရာတစ်ခုခု ရှိသေးလား။”
“အင်း...” မက်ဒါနာလည်း အခုမှဘာလို့ ဖရာလီတာကို ဖုန်းခေါ်လဲဆိုတာ ပြန်မှတ်မိလာပြီးပြောလိုက်ပါတယ်။
“ငါတို့အခုရေဂင်နောက်ကိုလိုက်နေတာ၊ သူအမိန့်ပေးခဲ့တဲ့ ဖုတ်ကောင်တစ်ကောင်ကို ငါတို့ဖမ်းမိထားတယ်။ ရေဂင်ရဲ့ကြိမ်နှုန်းကိုသာ ငါတို့တုပထုတ်ဖော်နိုင်မယ့်နည်းရှိရင် ရေဂင်ကိုရှာတွေ့ပြီး ကိစ္စတစ်ဝက်ပြီးပြီလို့ ပြောလို့ရတယ်။ အဲဒီလိုလုပ်နိုင်မယ့် ပစ္စည်းမျိုး နင့်မှာရှိလား။”
“ရှိတာပေါ့၊ ဒီလောက်ကြီးရှုပ်ထွေးတာလည်းမဟုတ်ပါဘူး။ အဲဒီဖုတ်ကောင်ရဲ့ကြိမ်နှုန်းကိုအာရုံခံပြီးဂိုင်ယာဆီပို့ပေးမယ် Hardwareတစ်ခုပဲလိုတာ။ ငါပြန်ရောက်ရင် ချက်ချင်းလုပ်လိုက်မယ်။ နောက်သုံးရက်လောက်ဆိုရင် နင့်ဆီရောက်လောက်ပြီ။”
“ကောင်းပြီလေ။” မက်ဒါနာလည်း အဖြေရပြီးတာနဲ့ ဖုန်းချလိုက်တယ်။
....
နောက်နေ့မနက်ရောက်တော့ မက်ဒါနာက အထူးအားလပ်နေတယ်။ ရေဂင်ကိုရှာဖို့အတွက် လိုအပ်တဲ့စက်ကို ဖရာလီတာက အခုမှတည်ဆောက်နေတုန်း။ အစက အေမီကို ဒီအတိုင်းစမ်းကြည့်ဖို့ပြောခဲ့သေးပေမဲ့ အဆင်မပြေခဲ့ဘူး။ အေမီက ဂြိုဟ်တုဂိုင်ယာနဲ့ဆက်သွယ်နိုင်ပေမဲ့ သူ့မှာပိုးကောင်ရဲ့ကြိမ်နှုန်းလှိုင်းကိုထောက်လှမ်းမိလောက်မယ့် အခြေခံပစ္စည်းတွေတပ်ဆင်ထားတာမျိုးမရှိဘူး။
‘မြို့ကို ကင်းလှည့်ပေးရင်ကောင်းမလား’ ဆိုပြီးမက်ဒါနာစဥ်းစားမိသေးတယ်။ အရင်တုန်းကဆိုရင် ဘယ်နိုင်ငံရောက်ရောက် သူကင်းလှည့်ပေးနေကျမဟုတ်လား။ အဲဒါနဲ့အေမီကို တိုင်ပင်ကြည့်တော့
“အောင်မလေး၊ မမလေးရယ်။ ကိုယ့်ဘာသာ တည်းခိုခန်းမှာ သက်သက်သာသာနေပါ။ ပိုးကောင်တွေထပ်လာမတိုက်အောင် မြို့ကို ကျွန်မတစ်နေ့နှစ်ကြိမ် ကင်းလှည့်ပေးပါ့မယ်။” တဲ့။ အေမီက ထုတ်မပြောပေမဲ့ နောက်ဆုံးတစ်ကြိမ် မက်ဒါနာလုပ်ခဲ့တဲ့ကိစ္စကြောင့် စိတ်ဆိုးနေဆဲဖြစ်တဲ့ပုံပဲ။
“ငါလည်းဘယ်တတ်နိုင်ပါ့မလဲ၊ မြန်မြန်အလုပ်ပြီးတာ ပိုကောင်းမယ်ထင်မိရုံလေးပါ။” မက်ဒါနာက ပန်းကန်ပြားထဲမှာရှိနေတဲ့ ရွှေဝါရောင် ပက်စတာမရောနိခေါက်ဆွဲသုပ်ကို ဇွန်းနဲ့ခပ်လိုက်ရင်း ရေရွတ်လိုက်တယ်။
