← Chapters

ကြယ်တာရာအသိုက်... ကြယ်တာရာမိုးများ

Vol. 61 Ch. 851

ကြယ်တာရာအသိုက်... ကြယ်တာရာမိုးများ

Vol. 61 Ch. 851

“ဖျပ်...”

ဖန်သားကဲ့သို့ ကြမ်းပြင်ပေါ် ခြေချလိုက်ရာ အသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ‌အောက်ကို ငုံ့ကြည့်ကာ စူးစမ်းဖို့ ကြိုးစားလိုက်ရင်း ဝေ့ဝူယင်၏ နှလုံးသားက တုန်ယင် သွားသည်။ ကံမကောင်းစွာပင် သူ၏ ဝိညာဥ်အာရုံမှာ ဆည်တစ်ခုနှင့် ဆုံတွေ့သည့် ရေစီးဆင်းမှုမျိုး ထိုနေရာတွင်ပင် ရပ်တန့်သွား၏။ ကြမ်းပြင်၏ အတွင်းပိုင်းကို ဖောက်ထွင်း မြင်နိုင်စွမ်း မရှိပါချေ။

“တကယ်ဆို ဒီနေရာ မလာခင် ငါတို့ မျက်လုံးတွေကို အရင် ပြင်သင့်တာ”

အိုရီက စိတ်ပူစွာဖြင့် ပြောလိုက်၏။ ၎င်းမှာ ကျင့်ကြံခြင်း ဝိညာဥ် တစ်ခု ဖြစ်လေရာ ဝေ့ဝူယင် ကြုံတွေ့ရသမျှကို ကြံတွေ့နိုင်သည်။ ဝေ့ဝူယင် မြင်သမျှကို မြင်နိုင်သည်။ ဝိညာဥ်အာရုံဖြင့် လောကကြီးကို စစ်ဆေးနိုင်သည်။ အခြားတစ်ဖက်၌... ဝေ့ဝူယင် မချိုးဖျက်နိုင်သည့် အရာကိုတော့ သူတို့လည်း ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။

“‌အေးပါကွာ...”

ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်၏။ သို့သော်လည်း ဆုံးဖြတ်ချက် အပေါ် နောင်တရသည့် အလေ့အထ သူ့ထံတွင် မရှိပါချေ။ လိုက်လျောညီထွေ ပြောင်းလဲကာ နေထိုင်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ သို့သော်လည်း... ကြယ်တာရာ အသိုက်၏ မူမမှန်မှုက အလွန်သတိထားရမည့် ခံစားချက်အချို့ကို သူ့နှလုံးသားထဲ တိုးဝင်လာစေသည်။ နေရာ အများစုကို စူးစမ်း ရှာဖွေခြင်း မပြုရသေးသည့်တိုင် ဘေးပတ်ပတ်လည်တွင် ကပ်ညိနေသည့် အန္တရာယ်များ ရှိနေသလို ခံစားရသည်။

“ဟူး...”

ဝေ့ဝူယင် လေပူတစ်ချက် မှုတ်ထုတ်ရင်း မသေချာ မရေရာသည့် ကြောက်လန့်မှုနှင့် ရှုပ်ပွေလိမ်နေသည့် အတွေးများကို ဖယ်ထုတ် ပစ်လိုက်သည်။

“သွားကြမယ်...”

ဝေ့ဝူယင် စတင်ကာ လမ်းလျှောက်လိုက်၏။ ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းတွင် ပဲ့တင်ခတ်သံများ ထွက်ပေါ်လာသည်။ ပျံသန်းသွားရန် စဥ်းစားလိုက်သေးသော်လည်း သူ ထိုအတွေးကို ပယ်ချလိုက်၏။ ကောင်းကင်က ပုံမှန် မဟုတ်ဟု သူ ပြင်းထန်စွာ ခံစားနေရသည်။

ဖျပ်... ဖျပ်... ဖျပ်...

ဝေ့ဝူယင် တစ်လှမ်းချင်းစီ ဆက်၍ လျှောက်နေခဲ့၏။ ကြမ်းပြင်၏ အေးမြသော ခံစားချက်က သူ့ခန္ဓာကိုယ် အတွင်း ဖြည်းညင်းစွာပင် စိမ့်ဝင်နေသည်။

“အအေးဓာတ်နဲ့ နေအမတေက တစ်ခုနဲ့ တစ်ခု ကွဲလွဲနေတယ်လို့ ငါ ဘာလို့ ခံစားရတာလဲ... နောက်ပြီး အလင်းနဲ့ အပူချိန်က ဘယ်က လာတာလဲ...”

