← Chapters

နောက်တစ်ကြိမ် ရောက်ရှိလာသည့် ကပ်ဘေး

Vol. 61 Ch. 842

နောက်တစ်ကြိမ် ရောက်ရှိလာသည့် ကပ်ဘေး

Vol. 61 Ch. 842

သွေးလက်သီးက အနည်းငယ် မျက်မှောင်ကြုတ်ကာ ယွီလီရှင်းကို ကြည့်လိုက်၏။

“ကျုပ်တို့ အချိန် မပေးချင်လို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကမ်းလှမ်းမှုက ဒီလောက် ပြီးပြည့်စုံနေတာ ခင်ဗျားတို့ ဘာစဥ်းစားစရာ ကျန်သေးလို့လဲ”

ရေတံခွန်းလှိုင်းကလည်း ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“ကျုပ်လည်း အဲဒီ မေးခွန်းကို မေးချင်နေတာ... ခင်ဗျားတို့မှာ ဘာစဥ်းစားစရာ ကျန်သေးလို့လဲ... ရင်းမြစ်တွေ ပိုလိုချင်လို့လား... ဒါမှမဟုတ် ကျုပ်တို့ လျှို့ဝှက်ကျိန်စာ ကျိန်ဆို ပေးရမလား... ပွင့်ပွင့်လင်းလင်းသာ ပြောပါဗျာ”

ယွီစွန်းလီမှာ အတွေးအတွင်း နစ်မြုပ်နေရာမှ စားပွဲဝိုင်းဆီ အာရုံပြန်ရောက် လာခဲ့သည်။ သူက ရှက်ရွံ့နေဟန် ရသည့် လူငယ်လေး နှစ်ယောက်ကို ကြည့်လိုက်၏။ သူတို့၏ အော်ရာများက တည်ငြိမ်၍ အခြေခံ ခိုင်မာနေကာ အဆင့်မြင့် ကျင့်စဥ်၊ ရင်းမြစ်များကို အသုံးပြုထားကြောင်း ရှင်းလင်းလှသည်။ သူတို့က သက် လေးရာမျှသာ ရှိသေးသည့်တိုင် ကြယ်တာရာ အမြုတေ အဆင့်ခြောက်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။

ယွီစွန်းလီက လှပစွာ ပြုံးရင်း သွေးလက်သီးနှင့် ရေတံခွန်လှိုင်းတို့ကို ကြည့်လိုက်၏။

“နောက်ထပ် နှစ်တစ်ရာဆိုရင် သူတို့ နှစ်ယောက်က အသက်ကျော်သွားပြီ မဟုတ်ဘူးလား”

ရေတံခွန်လှိုင်းက မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့ရဲ့ ပါရမီက နင့်ထက် ပိုသာတယ်... နောက်ပြီး ဒီနေ့ခေတ်ရဲ့ ရွေးချယ်ခံတွေကို အရင်ခေတ်ကလို ပါရမီ၊ ကံကောင်းမှု သီးသန့်နဲ့ ဆုံးဖြတ်တာ မဟုတ်တော့ဘူး... ဘယ်သူက ဆေးလုံး ဝယ်နိုင်သလဲ ဆိုတာနဲ့ ဆုံးဖြတ်တာ... ဖန်းလီကို အသက်လွန်တယ် ပြောရင် နင်ကရော အသက်လွန်နေတာ မဟုတ်ဘူးလား”

ယွီစွန်းလီ၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ ရေတံခွန်လှိုင်းကို ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင်ပင် ယွီလီရှင်းက ကြားဖြတ်ကာ စကားပြောလိုက်လေသည်။

“ကျွန်မရဲ့ သမီးလေးကို ခုလို တန်ဖိုးထားပြီး ကမ်းလှမ်းတဲ့ အတွက် ဝိညာဥ် ဧကရာဇ် နှစ်ယောက်ကို ကျေးဇူးတင်ပါတယ် လို့ ပြောလိုက်ပါ... ဒါပေမဲ့ ကျွန်မတို့ မိသားစုက အဲဒီလို စီစဥ်ဖို့ ကံကြမ္မာ မပါသေးဘူး ထင်ပါတယ်”

သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက်မှာ ထိုငြင်းဆိုမှုကြောင့် အံ့အားသင့် သွားခဲ့ကြ၏။ သွေးလက်သီးက အနည်းငယ် ပြုံးလိုက်သည်။

“ကံကြမ္မာ ဟုတ်လား... မင်း မိသားရဲ့ ကံကြမ္မာကို အရင်ဆုံး စဥ်းစားသင့်တယ် လောက ဖြိုခွင်းသူ...”

