← Chapters

ကြယ်တာရာ အသိုက်... အတွင်းပိုင်း

Vol. 61 Ch. 850

ကြယ်တာရာ အသိုက်... အတွင်းပိုင်း

Vol. 61 Ch. 850

“...”

ချင်းဖုန်းမှာ ဝေ့ဝူယင်နှင့် ဝူယုတို့၏ အပြုအမူကို ကြည့်ကာ ဆွံ့အ သွားခဲ့၏။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ လျှို့ဝှက် ဆန်းကြယ်သူ တစ်ယောက် ဟူ၍ သတင်းများ ထွက်ပေါ်နေသည့်တိုင် ထိုမျှ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။ ကြယ်တာရာ အသိုက် တစ်ခု အကြောင်းကို ကြားကြားပြီးချင်း ဝင်ရောက်ခြင်း... ထိုအရာက အနည်းငယ် ဆင်ခြင်တုံတရား မရှိဟု သူမ ခံစားရသည်။

မည်ကဲ့သို့ ပြောရမှန်း မသိလေရာ ချင်းဖုန်းမှာ ဝူယုကိုသာ ကြည့်လိုက်မိ၏။ ဝူယုမှာ မိန်းကလေး၏ အကြည့်ကို ခံစားမိရာ ပြုံးလိုက်မိသည်။ သူကတော့ သိပ်မစိုးရိမ်ပါချေ။ ဝေ့ဝူယင်မှာ သာမန် စံနှုန်းများနှင့် တိုင်းတာ၍ ရသူ မဟုတ်ချေ။

ဟင်းလင်းပြင် ပေါ်တယ်များ၊ လျှို့ဝှက် အဆင့် ဆေးများ၊ လက်နက်များ၊ သွေးမူလကဲ့သို့ ကျင့်ကြံခြင်း နည်းလမ်းများ၊ ထို့အပြင် ကြောက်မက်ဖွယ် ကောင်းသည့် ကျင့်ကြံခြင်း အခြေခံ...

ကျင့်ကြံခြင်း လောကတွင် သေမျိုးတစ်ယောက်တည်းက ထိုကဲ့သို့ ရတနာများ၊ နည်းလမ်းများကို ပိုင်ဆိုင်ထားသည် ဆိုလျှင် မည်သူက ယုံကြည်မည်နည်း။ ထိုထက် ပို၍ အရေးကြီးသည့် အရာက ဝေ့ဝူယင်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် စဥ်းစားနိုင်စွမ်း ဖြစ်သည်။

ထာဝရ ကြယ်တာရာ နယ်မြေမှာတုန်းက ဆိုလျှင် ထိုလူငယ်လေးမှာ ဘာမှ မရှိသည့် ဘဝမှ နေ၍ ခေါင်းဆောင် ဖြစ်သည် အထိ တက်လှမ်းနိုင်ခဲ့သည်။ လူမှု အဖွဲ့အစည်းကြီး တစ်ခုလုံးကပင် သူ့ကို ခေတ်သစ် တစ်ခု၏ ခေါင်းဆောင် အဖြစ် လက်ခံရန် ဆန္ဒ ရှိခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်က ဝေ့ဝူယင်၏ လုံခြုံရေး အပေါ် စိုးရိမ်သလားဟု မေးလာလျှင် ဝူယုမှာ မတုန့်မဆိုင်းပင် “မစိုးရိမ်”ဟု ပြန်ဖြေမိလိမ့်မည် ဖြစ်သည်။

ပိုင်လင်နှင့် ဝမ်မင်ယာမှာတို့ကတော့ တိတ်ဆိတ်နေ၏။ သူတို့က မတူကွဲပြားသော အတွေး၊ ခံစားချက်များနှင့် အာကာသလှိုင်းများကို ငေးကြည့်နေခဲ့သည်။ ပိုင်လင်ကတော့ မချင့်မရဲဖြစ်နေခြင်းပင်။ ထိုကြယ်တာရာ အသိုက်မှာ သူ့ကို လက်မခံနိုင်တာ ကံဆိုးလှသည်။ မဟုတ်လျှင် ဝေ့ဝူယင်နှင့် အတူ ပူးပေါင်းကာ သူမ ဝင်ရောက် နိုင်လိမ့်မည် ဖြစ်သည်။

