ပျံ့နှံ့နေသည့် သတင်းများ
Vol. 61 Ch. 841
မြေကြီး ရှန့်ထို အသစ် တစ်ယောက် မွေးဖွားလာမှု၊ ၎င်းနှင့် ထာဝရ သူရဲကောင်း နှစ်ယောက်တို့ တိုက်ပွဲ၊ သက်တံ့ကောင်းကင်ဂြိုဟ် ပျက်စီးမှုတို့ အပါအဝင် များစွာသော သတင်းများမှာ တောမီးရိုင်း သဖွယ် တရိပ်ရိပ်ပင် ပျံ့နှံ့ သွားခဲ့ပြီ ဖြစ်သည်။
ထိုသတင်းများနှင့် တွဲလျက် ကပ်ပါလာသည်ကတော့ အမျိုးမျိုးသော ကောလဟလများနှင့် ဝေဖန်မှုများပင် ဖြစ်လေသည်။
မျက်မြင် တွေ့လိုက်ရသူများ၏ စကားအရ... မြေကြီး ရှန့်ထို အသစ်က ယဥ်ယဥ်ကျေးကျေး ပြုမူနေစဥ် ထာဝရ သူရဲကောင်း တစ်ယောက်က ရုတ်ချည်း စ၍ တိုက်ခိုက်လိုက်ခြင်း ဟု ဆိုသည်။ ထိုတိုက်ပွဲ အတွင်း ပထမဆုံး ဖြစ်ပျက် သွားခဲ့သည့် အရာက သက်တံ့ကောင်းကင် ပျက်စီးသွားခြင်းပင်။
သက်တံ့ကောင်းကင်ကို ထာဝရ အစည်းအရုံး ကိုယ်တိုင် ဖျက်ဆီး ပစ်လိုက်သည် ဆိုသည့် ဝူယု၏ စွပ်စွဲမှုနှင့် ဆက်နွယ်ကာ... ထာဝရ အစည်းအရုံးပေါ် လူများ၏ သံသယက ပိုမို၍ ပြင်းထန်လာခဲ့သည်။ ဝေ့ဝူယင် သက်တံ့ကောင်းကင်ဂြိုဟ်ပေါ်တွင် ရှိနေသည်ဟု ယူဆကာ ထာဝရ အစည်းအရုံးက ထိုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်နိုင်မည်လား။
သူတို့က ဝေ့ဝူယင်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းလား။ အဘယ်ကြောင့်နည်း။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက အဂ္ဂိရတ် ပညာရှင်များမှာ ကျင့်ကြံမှု အသိုင်းအဝိုင်း အတွက် အဖိုးတန် ရင်းမြစ်များ သဖွယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့က ကြယ်တာရာ နယ်မြေ၏ အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု အတွက် အလွန် အရေးပါပေသည်။
ပြောရလျှင်... အဂ္ဂိရတ် အာဏာရှင်များထဲ၌ အာရုဏ်ဦး ဧကရာဇ်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အနာဂတ် မျှော်လင့်ချက်ထဲ ပါဝင်နေပေသည်။ ရွှေရောင်အသက်နန်းတော်၏ စကားအရ ဆိုလျှင် သူက အသက် တစ်ရာ မပြည့်ခင်မှာပင် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဟု ဆိုသည်။ ထို့အပြင်... သူက ခေတ်တစ်ခေတ်ကို ပြောင်းလဲစေနိုင်သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ မူလ ဖန်တီးရှင်လည်း ဖြစ်သည်။ ထာဝရ ဧကရာဇ် ပင်လျှင် သူ့အသက်အရွယ်၌ ထိုမျှ အောင်မြင်ခဲ့ခြင်း မရှိပါချေ။
ထိုကဲ့သို့သော လူတစ်ယောက်က ထာဝရ အစည်းအရုံးက အဘယ်ကြောင့် သတ်ဖြတ်ရန် ကြိုးပမ်း ခဲ့သနည်း။ ဆိုင်းမဆင့် ဗုံမဆင့်ပင ရွှေရောင်ဂိတ်တံခါး နန်းတော်က ထာဝရ အစည်းအရုံးကို ရည်ရွယ်၍ စကားလုံး တစ်လုံး ထုတ်ပြန်ခဲ့၏။ ထိုအရာက “ကြောက်ရွံ့မှု” ဟူ၍ပင်။
အခြားတစ်ဖက်၌ ထာဝရ အစည်းအရုံး၏ တုန့်ပြန်မှုကလည်း ရိုးရှင်းပေသည်။ ထိုအရာက... ဝေ့ဝူယင်နှင့် ဝူယုကို ရှန့်ထို ညီလာခံထံ ဖိတ်ခေါ်လိုက်ခြင်းပင်။ ထိုနှစ်ယောက် အပေါ် သူတို့၏ ကြိုဆိုမှုက ယဥ်ကျေး ဖော်ရွေလိမ့်မည် ဖြစ်ကာ လုံခြုံရေးကိုပင် အပြည့်အဝ တာဝန်ယူသည်ဟု ဆိုသည်။ ထိုထုတ်ပြန်ချက်ထဲ၌ ဝေ့ဝူယင်တို့သာ တက်ရောက်မည် ဆိုပါက သူတို့က လျှို့ဝှက်ကျိန်စာကိုပင် ကျိန်ဆိုရန် အသင့်ရှိနေကြောင်းလည်း ပါဝင်ပေသည်။
