ကြယ်တာရာအသိုက်... ဝင်ရောက်ခြင်း
Vol. 61 Ch. 849
ဝူယုက ကြယ်တာရာအသိုက်၏ နောက်ဖေး တံခါးပေါက် ဆိုသည့် အရာကို လှမ်းကြည့်လိုက်သည်။ မတည်ငြိမ်သည့် အာကာသလှိုင်းများမှာ ၎င်းမှထံမှ နေ၍ သတ်မှတ် ဧရိယာ တစ်ခု အတွင်း ပျံ့နှံ့နေ၏။ သူက ဝေ့ဝူယင်ဘက်ကို လှည့်လိုက်ကာ ဝိညာဥ်အာရုံဖြင့် တစ်စုံတစ်ရာ ပြောလိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
ချင်းဖုန်းမှာ သူတို့ နှစ်ယောက်၏ အပြန်အလှန် ဆက်သွယ်မှုကို ကြည့်ကာ ဝူယု လုပ်ချင်နေသည့် အရာကို ခန့်မှန်းလိုက်နိုင်၏။ သူမက ခပ်မြန်မြန်ပင် သတိပေးလိုက်လေသည်။
“ကောင်းကင် ကြယ်တာရာ ရင်းမြစ်နဲ့ ကြယ်တာရာမိုးတွေကို ယူပေးနိုင်တယ်လို့ ပြောတဲ့ တစ်ယောက်က အခု အထဲမှာ ရှိနေတယ်... ကျွန်မရဲ့ လူတစ်ထောင်လည်း ပါတယ်”
ဝူယုက သူမကို တစ်ချက်ကြည့်ကာ ယုံကြည်ချက် ရှိစွာ ပြုံးပြလိုက်သည်။ ထို့နောက် ဘာမှ မပြောပဲ အာကာသလှိုင်းများ ထွက်ပေါ်လာနေသည့် နေရာကို ပျံသန်းသွားကာ တစ်မီတာ အကွာ၌ ရပ်လိုက်၏။
ဝှစ်...
ဝူယုက လက်တစ်ဖက်ကို မြှောက်လိုက်ရာ မတူကွဲပြားသည့် လျှို့ဝှက် သင်္ကေတ သူ့လက်ဝါးထက်၌ စတင် စုစည်းလာ၏။ ထို့နောက် ဝူယုက လက်ဝါးကို အာကာသလှိုင်းများ ရှိရာဆီသို့ မျက်နှာမူလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အာကာသလှိုင်းများမှာ အေးခဲသွား၏။ ဝူယုက လက်ကို အပေါက်ထဲသို့ ထည့်လိုက်သည်။ သူက ပြန်မထုတ်ခင် အပေါ်အောက် လှုပ်ရှားလိုက်၏။ မကြာခင် အာကာသလှိုင်းများမှာ ပုံမှန်အတိုင်း ပြန်လည် စီးဆင်းလာ၏။
ချင်းဖုန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ရူးချင်တင်တင် ဖြစ်သွားသည်။ အာကာပြင်လွှာ အပေါက်ထဲကို ဝူယု လက်နှိုက်လိုက်စဥ်အခါက ကျိန်းသေပင် ပြိုကျတော့မည်ဟု သူမ ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဘာမှ ဖြစ်မလာခဲ့ချေ။ မကြာသေးခင်က သူမမှ, အလားတူ ကြိုးပမ်းခဲ့သေးသော်လည်း အနား ကပ်ရုံဖြင့်ပင် ၎င်းက ပြိုကျတော့မလို ဖြစ်လာခဲ့သည်။ ထိုအခိုက်၌... သူမ လုပ်နိုင်သမျှက မြန်မြန်နောက်ဆုတ်ရုံသာ ဖြစ်ခဲ့၏။
ဝှစ်...
ဝူယုမှာ ဝေ့ဝူယင် နံဘေးသို့ ပြန်ရောက်လာ၏။ ထို့နောက် သူက ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ သူ ရှာဖွေ တွေ့ရှိသည့် အရာများကို ရှင်းပြလိုက်သည်။
“ဆိုတော့ ခင်ဗျား ဝင်လို့ မရဘူးပေါ့...”
