ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ
Vol. 61 Ch. 844
ဂီး...
ကြည်လင် ရှင်းလင်းသည့် အသံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်း ပဲ့တင်ထပ်ကာ ပျံ့နှံ့ လာခဲ့၏။ လွန်ခဲ့သည့် နှစ်လအတွင်းမှာပင်... ဝေ့ဝူယင်ထံမှ အမျိုးမျိုးသော အကူအညီများနှင့် အတူ ပိုင်လင်မှာ အပြည့်အဝပင် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူမ၏ သားမွေးများက အဖြူနှင့် ရွှေရောင်တို့ဖြင့် ရောနှောနေကာ မူလ တောက်ပြောင်မှုကို ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်၏။
ပိုင်လင်မှာ ဂြိုဟ်တုရှိရာ ဆီသို့ ပျံသန်းလာခဲ့၏။ သူမက ဝေ့ဝူယင်၏ အကြံပေးမှုနှင့် အတူ ခန္ဓာကိုယ် အခြေအနေနှင့် ပျံသန်းနိုင်စွမ်းရည်ကို အမျိုးမျိုး စမ်းသပ်နေခဲ့ခြင်းပင် ဖြစ်သည်။ လက်ရှိ ပိုင်လင်၏ နှစ်ဆယ့် နှစ်မီတာ အရွယ်အစားက ဝေ့ဝူယင်တို့ သုံးယောက် အတွက် လုံလုံလောက်လောက် စီးနင်းနိုင်အောင် ကျယ်ဝန်းပေသည်။
ဝေ့ဝူယင်က လျှင်မြန်စွာ ချဥ်းကပ်လာသည့် ပုံရိပ်ကို ကြည့်ကာ နွေးထွေးစွာ ပြုံးလိုက်၏။
ဘုန်း...
ပိုင်လင်က ဂြိုဟ်တုပေါ်သို့ ဆင်းသက်လာရာ ကျောက်တုံးကျောက်ခဲ များစွာမှာ ဘေးသို့ လွင့်စဥ် သွားခဲ့လေသည်။ ဝူယုက တိတ်တဆိတ်ပင် ပိုင်လင်ကို လှမ်းကြည့်လိုက်သည်။ သူ လျှို့ဝှက် ဝိညာဥ် အဆင့်တွင် ရှိစဥ်က ထိုသတ္တဝါ အပေါ် ကြောက်လန့်မှုတို့ကို ခံစားခဲ့ရပေသည်။ ယခု... သင်္ကေတ ရှစ်ခုဖြင့် မြေကြီး ရှန့်ထို အဆင့်ကို ရောက်ခဲ့သည့်တိုင် ထိုခံစားချက် များစွာ လျော့ပါး မသွားလေရာ ဝူယု ကိုယ့်ကိုယ်ကို အံ့အားသင့် သွားခဲ့မိ၏။
သူ ပိုင်လင်ကို ယခုမှ တွေ့ခဲ့ဖူးခြင်း မဟုတ်ချေ။ အနန္တ ကုန်းမြေတိုက်ကြီးမှာတည်းက ဝေ့ဝူယင်နှင့် အတူ တွဲ၍ မြင်ခဲ့ဖူးခြင်း ဖြစ်သည်။ ထိုစဥ်အခါက ပိုင်လင်မှာ ချီပျစ်ခဲခြင်း အဆင့်လောက်သာ စွမ်းသည့် ကြိုးကြာငှက် ကလေးသာ ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ် နှစ်ခု မကြာခင် အချိန်အတွင်းမှာပင် သူမက ခုန်ပေါက် တိုးတက်လာကာ သေမျိုး တစ်ပိုင်းအရှင် အဆင့်များကိုပင် သတ်ဖြတ် လာနိုင်ခဲ့သည်။
ကျင့်ကြံခြင်းက ခက်ခဲသည် ဆိုသော်လည်း... သားရဲများမှာ လျှင်မြန်စွာ တိုးတက်နိုင်သည့် မတူကွဲပြားသော လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းနေကြဟန် ရသည်။
ထိပ်တန်း ပါရမီနှင့် ရင်းမြစ်များကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင် ပင်လျှင် လက်ရှိ အချိန် အထိ လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်သေးချေ။ သူက ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တွင်သာ ပိတ်ပိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း ပိုင်လင်က သူမ၏ ခေါင်းကြီးကို တိုးဝှေ့၍ ဝေ့ဝူယင်၏ ပွတ်သပ်ခံရန် ကြိုးပမ်း နေသည်ကို မြင်သော အခိုက်၌ ဝေ့ဝူယင်ကသာ ပိုမို၍ အံ့အားသင့်စရာ ကောင်းသည်ဟု ဝူယု တွေးလိုက်မိသည်။
“ဒါနဲ့ ဟိုသုံးယောက်က ဘာစာပို့တာလဲ...”