ထာဝရ အစည်းအရုံးမှာ ထိုထုတ်ပြန်ချက် တစ်ခုတည်းဖြင့်ပင် ကောလဟလနှင့် ယူဆချက် များစွာကို ပြန်လည် ပယ်ဖျက် နိုင်ခဲ့သည်။
ထို့နောက်... လူများ ပိုမို၍ စိတ်ဝင်စားလာသည်က ဝူယုဆိုသည့် မြေကြီးရှန့်ထို အကြောင်းပင် ဖြစ်သည်။ သူက မြေကြီး ရှန့်ထို အဆင့်ကို တက်တက်ချင်းပင် ထာဝရ သူရဲကောင်း နှစ်ယောက်ကို ယှဥ်၍ တိုက်ခိုက် နိုင်ခဲ့သည်။ ထာဝရ သူရဲကောင်း တစ်ယောက်ဆိုလျှင် ခန္ဓာကိုယ်ပင် ဖျက်ဆီး ခံခဲ့ရသည်။ ထို့နောက် မြေကြီး-မိုးသား-ကောင်းကင် လျှို့ဝှက် အစီအရင်၏ ထိန်းချုပ်မှု အောက်တွင်ပင် သူက လွတ်မြောက်အောင် ထွက်ပြေး သွားနိုင်ခဲ့သည်။
သူက မည်သူနည်း။ မည်သည့် နေရာမှ လာသနည်း။ မည်ကဲ့သို့ ပါရမီမျိုးကို ပိုင်ဆိုင်ထားသနည်း။ လူများမှာ သိချင်စိတ် ပြင်းပြစွာဖြင့် စတင်ကာ စုံစမ်း လာကြ၏။ ဤသို့နှင့် ဝူယု၏ အချက်အလက်များ ပျံ့နှံ့လာသော အခိုက်၌ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားခဲ့လေတော့သည်။
မဟာ ဧကရာဇ် ဝူယု...
ထာဝရ ကြယ်တာရာ နယ်မြေ၏ ဘုရင်...
သူက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နှင့် တန်းတူ ကျော်ကြားခဲ့သူဟု ဆိုသည်။ ထို့အပြင် ထာဝရ ဧကရာဇ်၏ နောက်လိုက် တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသေးသည်။ တစ်ချိန်တစ်ခါက သူ၏ အလားအလာမှာ ဆန်းကြယ် ဧကရာဇ်တို့ထက်ပင် ပိုမို၍ မြင့်မားခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း... ထာဝရ ဧကရာဇ် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရွှေ့ပြောင်းခဲ့စဥ် အခါက သူက ခေါင်းမာကာ ထာဝရ ကြယ်တာရာ နယ်မြေတွင်ပင် ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ကိုယ်တိုင် စိန်ခေါ်ရန် ကြိုးစားခဲ့ပြီး ကျရှုံးခြင်းဖြင့် အဆုံးသတ် သွားခဲ့သည်။ အချက်အလက်များ အရ ဆိုလျှင် ထာဝရ ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ သူ သေပြီဟုပင် ယူဆ ထားခဲ့ကြသည် ဟု ဆိုသည်။
သို့သော်လည်း ယခုတွင်တော့ ဆိုင်းမဆင့် ဗုံမဆင့် ပြန်ပေါ်လာကာ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်ပြခဲ့သည်။ ထာဝရ သူရဲကောင်း နှစ်ယောက်မှာ သာမန် မြေကြီး ရှန့်ထိုများ မဟုတ်ကြချေ။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရှိ မြေကြီးရှန့်ထို အများစုမှာ သူတို့ ပြိုင်ဘက်များ မဟုတ်ကြချေ။ သို့တိုင်အောင် ဝူယုကတော့ မြေကြီး ရှန့်ထို အဆင့်ကို တက်တက်ချင်း အပြတ်အသတ် အနိုင်ယူ ပြခဲ့သည်။ ထိုအရာက ကြောက်စရာ ကောင်းလွန်းလှ၏။
သို့သော်လည်း... ဤနေရာ၌ တစ်ခု မေးစရာ ရှိသည်က ဝူယု မည်ကဲ့သို့ ပြန်ရှင်လာခဲ့သည် ဆိုခြင်းပင်။ အများစု အတွက်တော့ အဖြေက ရှင်းလင်းလှပေသည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ပင်။ သူတို့ နှစ်ယောက်က တစ်နည်းနည်းဖြင့် တွေ့ဆုံကာ ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးဖြင့် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအရာက ရိုးရှင်းသည့် သီအိုရီ တစ်ခုပင်။
အာရုဏ်ဦး အာဏာရှင် ဧကရာဇ်...
