ကြယ်တာရာ အသိုက်... ကြယ်တာရာမိုး
Vol. 61 Ch. 845
ပုံရိပ်နှစ်ခုမှာ တိတ်တဆိတ်ပင် အာကာသလှိုင်းများကို ငေးကြည့်နေခဲ့၏။ ဣတ္ထိယ သဏ္ဍာန် ပုံရိပ်မှာ အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် ဖြစ်၏။ သို့သော်လည်း သူမ၏ မျက်လုံးများကတော့ ပြင်းပြသည့် သြဇာအာဏာ၊ လွှမ်းမိုးချုပ်ကိုင်မှုတို့နှင့် တောက်ပနေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူမက မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကြောင်း သိသာလှသည်။
သူမ၏ ဘေးရှိ ပုံရိပ်ကတော့ ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် ဝတ်ရုံဖြင့် ဖုံးကွယ်ထား၏။ သူ၏ အရပ်က ခြောက်ပေ တစ်လက်မ၊ နှစ်လက်မခန့် ရှိပေလိမ့်မည်။ သူ့ မျက်နှာထက်ရှိ မျက်နှာဖုံးကတော့ ငွေရောင် မျက်နှာ မျက်လုံးပေါက်များ အပြင် နှာခေါင်း ပါးစပ်စသည်တို့ကို ဖောင်းကြွလိုင်းများဖြင့် အတု ဖန်တီးထား၏။ ထိုကဲ့သို့ တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် ဖုံးကွယ်ထားလေရာ သူက ယောက်ျားလား၊ မိန်းမလားပင် ပြောရခက်လိမ့်မည် ဖြစ်သည်။
“ဧကရီ ချင်းဖုန်း... ခင်ဗျား ဘယ်လို သဘောရလဲ...”
မျက်နှာဖုံးတပ် ပုံရိပ်က မေးလိုက်၏။ အသံအရ ဆိုလျှင်တော့ သူက ယောက်ျား တစ်ယောက် ဖြစ်တာ ကျိန်းသေသည်။
ချင်းဖုန်း ဟု ရည်ညွှန်းခံလိုက်ရသည့် ဣတ္ထိယ မြေကြီးရှန့်ထို၏ မျက်လုံးများက ပိုမို တောက်ပသွားကာ ဝိညာဥ် အလင်းများဖြင့် ပြည့်နှက်လာသည်။ တစ်ခဏ ကြာပြီးနောက် ၎င်းတို့က ပြန်လည် လျော့ကျသွားကာ မူလ သစ်အယ်သီးရောင် အဖြစ် ပြန်လည် ပြောင်းလဲ သွားသည်။ သူမ၏ မျက်လုံးများက ခပ်တိုတို ဆံပင်နှင့် အရောင်အဆင်းချင်း အတူတူပင် ဖြစ်၏။
သူမကတော့ အခြားလူ မဟုတ်...။ ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီ ချင်းဖုန်းပင် ဖြစ်လေသည်။ ချင်းဖုန်း တစ်နည်းအားဖြင့် သန့်စင်သောလေ မှာ သူမ မြေကြီးရှန့်ထို အဆင့်ကို မရောက်ခင် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ထောင်လောက်က ပိုင်ဆိုင်ခဲ့သည့် ဘွဲ့နာမည်လည်း ဖြစ်သည်။
“နင်ပြောသလိုပဲ အထဲမှာ ရှိတဲ့ နေရာလွတ်က မတည်ငြိမ်ဘူး... လျှို့ဝှက် ရည်ရွယ်ချက်က အဲဒါကို တကယ်ပဲ ပြိုကွဲစေမှာလား...”