အဆုံးသတ်သို့ အရောက်၌ ဝေ့ဝူယင်က မှတ်ချက် ချလိုက်၏။ ဝူယု၏ စကားအရဆိုလျှင်... ချင်းဖုန်း ပြောသည့်အတိုင်း အမှန်တကယ်ပင် ထိုကြယ်တာရာအသိုက်မှာ လျှို့ဝှက် အဆင့် စွမ်းအင်များကို တားဆီး ထားသည်။ ဝူယုထံတွင် ပြိုင်စံရှား အတွင်းပိုင်း လောကတစ်ခု ရှိသည့်တိုင် ထိုအရာက အာကာပြင်ကျယ်ကို ပြိုကျမသွားအောင်နှင့် တည်ငြိမ်အောင်သာ ထိန်းသိမ်း ပေးနိုင်သည်။ ဝင်ပေါက်က လုံးဝ ဖရိုဖရဲ အခြေအနေ တစ်ခု၌ တည်ရှိနေကာ သာမန် ကျင့်ကြံသူများပင် ဝင်ရောက်ဖို့ ခက်ခဲလှသည်။ သို့သော်လည်း... မျက်နှာဖုံးတပ်မှာ ထိုပြဿနာကို တစ်နည်းနည်းဖြင့် ဖြေရှင်းခဲ့ကာ အတွင်းပိုင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
အကာသနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် သက်ရှိတစ်ကောင်၏ အသိုက်ထဲကို ဇွတ်မှိတ် ဝင်ရောက်ရဲသည် အထိ ဝေ့ဝူယင် မမိုက်မဲပါသေးချေ။ သို့သော်လည်း ချင်းဖုန်း၏ အဆိုအရ မျက်နှာဖုံးတပ်မှာ သေမျိုး တစ်ယောက် ဖြစ်သည်။ သူက ထိုအသိုက်ထဲကို ယုံကြည်ချက် ရှိရှိ ဝင်ရောက်ခဲ့လေရာ အကြောင်းပြချက် တစ်ခုတော့ ရှိရပေမည်။
“မင်းရော ဘယ်လိုထင်လဲ...”
ဝေ့ဝူယင်က ဝမ်မင်ယာဘက်ကို လှည့်ကာ မေးလိုက်သည်။ ဝမ်မင်ယာက တစ်ခဏမျှ စဥ်းစားကာ မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်၏။
“ကြယ်တာရာအသိုက်ရဲ့ ကံကြမ္မာက ချိပ်ပိတ်ခံထားရတယ်... ဘယ်လောက်ပဲ ကြိုးစားကြည့်ကြည့် မမြင်နိုင်ဘူး...”
အဘယ်ကြောင့်မှန်း မသိသည့်တိုင်... ကြယ်တာရာမိုးနှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ အရာအားလုံး အတွက် ကောင်းကင် ပုရောဟိတ်များနှင့် ဟောကိန်းများ အားလုံးမှာ အမြဲတမ်း တားဆီးခံထားရသည်။ မဟုတ်ပါက... ကြယ်တာရာအသိုက်များမှာ ထိုမျှ လျှို့ဝှက် ဆန်းကြယ်လိမ့်မည် မဟုတ်ချေ။ လောဘသားကောင်းများ၏ ရှာဖွေ စုဆောင်းမှု အောက်တွင် မျိုးတုန်း ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။
“ဒါပေမဲ့...”
ဝမ်မင်ယာက ဆက်ပြောလိုက်၏။
“ကျွန်မတို့ သိထားတဲ့ သက်သေတွေနဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကောက်ချက်ချလို့ရတာ နှစ်ခုတော့ ရှိတယ်”
ဝေ့ဝူယင်၏ အမူအရာက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားသည်။ သူ ကိုယ်တိုင်သည်လည်း ဝမ်မင်ယာ ကဲ့သို့ပင် စိတ်ထဲ၌ ကောက်ချက် နှစ်ခုကို ချခဲ့ပြီး ဖြစ်၏။
“ပထမ ဖြစ်နိုင်ချေက ကြယ်တာရာ အသိုက်ဟာ ကျွန်မတို့ ထင်ထားသလောက် အန္တရာယ် မများလောက်ဘူး... ကျောင်းတော်သားတွေ ပြုစုထားတဲ့ မှတ်တမ်းနဲ့ သီအိုရီတွေ အရဆိုရင် ကြယ်တာရာမိုးတွေက သူတို့ရဲ့ စွမ်းအားကို နေစွမ်းအင်ကနေ ရရှိတယ်... အဲဒီ စွမ်းအင်တွေကို ကောင်းကင် ကြယ်တာရာ ရင်းမြစ်ဆီ အစာတွေလိုမျိုး ပေးပို့တယ်... ဒီတော့ ဘယ်ကြယ်တာရာမိုးတစ်ကောင်မှ သေမျိုး အကန့်အသတ်ကို ကျော်လွန်တဲ့ စွမ်းအားတွေကို ထိန်းမထားနိုင်ဘူး”