ထိုနာမည်နှင့် ပတ်သက်၍ လူတိုင်း၏ သတိထားစိတ်များက ပိုမို မြင့်တက် လာခဲ့၏။ သေမျိုး အဆင့်ဖြင့်ပင် မြေကြီး ရှန့်ထို အဆင့် လက်အောက်ငယ်သား တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းက သာမည ကိစ္စမျိုး မဟုတ်ချေ။ ဝူယု မြေကြီး ရှန့်ထို အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းတွင်လည်း သူ၏ သက်ရောက်မှု များစွာ ပါဝင်နိုင်ချေ ရှိသည်။ အချို့ကဆိုလျှင် ဝေ့ဝူယင်ကို “ရှန့်ထိုဖန်တီးရှင်” ဟုပင် တင်စား ခေါ်ဆို လာကြ၏။
တစ်ချိန်တည်း၌ ဝေ့ဝူယင်၊ ဝူယုတို့၏ နာမည်များနှင့် တွဲလျက် ပျံ့နှံလာသည်က “အဂ္ဂိရတ် ညီလာခံ” ဆိုသည့် စကားလုံးပင် ဖြစ်သည်။ ဝူယု၏ ထုတ်ပြန်ချက် အရ ဝေ့ဝူယင်မှာ နောက်ဆယ်နှစ် အကြာ၌ အဂ္ဂိရတ် ညီလာခံ တစ်ခုကို ကျင်းပမည်ဟု ဆိုသည်။
ထိုပွဲ၌ သူက အဂ္ဂိရတ် တိုက်ပွဲ တစ်ခုကိုပါ ထည့်သွင်း ကျင်းပမည် ဖြစ်ကာ သူ့ကို အနိုင်ယူနိုင်သည့် မည်သူမဆို အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ရရှိပေလိမ့်မည် ဖြစ်သည်။ ထိုအခွင့်အရေးကို မည်သူက လက်လွှတ် ခံမည်နည်း။ ၎င်းက ကျိန်းသေပင် ရာစုနှစ်၏ အကြီးကျယ်ဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်လာမှာ သေချာပေသည်။
...
ရှစ်လကြာပြီးနောက်...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ ဝိညာဥ်ရှန့်ထို နယ်မြေ၊ လောကကွဲပျက်လ၊ လောကကွဲပျက် နန်းတော် အတွင်း၌ ပုံရိပ် ခုနစ်ခုမှာ ဆဋ္ဌဂံ စားပွဲတစ်ခုတွင် ဝိုင်းထိုင်ကာ စကားပြော နေခဲ့ကြသည်။ သူတို့ ရှိနေသည့် အခန်းမှာ အမျိုးမျိုးသော ဝင်္ကပါများ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေကာ ကျင့်ကြံသူများ အတွက် လုံးဝ ပြီးပြည့်စုံသည့် ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးထား၏။
အခန်း၏ နံရံများ ဘေးတွးတွင်တော့ ဒါဇင်နှင့် ချီသည့် အစေခံများမှာ လင်ပန်းများ၊ ဝိုင်ပုလင်းများကို ကိုင်ကာ တန်းစီ ရပ်နေခဲ့ကြ၏။ သူတို့၏ လည်ပင်းတွင်တော့ ဘဲဥ ပုံသဏ္ဌာန် အဝိုင်းပြားလေး တစ်ခုကို ဆွဲထားခဲ့ကြသည်။ ထိုအရာက ချိပ်ပိတ် အစီအရင် တစ်ခု ဖြစ်ကာ အာရုံငါးပါးနှင့် ဝိညာဥ်အာရုံတို့ကို တားဆီးပေးနိုင်၏။ သခင် ဖြစ်သူက ခေါ်ဆို အမိန့်ပေးသော အခါမှသာ သူတို့မှာ ကြားနိုင်၊ တုန့်ပြန်နိုင်လိမ့်မည် ဖြစ်သည်။
စားပွဲဝိုင်း၏ ထိပ်ဆုံး ထိုင်ခုံ၌ ထိုင်နေသူကတော့ အရှင် လောကဖြိုခွဲသူ တစ်ဖြစ်လည်း ယွီလီရှင်းပင် ဖြစ်လေသည်။ သူမ၏ ဘယ်ဘက် ထိုင်ခုံတွင်တော့ ပန်းရောင် ဝတ်စုံဖြင့် အသက်ရှူ မှားလောက်အောင် လှပသည့် ယွီစွန်းလီ ရှိနေခဲ့၏။ သူမက အစားကို တို့ကဆိတ် တို့ကနန်း စားနေကာ မည်သည့် အရာကိုမှ သိပ် အလေးအနက် မထားပုံ ရလေသည်။