အခြားတစ်ဖက်၌ ဝမ်မင်ယာကတော့ ဝေ့ဝူယင် အတွက် စိုးရိမ် နေခဲ့ခြင်းပင်။ ကြယ်တာရာ အသိုက်များမှာ ကံကြမ္မာကို ချိပ်ပိတ်ကာ ကောင်းကင် ပုရောဟိတ်နှင့် ဟောကိန်းများကို တားဆီးထားရာ သူမ ဘာကိုမှ ဖြတ်သန်း မြင်နိုင်စွမ်း မရှိပါချေ။ အဘယ်ကြောင့်မှန်း မသိသည့်တိုင် သူမ နှလုံးသားက ပုံမှန်ထက် ပိုမို မြန်ဆန်စွာ ခုန်နေခဲ့၏။

ဝူယု၊ ပိုင်လင်နှင့် ဝမ်မင်ယာတို့၏ အမျိုးမျိုးသော တုန့်ပြန်ပုံများကို ကြည့်ကာ ချင်းဖုန်းမှာ အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့၏။ အကယ်၍ သူမသာ ဝူယု နေရာတွင် ဆိုပါက ပါရမီရှင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါးကို ဘာမှန်း မသိရသည့် နေရာဆီ အကာအကွယ် မပါပဲ စေလွှတ်လိမ့်မည် မဟုတ်ချေ။

ဝူယုက လက်ဟန် ချိပ်စည်း အချို့ကို ထပ်မံ ဖန်တီးလိုက်ကာ အကာသလှိုင်းများကို အစဥ်အမြဲ တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။ ထို့နောက် သူက ချင်းဖုန်းဘက်ကို လှည့်ကြည့်ကာ ပြုံးပြလိုက်ရင်း...

“စောင့်ရင်း စကားပြောရရင် ဘယ်လို သဘောရလဲ...”

...

ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ပို့ဆောင်မှု မျိုးစုံဖြင့် ခရီးသွားဖူးပေသည်။ ဟင်းလင်းပြင် ဂိတ်တံခါး၊ ဟင်းလင်းပြင် ပေါ်တယ်မှ အစ... လောကနယ်မြေနှင့် အပျက်အစီး နယ်မြေများကို ဝင်ရောက်ဖူးသည် အထိ စုံသည်။ သို့သော်လည်း ကြယ်တာရာ နယ်မြေအသိုက်ထဲကို ဝင်ရောက်စဥ် အခါ၌ လုံးဝ ကွဲပြားသည့် ခံစားချက် တစ်ခုကို ခံစားခဲ့ရသည်။ သူ၏ သွေးစီးဆင်းမှု တစ်ခုလုံးမှာ လုံးဝ ကမောက်ကမ ဖြစ်သွားသလိုပင်။

အစစ်အမှန် နဂါးသွေး မျိုးဆက်နှင့် ဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဥ်ကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် အာကာသ စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်၊ ဝိညာဥ် တည်ရှိမှုတို့ထဲတွင် နက်ရှိုင်းစွာ စိမ့်ဝင်နေပေသည်။ တစ်နည်းအားဖြင့် ဆိုရပါက သူ၏ ခန္ဓာကိုယ်က အချိန်၊ အာကာသတို့နှင့် တစ်သားတည်း ဖြစ်နေပေသည်။ သို့တိုင်အောင် ပုံမှန် မဟုတ်စွာပင် သူ သက်တောင့်သက်သာ မရှိမှုကို ခံစားနေရသည်။

ခရာတိုမှာ ယခုထိတိုင် အိပ်မောကျနေသည့် အခြေအနေ တစ်ရပ်တွင် ဆက်ရှိနေဆဲ ဖြစ်သည်။ ထိုကောင်လေး မရှိပဲ သူ့ခန္ဓာကိုယ်၏ ထူးထူးဆန်းဆန်း တုန့်ပြန်မှုကို သူ အဖြေရှာနိုင်လိမ့်မည် မဟုတ်ချေ။ ကံကောင်း ထောက်မတာ တစ်ခုက သူက ခရာတို၏ စွမ်းအားနှင့် ဟင်းလင်းပြင် နဂါး အင်အားကို ဆက်လက် အသုံးပြုနေနိုင်တာ ဖြစ်သည်။ ထိုစွမ်းအားကို တစ်ပတ် လှည့်ပတ်လိုက်သည်နှင့် သက်တောင့်သက်သာ မရှိမှုက ချက်ချင်းပင် ပျောက်ကွယ်သွား၏။

“ဒါက ဘယ်လို နေရာမျိုးလဲ...”

ကြယ်တာရာ အသိုက်အတွင်း ရောက်ရှိနေပြီ ဖြစ်သော်လည်း မျက်စိကန်းနေလေရာ ဝေ့ဝူယင် ဘာကိုမှ တွေ့မြင်နိုင်စွမ်း မရှိပါချေ။ သူ အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းလိုက်ရာ ကြယ်တာရာ အသိုက်အတွင်းရှိ လေထုမှာ အသက်ရှင်သန်ရန် လိုအပ်သည့် ဓာတ်ငွေများကို ထိန်းသိမ်းထားကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်လည်း... လေထုက အလွန် ပူ၏။ မသိပါက အလွန်အမင်း ပြင်းထန်သည့် အပူခန်း တစ်ခု အတွင်း ရောက်ရှိနေသလိုပင်။

ကံကောင်းထောက်မတာ တစ်ခုက သူ၏ ခန္ဓာကိုယ်မှာ ချော်ရည်ပူ စွမ်းအင်၊ မီးစွမ်းအင်များဖြင့် အကန့်အသတ်ထိ ရောက်အောင် သန့်စင်ခံထားရခြင်း ဖြစ်သည်။ မဟုတ်ပါက သူ့သွေးများမှာ ပွက်ပွက်ပင် ဆူနေမလားပင် မပြောတတ်ပါချေ။

“ဆိုတော့ကာ ဒါက ကြယ်တာရာ အသိုက်ပေါ့လေ... နေအမတေတွေ စီးဆင်းနေတယ် ဆိုတဲ့ ကောလဟလက တကယ် မမှားဘူး”

ဝေ့ဝူယင် မလောပဲ ပတ်ဝန်းကျင်ကို ဖြည်းညင်းစွာ စူးစမ်းရန် ဆုံးဖြတ်ထား၏။ နေအမတေများမှာ ယန်၊ မီးနှင့် အလင်းစွမ်းအင်များကို သယ်ဆောင်ထားသည။ ထိုစွမ်းအင်များမှာ နေတစ်စင်း၏ အခြေခံ အုတ်မြစ်များပင် ဖြစ်ကာ ၎င်းတို့ ပါဝင်မှု အချိုးကပင် နေအမတေ အမျိုးအစားကို သတ်မှတ်၏။

“ဒါပေမဲ့ လှုပ်ရှားတဲ့ အရိပ်အယောင်တွေတော့ မခံစားရဘူး...”

နေရာတွင်ပင် လွင့်မြောရင်း ဝေ့ဝူယင် တီးတိုး ရေရွတ်လိုက်သည်။ ချင်းဖုန်း၏ စကားအရဆိုလျှင် ကြယ်တာရာ သခင် တစ်ထောင်နှင့် မျက်နှာဖုံးတပ်တို့မှာ ဤနေရာတွင် ရှိနေသင့်သည်။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု မဟုတ်လျှင်ပင် ဝိညာဥ်အာရုံ လှုပ်ရှားမှုတော့ အနည်းဆုံး ရှိသင့်သည်။

