← Chapters

ဝိညာဥ်ဆက်သွယ်မှု

Vol. 61 Ch. 843

ဝိညာဥ်ဆက်သွယ်မှု

Vol. 61 Ch. 843

“အင်းလေ... အဲဒါက လျှို့ဝှက်မြေကြီး အဆင့်မြင့် ထုတ်ကုန်ပဲကို”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သွမ့်ကျောင်း ဆေးရည်မှာ ကျင့်ကြံခြင်း အခြေခံ သိပ်သည်းရာ၌ ကူညီပေးနိင်သည့် ဆေးရည် တစ်မျိုး ဖြစ်ကာ ထိုလုပ်ငန်းစဥ် အတွက် အသုံးပြုရမည့် နှစ်အရေအတွက်ကို လျှော့ချပေးနိုင်သည်။ လျှို့ဝှက် အဆင့် ဆေးရည် တစ်ခုချင်းစီမှာ အလွန်တရာ အဖိုးကြီးမြင့်လှသော်လည်းဝူယု ရရှိထားသည့် အောင်မြင်မှုများနှင့် နှိုင်းယှဥ်ပါက ထိုအရာက ထိုက်တန်သည်ဟု ဆိုနိုင်ပေသည်။

လောကမူလ ဆေးရည်တုန်းကလိုပင်... သွမ့်ကျောင်း ဆေးရည်ကိုလည်း အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းလဲခြင်း အစီအရင်ကို သုံး၍ ဝေ့ဝူယင် မြှင့်တင်ခဲ့သေးသည်။ သို့သော်လည်း ကံမကောင်းစွာပင် ဆေးရည်၏ အဆင့်မြင့် အရည်အသွေးမှာ တိုးတက် ပြောင်းလဲခြင်း မရှိခဲ့ချေ။ ထိုအရာက အသန့်စင်ဆုံး မြူနှင်း ပေါင်းစပ်ရာတွင် မမှန်ကန်မှု သို့မဟုတ် သန့်စင်မှု နည်းစနစ် အမှားတို့ကြောင့် ဖြစ်နိုင်ပေသည်။

ကြည့်ရသည်က ဆေးရည် တစ်ခုချင်းစီ အတွက် မတူကွဲပြားသည့် ပမာဏ အပြင် နည်းစနစ် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်ပုံ ရသည်။ မည်သို့ပင် ဆိုစေကာမူ... ဝေ့ဝူယင် အတွက် အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းခြင်း နည်းလမ်းနှင့် ပတ်သက်၍ တွေးစရာ များစွာ ရရှိခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

“ကျုပ်တို့ ထာဝရ အစည်းအရုံးကို အလည်သွားကြရင် ကောင်းမလား”

ဝူယု၏ မျက်လုံးများက နက်မှောင်လာကာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်လာ၏။ ထိုစဥ်အခါက အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းကို သူ သတ်ဖြတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ အတွေ့အကြုံ မကြွယ်ဝမှုက ထိုကြိုးပမ်းမှုကို ရှုံးနိမ့် သွားစေခဲ့သည်။ နောက်ဆုံး၌ သူ ထွက်ပြေးရခြင်းနှင့်သာ အဆုံးသတ် ခဲ့ရသည်။

ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့မှာ ဝူယုထံမှ သတ်ဖြတ်မှု အငွေ့အသက်များကို ခံစားလိုက်ရ၏။ ဝမ်မင်ယာ၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ခါသွားသည်။ သေမျိုးအဆင့်ဖြင့် မြေကြီး ရှန့်ထို တစ်ယောက်၏ သတ်ဖြတ်လိုမှု အငွေ့အသက်များကို ရင်ဆိုင်ရသည်က လွယ်ကူသော ကိစ္စ မဟုတ်ပါချေ။

ကံကောင်းထောက်မတာ တစ်ခုက ဝူယုက ထိုအော်ရာကို သူတိုအား မထိခိုက်အောင် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ပါက သူတို့ ထိုနေရာတွင်ပင် သတိလစ် သွားလေမလား မပြောတတ်ပါချေ။

“မဟာဧကရာဇ် ဝူယုက ဒီလောက် ရိုးကျိုးလိမ့်မယ်လို့ မထင်ခဲ့မိဘူး...”