ယွီလီရှင်း၏ ညာဘက်၌ ထိုင်နေသူကတော့ မုတ်ဆိတ် ပရပျစ်နှင့် အသက်လတ် လူကြီး တစ်ယောက် ဖြစ်သည်။ သူက အဖိုးတန် အဝတ်အစားများကို ဝတ်ဆင်ထားကာ ခပ်ပြုးပြုံး မျက်နှာထားကို ပိုင်ဆိုင်ထား၏။ အပေါ်ယံ ကြည့်ရုံဖြင့်ပင် ထိုလူကြီးမှာ ဖော်ရွေကာ စိတ်သဘောထား ကောင်းမည့်လူမှန်း သိသာ လှသည်။ သူကတော့ စွန်းယွင်ဟိုင် တစ်ဖြစ်လည်း ယွီစွန်းလီ၏ ဖခင်ပင် ဖြစ်သည်။ သူက လျှို့ဝှက်အာဏာရှင် အဆင့်နှစ် လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက်လည်း ဖြစ်၏။
စားပွဲဝိုင်း၌ ထိုင်နေသည့် အခြားလူ လေးယောက်ကတော့ နာမည်ကျော် သေမျိုးတစ်ပိုင်း အရှင်များ ဖြစ်သည့် အရှင် သွေးလက်သီးနှင့် အရှင်ရေတံခွန်လှိုင်းတို့နှင့် သူတို့၏ တပည့် အသီးသီး ဖြစ်သည့် ကျွင်းပင်းဝမ်နှင့် ဖုန်းလီ ဟူသည့် ရွေးချယ်ခံ နှစ်ယောက်ပင်။
ကျွင်းပင်းဝမ်မှာ ဝိညာဥ်ထစ်ချုန်းနယ်မြေ၊ ရှန့်ထို ခန်းမ၏ ပါရမီရှင် ရွေးချယ်ခံ ဖြစ်ကာ ထိုနယ်မြေ တစ်ခုလုံးတွင် နံပတ်တစ် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ဖန်းလီမှာလည်း သူ့ထက် နည်းနည်းလေးမျှ သိမ်ငယ်ခြင်း မရှိပဲ ဝိညာဥ်ကျဆင်း နယ်မြေ ရှန့်ထို ခန်းမ၏ ပါရမီရှင် တစ်ယောက် ဖြစ်သည်။
အရှင် သွေးလက်သီးမှာ ဝိညာဥ်ထစ်ချုန်း ရှန့်ထို၏ တိုက်ရိုက် လက်အောက်ငယ်သား တစ်ယောက် ဖြစ်ကာ အရှင် ရေတံခွန်လှိုင်းမှာလည်း ဝိညာဥ်ကျဆင်း ရှန့်ထိုခန်းမတွင် အလားတူ ရာထူးမျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သွေးလက်သီးမှာ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ် တောင့်တောင့်နှင့် ငယ်ရွယ် ချောမောသည့် လူငယ် တစ်ယောက် ဖြစ်၏။ တစ်ချိန်တည်း၌ အရှက် ရေတံခွန် လှိုင်းကတော့ အသက်လတ် မိန်းမကြီး တစ်ဦး ဖြစ်သည်။ သူမက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ပျင်းရိ လေးဖင့်သည့် မျက်လုံးများကို ပိုင်ဆိုင်ထား၏။ သူမနှင့် ပတ်သက်၍ အထင်ရှားဆုံး အချက်က ထိုးထိုးထောင်ထောင် ဖြစ်နေသည့် အပြာရောင်ဆံပင်များပင်။
“ဟားဟား... မင်းတို့ လူငယ်လေး နှစ်ယောက်က အလားအလာ မြင့်မားတယ် ဆိုတာ ငါ မြင်နိုင်ပါတယ်လေ”
စွန်းယွင်ဟိုင်က လူငယ်လေး နှစ်ယောက်ကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်၏။ ရေတံခွန်လှိုင်း စွန်းယွင်ဟိုင်ကို ထူးမခြားနားသလို ကြည့်ကာ မသိမသာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ယွီလီရှင်းဘက်ကို လှည့်လိုက်ရင်း...