ချင်းဖုန်း၏ လေသံနှင့် စကားလုံးများက မကျေနပ်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ မျက်နှာဖုံးတပ် ပုံရိပ်က သူမဘက်ကို တည်ငြိမ်စွာ လှည့်ကြည့်ရင်း ပြန်လည် အဖြေပေးလိုက်သည်။
“ကျုပ်က ခင်ဗျားကို ဘာလို့ ညာရမှာလဲ... ဒီကြယ်တာရာ အသိုက်က သာမန် လျှို့ဝှက်နယ်မြေ တစ်ခု မဟုတ်ဘူး... လျှို့ဝှက် အာဏာရှင် အဆင့်တွေ ဝင်လို့ မရဘူး... မဟုတ်ရင် အမြုတေကနေ စပြီး ပြိုကျ သွားလိမ့်မယ်... ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး”
ချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
“တကယ်လို့ ငါက အဲဒီ နေရာလွတ်ကို တည်ငြိမ်အောင် လုပ်နိင်ရင်ရော...”
သူမ၏ လေသံက အနည်းငယ် အေးစက်စက် ဖြစ်နေကာ ဖော်ရွေခြင်း အလျင်း ကင်းမဲ့နေသည်။ သို့သော်လည်း မျက်နှာဖုံးတပ် ပုံရိပ်ကတော့ မတုန်မလှုပ်ပင် ရှိနေဆဲ ဖြစ်သည်။ သူက တည်တည်ငြိမ်ငြိမ်ပင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။
“ဒါဆိုလည်း ကြိုးစားကြည့်ပါ..”
ချင်းဖုန်း၏ မျက်လုံးများက တောက်ပသည့် အလင်းတန်းများနှင့် ပြည့်နှက် သွား၏။ သို့သော်လည်း တစ်ခဏ ကြာမြင့်ပြီး နောက်တွင်တော့ သူမ၏ အတွေးများက ပြောင်းလဲသွားဟန် ရကာ ပုံရိပ်ဘက်ကို ပြန်လည် လှည့်လိုက်သည်။
“မလိုပါဘူးလေ... ဒါနဲ့ ခုနက နင်ပြောတာ နင့်မှာ ကြယ်တာရာမိုးနဲ့ ကောင်းကင်ကြယ်တာရာ ရင်းမြစ်ကို ရယူဖို့ နည်းလမ်း ရှိတယ်ဆို... ယုံကြည်ဖို့ ခက်ခဲပေမဲ့ နင်အောင်မြင်နိုင်မယ်လို့ မျှော်လင့်တယ်”
အကယ်၍ ကျရှုံးပါက ဆုံးရှုံးမှုမှာ အလွန် ကြီးမားလိမ့်မည် ဖြစ်သည်။ သူမ ကြိုးစား မကြည့်ရဲပါချေ။ ကြယ်တာရာအသိုက်မှာ ကောင်းကင်ကြယ်တာရာ ရင်းမြစ် အဖြစ် ရည်ညွှန်းကြသည့် သက်ရှိ မျိုးစိတ်များ ဖန်တီးထားသည့် ပြိုင်စံရှား လျှို့ဝှက် နယ်မြေ တစ်ခု ဖြစ်သည်။ ကောင်းကင်ကြယ်တာရာ ရင်းမြစ်မှာ အလွန် ထူးဆန်းသည့် ဟင်းလင်းပြင် သက်ရှိ မျိုးစိတ်တစ်ခု ဖြစ်ကာ ကြယ်တာရာမိုး ဆိုသည့် အရာများကို ထုတ်လုပ်ပေးနိုင်သည်။
ကြယ်တာရာမိုး...
