ကြယ်တာရာအသိုက်... ဝူယု
Vol. 61 Ch. 847
ဝှစ်...
ဝူယုက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ရာ သင်္ဘော အုပ်စုကို ဝန်းရံ၍ နောက်ထပ် အလွှာပါး တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ဝေ့ဝူယင်တို့ အပေါ် ဝိညာဥ်အာရုံ ဆန်းစစ်မှုများကို တားဆီးပေလိမ့်မည် အပြင် အတွင်းပိုင်းမှ ဝိညာဥ် သတင်းစကားများကို ပြင်ပသို့ မထွက်နိုင်အောင်ပါ ထိန်းချုပ်ထားလိမ့်မည် ဖြစ်သည်။
အကယ်၍ ထိုဖြစ်စဥ်ကသာ အမှန်တကယ် အဖိုးတန်ကာ ဝေ့ဝူယင်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပါက သတင်းစကားများ ပျံ့မသွားတာ အကောင်းဆုံး ဖြစ်ပေသည်။ လျှို့ဝှက် တာရာ သတ္တုရိုင်းလိုပင် ရတနာများမှာ ကြော်ညာရန် မဟုတ်ပါချေ။
ပိုင်လင်က ဝူယု လုပ်ဆောင်နေသမျှကို တလက်လက် တောက်ပနေသည့် မျက်လုံးများနှင့် လိုက်ကြည့်နေခဲ့သည်။ ထို့နောက်... သူမက ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့ထံ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ ပြောလိုက်လေသည်။
“ကျွန်တော်လည်း အဲဒီလို လုပ်နိုင်တယ် သိလား...”
ဝူယုမှာ အစွမ်းထက်သည့်တိုင် ရှိုးထုတ်ကာ များနေသည်ဟု သူမ ခံစားရသည်။ ထိုမျှလောက်ကိုတော့ သူမ ကိုယ်တိုင် လုပ်နိုင်သည်။
ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့က အနည်းငယ် ရယ်မောကာ ခေါင်းညိတ်လိုက်ကြ၏။ လွန်ခဲ့သည့် နှစ်လ အတွင်းမှာပင် ဝမ်မင်ယာနှင့် ပိုင်လင်တို့မှာ ရင်းနှီး နေကြပြီ ဖြစ်လေသည်။ ထိုမိန်းကလေးမှာ ဝေ့ဝူယင် အတွက် သူမ အသက်ကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိခဲ့လေရာ ကြိုးကြာလေးမှာ သဘောကျပြီးရင်း ကျနေခဲ့၏။
ဝမ်မင်ယာက ဝေ့ဝူယင်ဘက်ကို လှည့်လိုက်ရင်း...
“ကျွန်မတို့ ပိုင်လင်ကို ဆက်ပြီး ဝှက်ထားဦးမှာလား”
ဝေ့ဝူယင်၊ မီးဖီးနစ်နှင့် ကျန့်ကျန့်တို့ အကြားရှိ ဆက်နွယ်မှုက ယခုတိုင် လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ရှိနေဆဲ ဖြစ်သည်။ အကယ်၍ ထိုသတင်းသာ သင်္ဘောသားများထံမှ ပျံ့နှံ့သွားပါက အစစ်အမှန် မွေးဖွားခြင်း၊ ထာဝရ အစည်းအရုံး၊ ထန်ကလန် စသည့် အင်အားစု၊ မျိုးနွယ်များထံမှ ပြဿနာများကို ဖိတ်ခေါ်စေနိုင်စွမ်း ရှိသည်။
သို့သော်လည်း... ဝေ့ဝူယင်က ချက်ချင်းပင် ခေါင်းကို ခါလိုက်၏။
“ဝှက်ထားစရာ မလိုတော့ပါဘူး...”