ဝမ်မင်ယာမှာ နောက်တစ်ကြိမ် အံ့အားသင့်စွာ တွေးလိုက်မိ၏။ မြေကြီးရှန့်ထို တစ်ယောက်က သေမျိုး တစ်ယောက်ထံတွင် လက်အောက်ငယ်သား အဖြစ် ခစားခြင်း... အကယ်၍ သူမသာ ထိုအခြေအနေကို အခြားလူများအား ပြောပြပါက အားလုံး လှောင်ပြောင် ရယ်မောကြလေမလား မပြောတတ်ပါချေ။

ဝေ့ဝူယင်က မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားလိုက်၏။ သူ၏ မျက်ခုံးများက မသိမသာ တွန့်ကွေးနေကာ ဝူယု၏ အကြံပြုချက်ကို ယူဆနေဟန် ရသည်။ အဆုံးသတ်တွင်တော့ သူက ခေါင်းကိုသာ ခါယမ်းလိုက်၏။

“အခုလောလောဆယ် ထာဝရ အစည်းအရုံးက အပေါ်ယံမှာ ဖော်ရွေပြနေတယ်ဗျ... သူတို့ရဲ့ အင်အားကို အတိအကျ မသိပဲ သွားစိန်ခေါ်တာက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး... ခင်ဗျားက သင်္ကေတ ရှစ်ခု မြေကြီး ရှန့်ထို ဆိုရင်တောင် သူတို့မှာ အဲဒီ အဆင့် မြေကြီး ရှန့်ထို ရှိနေရင် ဘယ်လိုလုပ်မလဲ... မတော်လို လောကရှန့်ထို တစ်ယောက်ပါ ထွက်လာရင် ကျုပ်တို့ ခွေးပြေးဝက်ပြေး ပြေးရမှာဗျ... နောက်ပြီး ထာဝရ အစည်းအရုံးနဲ့ စစ်တိုက်ဖို့ ကျုပ် အခု စိတ်မဝင်စားသေးဘူး...”

ဝေ့ဝူယင်က သူ့အတွေးများကို ရှင်းပြလိုက်သည်။ ဝူယုက အတန်ကြာ ငြိမ်သက် စဥ်းစားနေ၏။ အတန်ကြာပြီးနောက် သူ၏ သတ်ဖြတ်လိုစိတ်များက ပြန်လည် လျော့ကျသွားသည်။ ဝေ့ဝူယင် ပြောတာ လက်ခံနိုင်စရာ ရှိသည်။ အကယ်၍ လောကရှန့်ထို မဟုတ်လျှင်ပင် ထာဝရ အစည်းအရုံး၌ သူ့ကို ရင်ဆိုင်နိုင်သည့် ဝှက်ဖဲများ ရှိနေနိုင်သည်။ ဝူယုမှာ မိမိကိုယ်ကို အပြည့်အဝ ယုံကြည်ချက် ရှိသည့်တိုင် မဆင်မခြင် လုပ်တတ်သူ တစ်ယောက်တော့ မဟုတ်ပါချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထာဝရ သူရဲကောင်းအား မသတ်နိုင်သည့် အပေါ်တွင်တော့ သူ နောင်တ ရနေဆဲ ဖြစ်သည်။

“ကျွန်မတို့ ရွှေရောင်ဂိတ်တံခါး နန်းတော်ရဲ့ ထုတ်ပြန်ချက်ကိုလည်း ထည့်ပြီး စဥ်းစားသင့်တယ်... ထာဝရ အစည်းအရုံးက ကြောက်လန့်ပြီး ရှင့်ကို သတ်ဖို့ကြိုးစားခဲ့တယ် ဆိုတဲ့ အကြောင်းလေ”