ဝူယုက မေးလိုက်၏။ ဝေ့ဝူယင် ပြောသည့် ဟိုသုံးယောက် ဆိုသည်က ခွန်ရီမင်၊ ခုတ်ပိုင်းခြင်းဓားနှင့် တိမ်ပြာတို့ကို ရည်ညွှန်းကြောင်း သူသိပေသည်။ သူတို့ သုံးယောက်မှာ တာရာ မိုင်းတွင်းကို တွေ့ရှိခဲ့ကြသူများ ဖြစ်သည်။ ထို့နောက်တွင် ဝူယုက သူတို့ သုံးယောက်လုံးကို လွှမ်းမိုးကာ ဖမ်းဆီးခဲ့သည်။ ဤသို့နှင့်... နောက်ပိုင်း၌ ဝေ့ဝူယင်က သူတို့ကို သေရန်၊ နေရန် ရွေးချယ်စရာ ပေးခဲ့ပြီး သူ့ လက်အောက်ငယ်သားများ အဖြစ် လက်ခံခဲ့သည်။
ခွန်ရီမင်၊ တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ သုံးယောက်မှာ ဝေ့ဝူယင် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီးနောက် ပထမဆုံး လက်ခံခဲ့သည့် နောက်လိုက်များ ဖြစ်ကြပေသည်။ သူတို့က မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ကြယ်တာရာ နယ်မြေ နှစ်ဆယ့် နှစ်ခု အနက် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေတွင် နေထိုင်ကျက်စားကြ၏။ ယခု... သူတို့က မည်သည့် အကြောင်းကြောင့် ဆက်သွယ်လာကြသနည်း။
“ဒီလိုဗျ... သူတို့တွေ အရမ်းကို ထူးဆန်းတဲ့ နယ်မြေ တစ်ခုကို တွေ့ထားလို့တဲ့... အဲဒီ အထဲမှာ စိတ်ကူးတောင် မယဥ်နိင်လောက်တဲ့ အကျိုးအမြတ်တွေ ရှိနေနိုင်တယ် ပြောတယ်... ဒါပေမဲ့ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေရဲ့ ထိပ်တန်း အဖွဲ့အစည်းတွေက အဲဒီနေရာကို ပိတ်ဆို့ထားတယ် တဲ့...”
ဝေ့ဝူယင်က စဥ်းစားရင်း ပြောလိုက်သည်။ လက်ရှိ ဦးစားပေးက ကောင်ကင်ဘုံ နတ်မျက်လုံးများ အတွက် အဖြေတစ်ခု ရှာဖို့ ဖြစ်သည့်တိုင် ဝေ့ဝူယင်မှာ မျက်စိရှေ့ရှိ ငါးကြော်ကို ရှောင်လွှဲသွားမည့် ကြောင်မိုက် တစ်ကောင် မဟုတ်ပါချေ။ အခွင့်အရေးက နှစ်ခါပြန် မရတတ်ချေ။
ထိပ်သီး အင်အားစုများပင် တားဆီး ထားရလောက်အောင် ထိုအရာက မည်ကဲ့သို့သော အခွင့်အရေးမျိုးနည်း။ သူ ထိုအရာကို စုံစမ်းရန် စိတ်ဝင်စားနေ၏။
“ထူးဆန်းတဲ့ နယ်မြေ ဟုတ်လား...”
ဝမ်မင်ယာက ပိုင်လင် အနားကို တိုးကပ်ရင်း ဝေ့ဝူယင်ကို မေးလိုက်၏။ တစ်ချိန်တည်း၌ ဝူယုကတော့ လေးနက်သည့် အမူအရာဖြင့် ခေါင်းတစ်ချက်သာ ညိတ်လိုက်သည်။
“ဘယ်လောက်ဝေးလဲ...”