ချင်းဖုန်းနှင့် ဝူယုတို့က ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည်လည်းပဲ ထိုကဲ့သို့ တွေးမိကြပေသည်။ မျက်နှာဖုံးတပ် ပုံရိပ်က သေမျိုးတစ်ယောက် ဆိုလျှင် ကြယ်တာရာမိုးများကြောင့် ဖြစ်နိုင်ချေ ရှိသည့် အန္တရာယ်ကို လျှော့ချရပေလိမ့်မည်။ ထိုအရာက ဖြေနိုင်ချေ ရှိသည်ဟု ဝေ့ဝူယင်လည်း သဘောတူလိုက်မိ၏။
ဝမ်မင်ယာက ဆက်လက်၍ ပြောလိုက်သည်။
“ဒုတိယဖြစ်နိုင်ချေ တစ်ခုက အစစ်အမှန် ဧကရီပြောတဲ့ မျက်နှာဖုံးတပ်လူဆီက ကြယ်တာရာမိုးတွေနဲ့ ကောင်းကင် ကြယ်တာရာ ရင်းမြစ်ရဲ့ စွမ်းအင်ကို လျှော့ချနိုင်တဲ့ နည်းလမ်း တစ်ခု ရှိနေနိုင်တာပဲ...”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူ အနည်းငယ်တော့ စိတ်ပျက် သွားခဲ့သည်။ ဝမ်မင်ယာ မမှားသည့်တိုင် ထိုယူဆချက် နှစ်ခုစလုံးမှာ “အခြေအနေကို အားနည်းစေခြင်း” ဆိုသည့် အချက်ပေါ် မူတည်၍ ကောက်ချက်ချထားခြင်း ဖြစ်သည်။
သို့သော်လည်း ဝမ်မင်ယာ၏ စကားက ထိုနေရာတွင် မဆုံးသေးချေ။
“နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု ရှိသေးတယ်... အဲဒီ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်က လျှို့ဝှက် စွမ်းအင်တွေကို ဖုံးကွယ်ထားတဲ့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်နေနိုင်တာပဲ... တကယ်လို့ သူသာ လျှို့ဝှက် အာဏာရှင် တစ်ယောက် ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှိနေနိုင်တယ်”
ဝေ့ဝူယင်က ပြုံးကာ အာကာသလှိုင်းများကို လှမ်းကြည့်လိုက်၏။ ထိုအာကာသလှိုင်းများမှာ ကျင့်ကြံသူများ၏ အာရုံများကို ဆွဲဆောင်နိုင်လေရာ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ ဒေသခံ ခေါင်းဆောင် တစ်ယောက်၏ ပံ့ပိုးမှုကို ရယူလိုခြင်း ဖြစ်နိုင်သည်။ သို့မှသာ လောဘအပြည့်ဖြင့် ချဥ်းကပ်လာသည့် သားကောင်များ၏ နှောက်ယှက်မှုကို ဟန့်တားနိုင်လိမ့်မည် ဖြစ်သည်။
ထိုကောက်ချက်သာ အမှန်တကယ် ဆိုပါက... မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ ပြည်ထောင်စု ရင်းမြစ် အယ်ဗန် ဧကရီကို အရာရာ ထိန်းချုပ်မှု အတွင်း ရှိနေသည်ဟု ထင်မှတ်စေကာ တကယ်တမ်းတွင် သူ ကိုယ်တိုင်က အိပ်ထောင် အတွင်း ကောက်ထည့်သွားခြင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း... ဝမ်မင်ယာ၏ ယူဆချက်ကို နားထောင်ပြီးနောက် ချင်းဖုန်းက ယုံကြည်ချက် ရှိစွာဖြင့် ပြုံးလိုက်သည်။
“ငါ အဲဒီလောက် မရူးသေးပါဘူး... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က လျှို့ဝှက် အာဏာရှင် အဆင့်အောက် ဆိုတာ သေချာအောင် အရင်ဆုံး လျှို့ဝှက်ကျိန်စာ ဆိုခိုင်းသေးတယ်... နောက်ပြီး ဒီက ဒီတံခါးကနေပဲ ပြန်ထွက်ဖို့ရောပေါ့...”