ဝေ့ဝူယင် တွေးတောရင်း ကြမ်းပြင်ပေါ် ဖြည်းညင်းစွာပင် ခြေချလိုက်၏။ သူ၏ အောက်တည့်တည့်တွင် မာကြောသည့် မြေပြင် တစ်ခု ရှိနေပေသည်။ ခြေချောင်းများနှင့် ကြမ်းပြင်ကို ထိတွေ့ရင်း ၎င်းက အလွန်အမင်း အေးစက်ကာ ချောမွေ့နေသည်ကို သူ သတိထားမိလိုက်၏။ မသိပါက အအေးခံထားသည့် ဖန်သားပြင် တစ်ခုလိုပင် ဖြစ်၏။

“ဒါက ဘာတုန်း...”

ကြမ်းပြင်၏ အေးစက်မှုက အလွန်အမင်း ပူပြင်းသည့် ပတ်ဝန်းကျင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ ထိုမျက်နှာပြင်ထက်၌ မည်သည့် မြေကြီး စွမ်းအင်မှ မပါချေ။ ထို့ကြောင့်ပင် ၎င်းက မြေကြီးတော့ မဟုတ်ချေ။ အံ့အားသင့်စရာ ကောင်းတာ တစ်ခုက ထိုအေးစက်မှုထဲ၌ ရေခဲစွမ်းအင်လည်း မပါခြင်းပင် ဖြစ်သည်။ ထိုအေးစက်မှုက မည်သည့် ဒြပ်စင် သဘာဝနှင့်မှ ကိုက်ညီခြင်း မရှိချေ။

ဝေ့ဝူယင် ဝိညာဥ်အာရုံကို ပတ်ဝန်းကျင်နှင့် ချိန်ညှိကာ ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။ ၎င်းမှ တစ်ဆင့် ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အချက်အလက် အချို့ကို သူ လက်ခံ ရရှိလာခဲ့သည်။ မြင်တွေ့လိုက်ရသည့် မြင်ကွင်းက သူ့ကို အံ့အားသင့် သွားစေခဲ့၏။

သတ္တုနှင့် အဝတ်အပိုင်းအစများမှာ သူ့ပတ်လည် နေရာတိုင်းတွင် တိတ်တဆိတ် မျောလွင့် နေကြပေသည်။ အချို့က သူ့မျက်နှာနှင့် လက်မ အနည်းငယ်မှ ဖြတ်သန်းသွားကြကာ အချို့က မိုင်အနည်းငယ်ခန့် အကွာအဝေးမှ ဖြစ်ပေသည်။

၎င်းတို့မှာ သံချပ်ကာများနှင့် ရိုးရိုး ဝတ်စုံများ၏ အပိုင်းအစများ ဖြစ်နိုင်ပေသည်။ ၎င်းတို့ အားလုံးမှာ ကြယ်တာရာ အဆင့် အထွတ်အထိပ် အရည်အသွေးကို ပိုင်ဆိုင်ထားကြ၏။ သို့သော်လည်း... စွမ်းအင် ထုတ်လွှတ်မှုများကတော့ ကင်းမဲ့နေ၏။ ၎င်းတို့ထံမှ အာနိသင်မှန်သမျှကို ကုန်စင်အောင် ညှစ်ယူ ထားသလိုပင်။

ဝေ့ဝူယင် မဆင်မခြင် မလှုပ်ရှားရဲပါချေ။ သူ လှုပ်ရှားသည့် ဧရိယာကို တင်းကြပ်စွာ တားမြစ်ထား၏။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသည့်တိုင် မတွေးမတောပဲ လှုပ်ရှားရဲသည် အထိတော့ ဝေ့ဝူယင် မရူးမိုက် သေးပါချေ။