ဝေ့ဝူယင် တဖြည်းဖြည်း လျှောက်လာရင်း တစ်မိုင်ခန့် အထိ ရောက်ရှိလာခဲ့၏။ သို့သော်လည်း... သံချပ်ကာနှင့် အဝတ်အပိုင်းအစများမှ အပ သူ ဘာကိုမှ မတွေ့ရပါချေ။ ထို့အပြင်... အလင်းနှင့် အပူတို့ စတင် စီးထွက်လာရာ အရပ်မျက်နှာကိုလည်း သူ မခန့်မှန်းနိုင်ချေ။ ပုံမှန်လောကနယ်မြေများလို ဤနေရာတွင် နေကြယ် မရှိပါချေ။

နေကြယ်မရှိပဲ... ဤလျှို့ဝှက်နယ်မြေတွင် အသက်ဓာတ်များကို ထိန်းသိမ်းပေးနိုင်သည့် လေထု ရှိနေသည်မှာ ထူးဆန်းလှသည်။ သို့‌သော်လည်း... အသက်ရှင်ရန် လိုအပ်ချက်များ ရှိသည်မှ တစ်ပါး မည်သည့် သက်ရှိ အော်ရာကိုမှ မခံစားရပါချေ။ ဘယ်လို တိုင်းပြည်မျိုးကို သူ ရောက်ရှိနေသနည်း။

၎င်းတွင် မူလဇစ်မြစ် မရှိသည့် အလင်းနှင့် အပူချိန်များ ရှိနေသည်။ မြေဆွဲအား မရှိသည့် အလား နေရာတိုင်းတွင် ကြယ်တာရာ အဆင့် ပစ္စည်းများမှာ မြောလွင့်နေသည်။ ပို၍ ဆိုးသည်ကား... ဤနေရာရှိ မြေဆွဲအားမှာ အလွန်အမင်း သိပ်သည်းလှသည်။ ၎င်းက သူ့ကို ဖန်သားကဲ့သို့ ကြမ်းပြင်ထံ လေးပင်စွာ ဆွဲချနေသည်။ ၎င်း၏ အောက်၌ မြေဆွဲအား ဗဟိုထုကို တစ်စုံတစ်ရာ ရှိနေသလိုပင်။

“ဒီနေရာမှာ ကောက်ကြောင်း မရှိသလို အရည်ပျော်နေတဲ့ အူတိုင်လည်း မရှိဘူး”

ထိုအချက်အရ ဆိုလျှင် ဤနေရာက လုံးဝန်းသည့် ဂြိုဟ်တစ်ခု မဖြစ်နိုင်သလို ကမ္ဘာပြား ကုန်းမြေတိုက်ကြီး တစ်ခုလည်း မဖြစ်နိုင်ချေ။ ထို့အပြင် ၎င်းကို လောကနယ်မြေနှင့် လျှို့ဝှက်နယ်မြေ ရောနှောမှု အဖြစ် ပြောရန်လည်း ခက်ပြန်သည်။

“ရှေ့နားမှာ တစ်ခုခု ရှိနေတယ်...”

အိုရီက သတိပေးလိုက်၏။ ဝေ့ဝူယင် ဝိညာဥ်အာရုံကို ရှေ့သို့ ဆန့်ထုတ်လိုက်ကာ မိုင်ပေါင်း သုံးရာကျော် အထိ ‌ရောက်ရှိသွားသည်။ ထို့နောက် သူ့အမူအရာက ပြောင်းလဲ သွား၏။

လှုပ်ရှားမှုများ...

ဝေ့ဝူယင် စွမ်းအင် အော်ရာ လှုပ်ရှားမှုများကို ခံစားမိပေသည်။ ၎င်းတို့က ရာချီ အထိ ရှိပေလိမ့်မည် ဖြစ်ကာ အားလုံးက သေမျိုး အကန့်အသတ် အတွင်းတွင်သာ ဖြစ်သည်။ သူတို့က ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီ စေလွှတ်လိုက်သည့် ကြယ်တာရာ သခင်များလော။