ဟီးရိုးတစ်ယောက်အနေနဲ့ ရောက်လေရာအရပ်မှာ ပစ္စည်းတွေမဖျက်ဆီးသင့်ဘူးဆိုတာ မက်ဒါနာသိပါတယ်။ သူနည်းနည်းလေးပဲစိတ်လွတ်သွားတာ။ ဒါပေမဲ့ အေမီကတော့ သူ့ကိုအဖျက်ဂေါ်ဇီလာကောင်ကြီးလို သဘောထားပြီးတော့ ကင်းအလှည့်မခံတော့တာ။ အဲဒီအစား ငွေရောင်ပိုက်ဆံအိတ်လေးကိုကိုင်ပြီး ကင်းလှည့်ဖို့ မနက်စောစောစီးစီးထွက်သွားလေရဲ့။
“ဘာမှလုပ်စရာမရှိတော့လည်း ပျင်းစရာကြီး။” မက်ဒါနာက သူ့အနားကနေ ဖြတ်သွားပြီးတော့ စားသုံးသူတချို့ထံ ပက်စတာမရောနိခေါက်ဆွဲချပေးနေတဲ့ လီဆာကို ကြည့်လိုက်တယ်။ မက်ဒါနာကတော့ တကယ့်စားပွဲထိုးတစ်ယောက်လိုမျိုး လက်သုတ်ဝတ်ကိုခါးမှာထိုးပြီး ဟင်းပွဲတွေလက်ထဲအပြည့်သယ်သွားနေတဲ့ လီဆာကိုကြည့်ရင်း သက်ပြင်းချလိုက်ပါလေရော။
စရောက်ရောက်ချင်းတုန်းက လီဆာတစ်ယောက် ဆိုင်ရှင်အဖွားတစ်ယောက်တည်းရုန်းကန်နေတာကိုမကြည့်ရက်လို့ စားပွဲထိုးဝင်လုပ်နေတာလို့ မက်ဒါနာထင်ခဲ့တာ။ ဒါပေမဲ့ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဒီကိစ္စရဲ့နောက်ကွယ်မှာ ပိုနက်နဲတဲ့လျှို့ဝှက်ချက်တွေရှိနေမှန်းသိလိုက်ရတယ်။
....
အဲဒီကိစ္စကို ရေချိုးခန်းထဲမှာ ပေကျံနေတဲ့ အိမ်စေဝတ်စုံကိုကို လျှော်ဖွပ်ပြီးပြန်လာတဲ့ အေမီဆီကနေပြီး မက်ဒါနာကြားလာတာ။ “မမလေးရေ၊ လီဆာက တည်းခိုခန်းလခမပေးနိုင်လို့ ဆိုင်မှာကူလုပ်ပေးနေရတာတဲ့။”
“.....” စကြားကြားချင်းတုန်းက မက်ဒါနာမှာ အဲဒီသတင်းကို ယုံကိုမယုံနိုင်တာ။ ဒါပေမဲ့သေချာစဥ်းစားကြည့်တော့ ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရရော။ လီဆာအိမ်ပေါ်ကနေ ဆင်းပြေးသွားတာ လနဲ့ချီခဲ့ပြီ။ နယူးယောက်ဟီးရိုးကျောင်းက ကျောင်းတစ်ခုဆိုပေမဲ့ မစ်ရှင်အဖွဲ့တစ်ခုလုံးနေတဲ့နေရာမလို့ အိမ်ပေါ်ကဆင်းပြေးတယ်ပဲ မက်ဒါနာသုံးတာ။ ကျောင်းပေါ်ကဆင်းပြေးတယ်ဆိုရင် ပြောရတာကန့်လန့်ကြီး။
ပြောလက်စကိစ္စကိုဆက်ပြောရမယ်ဆိုရင်တော့ လီဆာနဲ့အတူ ပိုက်ဆံအများကြီးပါမသွားဘူး။ ဘရာဇီးအထိရောက်လာတာတောင် လေယာဥ်သုံးစရာမလိုဘဲ ကိုယ့်ဘာသာပျံလာနိုင်လို့ရယ်။ သဘာဝကျကျပြောရရင် သဘောကောင်းတဲ့ပိုင်ရှင်အဖွားနဲ့သာမတွေ့ရင် လီဆာဆိုတဲ့နဂါးမလေး စက္ကူပုံးထဲဝင်အိပ်နေရလောက်ပြီ။
...