ကြယ်တာရာမိုးများမှာ အေးခဲထားသည့် နေအလင်းတို့နှင့် တူညီကာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း သွားလာနိုင်စွမ်း ရှိသည်။ ၎င်းတို့မှာ အမှောင် ဟင်းလင်းပြင်မှ မွေးဖွားလာသည့် သက်ရှိပုံစံများ ဖြစ်ကာ နေအမတေ၊ စွမ်းအင်နှင့် အလင်းတို့ကို စားသုံးသည့် ကပ်ပါးကောင်များလိုပင် ဖြစ်၏။ ထို့ကြောင့်ပင် ၎င်းတို့၏ ခန္ဓာကိုယ်များက ထိုစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ပုံဆောင်ခဲများ သဖွယ် ဖြစ်တည်နေသည်။
ကြယ်တာရာမိုးများမှာ အမှောင် ဟင်းလင်းပြင် အတွင်း မိုင်ပေါင်း သိန်းနှင့်ချီ သွားလာနိုင်ကြကာ တစ်ခါတစ်ရံ ဘီလျံနှင့်ချီ၍ ခရီးနှင်တတ်ကြ၏။ အဝေးမှ ကြည့်ပါက ၎င်းတို့မှာ နေမိုးရေစက်ကလေးများနှင့် တူသဖြင့် ကြယ်တာရာမိုး ဟု နာမည် ပေးထားခဲ့ခြင်း ဖြစ်သည်။ ကြယ်တာရာမိုးများမှာ နတ်ဆိုးများ မဟုတ်သော်လည်း ဖြစ်တည်လာပုံချင်းကတော့ ဆင်တူပေသည်။ သို့သော်လည်း ၎င်းတို့တွင် ဝိညာဥ် မရှိလေရာ ကျင့်ကြံခြင်း မပြုလုပ် နိုင်ကြချေ။
အခြားတစ်ဖက်၌... ကောင်းကင် ကြယ်တာရာ ရင်းမြစ်ကတော့ ပုရွက်ဆိတ် ဘုရင်မလိုပင် ဖြစ်သည်။ ၎င်းက ကြယ်တာရာမိုးများကို ပုရွက်ဆိတ်များလို အစားအစာများ စုဆောင်းရန် အပြင်ဘက်သို့ လွှတ်လေ့ ရှိကာ အစာစားချိန် ကာလရောက်မှ ပြန်ခေါ်လေ့ ရှိသည်။
သို့သော်လည်း... ထိုကဲ့သို့သော သက်ရှိပုံစံများမှာ အလွန်ပင် လျှို့ဝှက်လေရာ မည်သူ တစ်ဦးတစ်ယောက်မှ ၎င်းတို့၏ အသိုက်ကို ခန့်မှန်းနိုင်စွမ်း မရှိကြချေ။ ကြယ်တာရာမိုးများ၏ လှုပ်ရှားမှုက သာမန် လျှို့ဝှက် အာဏာရှင် အဆင့်များ လိုက်မှီနိုင်ရန် အလွန် ခက်ခဲသည့် အပြင် မိုင်သန်းချီ ပတ်လည်၌ မည့်သည့် သက်ရှိ အမျိုးအစားမှ မရှိတာ သေချာသော အခါတွင်မှ အိမ်ကို ပြန်ဝင်လေ့ ရှိကြပေသည်။ ၎င်းတို့၏ ရှင်သန်လိုမှု ဗီဇက အားကောင်းကာ ဘုရင်မ ဆိုသည့် ဖြစ်တည်မှုကို ကာကွယ်ရန် အစွမ်းကုန် အားထုတ်လေ့ ရှိသည်။
ကောင်းကင် ပုရောဟိတ်များ၊ ဟောကိန်းများ ပင်လျှင် ၎င်းတို့အား ဖော်ထုတ်ရန် ကြိုးပမ်းမှုကို တားဆီး ခံရလေ့ ရှိသည်။ ရွှေရောင်အသက်နန်းတော်၏ မဟာ ပုရောဟိတ်များမှာ ထိုကဲ့သို့ လုပ်ကောင်း လုပ်နိုင်သော်လည်း ကုန်ကျမှုက အကျိုးအမြတ်ထက် ပိုမိုလေရာ မည်သူမှ တကူးတက မကြိုးစားတော့ချေ။