ဝူယုမှာ ချင်းဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။ သေမျိုးတစ်ယောက်နှင့် ဆက်ဆံရာတွင်ပင် ထိုမိန်းကလေး၏ သတိထားမှုက အထင်ကြီးစရာ ကောင်းပေသည်။ သူ စိတ်ထဲမှ သူမကို အနည်းငယ် လေးစား သွားမိသည်။
“ကောင်းတယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်ကာ ချီးကျူးလိုက်၏။
“ကောင်းတယ်လား...”
ချင်းဖုန်းမှာ အနည်းငယ် အောင့်သက်သက် ဖြစ်သွားမိ၏။ သူမ၏ စေ့စပ်သေချာသည့် လုပ်ဆောင်ချက်များက သေမျိုးတစ်ယောက်ထံမှ “ကောင်းတယ်” ဆိုသည့် ချီးကျူးမှု တစ်ခုနှင့်သာ ထိုက်တန်သည်လား။ မသိပါက အကြီးအကဲ တစ်ယောက်က တပည့်လေး တစ်ယောက်ကို သာမန်ကာလျှံကာ အသိအမှတ် ပြုနေသလို ခံစားချက်မျိုးပင်။
ဝေ့ဝူယင်က ချင်းဖုန်း မည်ကဲ့သို့ တွေးနေသည်ကို ဂရုမစိုက်ပါချေ။ သူက သူမကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်၏။
“ခင်ဗျား ဒါတွေ အားလုံးကို ပြောပြနေတဲ့ ရည်ရွယ်ချက်က ကျုပ် ဒီကိစ္စမှာ ဝင်မစွက်ဖက်ဖို့ မလား... နောက်ပြီး ကျုပ်ကို အကျိုးအမြတ် တစ်ချို့နဲ့ ဖြေသိမ့်ဖို့ပေါ့လေ... ကျုပ် ခင်ဗျားကို တောင်းပန်ရလိမ့်မယ် ထင်တယ်... ကျုပ်က အကျိုးအမြတ်ကို တစ်ခြားလူတွေနဲ့ ခွဲယူဖို့ စိတ်မဝင်စားဘူး”
ထိုအရာက သူ၏ အစစ်အမှန်ဆုံး ခံစားချက်များကို ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်သည်။ အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက်၊ အမွေခံအပြစ်သား တစ်ယောက် အနေဖြင့် ထိုအရာက သူ့လမ်းစဥ် ဖြစ်ပေသည်။
“...”
ချင်းဖုန်းမှာ ဆွံ့အ သွားခဲ့၏။ အမှန်တကယ်ပင် ဝေ့ဝူယင် ဝင်ရောက် မစွက်ဖက်ရန် မျှော်လင့်ချက်ဖြင့် သူမ အရာအားလုံးကို အမှန်တိုင်း ပြောပြခဲ့ခြင်း ဖြစ်သည်။ မျက်နှာဖုံးတပ် ပုဂ္ဂိုလ် အောင်မြင်ပါက အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို သူ့အား အရသာခံစေရန် သူမ ဆန္ဒရှိနေသည်။ သို့သော်လည်း... ထိုခေါင်းစဥ်ကို မဆွေးနွေးရသေးခင်မှာပင် ဝေ့ဝူယင်က အားလုံးကို ကြားဖြတ်ကာ ပိတ်ပစ်လိုက်ပြီ ဖြစ်သည်။
ဝူယုကို လှည့်ကြည့်လိုက်ရင်း ချင်းဖုန်း၏ အမူအရာက အလွန်အမင်း နက်မှောင်လာ၏။ ထိုပုဂ္ဂိုလ်က သူမ ကြောက်ရသည့် အရာလည်း ဖြစ်သည်။
လမ်းညွှန်ချက် တစ်ခု ပေးလိုက်သည့် အရား ဝူယု၏ လျှို့ဝှက် အော်ရာက ပေါက်ကွဲ ထွက်ပေါ်လာကာ ချင်းဖုန်းကို ဖိနှိပ်လိုက်၏။ သူမ ပြန်လည် ခုခံရန် ကြိုးပမ်းလိုက်သော်လည်း ယခုတစ်ကြိမ် ဝူယု၏ အော်ရာက ပထမ တစ်ကြိမ်ကထက် အဆများစွာ ကြောက်ဖို့ ကောင်းလွန်းလှသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ နည်းနည်းလေးမှ ညှာတာတော့မည့်ပုံ မပေါ်ချေ။ တစ်ခဏ အတွင်းမှာပင် ချင်းဖုန်း၏ မျက်နှာက ဖြူရော်၍ လာကာ ဝေ့ဝူယင်ဘက်ကို လှည့်လိုက်သည်။