သို့သော်လည်း ထိုပုံရိပ်များ သူ့ထံ အရှိန်အဟုန်နှင့် ပြေးဝင်လာနေသည်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ ဝေ့ဝူယင်၏ စိတ်လှုပ်ရှားမှုများက လျှင်မြန်စွာ ပြောင်းလဲ သွားခဲ့တော့သည်။ ပိုမို နီးကပ်လာနေသည်နှင့် အမျှ အရေအတွက်မှာ ပိုမို၍ ထင်ရှားလာကာ ရာချီမှ နေ၍ ထောင်ချီသည် အထိ ရောက်ရှိလာသည်။ ထိုမှတစ်ဆင့် သောင်းချီ၊ သိန်းချီသည် အထိ ဆက်လက် ရောက်ရှိလာကာ နောက်ဆုံးတွင် ဆယ်သန်းအထိ ရောက်ရှိ သွားလေ၏။

အတူတကွ ပေါင်းစည်းရင်း ၎င်းတို့၏ အော်ရာများက ဆင်တူလှပေသည်။ ပုရွက်ဆိတ်များ ကဲ့သို့ပင် ၎င်းတို့မှာ လေထုကို အလုံးလိုက် အထွေးလိုက် သိမ်းပိုက်ကာ ချီတက် လာကြခြင်း ဖြစ်သည်။ ထိုအော်ရာများ၏ ထုထည်က မိုင်အနည်းငယ် အထိ ရှိလိမ့်မည် ဖြစ်ကာ အကျယ်အဝန်းကတော့ ဆယ်မိုင်ခန့် ရှိလိမ့်မည် ဖြစ်၏။

“ကြယ်တာရာမိုးတွေ...”

ရုတ်တရက် ထူးဆန်းသည့် ခြုံလွှာတစ်ခုဖြင့် ဖုံးကွယ်ထးသည့် မတူကွဲပြားသော အော်ရာတစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ထိူပုံရိပ်မှာ ကြယ်တာရာမိုးများ၏ အရှေ့မှ ပြေးလွှားနေခြင်း ဖြစ်ကာ နေကြယ် ကဲ့သို့ အလုံးလေး တစ်ခုကို ကိုင်ထား၏။ ၎င်းမှာ ဘောလုံးတစ်လုံး အရွယ်အစားခန့် ရှိပေလိမ့် ဖြစ်ကာ အလွန်တရာ လှပသည့် ‌ရောင်စဥ် ထောင်ချီကို တဖျပ်ဖျပ် ထုတ်လွှတ်နေ၏။

ဖျပ်... ဖျပ်... ဖျပ်...

လေးနက်သည့် ပဲ့တင်သံများမှာ ပုံရိပ်ထံမှ အဆက်မပြတ် ပျံ့လွင့်လာနေ၏။ ကြယ်တာရာမိုး သန်းဆယ်ချီ၏ အမဲလိုက်မှု အောက်တွင်ပင် ၎င်းမှာ မီးကုန်ယမ်းကုန် ပြေးလွှားနေ၏။ သူ၏ ဦးတည်ရာက‌တော့ ဝေ့ဝူယင် ရှိနေသည့် အရပ်ကိုပင်။

ဝေ့ဝူယင် စိတ်ထဲသို့ ပထမဆုံး ဝင်လာသည့် အတွေးကား ဤနေရာတွင် ပျံသန်းရန် မဖြစ်နိုင် ဟူ၍ပင်။ သဲကြီးမဲကြီး အမဲလိုက်ခံနေရသည့်တိုင်အောင် ပုံရိပ်မှာ မန်နာများနှင့် အတွင်းအား စွမ်းအင်များကို သုံး၍ ပျံသန်းရဲခြင်း မရှိချေ။ ကြီးမားသည့် အန္တရာယ် တစ်ခုနှင့် ရင်ဆိုင်နေရချိန်တွင် ထိုလုပ်ရပ်က အလွန် စကားပြော ပေသည်။ မည်သို့ပင် ဆိုစေ... ကျင့်ကြံသူများ အတွက် ပျံသန်းခြင်းမှာ ခြေထောက်ဖြင့် ပြေးလွှားခြင်းထက် ပိုမို မြန်ဆန်သည် မဟုတ်ပါလား။

ဝေ့ဝူယင် ကြယ်တာရာမိုး သန်းချီကို ကြည့်ကာ ထိတ်လန့်ခြင်း မရှိပါချေ။ ၎င်းတို့၏ ချဥ်းကပ်မှုထံမှ မည်သည့် အန္တရာယ်ကိုမှ သူ မခံစားရချေ။ ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဆန့်ထုတ်ကာ ကြယ်တာရာမိုးများကို စစ်ဆေး ကြည့်လိုက်၏။ ခုခံမှု တစ်ချို့နှင့် ကြုံတွေ့ရသည့်တိုင်အောင် အနည်းယ် အားစိုက်ထုတ် လိုက်သည်နှင့် သူ၏ ကြိုးပမ်းမှုက အောင်မြင်သွားပေသည်။ အံ့အားသင့်စရာ ကောင်းစွာပင် ကြယ်တာရာမိုးများ၏ အဆင့်က သူ မျှော်လင့်ထားသည်ထက် ပိုမို နိမ့်ပါးလှပေသည်။ ထိုသက်ရှိပုံစံ တစ်ခုချင်းစီမှာ ကြယ်တာရာ အမြုတေ အဆင့်တစ် ကျင့်ကြံသူများနှင့် ယှဥ်နိုင်ရုံ‌လောက်သာ ရှိပေသည်။