ဝမ်မင်ယာက ပြောလိုက်၏။ ဝူယုက သူမကို ငြိမ်သက်စွာပင် ကြည့်လိုက်သည်။ ကောင်းကင် ပု‌ရောဟိတ်များနှင့် နိမိတ်ဖတ်သူများမှာ အမှန်တကယ်ပင် လျှို့ဝှက် ဆန်းကြယ်လွန်းလှသည်။ သူတို့က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အဖြစ်အပျက်များကို ကြည့်နိုင်သည့် အပြင် အခြားလူများ၏ ရည်ရွယ်ချက်များကိုပါ တွေ့မြင်နိုင်စွမ်း ရှိသည်။ သူတို့ ဘယ်လိုမျိုး ကျင့်ကြံကြသည်ကို သူ စဥ်းစား၍ မရပါချေ။

“ကျုပ် နားမလည်တာ ရှိတယ်ဗျ...”

ဝူယုက ပြောလိုက်၏။

“ထာဝရ အစည်းအရုံးက သခင်လေးကို ဘာလို့ ကြောက်တာလဲ... သူတို့မှာ ထာဝရ ဧကရာဇ် ရှိတယ် မဟုတ်ဘူးလား... နောက်ပြီး အပြင်ပန်းမှာ သူ့ပါရမီက သခင်လေးထက်တောင် ပိုမြင့်သေးတယ်... နောက်ပြီး သူတို့က နှစ်ပေါင်း ထောင်နဲ့ချီ အခြေခိုင်မာနေတဲ့ အဖွဲ့အစည်းကြီး တစ်ခု... ဘာလို့ သခင်လေးကို ကြောက်စရာလို့ မြင်နေတာလဲ... သခင်လေးက အနာဂတ်မှာ သူတို့ကို ယှဥ်ပြိုင်လာနိုင်တယ်လို့ ယူဆနေလို့ များလား”

ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။

“အချိန်တွေလည်း မတူတော့ဘူး... အခြေအနေတွေလည်း မတူတော့ဘူး”

အမှန်အတိုင်း ဝန်ခံရပါက သူ ကိုယ်တိုင်လည်း ဝူယုကဲ့သို့ပင် နားမလည်နိုင်ချေ။ ထာဝရ အစည်းအရုံးမှာ ဂုဏ်သိက္ခာ အရ အလွန် မြင့်မားသည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သူ၏ အာရုဏ်ဦး နေမီးတောက် ဆေးလုံးက ကြောက်မက်ဖွယ် ကောင်းသည် ဆိုလျှင်ပင် ထာဝရ အစည်းအရုံးမှာ ထိုထက် ပိုမိုသည့် ထာဝရ ဧကရာဇ်၏ အမွေအနှစ်များစွာကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သူ ပေါ်ထွက်လာမှုကြောင့် သူတို့၏ ဂုဏ်သိက္ခာက များစွာ မှေးမှိန် သွားလိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့် လူပေါင်း ဘီလျံချီ၏ အသက်နှင့် ရင်းကာ သူ့ကို သတ်စရာ အကြောင်း မရှိချေ။

“အဲဒီ ဖြစ်ရပ်က ထာဝရ အစည်းအရုံး တစ်ခုလုံးရဲ့ ဆုံးဖြတ်ချက် မဟုတ်ပဲ လူတစ်ဦး တစ်ယောက်တည်းရဲ့ ဆန္ဒ ဖြစ်နေမယ် ဆိုရင်ရော”

ဝမ်မင်ယာ၏ စကားက ဝူယုနှင့် ဝေ့ဝူယင်တို့ အတွက် တွေးတောစရာ များစွာကို ဖြစ်ပေါ်စေခဲ့၏။ အကယ်၍ ထာဝရ အစည်းအရုံး မဟုတ်လျှင် ထာဝရ သူရဲကောင်း ကိုယ်တိုင် ဖြစ်နိုင်ပါမည်လော။ ထာဝရ သူရဲကောင်းများမှာ ထာဝရ အစည်းအရုံး အပေါ် သစ္စာရှိကြသည် ဆိုသည့်တိုင် သူတို့၏ အဆင့်အတန်းက ထားရာနေ၊ စေရာသွားရမည့် ကျွန်များ မဟုတ်ကြပါချေ။ မြေကြီးရှန့်ထိုများ အနေဖြင့် သူတို့တွင်လည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချပိုင်ခွင့် ရှိပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ... ထိုအရာက သေချာရေရာသည့် ယူဆချက် တစ်ခုတော့ မဟုတ်ပါချေ။