“တကယ်လို့ ရှင်လိုချင်တယ် ဆိုရင် ကျွန်မ ရောင်းရသမျှ အကျိုးအမြတ်ရဲ့ ဆယ့်ငါး... မဟုတ်သေးဘူး... နှစ်ဆယ် ရာခိုင်နှုန်းကို ပေးပါ့မယ်... နောက်ပြီး ကြယ်တာရာမိုး ပမာဏ တစ်ခုကိုလည်း နှစ်ငါးရာတိုင်တိုင် ပေးပါ့မယ်... ကျွန်မတို့ မဟာမိတ်တွေ ဖြစ်နိုင်တာပဲ... ဘာလို့ တိုက်ခိုက်ရမှာလဲ”
ဝေ့ဝူယင်က ခေါင်းခါလိုက်၏။
“အစစ်အမှန် ဧကရီ အထင်လွဲနေပြီ... ကျွန်တော်က ခင်ဗျားကို တိုက်ခိုက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး... နောက်ပြီး ခင်ဗျားဆီက အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို ဓားပြတိုက်ဖို့ လုပ်နေတာလည်း မဟုတ်ဘူး... ကျုပ်က ကျုပ်ရဲ့ အကျိုးအမြတ်ကို ကိုယ်တိုင်ယူမှာ”
ထို့နောက် သူက ဝူယုဘက်ကို လှည့်လိုက်သည်။
“တံခါးပေါက်ကို တည်ငြိမ်အောင် လုပ်ပေးပါ... ကျုပ် ဝင်တော့မယ်”
ထို့နောက် သူက အဝတ်လဲလိုက်၏။ ကြယ်တာရာအသိုက် အတွင်း၌ လျှို့ဝှက် အဆင့် ပစ္စည်းများ တားဆီးခံထားရလေရာ သူ ပုံမှန် ဝတ်စုံကိုသာ ဝတ်ဆင်ရမည် ဖြစ်သည်။ ဝေ့ဝူယင်၏ လှုပ်ရှားမှုက အလွန်ပင် မြန်ဆန်လှကာ တစ်စက္ကန့်မျှ အတွင်းမှာပင် အနက်ရောင် သိုင်းဝတ်စုံကို ဆင်မြန်းခဲ့ပြီး ဖြစ်၏။
ဝူယုနှင့် ဝေ့ဝူယင်တို့မှာ ချင်းဖုန်း၏ တုန့်ပြန်မှုများ အပေါ် အာရုံမစိုက်ကြတော့ချေ။ ဝူယုက ဝေ့ဝူယင်ကို ခေါ်ဆောင်ကာ အာကာသလှိုင်းများ အနားသို့ ရောက်ရှိသွား၏။
ဝှစ်...
ဝူယုက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အာကာသလှိုင်းများမှာ နောက်တစ်ကြိမ် ပြန်လည် ငြိမ်သက် သွားသည်။ ထို့နောက် သူက လေးနက်သည့် မျက်နှာဖြင့် ဝေ့ဝူယင်ကို ကြည့်ကာ မေးလိုက်၏။
“သခင်လေး သေချာလား... အဲဒီ မျက်နှာဖုံးတပ်က တကယ် လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်နေရင် ဘယ်လို လုပ်မလဲ”
မည်သည့် ကျိန်စာဆိုစေကာမူ... ကယ်ပေါက်တစ်ပေါက်တော့ ရှိစမြဲ ဖြစ်သည်။ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ တစ်နည်းနည်းဖြင့် ချင်းဖုန်းကို လှည့်စားကောင်း လှည့်စားနိုင်ပေသည်။
ဝေ့ဝူယင်က ယုံကြည်ချက် ရှိစွာ ပြုံးလိုက်၏။
“ကန့်သတ်ခံထားရတဲ့ လျှို့ဝှက် အာဏာရှင် အဆင့်တွေကို ရင်ဆိုင်တဲ့ အတွေ့အကြုံ ကျုပ်မှာ ရှိပါတယ်”
ထိုကဲ့သို့ ပြောပြီနောက် သူက အကာသလှိုင်းများ အတွင်း ပျံသန်း ဝင်ရောက်သွားကာ ပျောက်ကွယ် သွားတော့သည်။
***