သူ၏ စကားလုံးများက အဓိပ္ပာယ် များစွာဖြင့် ပြည့်နှက်နေ၏။ ယွီစွန်းလီမှာ အစစ်အမှန် မွေးဖွားခြင်း၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ အသေးစိတ် အချက်အလက်များ မပေါက်ကြားသည့်တိုင် ကြယ်တာရာ နယ်မြေ၏ ထိပ်တန်း ကျင့်ကြံသူများ အနေဖြင့် သူတို့ မည်ကဲ့သို့ ထိုအကြောင်းအရာကို မသိပဲ နေပါမည်နည်း။

ပြောရလျှင်... အစစ်အမှန် မွေးဖွားခြင်း ကိုယ်တိုင်က ယွီစွန်းလီကို ပြန်လည် ဖမ်းဆီးလိုသော ရည်ရွယ်ချက်ဖြင့် ထိုအချက်အလက်များကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ဝိညာဥ်ကျဆင်းခြင်း ရှန့်ထိုနှင့် ဝိညာဥ် ထစ်ချုန်း ရှန့်ထိုတို့၏ ရည်ရွယ်ချက်များက ရှင်လင်းပေသည်။ သူတို့က အစစ်အမှန် မွေးဖွားခြင်းကို ကိုယ့်နေရာကို သိအောင် လုပ်ကာ ယွီစွန်းလီကို ကာကွယ်ပေးလိုကြသည်။

သို့တိုင်အောင်... ယီလီရှင်းကတော့ သူမ၏ စိတ်ကို ပြောင်းလဲလိုပုံ မရပါချေ။

“ကျွန်မတို့ မိသားစုရဲ့ ကံကြမ္မာကို စိုးရိမ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဖြစ်ပေါ်လာသမျှကို ကျွန်မ ကိုင်တွယ် ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်”

“…”

သေမျိုးတစ်ပိုင်း အရှင် နှစ်ယောက်မှာ ယွီလီရှင်းကို နားမလည်နိုင်စွာ ကြည့်လိုက်မိကြ၏။ အဆုံးသတ်တွင်တော့ သူတို့က သက်ပြင်းသာ ချလိုက်ကြသည်။ သူတို့က စားပွဲပေါ်၌ တည်ခင်းထားသည့် အစားအသောက်များကို စားကာ ဆွေးနွေးနေသည့် ခေါင်းစဥ်ကို ရောက်တတ်ရာရာသို့ ပြောင်းလိုက်ကြတော့သည်။

မကြာခင်မှာပင် သူတို့ လေး‌ယောက်မှာ နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာ သွားခဲ့ကြတော့၏။ မပြန်ခင် ရေတံခွန်လှိုင်းက ယွီလီရှင်းထံသို့ ဝိညာဥ်အာရုံဖြင့် သတင်းစကား တစ်ခု ပေးပို့ခဲ့ကာ သူမ၏ ပြုံးရွှင်နေသည့် အပေါ်ယံ အမူအရာ အတုအယောင်ကို ကွဲပျက် သွားစေခဲ့လေသည်။

နောက်ဆုံး၌ စွန်းယွင်ဟိုင်၊ ယွီလီရှင်းနှင့် ယွီစွန်းလီတို့ သားအမိ၊ သားအဖ သုံးယောက်သာလျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့ပေတော့သည်။ စွန်းယွင်ဟိုင်က မိန်းမ ဖြစ်သူကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။

“သူတို့ကို ငြင်းလိုက်တာက အကြံကောင်း ဖြစ်မယ်လို့ မင်းထင်လား... နောက်ပြီး သမီးနဲ့ ပတ်သက်ပြီး ပေါက်ကြားလာတဲ့ သတင်းစကားတွေက အစစ်အမှန် မွေးဖွားခြင်းရဲ့ သတိပေးစကား ဖြစ်နေရင် ဘယ်လို လုပ်မလဲ”

စွန်းယွင်ဟိုင်မှာ လျှို့ဝှက် အဆင့် တစ်ယောက်မျှသာ ဖြစ်သည်။ တစ်ခေတ်တစ်ခါက သူနှင့် ယွီလီရှင်းတို့ နှစ်ယောက် စလုံးမှာ အဆင့်တူ ရွေးချယ်ခံများ ဖြစ်ခဲ့ကြဖူးသော်လည်း နှစ်ပေါင်းထောင်ချီ ကြာမြင့်ပြီး နောက်တွင်တော့ များစွာ ပြောင်းလဲ သွားခဲ့ကြပြီ ဖြစ်သည်။ သူက မိသားစုကို ကာကွယ်ရန် လုံလောက်သည့် ယောက်ျား တစ်ယောက် မဟုတ်တော့ချေ။

ယွီလီရှင်းမှာ အချိန် ကြာမြင့်စွာ တိတ်ဆိတ်နေ၏။ ထို့နောက် သူမက ယွီစွန်းလီကို လေးနက်သည့် အမူအရာဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်။

“သမီးမှာ သူနဲ့ ဆက်သွယ်ဖို့ နည်းလမ်း ရှိလား...”

