← Chapters

ကြယ်တာရာအသိုက်... အချက်အလက်များ

Vol. 61 Ch. 848

ကြယ်တာရာအသိုက်... အချက်အလက်များ

Vol. 61 Ch. 848

“အာရုဏ်ဦး စစ်သည်...”

ထိုနာမည်ကို ကြားသည်နှင့် ချင်းဖုန်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲ သွား၏။ သူမသာလျှင် မက ဟင်းလင်းပြင် သင်္ဘောထက်ရှိ သင်္ဘောအားလုံးပါ ဆွံ့အ သွားခဲ့ကြခြင်း ဖြစ်သည်။

ဝူယု၏ နာမည်မှာ လွန်ခဲ့သည့် နှစ်လ အတွင်း မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို ဒဏ္ဍာရီ သဖွယ် ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ သူက ထာဝရ သူရဲကောင်း နှစ်ယောက်ကို အပြတ်အသတ် အနိုင်ယူကာ ထာဝရ အစည်းအရုံးထံမှပင် ထွက်ပြေးနိုင်ခဲ့သူ ဖြစ်သည်။

ချင်းဖုန်း၏ အမူအရာက လေးနက်၍ လာ၏။ အကယ်၍ ထိုပုဂ္ဂိုလ်သာ အမှန်တကယ် ဝူယု ဆိုပါက ရှိရှိသမျှ အစီအရင်များဖြင့်ပင် အနိုင်ယူရန် ချင်းဖုန်း၌ ယုံကြည်ချက် မရှိပါချေ။ အနိုင်ယူနိုင်သည် ထားဦး... ထိုပုဂ္ဂိုလ်၏ နောက်၌ ရှိနေသည်က အာရုဏ်ဦး ဧကရာဇ် ဖြစ်သည်။ ကောင်းကင် ကြယ်တာရာ ရင်းမြစ် အတွက်နှင့် ထိုကဲ့သို့သော တည်ရှိမှုကို ဆန့်ကျင်ရန် မထိုက်တန်ချေ။

ချင်းဖုန်း အဝေးရှိ သင်္ဘောအုပ်စုကို လှမ်းကြည့်လိုက်၏။ သူမ ဖန်တီးထားသည့် အလွှာပါးက ပျက်စီးသွားပြီ ဖြစ်ကာ ထိုနေရာတွင် ဝူယု၏ အလွှာဖြင့် အစားထိုး သွားခဲ့ပြီ ဖြစ်သည်။ တစ်စုံတစ်ရာကို စဥ်းစားမိသည်နှင့် သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ ဝေ့ဝူယင် ထိုနေရာတွင် ရှိနေမည်လား။ သူမက ဝိညာဥ်အာရုံဖြင့် ထွင်းဖောက်ကြည့်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း အင်ပါယာ ကောင်းကင် အော်ရာက တားဆီးထားလေရာ သူမ၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည်။

ချင်းဖုန်းမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာကာ ဝူယုကို ကြည့်လိုက်၏။ မည်သည့် ကြောက်ရွံ့ ထိတ်လန့်မှု အငွေ့အသက်မျိုးကိုမှ သူမ ထုတ်ဖော် ပြသ မထားပါချေ။ သူမ၏ သဘောထားက လက်အောက်ငယ်သားများ အပေါ် လွှမ်းမိုးသွားကာ အားလုံးမှာ ဝူယုကို စူးစူးရဲရဲ ပြန်လည် စိုက်ကြည့်လိုက်ကြ၏။ ဝူယုမှာ ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှ ရွှင်မြူးလာမိ၏။

“ရှင် ဘာလိုချင်လို့လဲ... အာရုဏ်ဦး စစ်သည်ဝူ...”

ချင်းဖုန်းက မေးလိုက်ရင်း လျှို့ဝှက် အော်ရာကို ဝန်းရံကာ ကောင်းကင်သို့ တဖြည်းဖြည်း မြင့်တက်လာခဲ့၏။ ဝူယုက အချိန်ဖြုန်းခြင်း မရှိချေ။

“အဲဒါက ဘာလဲ...”

သင်္ဘောများ၏ အလယ်ရှိ အာကာသလှိုင်းများထွက်ပေါ်လာရာ နေရာကို လက်ညိုးထိုးရင်း သူက တိုက်ရိုက်ပင် ‌မေးလိုက်သည်။

“...”