သူက ဝူယု တစ်ယောက်တည်း၏ စွမ်းရည်အပေါ် မှီခိုရလောက်သည် အထိ မမိုက်မဲသေးချေ။ တစ်ချိန်တည်း၌ ပိုင်လင်ကို နှစ်ကာလများစွာ ဝှက်ထားခြင်းက ကျိုးကြောင်း မဆီလျော်သလို ခံစားရသည်။ သူ့အမြင်အရ ဆိုလျှင် ပိုင်လင်ကို ထုတ်ဖော်ခြင်းက သူ့အပေါ် တစ်နည်းနည်းဖြင့် သူ့အတွက် အကူအညီပင် ဖြစ်စေနိုင်သေးသည်။
လက်ရှိ အားလုံး၏ အမြင်၌ ထန်မျိုးနွယ်ကို အကြီးအကျယ် ကျရှုံးစေခဲ့သည့် မြေကြီး ရှန့်ထိုနှင့် မီးဖီးနစ်တို့မှာ ပြင်ပ အင်အားစု တစ်ခုမှ ဖြစ်သည်ဟု ထင်မှတ် နေကြခြင်း ဖြစ်သည်။ ဝူယုကို ဘေးနားမှာ ထား၍ ပိုင်လင်ကိုသာ ထုတ်ဖော် ပြသလိုက်ပါက အနည်းဆုံး သူ့နံဘေးတွင် အရည်အသွေးမြင့် မြေကြီးရှန့်ထို နှစ်ယောက် ရှိနေသည်ဟု အများက ထင်မြင် ယူဆ သွားကြပေလိမ့်မည်။
ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်က သူ့ကို အချိန် အတန်ကြာ ကာကွယ်ပေးနိုင် ပေလိမ့်မည်။ မည်သို့ပင် ဆိုစေ... သူ့ထံတွင် မြေကြီးရှန့်ထို နှစ်ယောက် ရှိနေလေရာ သုံးယောက်မြောက်၊ လေးယောက်မြောက်၊ ခုနစ်ယောက်မြောက် အထိ မရှိဟု မည်သူက ပြောနိုင်လိမ့်မည်နည်း။ ထိုအခါ မေးခွန်းတစ်ခု ကျိန်းသေပင် ပေါက်ဖွားလာလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်က မည်သူနည်း ဟူ၍ပင်။ ထိုဒွိဟမေးခွန်းကပင် အစစ်အမှန် မွေးဖွားခြင်းနှင့် ထာဝရ အစည်းအရုံးတို့၏ အကြံအစည်ကို တုန့်နှေး သွားစေလိမ့်မည် ဖြစ်သည်။ အများ၏ အမြင်၌ သူက ပါရမီရှင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဆက်လက် ဖြစ်တည်တော့မည် မဟုတ်ချေ။ လျှို့ဝှက်ဆန်းကြယ်သည့် နောက်ခံနှင့် လူငယ် တစ်ယောက် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ထိုအရာက အမှန်တရား မဟုတ်သည့်တိုင် ကိုယ်ပိုင် အင်အားစု တစ်ခု ဖန်တီးရန်၊ အစီအစဥ်များ ပြုလုပ်ရန် သူ အချိန် လိုအပ်ပေသည်။ လက်ရှိ၌ သူ၏ ခြေချောင်းများမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နက်မှောင်သည့် ရေထုထဲကို စတင် နစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာများကို ကျော်လွှားဖို့ ဘယ်လောက်တောင် နစ်မွန်းရဦးမည်လည်း သူ မပြောတတ်ပါချေ။ အကိုကြီး ပြောသည့်အတိုင်း ခြေတစ်လှမ်းချင်းကို ဂရုတစိုက် လျှောက်လှမ်းဖို့သာ ရှိပေသည်။
“ဘယ်သူလဲ...”
ထိုအခိုက်တွင်ပင် သြဇာအာဏာ၊ လွှမ်းမိုးမှုတို့နှင့် ပြည့်နှက်နေသည့် အသံတစ်ခုမှာ သူတို့ အထက်တွင် ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့တော့၏။
ဘုန်း... ဘုန်း...