“သူနဲ့... ဟုတ်လား...”

စွန်းယွင်ဟိုင်မှာ အံ့သြသွားခဲ့၏။ ယွီစွန်းလီကတော့ မိခင်ဖြစ်သူ၏ မျက်နှာထားကြောင့် နှလုံးသား တစ်ခုလုံး တဒိတ်ဒိတ် တုန်ရီသွားသည်။

“ဘာလို့လဲ... မေမေ”

သူမက မေးလိုက်၏။ မိခင် ဖြစ်သူမှာ မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိနေသည် မဟုတ်ပါလော။ ထိုအဆင့်ဖြင့်ပင် ပြဿနာကို ကိုင်တွယ်ရန် မလုံလောက်သည်လော။ စိုးရိမ်မှုနှင့် ကြောက်ရွှံ့မှုများက သူမ မျက်လုံးများ အတွင်း လွှမ်းခြုံလာခဲ့သည်။

“သမီးက သူတို့အတွက် ဘယ်လောက် အရေးပါတယ် ဆိုတာ မေမေ လျှော့တွက်လိုက်မိလို့”

ယွီလီရှင်းက တိုက်ရိုက်ပင် ဝန်ခံလိုက်၏။ သူမက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိရာ လက်ကောက်ဝတ်မှာ ဖြူရော်၍ပင် သွားခဲ့သည်။

စွန်းယွင်ဟိုင်မှာ ထိုစကားဝိုင်းကို သိပ်နားမလည်နိုင်ချေ။ သို့သော်လည်း “သူတို့” ဟူသည့် အသုံးအနှုန်းကို ကြားသော အခိုက်တွင်တော့ မျက်နှာ တစ်ခုလုံး သွေးဆုတ်သွားခဲ့၏။

“သူ့ကို ခုချက်ချင်း ဆက်သွယ်လိုက်တော့...”

ယွီလီရှင်းက အရေးပေါ် လေသံဖြင့် ပြောလိုက်၏။ ယွီစွန်းလီ၏ မျက်လုံးများက ပြူးကျယ်သွားကာ ဝေ့ဝူယင် ပေးအပ်ထားခဲ့သည့် ဟင်းလင်းပြင် လက်စွပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် မိခင် ဖြစ်သူအား ကြည့်လိုက်၏။

ယွီလီရှင်းမှာ ယွီစွန်းလီကို ပြန်လည် ကြည့်နေခြင်း မရှိချေ။ ထို့အစား နန်းတော် အမိုးဆီကိုသာ နက်မှောင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ ယွီစွန်းလီမှာ မိခင်ဖြစ်သူ၏ အမူအရာကြောင့် ဆက်လက် တုန့်ဆိုင်းရဲခြင်း မရှိတော့ချေ။ သူမက ဟင်းလင်းပြင် လက်စွပ်ထဲမှ ဝေ့ဝူယင် ပေးထားသည့် ဝိညာဥ်ကျောက်ပြားကို ချက်ချင်းပင် ထုတ်ယူလိုက်၏။

“အဲဒါက ဘာလဲ...”

စွန်းယွင်ဟိုင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ သူ၏ မျက်လုံးများက ဝိညာဥ်ကျောက်ပြားကို ကြည့်ရင်း အနည်းငယ် ထူးဆန်းနေဟန် ရသည်။

ယွီစွန်းလီမှာ မိခင်ဖြစ်သူ၏ အမိန့်ဖြင့် သူမ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ဖခင် အပါအဝင် မည်သူ့ကိုမှ ပြောမထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ ထိုအရာကို ဆက်လက် ဖုံးကွယ်ရန် မလိုအပ်တော့ပါချေ။

“ဝေ့ဝူယင် ပေးထားတဲ့ဟာပါ...”

ခရက်...

ကျောက်ပြားက မိန်းကလေး၏ လက်ဝါးထက်တွင်ပင် ပေါက်ကွဲသွားကာ ခပ်တိုးတိုး တန်ရီသံ တစ်ခု ဖြစ်ပေါ်လာသည်။

“ဝေ့ဝူယင်...”