ချင်းဖုန်းမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ သို့သော်လည်း သူမက စက္ကန့်ပိုင်း အတွင်းမှာပင် ပြန်လည် ဖြေလိုက်သည်။

“လျှို့ဝှက်နယ်မြေ တစ်ခုကို ဦးတည်နေတဲ့ ဝင်ပေါက် တစ်ခုပါ... ကျွန်မတို့ ပြည်ထောင်စု ရင်းမြစ် သန့်စင်နန်းတော်က ရှာတွေ့ထားတာပါ... အာရုဏ်ဦး ဧကရာဇ်က ဒီနယ်မြေ သေးသေးလေးကို စိတ်ဝင်စားလိမ့်မယ်လို့ မထင်ဘူး”

ဝူယုက အနည်းငယ် ပြုံးလိုက်၏။

“သူက ငါ့ကို စုံစမ်းရုံသက်သက် လွှတ်လိုက်တာပါ... တို့နှစ်ယောက်လုံး အတွက် ပိုလွယ်ကူအောင် လုပ်လိုက်ရအောင်... အဲဒီ အထဲမှာ ဘာရှိလဲ ဘာလို့ အဖိုးတန်တာလဲ ဆိုတာ ငါ့ကို ပြောပြ... သခင်လေး စိတ်ဝင်စားမလား မဝင်စားဘူးလား ဆိုတာတော့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ပါစေ”

“တကယ်လို့ သူ စိတ်ဝင်စားရင် ကျွန်မ ကိုယ်တိုင် သူ့ကို ရှင်းပြနိုင်ပါတယ်”

ချင်းဖုန်းက အလွှာပါးကို လှမ်းကြည့်ရင်း ပြောလိုက်၏။

“မင်း ခြိမ်း‌ခြောက်တာလား...”

ဝူယု၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ လျှို့ဝှက် အော်ရာက ပိုမို၍ တိုးမြင့်လာ၏။ ဟင်းလင်းပြင် သင်္ဘောများမှာ မုန်တိုင်းတစ်ခု တိုက်ခတ်ခံလိုက်ရသည့် အလား တုန်ရီ ယိမ်းထိုး သွားခဲ့လေသည်။ ၎င်းတို့မှာ ပြန်လည် တည်ငြိမ်ရန် အတွက် အမျိုးမျိုးသော ဝင်္ကပါများကို ထုတ်ဖော်လိုက်ရ၏။

“ခြိမ်းခြောက်တာက ဘယ်လိုလဲ ဆိုတာ ရှင်မသိသေးပါဘူး...”

ချင်းဖုန်းကလည်း သူမ၏ အော်ရာကို ပြန်လည် တိုးမြှင့်လိုက်၏။ ဝူယုကို စူးစူးရဲရဲပင် ပြန်စိုက်ကြည့်ရင် သူမက နည်းနည်းလေးမျှ နောက်ဆုတ်မည့်ပုံ မရချေ။

ဘုန်း... ဘုန်း...

လျှို့ဝှက်အော်ရာများမှဦ ပြင်းထန်စွာပင် ရိုက်ခတ် သွားကြ၏။ တစ်ခဏ အတွင်းမှာပင် ချင်းဖုန်း၏ အော်ရာက အားနည်းသည့် အငွေ့အသက်များ စတင် ပေါ်လာခဲ့သည်။ ဝူယုကို ကြည့်ကာ သူမ၏ မျက်လုံးများက ပိုမို၍ ကျဥ်းမြောင်းလာ၏။

သတင်းများ အရဆိုလျှင် ဝူယုမှာ လွန်ခဲ့သည့် နှစ်လခန့်မှ မြေကြီးရှန့်ထို အဆင့်ကို တက်လှမ်းခဲ့သူ ဖြစ်သည်။ သို့သော်လည်း လက်ရှိ သူ့စွမ်းအင်က မြေကြီးရှန့်ထို အဆင့်ကို ရောက်ခါစ လူတစ်ယောက်နှင့် လားလားမျှ မတူချေ။ နှစ်ပေါင်းရာချီ အခြေချပြီးသူ တစ်ယောက်လိုပင် ဖြစ်ပေသည်။