လက်ရှိ၌ သူက မြေကြီးရှန့်ထို တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင်... သူ၏ ကျင့်ကြံခြင်း အခြေခံမှာလည်း ခိုင်မာနေခဲ့ချေပြီ။ သူ့အနေဖြင့် ထာဝရ အစည်းအရုံးကို မယှဥ်နိုင်လျှင်ပင် ပမွှား ကြယ်တာရာ နယ်မြေတစ်ခုလောက်ကိုတော့ စာဖွဲ့နေလိမ့်မည် မဟုတ်ပါချေ။
“တကယ်လို့ သခင်လေး ဖြစ်စေချင်ရင် ကျုပ် အဲဒီ ကိစ္စကို ကျုပ် ကိုင်တွယ်ပေးမယ်... သူတို့ ဘာကိုပဲ ရှာတွေ့တွေ့ ကျုပ် ယူလာခဲ့မယ်”
သူ၏ လေသံက ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေ၏။
“အကွာအဝေးက ပြဿနာ မဟုတ်ပါဘူး...”
ဝေ့ဝူယင်က ခေါင်းခါရင်း ပြောလိုက်သည်။ ဟင်းလင်းပြင် ပေါ်တယ်များကို ထူးဆန်းစွာ ချိတ်ဆက်ပေးနိုင်သည့် ဝေ့ဝူယင်၏ စွမ်းရည်ကို ပြန်တွေးမိလိုက်ရာ ဝူယု၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
ဝေ့ဝူယင်က ဝမ်မင်ယာဘက်ကို လှည့်လိုက်၏။
“ထူးဆန်းတဲ့ နယ်မြေလို့ပဲ ပြောထားတယ်... တခြား ဘာမှ ပြောမထားဘူး”
ထူးဆန်းသည့် နယ်မြေ ဆိုသည့် စကားလုံးကို ကြားကြားချင်း ဝေ့ဝူယင် ပြေးမြင်မိသည်က အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး ဖြစ်သည်။ ၎င်းကရော ထိုကဲ့သို့ နေရာတစ်ခု ဖြစ်နိုင်မည်လော။ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ လျှို့ဝှက် အာဏာရှင် အဆင့်များ ကိုယ်တိုင် ပါဝင် လှုပ်ရှားနေခြင်းကို ထောက်ပါက ၎င်းက သာမန်တော့ မဖြစ်နိုင်ချေ။
“သွားပြီး ကြည့်ကြတာပေါ့ဗျ... သူတို့ပေးထားတဲ့ လမ်းညွှန်နေရာ အရ ဆိုရင်တော့ အမှောင် ဟင်းလင်းပြင်ထဲမှာဗျ... ဆိုတော့ကာ သွားဖို့ အချိန် သိပ်မယူရလောက်ဘူး”
အမှောင် ဟင်းလင်းပြင်များမှာ ကြယ်တာရာ နယ်မြေများ ကဲ့သို့ အစီအရင် အတားအဆီး အပိတ်အပင်များ သိပ်မရှိလှချေ။ ဟင်းလင်းပြင် ပေါ်တယ်များကို လွတ်လပ်စွာ အသုံးပြုနိုင်ပေသည်။ သူ ကိုယ်တိုင်ပင်လျှင် နဂါးငွေ့တန်း ကြယ်ကွင်းပြင်မှ မဟာစက်ဝန်း ကြယ်ကွင်းပြင် အထိ ရောက်ရှိရန် အချိန် အနည်းငယ်သာ ယူခဲ့ရသည်။ ထိုခရီးစဥ်နှင့် ယှဥ်ပါက ဤသည်က ခရီးတိုလေး ဖြစ်သည်။
“ဝိရောဓိ ပြင်ဆင်ခြင်း” ကို ခုခံပြီးနောက် ခရာတိုမှာ အိပ်မောကျဆဲ အခြေအနေ၌ ရှိနေသည့်တိုင် ဝေ့ဝူယင်မှာ ဟင်းလင်းပြင် နဂါး အင်အားကို အခက်အခဲ မရှိ အသုံးပြုနိုင်နေဆဲ ဖြစ်သည်။
မကြာခင် သူတို့ လေးယောက်မှာ အတူတကွ စုစည်းကာ တိမ်ပြာ၏ ဟင်းလင်းပြင် လက်စွပ်နှင့် ချိတ်ဆက်၍ ပေါ်တယ် တစ်ခု ဖွင့်လိုက်ကြတော့၏။
...
ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ...
ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ အလယ်အလတ်စား ကြယ်တာရာ နယ်မြေ တစ်ခု ဖြစ်သည်။ ၎င်းကို ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီက အုပ်စိုး၏။
မဟာ စက်ဝန်း ကြယ်ကွင်းပြင်၌ “အစစ်အမှန်” ဆိုသည့် စကားလုံးက အလယ်အလတ် အဆင့် ကြယ်တာရာ နယ်မြေ ခေါင်းဆောင်များကို ရည်ညွှန်းကာ အစစ်အမှန် ထန်းလန် ဧကရာဇ်၊ လောကချုပ်နှောင် အစစ်အမှန် ဧကရီ စသည်ဖြင့် အသီးသီး ခေါ်ဝေါ်ကြသည်။
ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ အဆင့်အတန်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ထန်းလန် ကြယ်တာရာ နယ်မြေအောက် လျော့နည်းသည့်တိုင် အနည်းဆုံးတော့ သူတို့ထံတွင် လေးစားခံ မြေကြီး ရှန့်ထို တစ်ယောက် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
ထိုအခိုက်အတန့်၌... ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ နယ်စပ် အလွန် တစ်နေရာတွင် အဆင့်မြင့် ဟင်းလင်းပြင် သင်္ဘော ဒါဇင်ချီမှာ ရပ်နေခဲ့လေ၏။ ထိုဟင်းလင်းပြင် သင်္ဘော တစ်စင်းချင်းစီမှာ ရွှေအဆင့်နှင့် တန်ခိုးရှင် အဆင့် အင်အားစုများသာ တတ်နိုင်သည့် ရတနာများလည်း ဖြစ်ကြ၏။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် မတူညီစွာပင်... ကြယ်တာရာ နယ်မြေ အများစုမှာ သူတို့၏ တန်ခိုးရှင် အင်အားစုများကို နယ်မြေလု တိုက်ပွဲများ တိုက်ခိုက်ရန် ခွင့်ပြုထားကြသည်။ တိုက်ပွဲများကပင် ကြယ်တာရာ နယ်မြေများကို ပိုမို ကြီးထွားစေကာ အချို့ဆိုလျှင် ကိုယ်ပိုင် မြေကြီး ရှန့်ထိုများကို မွေးထုတ် လာနိုင်ခဲ့ကြသည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကတော့ ငြိမ်းချမ်းကာ ကောင်းစွာ တည်ဆောက်ထားသည့် နေရာတစ်ခု ဖြစ်သည်။ အင်ပါယာ ကလန် အဖြစ် ထျန်းမျိုးနွယ် စတင် မြင့်တက်လာချိန်မှ စ၍ တန်ခိုးရှင် အင်အားစု ဆယ့်ခြောက်ခုမှာ တစ်ကြိမ် တစ်ခါမှ မပြောင်းလဲကြသေးချေ။
ငွေအဆင့်၊ ရွှေအဆင့် အင်အားစုများမှ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်း လာကြသူများပင် သူတို့၏ မိသားစု၊ ဂိုဏ်းများမှ ထွက်ကာ တန်ခိုးရှင် အင်အားစုများကို ပေါင်းစည်းကြသည်။ အများစုကတော့ အင်ပါယာ ကလန်အတွင်းကို ဝင်ရောက်ကြ၏။ ထိုအကြောင်းကြောင့်ပင်... လျှို့ဝှက် အာဏာရှင် အရေအတွက် အပါအဝင် အင်ပါယာ ကလန်၏ ဖွံ့ဖြိုး တိုးတက်မှုက မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မည်သည့် အင်အားစုထက် မဆို ပိုမို များပြားခြင်း ဖြစ်သည်။ ထန်မျိုးနွယ်၏ သေမျိုးတစ်ပိုင်း အရှင် အရေအတွက်ပင် သူတို့နှင့် နှိုင်းယှဥ်ပါက မှေးမှိန်သွားလိမ့်မည် ဖြစ်သည်။
ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေကတော့ ထိုကဲ့သို့ မဟုတ်ချေ။ သူတို့၏ တန်ခိုးရှင် အင်အားစုများ၊ နယ်မြေများ၊ ရင်းမြစ် ခွဲဝေမှုများက စဥ်ဆက်မပြတ် ပြောင်းလဲနေကာ ငြိမ်းချမ်းသည့် နှစ် ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ ၎င်းက ပဋိပက္ခများနှင့် ဒွန်တွဲ ကြီးထွားနေသည့် သွေးလွှမ်းသော နယ်မြေ တစ်ခုပင်။
ယနေ့...