စွန်းယွင်ဟိုင် ထိုနာမည်ကို ကြားဖူးပေသည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်၊ အာရုဏ်ဦး နေမီးတောက် ဆေးလုံး၊ နောက်ပြီး အာရုဏ်ဦး စစ်သည်... ထိုနာမည်နှင့် ပတ်သက်သမျှ အရာအားလုံးက ကြယ်ကွင်းပြင် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည် ချည်းသာ ဖြစ်သည်။

“အတင့်ရဲလှချည်လား...”

သူ ဆက်လက် မမေးနိုင်ခင်မှာပင် ယွီလီရှင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ ထို့နောက် သူမက ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ခေါင်မိုးကို ဖောက်ထွက်ကာ အပေါ်သို့ မြင့်တက်သွားတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ထိုအခိုက်အတန့်တွင်ပင် လောကကွဲပျက် နန်းတော် တစ်ခုလုံးမှာ ငလျင်လှုပ် သကဲ့သို့ ကြမ်းတမ်းစွာ တုန်ရီ လာခဲ့လေတော့၏။ မိုးကြိုးကဲ့သို့ ပေါက်ကွဲမှုများက လောကကွဲပျက်လ၏ နေရာ အနှံ့၌ ဖြစ်ပေါ်လာကာ အဆုံးမဲ့စွာ ပဲ့တင်ထပ်လာသည်။ လောကကွဲပျက်နန်တော်၏ အခြေခံ ပင်လျှင် စတင်၍ ယိုင်နဲ့လာကာ နံရံများမှာ အက်ကွဲလာခဲ့၏။

“အစစ်အမှန် မွေးဖွားခြင်း...”

ယွီစွန်းလီမှာ မည်သူများ ရောက်ရှိလာကြောင်း သိလိုက်ချေပြီ ဖြစ်သည်။ အမှတ်တရဟောင်းများကို ပြန်လည် သတိရသည်နှင့် သူမ၏ မျက်နှာက ချက်ချင်းပင် စက္ကူတစ်စလို ဖြူရော်သွားလေ၏။ သူမက ချက်ချင်းပင် ဝိညာဥ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးရန် ကြိုးပမ်းလိုက်သည်။ ထိုအခါ သူမထက် အဆပေါင်းများစွာ ပိုမို အားကောင်းသည့် စွမ်းအင် အော်ရာ ငါးခုကို သတိထားမိလိုက်၏။ ၎င်းတို့၏ နောက်၌ အနည်းငယ် အားနည်းသည့် အော်ရာ ဆယ့်ခုနစ်ခု လိုက်ပါလာသည်။ အနည်းငယ် အားနည်းသည် ဆိုသည့်တိုင် ထိုအော်ရာများမှာ သူမထက် သာလွန်နေဆဲပင်။

“မြေကြီးရှန့်ထို ငါးယောက် သေမျိုးတစ်ပိုင်း အရှင် ဆယ့်ခုနစ်ယောက်...”

ယွီစွန်းလီ၏ တင်းထားသမျှ စိတ်ခွန်အား အားလုံးမှာ တစ်စက်မျှ မကျန်အောင် ပြိုကျ သွားခဲ့လေ၏။ အစစ်အမှန် မွေးဖွားခြင်းက ထိုမျှလောက်သာ အင်အားကို သူမ အတွက် လွှတ်လိုက်သည်လား။ မိခင် ဖြစ်သူ အဆင်ပြေပါ့ မလား။

“နောက်တစ်ခါ ထပ်မဖြစ်ချင်တော့ဘူး... ကျေးဇူးပြုပြီး”

သူမက သွေးရူးသွေးတန်းဖြင့် ရေရွတ်လိုက်မိတော့၏။

...

လွန်ခဲ့သည့် ခြောက်လ...

ဒြပ်စင်နယ်မြေ၏ နယ်စပ် တစ်နေရာ၌ ဝေ့ဝူယင်၊ ဝူယုနှင့် ဝမ်မင်ယာတို့မှာ ဦးတည်ချက်နှင့် အရှိန် မရှိပဲ အဆုံးအမှောင် ဟင်းလင်းပြင် အတွင်း မျောချင်ရာ မျောလွင့် နေသည့် ဂြိုဟ်တု တစ်ခုထက်တွင် ရှိနေခဲ့ကြသည်။ ထိုဂြိုဟ်တု၏ အပေါ်ယံတွင်တော့ အစီအရင် အလွှာ တစ်ခု ရှိနေကာ အော်ရာများကို လုံးဝ ချိပ်ပိတ်ထား၏။