“ကျုပ်တို့ ဝိညာဥ်ကျဆင်း ရှန့်ထိုရဲ့ ကမ်းလှမ်းမှုကို ခင်ဗျား ဘယ်လို သဘောရလဲ အရှင် လောကဖြိုခွဲသူ”
ယွီလီရှင်း ပြန်မဖြေရသေးခင်မှာပင် သွေးလက်သီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“ကျုပ်ကတော့ ဝိညာဥ်ထစ်ချုန်း ရှန့်ထိုရဲ့ ကမ်းလှမ်းမှုကို အရင် စဥ်းစားပေးဖို့ အကြုံပြုချင်တယ်”
ရေတံခွန်လှိုင်းက မျက်လုံးများက ထက်ရှသွားကာ သွေးလက်သီးကို လှမ်းကြည့်လိုက်သည်။ သူတို့၏ အပြုအမူများက လေးစားမှု ကင်းမဲ့နေသည့်တိုင် ယွီလီရှင်းကတော့ လှပသော အပြုံးကို ဆက်လက် ဆင်မြန်းထားဆဲ ဖြစ်သည်။
“ရှင်တို့ နှစ်ယောက်စလုံးရဲ့ ကမ်းလှမ်းမှုတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်... ဒါပေမဲ့ ကျွန်မတို့ကို စဥ်းစားဖို့ အချိန်ပေးပါလို့ တောင်းဆိုချင်တယ်”
လွန်ခဲ့သည့် မိနစ်ပိုင်းကပင် သေမျိုး တစ်ပိုင်း အရှင် နှစ်ယောက်မှာ သက်ဆိုင်ရာ မြေကြီးရှန့်ထို အသီးသီး၏ အမိန့်နှင့် အတူ ယွီစွန်းလီ အတွက် ကမ်းလှမ်းရန် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ လွန်ခဲ့သည့် လပိုင်းက ကျင်းပခဲ့သည့် ကြိုဆိုပွဲ အရ ယွီစွန်းလီမှာ သူမနှင့် မျိုးဆက်တူ ကျင့်ကြံသူများကို စိတ်မဝင်စားတော့ကြောင်း ထင်ရှားလှပေသည်။
ထို့ကြောင့်ပင်... မြေကြီး ရှန့်ထို နှစ်ယောက်မှာ သူတို့၏ ရွေးချယ်ခံ လူငယ်လေးများကို မြောက်များလှစွာသော ရင်းမြစ်များနှင့် ပုံအော၍ ကမ်းလှမ်းဖို့ ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ ယွီစွန်းလီ၏ သတ်မှတ်ချက်လည်း မပျက်စီးရလေအောင် သူတို့က လျှို့ဝှက် ဝိညာဥ် အဆင့်ကို တက်လှမ်းပြီးမှသာ ယွီစွန်းလီနှင့် လက်ထပ်၍ ခန်းမ နှစ်ခုကို သူတို့က ဂဟေဆက်လိုကြသည်။
ထိုအချိန်ကာလ မရောက်ခင်တည်းက... ရှန့်ထိုခန်းမ နှစ်ခုလုံးမှာ သူတို့၏ မြောက်များလှစွာသော ရင်းမြစ်များကို လောကဖြိုခွင်းသူ ခန်းမထံ ပေးအပ်ထားရန် ဆန္ဒ ရှိနေကြသည်။ အကယ်၍ ရွေးချယ်ခံများ အဆင့် တက်လှမ်းရန် ကျရှုံးခဲ့လျှင် ထိုရင်းမြစ်များကို ပြန်ပေးစရာ မလိုချေ။
ထိုအရာက လောကဖြိုခွင်းသူ ခန်းမ အတွက်တော့ အမြတ်အစွန်းချည်းသာ ရှိသည့် အခြေအနေ တစ်ခု ဖြစ်ပေသည်။
***