ပြည်ထောင်စု ရင်းမြစ်၏ နယ်နိမိတ်စည်း အပြင်ဘက်တွင် ရောက်နေသည့် ဟင်းလင်းပြင် သင်္ဘောများ အနက် သုံးစင်းမှာ အခြား သင်္ဘောများထက် ပိုမို နီးကပ်စွာ ရပ်နေခဲ့ကြ၏။ ၎င်းတို့ အတွင်းမှ လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာများမှာ အားကောင်းစွာ ထွက်ပေါ် နေခဲ့လေသည်။
အကယ်၍ အနီးကပ် ကြည့်မည် ဆိုပါက ထိုသင်္ဘော အုပ်စုကို အလွှာပါး တစ်ခုက ဝန်းရံထားကြောင်း တွေ့ရလိမ့်မည် ဖြစ်သည်။ သူတို့ အားလုံးမှာ ထိုအလွှာပါး အတွင်း၌ ပိတ်မိနေကြခြင်းပင်။
ခွန်ရီမင်၊ တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ သုံးယောက်မှာလည်း ထိုအထဲ၌ အပါအဝင်ပင် ဖြစ်သည်။ သူတို့၏ ဒဏ်ရာများမှာ ပြန်လည် ကောင်းမွန်သွားခဲ့ပြီ ဖြစ်ကာ လွန်ခဲ့သည့် တစ်နှစ်အတွင်း ယခင်ကထက်ပင် အဆများစွာ တိုးတက်လာခဲ့သည်။
“သူ ကျုပ်တို့ ပို့တဲ့ စာကိုတောင် တွေ့ပါ့မလား...”
ခုတ်ပိုင်းခြင်းဓားက ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီ ကိုယ်တိုင် တားဆီးထားသည့် အလွှာပါးကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“စာပို့ဖို့ အကြံစပေးတာ မင်းလေ... ခုကျ တစ်မျိုး လုပ်ပြန်ပြီ”
တိမ်ပြာက စောင်းစောင်းမည်းမည်း စိုက်ကြည့်ရင်း ဆိုလိုက်၏။
ခုတ်ပိုင်းခြင်းဓားကလည်း လူမထင်ဟန်ဖြင့် ပြန်လည် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက ခွန်ရီမင်ဘက်ကို လှည့်လိုက်ရင်...
“ကျုပ်က သူစိတ်ဝင်စားမလား ကြိုးစားကြည့်တာပါ... လက်အောက်ငယ်သား တစ်ယောက် အနေနဲ့ သခင် ဖြစ်တဲ့လူရဲ့ အကျိုးကို ဆောင်ရမယ် မလား...”
ခွန်ရီမင်က ငြိမ်သက်နေ၏။ သူမက ဘာမှတ်ချက်မှ မပေးပါချေ။ တိမ်ပြာကသာ ပြုံးရင်း ခေါင်းခါလိုက်၏။
“မင်း စာပို့ဖို့ အကြံပေးတာ အဲဒီ အတွက် မဟုတ်ဘူး ဆိုတာ မင်းရော ငါရော သိပါတယ်ကွာ... ဒီဖြစ်စဥ်က အာရုံတစ်ချို့ကို ဆွဲဆောင် နိုင်ခဲ့ပေမဲ့ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့ မသေချာဘူး... တကယ်လို့ သူ မလာဘူး ဆိုရင် ငါတို့ ဒီနေရာမှာ နှုတ်ပိတ်ခံရမလားတောင် မသိဘူး”
ခွန်ရီမင်က သဘောတူဟန်နှင့် ခေါင်းညိတ်လိုက်ကြ၏။
“အရင်တစ်ခါ တွေ့တဲ့ဟာတုန်းကလို ဆိုရင် ငါတို့ အသက်တွေ ကျိန်းသေ အန္တရာယ် ရှိမှာ သေချာတယ်...”