“ကျုပ် လောကမူလ ဆေးရည်ကို သန့်စင်ပြီးသွားပြီ... အကျိုးသက်ရောက်မှုကတော့ တကယ့်ကို အံ့ဖွယ်သရဲပါပဲ... ယုံတောင် မယုံကြည်နိုင်ဘူး”

ဝူယုက စိတ်လှုပ်ရှားစွာဖြင့် ပြောရင်း လက်ဖြင့် ရင်ဘတ်ကို ထိလိုက်၏။ အားကောင်းစွာ ထွက်ပေါ်နေသည့် နှလုံးခုန်သံများကို သူ ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။

“အခု သွေးမူလ နည်းလမ်းရဲ့ ဒုတိယ အဆင့်ကို ကျုပ် အောင်မြင်သွားပြီ... သွေးလောက အဆင့်ကို ရရှိပြီး မူလ နှလုံးသားကို တည်ဆောက်ပြီးပြီ”

ဝမ်မင်ယာမှာ ဝေ့ဝူယင်၏ နံဘေးတွင် ရပ်နေကာ ဝူယု၏ ခန္ဓာကိုယ် တစ်ခုလုံးကို စူးစမ်းသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့၏။ ဝူယုမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာသည်ဟု ခံစားရရာ သူမ၏ အမူအရာက စိတ်ဝင်စားခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။

ဝူယုက မေးစေ့ကို လက်ဖြင့် ပွတ်သက်ရင်း ဆက်လက် ပြောလိုက်လေသည်။

“မြေကြီးရှန့်ထို အဆင့်က လုံးဝကို ကွဲပြားခြားနားတဲ့ အဆင့် တစ်ခုလိုပဲ... မသိရင် ကြယ်တာရာ အမြုတေ အဆင့်ကနေ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းလိုက်ရသလိုမျိုးပဲ... အခုဆိုရင် ကျုပ်ရဲ့ ခန္ဓာကိုယ်က ထုတ်ကုန်တွေကို အရင်ကထက် အဆပေါင်းများစွာ ပိုမြန်အောင် သန့်စင်နိုင်နေပြီ”

မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိပြီးနောက်တွင် ဝူယုမှာ လက်ကျန် လောကမူလ ဆေးရည်များကို သန့်စင်ရန် ရက်အနည်းငယ်ခန့်သာ အချိန်ယူခဲ့ရသည်။ ထိုအရာက ခန္ဓာကိုယ်ကို နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက် တစ်ခုနှင့် ပေါင်းစပ်နိုင်ခဲ့သည့် အကျိုးကျေးဇူး ဖြစ်ပေလိမ့်မည်။

“အခြေခံ သိပ်သည်းမှုကရောဗျ...”

ဝေ့ဝူယင်က ဝူယုကို စိတ်ဝင်စားသည့် အပြုံးဖြင့် ကြည့်ရင်း မေးလိုက်၏။ သေမျိုးနှစ်ယောက်က မြေကြီးရှန့်ထို တစ်ယောက်ကို လွတ်လွတ်လပ်လပ် လေ့လာနေသည့် မြင်ကွင်းမှာ ရှား‌တောင့်ရှားခဲ အခိုက်အတန့် တစ်ခုပင် ဖြစ်သည်။

ဝူယုက ယုံကြည်ချက် ရှိစွာ ပြုံးလိုက်၏။

“သခင်လေး ပေးတဲ့ သွမ့်ကျောင်း ဆေးရည်က တကယ် အလုပ်ဖြစ်တယ်ဗျ... ပုံမှန်ဆိုရင် ကျုပ် မြေကြီးရှန့်ထို အဆင့်မှာ အခြေကျဖို့ နှစ် ဆယ်နဲ့ချီ အချိန်ယူရမှာ... အခု တစ်ပတ် အတွင်းမှပဲ အောင်မြင်သွားခဲ့ပြီ”

တစ်ချိန်တည်း၌ သူ ဝေ့ဝူယင်ကို အနည်းငယ် အံ့သြဟန်နှင့် ကြည့်လိုက်မိ၏။ လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်သေးခင်မှာပင် ထိုလူငယ်လေးမှာ လောကမူလ ဆေးရည်၊ သွမ့်ကျောင်း ဆေးရည် စသည်ဖြင့် လျှို့ဝှက် အဆင့် ထုတ်ကုန်များကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။ မည်သည့် နည်းလမ်းဖြင့် ရလာကြောင်း မသိသည့်တိုင် ၎င်းက အထင်ကြီးစရာ ကောင်းသည်ကတော့ အမှန်ပင် ဖြစ်သည်။

***

All Chapters