ထိတ်လန့်စရာ အကောင်းဆုံး အရာကား... ထိုသတ္တုနှင့် အဝတ်အပိုင်းအစများမှာ ဤနေရာတွင် နှစ်ပေါင်း သောင်းချီ တည်ရှိခဲ့အလား ဆွေးမြေ့ နေကြခြင်း ဖြစ်သည်။ သို့သော်လည်း အမှန်တကယ်အားဖြင့် ၎င်းတို့မှာ နှစ်ပေါင်းသောင်းချီ သက်တမ်း မရှိကြပါချေ။ ဝိညာဥ်အာရုံနှင့် အတူ ၎င်းတို့၏ သက်တမ်းကို သူ အနီးစပ်ဆုံး ခန့်မှန်းနိုင်ပေသည်။ ထိုအဝတ်နှင့် သံချပ်ကာ အပိုင်းအစများမှာ နှစ်ရာဂဏန်း အနည်းငယ်သာ ရှိပေသေးသည်။ အချို့ဆိုလျှင် မကြာသေးခင်ကမှ သန့်စင်ထားခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင်... ၎င်းတို့မှာ အဘယ်ကြောင့် နှစ်ပေါင်းသောင်းချီ သက်တမ်း ကြာမြင့်သလို ဆွေးမြေ့ နေရသနည်း။ ၎င်းတို့မှာ အစစ်အမှန် ဧကရီ စေလွှတ်ခဲ့သည့် ကြယ်တာရာ သခင် တစ်ထောင်၏ သံချပ်ကာများ ဖြစ်နိုင်ပါမည်လော။ သူ မသိချေ။ ထို့အပြင်... တံခါးပေါက်မှာ အခြားလူများနှင့် တူညီသည့် နေရာတစ်ခုတည်းကို ပို့လိုက်ခြင်း ဟုလည်း မည်သူမှ အာမ မခံနိုင်ချေ။

ဖြစ်နိုင်ချေကို တွေးတောရင်း ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ စောစောပိုင်း သူ ခံစားခဲ့ရသည့် ခံစားချက်မှာ အာကာသ အကြောင်း သူ့ဗဟုသုတနှင့် ချိတ်ဆက်နေနိုင်ပေသည်။

“အပြင်တံခါးက အသေဆိုပေမဲ့ အတွင်းပိုင်းက ယန္တရားလို လှည့်ပတ်နေတာ ဖစ်နိုင်တယ်... ဒါပေမဲ့ ဒီသတ္တုအပိုင်းအစတွေက ဘာလို့ ပေါ်လာတာလဲ... ဘာလို့ ဆွေးမြေ့နေတာလဲ...”

အကြောင်းရင်းကို ဆုံးဖြတ်နိုင်စွမ်း မရှိလေရာ ပတ်ဝန်းကျင်နှင့် ဝိညာဥ်အာရုံ သဟာဇာတ ဖြစ်သည် အထိ စောင့်ဆိုင်းရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ ထိုနေရာတစ်ခုလုံးမှာ နေစွမ်းအင်များဖြင့် အလွန်ပင် လင်းကျင်းနေလေရာ ဝိညာဥ်အာရုံ ပင်လျှင် အသားကျဖို့ ခက်ခဲလှသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝေ့ဝူယင်မှာ ဝိညာဥ်အာရုံကို မိုင်သောင်းဂဏန်းလောက် အထိ ဆန့်ထုတ် လာနိုင်ခဲ့၏။ သူ ပထမဆုံး ရှာဖွေ တွေ့ရှိလိုက်သည့် အရာက နေရာအနှံ့ ပြန့်ကျဲနေသည့် သံချပ်ကာနှင့် အဝတ်အပိုင်းအစများ ဖြစ်သည်။ အချို့နေရာများတွင် ကျဲပါကာ အချို့နေရာများတွင် နေရာလပ် မရှိသည် အထိ ပြည့်နှက်နေသည့်တိုင် ၎င်းတို့အားလုံးတွင် တူညီသည့် အချက် တစ်ခုတော့ ရှိပေသည်။ ထိုအရာကား... အားလုံး ဆွေးမြေ့ နေကြခြင်းပင်။

ဝေ့ဝူယင် ဟင်းလင်းပြင် နဂါး စွမ်းအင်များကို လှည့်ပတ်ရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

ဖျပ်...

***

All Chapters