အသံ၏ ရိုက်ခတ်မှု အောက်၌ ဝူယု ဖန်တီးထားသည့် အလွှာပါးက ငလျင်လှုပ် သကဲ့သို့ တဟုန်းဟုန်း တုန်ရီသွားသည်။ ခွန်ရီမင်တို့ သုံးယောက်မှာ ထိတ်လန့် တုန်ရီသွားကြကာ ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်မိကြသည်။
လူငယ်မှာ မျက်လုံးများ မှိတ်ကာ တည်ငြိမ်နေကြောင်း သတိထားမိသော အခါတွင်မှ သူတို့ အနည်းငယ် ပြန်လည် တည်ငြိမ် သွားကြ၏။
ပိုင်လင်ကတော့ ရွှေရောင် တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် အလွှာပါးကို လှမ်းကြည့် နေခဲ့သည်။ ဝေ့ဝူယင်က ပိုင်လင်၏ လည်ပင်းကို ထိလိုက်၏၊။ ဧဒင်အင်အားများက ပိုင်လင်၏ အသိစိတ် ပင်လယ်နှင့် ချိတ်ဆက်သွားကာ ကြည်လင် ရှင်းလင်းသော မြင်ကွင်းများမှာ ဝေ့ဝူယင်၏ စိတ်အတွင်း တိုက်ရိုက် စီးဝင်လာခဲ့သည်။ အခြားလူများနှင့် ခြားနားစွာပင် ပိုင်လင်၏ အမြင်အာရုံမှာ မြေကြီးရှန့်ထိုများနှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိပေသည်။
ဝမ်မင်ယာကလည်း တုန့်နှေးခြင်း မရှိချေ။ သူမက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ သူမ၏အသက်ရှူသံများက နှေးကွေးသွားကာ လျှို့ဝှက် ဆန်းကြယ်သည့် အော်ရာက ကောင်းကင်ဘုံနှင့် တစ်နည်းတစ်ဖုံ ချိတ်ဆက်သွားဟန် ရ၏။
“ကောင်းကင် ပုရောဟိတ်...”
လျှို့ဝှက် အာဏာရှင်အဆင့် သုံးယောက်မှာ မိန်းကလေးကို အံ့သြစွာ ကြည့်လိုက်မိကြ၏။ ကောင်းကင်တာအိုနှင့် ဆက်သွယ်နိုင်သည့် ပညာရှင်များ အကြောင်း သူတို့ ကောင်းစွာ ရင်းနှီးပေသည်။ ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ကောင်းကင် ပုရောဟိတ်နှင့် နိမိတ်ဖတ် ပညာရှင်တို့၏ အကြီးကျယ်ဆုံးသော အဖွဲ့အစည်းကြီး ဖြစ်ကာ အခြား အင်အားစု အားလုံး လိုလိုမှာလည်း ကိုယ်ပိုင် ပုရောဟိတ်များကို မြေတောင်မြှောက် မွေးမြူလေ့ ရှိကြသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် ၎င်းတို့ကို မလိုချင်သည့်လူ မရှိချေ။
အထက်ကောင်းကင်တွင်တော့ ဝူယုမှာ တည်ငြိမ်စွာပင် မြောလွင့်နေ၏။ သောင်းချိသော လျှို့ဝှက် သင်္ကေတများနှင့် အတူ သူ၏ လျှို့ဝှက် အော်ရာက ပတ်လည် ဆယ်မီတာခန့် အထိ ဖြန့်ကျက်နေသည်။ ထို့အပြင်... မူလ နှလုံးသား ဖန်တီးခြင်းနှင့် ကြီးထွားခြင်းတို့၏ လက္ခဏာ တစ်ရပ် အဖြစ် မူလ အမတေ၏ အော်ရာများမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။ သွေးမူလ နည်းလမ်း ဒုတိယ အဆင့်ကို ရောက်ရှိပြီးနောက်တွင် သူ၏ ရုပ်ခန္ဓာမှာ လုံးဝ ကွဲပြားခြားနားသည့် အဆင့် တစ်ခုကို ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။
ချင်းဖုန်းမှာ ဝူယုကို လှမ်းကြည့်နေ၏။ သူမက ဟင်းလင်းပြင် သင်္ဘောထက်၌ ရပ်ရင်း လျှို့ဝှက် အော်ရာကို လှိုင်းများ သဏ္ဌာန်ဖြင့် ဝူယုထံ အဆက်မပြတ် ပို့လွှတ်နေသည်။ ရှင်းလင်းစွာပင် သူမမှာ ဝူယုကို ဖိနှိပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