ယခင်တစ်ခါတုန်းက သူမတို့ လျှို့ဝှက် တာရာ မိုင်းတွင်းကို တွေ့မြင်ခဲ့ကာ ဝေ့ဝူယင်၊ ဝူယုတို့နှင့် ဆုံခဲ့သည်။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်က သူတို့ အသက်ကို ချမ်းသာပေးခဲ့ကာ လက်အောက်ငယ်သားများ အဖြစ်ပင် လက်ခံခဲ့သည်။
ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီက ထိုမျှလောက် သဘောကောင်းမည် မဟုတ်မှာ ရှင်းလင်းပေသည်။
“တကယ်လို့ အဲဒီလို ဖြစ်လာမယ် ဆိုရင် ကျုပ် မင်းအတွက် အသက်ပေးပြီး ကာကွယ်ပေးမှာပါ”
ခုတ်ပိုင်းခြင်းဓားက နူးညံ့စွာ ပြောလိုက်၏။ ခွန်ရီမင်၏ မျက်လုံးများက နွေးထွေးသော ခံစားချက်များနှင့် ပြည့်နှက် သွားသည်။ သူမက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူတို့ သုံးယောက်ထဲတွင် သူမက အမြန်ဆုံး၊ အသန်မာဆုံး ဖြစ်သည်။ ထို့ကြောင့်ပင် လွတ်မြောက်ရန် တာဝန်က သူမ ပခုံးထက်၌ ရှိသည်ဟု ခွန်ရီမင် ခံယူထားပေသည်။
“တော်တော်... သောက်ကျိုးနဲ ဇာတ်လမ်းတွေ ဆင်မနေနဲ့ သူရဲကောင်းလေး... တကယ်လို့ ငါတို့ တစ်ခုခု ဖြစ်ရင်တောင် အရှင်ဝေ့က လက်စား ပြန်ချေပေးလိမ့်မယ်”
တိမ်ပြာက ယုံကြည်ချက် ရှိရှိပင် ပြောလိုက်၏။ ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့မှာ နောက်ထပ် စကား မဆိုကြတော့ချေ။ သူတို့က ငြိမ်သက်စွာပင် လွတ်မြောက်ရာလမ်းကို တွေးတော နေခဲ့ကြတော့၏။
အလင်းလွှာ၏ အပြင်ဘက် မနီးမဝေး တစ်နေရာတွင်တော့ ဟင်းလင်းပြင် သင်္ဘော ခြောက်စင်းမှာ စုဝေး နေကြ၏။ ၎င်းတို့ အားလုံးကို အနီ၊ အပြာ၊ အစိမ်း သုံးရောင်စပ်ဖြင့် ဆေးခြယ်ထားကြကာ ကိုယ်ထည်ထက်တွင် တူညီသည့် စကားလုံး တစ်ခုကို ရေးထိုးထား၏။
၎င်းက “စင်ကြယ်နန်းတော်” ဟူ၍ပင်။
ဟင်းလင်းပြင် သင်္ဘောခြောက်စင်း၏ အလယ်တည့်တည့်တွင်တော့ ဟင်းလင်းပြင်လှိုင်းများမှာ ဆယ်မီတာခန့် အထိ ပြန့်ကျဲ ထွက်ပေါ်နေ၏။ အကြီးဆုံး သင်္ဘောဦး ထက်တွင်တော့ အမျိုးသမီး ပုံရိပ် တစ်ခုမှာ ဟင်းလင်းပြင် လှိုင်းများကို ငေးကြည့် နေခဲ့လေသည်။
“နောက်ဆုံးတော့ မင်းကို တွေ့ပြီပေါ့...”
အမျိုးသမီး ပုံရိပ်၏နံဘေးတွင်တော့ မျက်နှာဖုံးတပ်ဆင်ထားသည့် ပုံရိပ်တစ်ခု ရှိနေခဲ့၏။ သူ၏ ခန္ဓာကိုယ်မှ အတိအကျ သတ်မှတ်ရန် ခက်ခဲသည့် သေမျိုး အော်ရာများ ထွက်ပေါ်နေခဲ့သည်။
သူသည်လည်းပဲ အာကာသလှိုင်းများကို ကြည့်နေခဲ့ခြင်းပင်။
***