“သူတို့က စုဆောင်းထားတဲ့ စွမ်းအင်တွေကို ကောင်းကင် ကြယ်တာရာ ရင်းမြစ်ဆီကို လွှဲပြောင်းပေးပြီးတာ ဖြစ်နိုင်တယ်”

ဝေ့ဝူယင် မှတ်ချက် ချလိုက်ကာ ‌ရှေ့ဆုံးမှ ပြေးလာနေသည့် ပုံရိပ်ကို လှမ်း အကဲခတ်လိုက်၏။ ၎င်းနှင့် ပတ်သက်၍ သူ ပထမဆုံး သတိထားမိလိုက်သည့် အရာက မျက်နှာဖုံးပင် ဖြစ်သည်။ ထူးဆန်းသည့် အော်ရာများမှာ ထိုမျက်နှာဖုံးမှ ထွက်ပေါ်နေကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးကွယ်ထား၏။ သူ၏ ကျင့်ကြံခြင်း အခြေခံ၊ ပုံပန်းသဏ္ဌာန်၊ ကျားမ၊ မျိုးနွယ်၊ အသက် စသည်တို့ကို ခွဲခြားရန် ခက်ခဲလှသည်။

ဝေ့ဝူယင် မျက်နှာဖုံးတပ်၏ လက်ထဲရှိ အလွန် လှပသော အလုံးလေးကို ကြည့်လိုက်သည်။ ၎င်းက နေအသေး တစ်စင်းလိုပင် တဖျပ်ဖျပ် တောက်ပနေကာ ဒဏ္ဍာရီများထဲမှ ကောင်းကင်ပုလဲ တစ်လုံးလိုပင် ထင်ရသည်။ ၎င်းက ‌ကောင်းကင်ကြယ်တာရာ ရင်းမြစ်ဆိုသည့် အရာလော။

ရုတ်တရက် မျက်နှာဖုံးတပ်မှာ ဝေ့ဝူယင်ကို သတိထားမိသွားဟန် ရ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် သူ၏ အမူအရာက အံ့အားသင့်မှု၊ သတိထားမှု၊ စိတ်ပျက်မှု စသည်ဖြင့် အမျိုးမျိုး ပြောင်းလဲ သွားသည်။ အဆုံးသတ်တွင်တော့ သူက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်၏။ သူ၏ ခြုံလွှာက ပြန့်ကားသွားကာ ခန္ဓာကိုယ် တစ်လျှောက် ဆိုင်ကလုန်း မုန်တိုင်း တစ်ခုလို လှည့်ပတ်သွားသည်။ ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ မျက်နှာဖုံးတပ်မှာ ဝေ့ဝူယင်၏ ဝိညာဥ်အာရုံအောက်မှ ပျောက်ကွယ်သွား၏။

“ဘာလဲ...”

ဝေ့ဝူယင်မှာ ထိုပျောက်ကွယ်ခြင်းကျင့်စဥ်ကြောင့် အံ့အားသင့် သွားခဲ့၏။ သူက ဝိညာဥ် အာရုံကို မြှင့်တင်လိုက်ကာ ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။ သူ့ဝိညာဥ်အင်အားနှင့် ထိတွေ့သွားသော အခိုက် ကြယ်တာရာမိုးများမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့၏။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်ရင်း ဝိညာဥ်အင်အားကို မိုင်ပေါင်း ရာချီ ထပ်မံ တိုးမြှင့်လိုက်သည်။ သို့သော်လည်း... မည်သည့်အရာကိုမှ ရှာမတွေ့ပါချေ။ ဝေ့ဝူယင်၏ အမူအရာက ပိုမို၍ လေးနက် လာခဲ့၏။ မျက်နှာဖုံးတပ် မည်သည့် နေရာကို ရောက်ရှိသွားသနည်း။

ကြယ်တာရာမိုးများမှာလည်း အလားတူပင် မျက်နှာဖုံးတပ်၏ ပျောက်ကွယ်သွားမှု အပေါ် တွေဝေ သွားကြ၏။ သူတို့က ရှာဖွေရန် အတွက် လှည့်ပတ်ကာ အကွာအဝေးကို ဖြန့်ကျက် လိုက်ကြသည်။ ထိုအရာက ညကောင်းကင်တွင် ပိုးစုန်းကြူးများ အစုလိုက်၊ အပြုံလိုက် ပျံသန်းနေသလို အလွန် လှပသော မြင်ကွင်းလည်း ဖြစ်ပေသည်။

“ထူးဆန်းတယ်...”