ကြယ်တာရာ အသိုက်များမှာ အလွန် ခိုင်ခံလေ့ မရှိချေ။ ၎င်းအား ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် ဖြစ်တည်မှု တစ်ခု ဝင်သည်နှင့် ပြိုကျသွားလိမ့်မည် ဖြစ်သည်။ ထို့အပြင်... ကောင်းကင် ကြယ်တာရာ ရင်းမြစ်များမှာလည်း အလွန် သန်မာခြင်း မရှိချေ။ ၎င်းတို့အား ဖိနှိပ်နိုင်သည့် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိပေသည်။ ကြယ်တာရာ အသိုက်ထဲတွင် များပြားလှစွာသော ကြယ်တာရာမိုးများ ရှိနေတတ်၏။ လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ၎င်းတို့ကို ရရှိဖို့ ခက်ခဲလေရာ သေမျိုးများ အတွက် အောင်မြင်နိုင်ချေက ပိုမို၍ပင် နည်းပါးလှသေးသည်။
ကြယ်တာရာမိုးများမှာ ကျင့်ကြံခြင်း အတွက် အဖိုးတန် ရင်းမြစ်များ ဖြစ်ကာ ကြယ်တာရာ အမြုတေများ သန့်စင်ရန်နှင့် နေကြယ်များ ဖန်တီးရာတို့၌ အသုံးပြုကြသည်။ အထူးသဖြင့် ၎င်းတို့က ကြယ်တာရာ အမြုတေ အဆင့်ကိုး ကြယ်တာရာ သခင်များ အတွက် အလွန် အဖိုး ထိုက်တန်သည်။ ထို့အပြင် ၎င်းတို့ကို အဂ္ဂိရတ် ထုတ်ကုန် အချို့တွင်လည်း ပါဝင်ပစ္စည်းများ အဖြစ် အသုံးပြုကြသည်။
မျက်နှာဖုံးတပ် ပုံရိပ်မှာ ချင်းဖုန်း၏ စကားကြောင့် အနှောက်အယှက် ဖြစ်ဟန် မရပဲ အာကာသလှိုင်းများကိုသာ တောက်ပသည့် မျက်လုံးများနှင့် ငေးကြည့်နေခဲ့သည်။
“ဒါဆို အပေးအယူ ဖြစ်ပြီမလား...”
ပုံရိပ်က ချင်းဖုန်းဘက်ကို ပြန်လှည့်ရင်းမေးလိုက်၏။ သူ၏မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုများက ရုတ်ချည်းပင် ပျောက်ကွယ်သွားကာ ထူးမခြားနားသည့် အမူအရာက ပြန်လည် အစားထိုးလာသည်။
ချင်းဖုန်းမှာ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ တစ်ဦးတည်းသော မြေကြီး ရှန့်ထို ဖြစ်သော်လည်း သေမျိုးတစ်ယောက်၏ ညှိနှိုင်းမှု အပေါ် စိတ်ကသိကအောက် ဖြစ်ပုံ မရချေ။ သူမက ခေါင်းတစ်ချက် ညိတ်လိုက်လေ၏။
“လိုအပ်တဲ့ ဝိညာဥ်ကျိန်စာကို ကျိန်ဆိုပေးမယ်... နောက်ပြီး နင့်အတွက် ကြယ်သခင် အဆင့် တစ်ထောင် ထည့်ပေးမယ်... ကောင်းကင် ကြယ်တာရာ ရင်းမြစ်ကို ရနိုင်မယ် ဆိုရင် ကြယ်တာရာမိုးတွေ အကုန်လုံးက နင့်အတွက်ပဲ”