သို့သော်လည်း ခန့်ညား ချောမောလှသည့် ဝူယုကတော့ ရေဘယ်လောက်ပင် စီးပါစေ ကျောက်ဆောင် တစ်ခုလို မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်သည်။ သူ၏ အင်္ကျီစများပင်လျှင် လှုပ်ခတ်ခြင်း မရှိပါချေ။ ချင်းဖုန်းမှာ ဝူယု၏ တည်ငြိမ်မှုကိုသာ မက ရုပ်ရည်ကိုပါ ကြည့်ကာ အံ့အားသင့် သွားခဲ့၏။ မည်မျှ ခန့်ညား ချောမောလိုက်သည့် ပုဂ္ဂိုလ်မျိုးနည်း။
ဝူယုက သူ့ကို ရိုက်ခတ်နေသည့် သင်္ကေတများကို တည်ငြိမ်စွာပင် အကဲခတ်လိုက်၏။ ထို့နောက် သူ၏ မျက်လုံးများက အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ အထူးသဖြင့်... သင်္ကေတ ရှစ်ခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့ပြီး နောက်တွင် မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူ အများစု၏ အဆင့်အတန်းက သူ့ထက် လျော့ကျနိုင်သည်ဟု တွက်ဆထားခဲ့သည်။
ထာဝရ သူရဲကောင်းများကို ထာဝရ ဧကရာဇ်က မြေတောင်မြှောက်ပေးထားသည် ဆိုသည့် ကောလဟလများက အမှားများ ဖြစ်နိုင်သည့်တိုင် သူတို့၏ နောက်ခံ ထာဝရ အစည်းအရုံးကတော့ မမှားယွင်းချေ။ သူတို့ကို အဂ္ဂိရတ် ရှန့်ထို တစ်ပါး ဖြစ်သည့် ထာဝရ ဆေးနတ်ဘုရား ကိုယ်တိုင် ထောက်ပံ့ထားခြင်း ဖြစ်နိုင်ပေသည်။ သို့တိုင်အောင် သူတို့မှာ သင်္ကေတ သုံးခု ရှန့်ထိုများသာ ဖြစ်သည်။
သို့သော်လည်း ယခုတွေ့မြင်ရသလောက် ချင်းဖုန်းမှာ သင်္ကေတ လေးခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ စိတ်၊ ရုပ်၊ ဝိညာဥ်နှင့် အမတေ စွမ်းအင်များကို မစမ်းသပ် ရသေးသည့်တိုင် သင်္ကေတ အရေအတွက် အရ ဆိုလျှင်တော့ ချင်းဖုန်းမှာ အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ကို နောက်ခံ ပိုင်ဆိုင်ထားသည့် ထာဝရ သူရဲကောင်းများထက်ပင် ပိုမို သာလွန်၍ပင် နေသည်။ ထိုအရာက ပါရမီပင် ဖြစ်လိမ့်မည် ထင်သည်။
ဝူယု၏ အတွေးအမြင်များက ပြောင်းလဲ သွားခဲ့သည်။ ကျင့်ကြံခြင်း လမ်းစဥ်၌ အဂ္ဂိရတ် တာအိုမှာ အကန့်အသတ် ကင်းမဲ့သည့်တိုင် ပါရမီမှာလည်း အလွန် အရေးပါနေဆဲ ဖြစ်ပုံပင်။
တစ်ချိန်တည်း၌ ချင်းဖုန်းမှာ ဝူယု၏ ခန္ဓာကိုယ် ပတ်လည်ရှိ သင်္ကေတများကို ကြိုးစား၍ ရေတွက်နေ၏။ အချိန်နှင့် အမျှ သူမ၏ နှလုံးသားများက ပိုမို၍ မွမ်းကြပ်လာနေခဲ့သည်။ ဝူယု၏ လျှို့ဝှက် သင်္ကေတများကို ထူးဆန်းသော အော်ရာ တစ်ခုက ဝန်းရံထားလေရာ ဆန်းစစ်ရန်မှာ အလွန် ခက်ခဲလှသည်။ အပေါ်ယံ မီးခိုးများကို ဖြတ်သန်း၍ သူမ ရေတွက်နိုင်သမျှက ခြောက်ခု သို့မဟုတ် ခုနစ်ခု ပင်လျှင် ဖြစ်နိုင်ပေသည်။
ဝူယုမှာ တည်ငြိမ်စွာပင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ ဝေ့ဝူယင်၏ အမိန့်က တိုက်ခိုက်ဖို့ မဟုတ်ချေ။ ထူးဆန်းသည့် ဖြစ်စဥ်နှင့် ပတ်သက်သည့် အချက်အလက်များကို ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီထံမှ ရရှိဖို့ ဖြစ်ပေသည်။
“ကျုပ်က အာရုဏ်ဦး စစ်သည် ဝူယုပဲ...”
ဝူယုက တည်ငြိမ်စွာပင် ကြေညာလိုက်လေ၏။
***