ဧဒင်က မှတ်ချက်ချလိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ်ကာ ကြယ်တာရာမိုးများဆီသို့ ဖြည်းညင်းစွာ လျှောက်သွား လိုက်သည်။ မျက်နှာဖုံးတပ်၏ ပျောက်ကွယ်မှုက သူ့စိတ်ဝင်စားမှုကို တိုးမြှင့်နေသော်လည်း တစ်ချိန်တည်း၌ သံသယ ဖြစ်စရာများ ရှိနေပေသည်။

နံပတ်တစ် အချက်... အကယ်၍ ထိုမျက်နှာဖုံးတပ်သာ အာကာသ ရွှေ့ပြောင်းခြင်း ရတနာ တစ်ခုခုကို အသုံးပြုခဲ့လျှင် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ဖြင့် သူ ကျိန်းသေ အာရုံခံမိလိမ့်မည် ဖြစ်သည်။ နံပတ်နှစ် အချက်... အကယ်၍ ထိုပုဂ္ဂိုလ်သာ လွယ်လွယ်ကူကူ လွတ်မြောက်နိုင်ပါက ယခုလောက် အချိန်ထိ စောင့်ဆိုင်းလိမ့်မည် မဟုတ်ချေ။ အစောကြီးတည်းက ထွက်သွားလောက်ပြီ ဖြစ်သည်။ နောက်ဆုံး အချက်... ကြယ်တာရာမိုးများမှာ အလွန် စည်းရုံးကာ မိုင်ဒါဇင် အနည်းငယ်ထက် ပိုမို၍ ပြန့်ကားခြင်း မရှိပါချေ။

“ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်ခြင်း...”

ဧဒင်က ထင်ကြေးပေးလိုက်၏။ ဝေ့ဝူယင်က သဘောတူဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်... သူက ကြယ်တာရာမိုးများထံ ခြေလှမ်းမှန်မှန်နှင့် ဆက်လက် လျှောက်လာခဲ့သည်။ ခြေတစ်လှမ်းချင်းစီက သူ့ကို မီတာဆယ်ဂဏန်း အထိ ခေါ်ဆောင် သွားနေခဲ့သည်။ တစ်ချိန်တည်း၌ အသွင်သဏ္ဌာန်မဲ့ ဖိအား တစ်ခုမှာ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ရစ်ပတ်လာခဲ့၏။

ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ကို အသုံးပြုကာ ပုန်းကွယ်ရာ၌ အလွန် ထူးချွန်သူ ဖြစ်သည်။ ရန်သူများထံမှ ပုန်းအောင်းရန်၊ ထွက်ပြေးရန် သူ ထိုနည်းလမ်းကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့ဖူးသည်။ စစ်မြေပြင်တွင် ဆိုလျှင် ချိုက်လျှို့ယန်၏ အမဲလိုက်မှုမှ ‌ရှောင်တိမ်းရန် တစ်ခါ၊ တပ်ရင်း ကွန်မန်ဒါထံမှ ပုန်းကွယ်ရန် တစ်ခါ သူ နှစ်ကြိမ်နှစ်ခါတိုင်တိုင် သုံးခဲ့ရသည်။ ထို့ကြောင့် အနည်းငယ် ဆင်ခြင်လိုက်သည်နှင့် ထိုလက္ခဏာရပ်များကို မှတ်မိပေသည်။

“အဲဒါကဒြပ်စင် မဟုတ်ဘူး...”

အိုရီက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ သို့သော်လည်း ထိုစိတ်လှုပ်ရှားမှုက အပေါ်မှ သုံးသပ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပါချေ။ ဝေ့ဝူယင် ကြယ်တာရာ အင်အားများအား စုစည်းနေသည်ကို မြင်သောကြောင့်ပင်။ ရှင်းလင်းစွာပင် သူက စတင် လှုပ်ရှားပေတော့မည်။

***

All Chapters