ကြယ်တာရာမိုးများမှာ အဖိုးတန်သော်လည်း ၎င်းတို့က ကောင်းကင် ကြယ်တာရာ ရင်းမြစ်၏ ထုတ်ကုန်များသာ ဖြစ်သည်။ အနာဂတ်၌ ကောင်းကင် ကြယ်တာရာ ရင်းမြစ်မှာ ယခုထက် အဆပေါင်းများစွာ ပိုများသည့် ကြယ်တာရာမိုးများကို ထုတ်လုပ်ပေးနိုင်သည်။
ချင်းဖုန်းမှာ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေကို ကြယ်တာရာမိုး ရင်းမြစ်များ ဖန်တီးထုတ်လုပ်ပေးနိုင်သည့် နယ်မြေ တစ်ခု အဖြစ် ပြောင်းလဲ ပစ်ရန် ရည်ရွယ်နေသည်။ ၎င်းတို့ကို တင်ပို့ခြင်း အားဖြင့် ပြည်ထောင်စု ရင်းမြစ်၏ စီးပွားရေးက ပိုမို လျှင်မြန်စွာ တိုးတက် လာလိမ့်မည် ဖြစ်သည်။
ခန့်မှန်းချေအားဖြင့် နောက်ထပ် နှစ်ပေါင်း ထောင့်ငါးရာ အတွင်း ဒုတိယမြောက် မြေကြီး ရှန့်ထို တစ်ယောက်ကို မြေတောင်မြှောက်ပေးရန် လုံလောက်သည့် ရင်းမြစ်များကို သူမ ပိုင်ဆိုင်လာပေလိမ့်မည်။ ချင်းဖုန်းမှာ သူမ၏ မျိုးဆက်များထဲမှ ယောက်ျားလေး တစ်ယောက်ကို ပံ့ပိုးပေးရန် ရည်ရွယ်ထား၏။ ကောင်းမွန်သည့် မျိုးရိုးဗီဇ၊ ပါရမီတို့နှင့် သန်မာသည့် ယောက်ျားသားကောင်းတစ်ယောက်မှာ ကျိန်းသေပင် ပြီးပြည့်စုံသည့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာပေလိမ့်မည်။
ချင်ဖုန်း ခပ်မြန်မြန်ပင် အတွေးများထဲမှ ရုန်းထွက်လိုက်၏။ လက်ရှိ၌ ကောင်းကင် ကြယ်တာရာ ရင်းမြစ်ကို ရရှိဖို့ သူမ အရင် အာရုံစိုက်ရမည် ဖြစ်သည်။
“ကြယ်တာရာသခင် တစ်ထောင်... လုံလောက်တယ်... ဘယ်အချိန်လောက် ခင်ဗျား အဆင်သင့် ဖြစ်မလဲ... ကျုပ်ဘက်ကတော့ အားလုံး ပြင်ဆင်ပြီးပြီ”
မျက်နှာဖုံးတပ် ပုံရိပ်က ပြောလိုက်၏။ ချင်းဖုန်းကလည်း အသာအယာပင် ပြုံးလိုက်သည်။
“ငါ့ဘက်ကလည်း ပြင်ဆင်ပြီးပါပြီ... အခု သူတို့တွေ ငါ့ရဲ့ အတွင်းပိုင်းလောကမှာ ကျင့်ကြံရင်း အမိန့်ကို စောင့်နေကြတယ်... နင် အခု ထွက်တော့မလား”
“အင်း... အရင် လျှို့ဝှက်ကျိန်စာ ကျိန်ဆိုကြတာပေါ့”
မျက်နှာဖုံးတပ်က ပြောလိုက်သည်။ ချင်းဖုန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့ နှစ်ယောက်မှာ လျှို့ဝှက် ကျိန်စာများ အသီးသီး ကျိန်ဆိုလိုက်ကြ၏။
ပြီးသည်နှင့် ချင်းဖုန်းက သူမ၏ ထျန်းတျန်ကို ဆက်သွယ်လိုက်ရာ ထူးဆန်းသော အာကာသလှိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ငွေရောင် အလင်းများမှာ ပတ်ဝန်းကျင် မိုင်တစ်ရာကို ဖုံးလွှမ်း သွားခဲ့တော့၏။
***