စက္ကန့်ပိုင်း အတွင်းမှာပင် သူမ၏အော်ရာမှာ ပိုမို၍ အားနည်းလာခဲ့၏။ သို့သော်လည်း ချင်းဖုန်းမှာ အနိုင်မခံ အရှုံးမပေးဟန်ဖြင့် ဆက်လက် ကြံကြံ့ခံရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ထိုအခိုက်အတန့်တွင်ပင် အသံ တစ်ခုမှာ အလွှာပါး အတွင်းမှ ထွင်းပေါက် ထွက်ပေါ်လာခဲ့၏။

“ဝူယု... တော်လောက်ပြီ”

ဝူယုက ချင်းဖုန်းကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူက အော်ရာကို ဖြည်းညင်းစွာပင် လျှော့ချလိုက်သည်။ ချင်းဖုန်း၏ အမူအရာက အနည်းငယ် ဖြူရော်နေ၏။ သူမက တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည့်တိုင် ရင်အစုံကတော့ ထိတ်လန့်မှု တဒိန်းဒိန်း ခုန်နေသည်။

သို့တိုင်အောင် ဝူယုမှာ တိုက်ခိုက်ခြင်း မရှိသေးချေ။ သူက အော်ရာသီးသန့်ဖြင့် ဖိနှိပ်လိုက်ခြင်းမျှသာ ဖြစ်သည်။ ထာဝရ သူရဲကောင်း နှစ်ယောက် သူ့ထံ၌ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။

အခြားတစ်ဖက်၌ ဝူယုကတော့ တိတ်တဆိတ်ပင် တွေးလိုက်မိ၏။

‘သခင်လေးက ဒီမိန်းကလေးကို လက်အောက်ငယ်သား အဖြစ် သိမ်းသွင်းချင်လို့များလား...’

မည်သို့ပင် ဆိုစေ... မြေကြီးရှန့်ထိုများမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ထိပ်တန်း တည်ရှိမှုများ ဖြစ်သည်။ သူတို့ကို လက်အောက်ငယ်သား အဖြစ် ရရှိခြင်းက ကောင်းမွန်သော ကိစ္စ တစ်ခု ဖြစ်ပေသည်။

ဝှစ်... ဝှစ်...

ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၊ ဝမ်မင်ယာနှင့် ပိုင်လင်တို့မှာ ကောင်းကင်ကို ပျံတက်လာကြ၏။ ဝူယုက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အလွှာပါးကို ဖောက်ထွင်း၍ လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်မင်ယာမှာ လောကနယ်မြေကို ဖန်တီးထားကာ ဝေ့ဝူယင်နှင့် သူမကိုယ်ကို ဝန်းရံထားသည်။ ထိုနည်းလမ်းဖြင့် ဝေ့ဝူယင်မှာ အစစ်အမှန် နဂါးအသွင်ကို ပြောင်းလဲခြင်း မပြုပဲ အမှောင် ဟင်းလင်းပြင်ထဲ၌ ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။

မျက်လုံးများ မှိတ်ထားသည့် ဝေ့ဝူယင်ကို တွေ့မြင်သော အခိုက်၌ ချင်းဖုန်းမှာ စိတ်တစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ထိုမျှ ချောမောလှပသည့် ယောက်ျားကို သူမ မမြင်တွေ့ခဲ့ရသည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝူယုပင်လျှင် သူနှင့် ယှဥ်ပါက တစ်ဆင့် နှစ်ဆင့်လောက် နိမ့်ပါးသွားသလို သူမ ခံစားလိုက်ရသည်။

ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့်ကို စစ်ဆေးကြည့်ရန် ချင်းဖုန်း ကြိုးပမ်းလိုက်၏။ သို့သော်လည်း သေမျိုး အကန့်အသတ် အတွင်း၌ ရှိနေသည် ဆိုသည်မှ အပ အခြား မည်သည့် အရာကိုမှ သူမ တွေ့မြင်နိုင်စွမ်း မရှိချေ။ သေချာတာ တစ်ခုကတော့ ဝတ်ဆင်ထားသည့် ဝတ်စုံမှာ လျှို့ဝှက်မြေကြီး အဆင့် ဖြစ်သည်။

ချင်ဖုန်းမှာ အံ့အားသင့်စွာဖြင့် ဝူယုကို နောက်တစ်ကြိမ် ကြည့်လိုက်မိ၏။ သေမျိုးတစ်ယောက်က မြေကြီးရှန့်ထို တစ်ယောက်ကို မြေတောင်မြှောက် ပေးနိုင်ခဲ့သည်လား။