မက်ဒါနာတစ်ယောက် အားအားရှိတုန်း ပေါက်ကရတွေတွေးပြီးရယ်မိပေမဲ့ ခနနေတော့ သူ့ပန်းကန်ပြားထဲမှာ ခေါက်ဆွဲနည်းနည်းမှမကျန်တော့တာတွေတော့ချက်ချင်းဝမ်းနည်းသွားပြီး မျက်နှာက တည်ကြည်သွားတယ်။
“စားစရာတွေက စားနေတုန်းသာ ပျော်ဖို့ကောင်းတာ၊စားလို့ကုန်သွားရင်တော့ သုခလေးတွေပျောက်သွားပြီး စိတ်ဆင်းရဲမိပြန်ရော။ ဪ၊ ဒုက္ခဒုက္ခ။”
ဆယ်စုနှစ်တစ်ခုလုံးရဲ့အကောင်းဆုံးဒဿနစကားဖြစ်နိုင်တဲ့ စကားကိုပြောပြီးတဲ့နောက်တော့ မက်ဒါနာက လီဆာကို လက်လှမ်းပြလိုက်ပြီး
“ဝိတ်တာ၊ ဒီနေ့အတွက် အထူးဟင်းလျာချပေးပါ။” မက်ဒါနာစားနေတဲ့ ပက်စတာမရောနိခေါက်ဆွဲက မီနူးထဲမှာမပါတဲ့ ဆိပ်ကမ်းပြာတည်းခိုခန်းရဲ့အထူးဟင်းလျာဖြစ်ပြီး ဒီနေ့အတွက်ပဲ သီးသန့်ချက်တဲ့ဟင်းလျာပါ။ ထပ်ပြီးစားဖို့အတွက် ဘယ်လောက်ထပ်စောင့်ရမှန်းမသိဘူးလေ။ ဒီတော့ ရတုန်းစားထားတာ ပိုကောင်းတယ်လို့ မက်ဒါနာဆုံးဖြတ်လိုက်တာ။
လီဆာက မက်ဒါနာနားကို မျက်နှာထားမဲ့မဲ့နဲ့ရောက်လာပြီး အမှာစာလာကောက်တယ်။ ပြန်ထွက်မသွားခင် ခပ်တိုးတိုးခုလိုပြောခဲ့သေးတယ်။ “ဟုတ်ပြီ၊ ဟုတ်ပြီ။ အားယားနေတိုင်း စားနေလိုက်။”
မက်ဒါနာက လီဆာပြောသွားတာကို အရေးတယူမရှိလှဘူး။ အဲဒီအစား သူ့မျက်လုံးတွေက ဟင်းပွဲတွေပေါ်မှာပဲရှိနေတာပါ။ ပက်စတာမရောနိခေါက်ဆွဲသုပ်က နာမည်အတိုင်းပဲ ပက်စတာခေါက်ဆွဲကို မရောနိတဲ့သုပ်ထားတာ။ ပေါ်တူဂီလိုတော့ macarronese လို့ခေါ်တာပဲ။ macarraoက ပက်စတာ၊ maionese
က မရောနိလေ။ မူရင်းနာမည်ကိုက အဲဒီလို။
ပါဝင်ပစ္စည်းတွေကတော့ အဓိကက ပက်စတာနဲမရောနိပါပဲ။ အသုပ်ဆိုတဲ့အတိုင်း တန်ဆာပလာထည့်ရတာတွေကတော့ အများကြီးပဲ။ ပဲစေ့၊ ပြောင်းဖူးစေ့စတဲ့အစေ့အဆန်တွေအပြင် ဝက်ပေါင်ခြောက်၊ ကြက်သွန်မြိတ်၊ သံလွင်သီး၊ ညက်နေအောင်ထောင်းထားတဲ့ မုန်လာဥနီ စတာတွေလည်းပါတယ်။ မရောနိအဓိကထည့်ပြီး သံလွင်ဆီသုံးကြော်တာမလို့ ရွှေအိုရောင်သန်းပြီး အနံမွှေးတယ်။ ပြီးတော့ ကြိုက်သလိုပြင်ဆင်လို့ရလို့ တစ်ဆိုင်နဲ့တစ်ဆိုင်လုပ်နည်းချင်းမတူဘူး။ ဒါကြောင့် ဒီဟင်းပွဲက ပင်လယ်ပြာရဲ့အထူးဟင်းဖြစ်လာတာ။
“ဘယ်လောက်စားစား မဝတော့ဘူးလို့ကို ခံစားလာရပြီ။” မက်ဒါနာက နောက်တစ်ခါပါစတာကို ဇွန်းနဲ့ခပ်ပြီးပါးစပ်ထဲ ပစ်ထည့်လိုက်ပြန်တယ်။ အဲဲဒီနောက်တော့ ဟိုတစ်နေ့ကကြည့်မိတဲ့ ပိတ်ထားတဲ့ဟိုတယ်ကိုကြည့်လိုက်တော့ အပြင်အဆင်တွေအားလုံးပြင်ဆင်ပြီးနေတာ တွေ့ရတယ်။ ပြီးတော့ တော်တော်လေးခမ်းနားတဲ့ပုံပဲ။ ပိုဆိုးတာက ဧည့်ကြိုလိုဝတ်ထားတဲ့ လူတစ်စုက သူတို့ဆီကို လျှောက်လာနေတာပဲ။
စားပွဲထိုးအစ်မကြီးနဲ့လီဆာကလည်း အဲဒီလူတွေကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်ပါတယ်။ သူတို့တွေက ဆိပ်ကမ်းပြာတည်းခိုခန်းရှေ့မှာ ညီညီညာညာရပ်လိုက်ပြီး ခေါင်းဆောင်ဖြစ်ပုံရတဲ့ ဘဏ္ဍာစိုးပုံစံနဲ့လူက ရှေ့ကိုထွက်လာတာက လီဆာတို့ကိုဦးညွှတ်မိတ်ဆက်လိုက်ပါတယ်။
“တွေ့ရတာဝမ်းသာပါတယ်၊ ကျုပ်က ယာမာဒါ အိုတဇုချီပါ။ ဟိုနားက ဟိုတယ်ဘလီဗီးယားရဲ့အိမ်တော်ထိန်းချုပ်လည်းဖြစ်ပါတယ်။ ဆိပ်ကမ်းပြာတည်းခိုခန်းရဲ့တာဝန်ရှိသူတွေနဲ့စကားပြောလို့ရမလားမသိဘူး။” အဲဒီလူက ဘရာဇီးနိုင်ငံဖွား ဂျပန်လူမျိုးမှန်းသိသာတယ်။ သူ့လေသံက ဂျပန်တစ်ယောက်နဲ့ဆင်ပေမဲ့ ပေါ်တူဂီစကားကိုကောင်းကောင်းပြောနိုင်တယ်။ မက်ဒါနာလည်း ပေါ်တူဂီစကားကို ထမင်းစားရေသောက်တတ်နေပြီမလို့ သူတို့ပြောတာကို အနည်းအကျင်းတော့နားလည်နေပြီ။
မက်ဒါနာက အဲဒီလူတွေကိုကြည့်နေရင်းကနေ ခေါင်းကုတ်လိုက်တယ်။ ဒီလူတွေ ဘာလိုချင်လဲ သူမသိပေမဲ့ ကောင်းတဲ့ကိစ္စတော့မဟုတ်မှန်း သူတို့ရဲ့ဟိတ်ဟန်ကိုကြည့်ရုံနဲ့တင် သိနိုင်တယ်မဟုတ်လား။