တစ်ခဏကြာပြီးနောက် ဝူယုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

“ဒါဖြင့် ထာဝရအစည်းအရုံးကို မဟုတ်ရင် ကျုပ်တို့ ဘယ်ကို သွားမလဲ... သခင်လဲ”

ထာဝရ နယ်မြေမှ သူတို့ ထွက်ခွာလာခဲ့သည်မှာ နှစ်လတိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း၌ ဝေ့ဝူယင်မှာ ဝူယု ကျင့်ကြံသည်ကို စောင့်ဆိုင်းရင်း အခြေတည် ဆေဘာ ဝိညာဥ်ကို စစ်ဝိညာဥ်များနှင့် သန့်စင် နေခဲ့သည်။ သို့သော်လည်း... နှစ်လဆိုသော အချိန်က အဆင့်သစ် တစ်ခု မြှင့်တင်ရန် တိုတောင်း လွန်းလှသည်။

“ခင်ဗျားရဲ့ ကျင့်ကြံခြင်း အခြေခံလည်း ပိုမြင့်မားလာပြီ ဆိုတော့ ကျုပ်တို့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို သွားကြတာပေါ့... သူတို့ကိုယ်တိုင် ရွေးချယ်ခံလို့ နာမည် တပ်ထားတဲ့လူကို ဘယ်လိုဘယ်ပုံ ကြိုဆိုမလဲ ကြည့်ကြတာပေါ့လေ”

ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း ဆိုလိုက်၏။ လက်ရှိ သူ၏ ဦးစားပေးက မျက်လုံးများ ဖြစ်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများ မရှိပါက သူ၏ ကျင့်ကြံခြင်း လမ်းစဥ်က အဟန့်အတား ဖြစ်နေလိမ့်မည် ဖြစ်သည်။ သူ အချိန်မဖြုန်းနိုင်တော့ချေ။ နောက်ပြီး... သူ့တွင် ဖြုန်းစရာ အချိန်လည်း မရှိပါချေ။

“အစစ်အမှန် ဒြပ်စင်ဂိုဏ်း...”

ဝူယု၏ မျက်လုံးများက တောက်ပသွား၏။ ဟန်ယုဟိုင်... ထိုကြွက်စုတ်ကလေးမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင် ရှိနေချေသည်။

ဝမ်မင်ယာကတော့ တိတ်ဆိတ်နေ၏။ သူမက ထိုအရာကို ဆန့်ကျင်လိုပုံ မရချေ။

အားလုံး သဘောတူပြီ ဖြစ်ရာ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ရှေး‌ဟောင်း ဟင်းလင်းပြင် သင်္ဘောကို ဆင့်ခေါ်ရန် ပြင်လိုက်သည်။ ထိုအခိုက်တွင်ပင် သူ့ဟင်းလင်းပြင် လက်စွပ်မှာ ဝိညာဥ် အလင်းတန်း အချို့ဖြင့် တောက်ပလာခဲ့၏။

ဝေ့ဝူယင်က ဝိညာဥ် ဆက်သွယ်မှုကို စစ်ဆေးလိုက်သည်။ ထို့နောက် သူ့ မျက်ခုံးများက အပေါ်သို့ အနည်းငယ် မြင့်တက်သွားခဲ့၏။ ဝူယုနှင့် ဝမ်မင်ယာတို့က ဝေ့ဝူယင်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ လူငယ်၏ တုန့်ပြန်ပုံ အရ သူ ရရှိသည့် ဆက်သွယ်မှုက သာမန် မဖြစ်နိုင်ချေ။

ဝေ့ဝူယင်က ဝူယုတို့ဘက်ကို လှည့်ကြည့်လိုက်၏။

“ဟိုသုံးယောက်ဆီက...”

***

All Chapters