ချင်းဖုန်း၏ မျက်လုံးများက ဖြည်းညင်းစွာပင် ဆက်လက် ရွေ့လျားကာ ဝေ့ဝူယင် နောက်နားရှိ ပိုင်လင်ထံ ရောက်ရှိသွား၏။ သူမ၏ အမူအရာက အနည်းငယ် တုန့်နှေးသွားကာ မကြာခင် ထိတ်လန့် တုန်လှုပ်မှုများနှင့် ရုတ်ချည်း ပြည့်နှက် သွားတော့သည်။

မီးဖီးနစ်နှင့် ထန်မျိုးနွယ် အကြားမှ တိုက်ပွဲမှာ လူသိရှင်ကြား ဖြစ်သည်။ ပြောရလျှင် ပိုင်လင်၏ ပုံရိပ်များ ပင်လျှင် မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ထိပ်သီး အင်အားစုများထံ ပျံ့နှံနေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းကို သူမ ကောင်းစွာ မှတ်မိပေသည်။

ချင်းဖုန်း၏ စိတ်က များစွာသော အချက်အလက်များနှင့် လှည့်ပတ် သွား၏။ လျှို့ဝှက် ဆန်းကြယ်သည့် မြေကြီး ရှန့်ထို၊ မီးဖီးနစ်၊ အာရုဏ်ဦး စစ်သည်တော် ဝူယု၊ ထာဝရ အစည်းအရုံး...

‘ဒါဆို သူ့မှာ မြေကြီးရှန့်ထို နှစ်ယောက်တောင် ရှိနေတာပေါ့... နောက်ပြီး သေမျိုးတစ်ပိုင်း အရှင်တွေထက် ပိုအစွမ်းထက်တဲ့ သားရဲတစ်ကောင်... သူက သေမျိုး တစ်ယောက်တောင် ဟုတ်သေးရဲ့လား’

“ရှင်က ဘယ်သူ...”

ချင်းဖုန်းမှာ မေးရန် ဟန်ပြင်လိုက်ပြီးခါမှ စကားလုံးများကို ပြန်လည် မြိုချလိုက်၏။ ထိုလူငယ်လေးက ဝေ့ဝူယင် ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးခဲ့သည့် ပုဂ္ဂိုလ် ဖြစ်သည်။ ထာဝရ ဧကရာဇ်လိုပင် ထာဝရ ကြယ်တာရာ နယ်မြေသား တစ်ယောက် ဖြစ်သည်။ ချင်းဖုန်းမှာ ဝေ့ဝူယင် အကြောင်း အကုန်အစင် သိနေသလို တစ်ချိန်တည်း၌ မသိနေပြန်ဟု ခံစားနေရသည်။

စက္ကန့်ဝက်မျှ အတွင်းမှာပင် သူမ၏ အမူအရာက ပြောင်းလဲသွားကာ နှုတ်ခမ်းထက်၌ ဖော်ရွေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ သူမ၏ လျှို့ဝှက် အော်ရာက လျှင်မြန်စွာပင် ကျဆင်းလာကာ ပျောက်ကွယ် သွားသည်။

“သေမျိုး အာဏာရှင်ဝေ့ကို နှုတ်ဆက်ပါတယ်”

ဝူယုက ထိုမြင်ကွင်းကို ကြည့်ကာ တိတ်တဆိတ် ပြုံးလိုက်မိသည်။ ထိုမိန်းကလေးမှာ အကြောက်အလန့် ကင်းမဲ့ကာ အနိုင်မခံ အရှုံးပေးစိတ်ဓာတ် ရှိသည့် အပြင် တစ်ချိန်တည်း၌ ဉာဏ်‌ကောင်းကာ လိုက်လျော့ညီထွေ ပြောင်းလဲတတ်သူ ဖြစ်သည်။

ဝေ့ဝူယင်က ပြန်လည် နှုတ်ဆက်လိုက်၏။ ထို့နောက် သူက ပြုံးလိုက်ရင်း ယဥ်ယဥ်ကျေးကျေးပင် တောင်းဆိုလိုက်သည်။

“အစစ်အမှန် ဧကရီ... ခင်ဗျားအတွက် အပန်းမကြီးရင် ရှင်းပြပေးနိုင်မလား”

ချင်းဖုန်းက ပင့်သက်တစ်ချက် ကြယ်တာရာအသိုက် ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဝေ့ဝူယင်ဘက်ကို ပြန်လှည့်လိုက်၏။ ထိုအခွင့်အ‌ရေးကို အသုံးချကာ ဝေ့ဝူယင်ထံမှ မျက်နှာသာပေးမှု ရရှိအောင် သူမ ကြိုးစားရပေမည်။

“သေမျိုး အာဏာရှင်ဝေ့... ဒါက...”

ချင်းဖုန်းက အစပျိုးလိုက်ရင်း ကြယ်တာရာအသိုက်နှင့် ပတ်သက်သမျှ အကြောင်းအရာများကို အကုန်အစင် ရှင်းပြလိုက်တော့၏။ ဝေ့ဝူယင်၊ ဝူယုနှင့် ဝမ်မင်ယာတို့မှာ တိတ်ဆိတ်စွာ နားထောင်ရင်း အချိန်တိုင်း၌ စိတ်ဝင်စားမှုများ ပိုမို မြင့်တက် လာခဲ့လေသည်။

ချင်းဖုန်း၏ အဆိုအရ ဆိုလျှင် သူမမှာ လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူ တစ်ယောက်နှင့် ဆက်သွယ် ခဲ့မိသည်။ ထိုပုဂ္ဂိုလ်မှာ ကြယ်တာရာ အသိုက်၏ ဟင်းလင်းပြင် ကွဲလွဲမှုများ အကြောင်း သူမကို အသိ‌ပေးခဲ့သူလည်း ဖြစ်သည်။

ကြယ်တာရာ အသိုက်များကို လျှို့ဝှက်နယ်မြေနှင့် လောကနယ်မြေ နှစ်ခုစလုံး အဖြစ် ရည်ညွှန်းနိုင်သော်လည်း အတွင်းပိုင်းရှိ ဟင်းလင်းပြင်မှာ နူးညံ့လွန်းရာ လျှို့ဝှက် အာဏာရှင်နှင့် အထက်ဆင့်များ ဝင်ရောက်နိုင်ရန် ခက်ခဲလှသည်။

ထိုအရာက အဓိက ပြဿနာလည်း ဖြစ်သည်။ လောကတွင် ကောင်းကင် ကြယ်တာရာ ရင်းမြစ်များကို ဖိနှိပ်နိုင်သည့် နည်းလမ်းများစွာ ရှိသည် ဆိုသော်လည်း ထိုနည်းလမ်းများက သေမျိုးများ လုပ်ဆောင်နိုင်သည့် အကန့်အသတ် အတွင်း မရှိပါချေ။ ဝင်သည်နှင့် သေဖို့ အခွင့်အလမ်းများပေသည်။

သို့ဖြစ်လေရာ ဤသည်က သူတို့ အတွက် ဆုပ်လည်းစူး စားလည်းရူး အခြေအနေမျိုး ဖြစ်သည်။ ထိုအချိန်တွင် ထူးဆန်းသော ကျင့်ကြံသူက သူ့ထံတွင် ကြယ်တာရာမိုးများနှင့် ကောင်းကင် ကြယ်တာရာ ရင်းမြစ်များကို ရယူနိုင်သည့် နည်းလမ်း ရှိကြောင်း ပြောဆိုခဲ့သည်။ သူက ကြယ်တာရာ အသိုက်နှင့် ဆက်သွယ်သည့် နောက်ဖေးဝင်ပေါက် တစ်ခုကိုပင် ဖန်တီးပြခဲ့သည်။

ထို့နောက် အားလုံး သိထားပြီးကြသည့် အတိုင်းပင် ချင်းဖုန်းနှင့် ထိုကျင့်ကြံသူတို့မှာ ဝေစုခွဲရန် သဘောတူညီမှု တစ်ခု ရရှိကာ လျှို့ဝှက်ကျိန်စာ ကျိန်ဆို ခဲ့ကြသည်။

“ကြယ်တာရာအသိုက်...”

ဝေ့ဝူယင်က မေးစေ့ကို ပွတ်သပ်ရင်း စိတ်ဝင်စားဟန်နှင့် ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

***

All Chapters