ကြယ်တာရာအသိုက်၊ မျက်နှာဖုံးရှင် (၂)
Vol. 61 Ch. 853
“ကောင်းပြီလေ...”
ဝေ့ဝူယင်မှာ တိုးဝင်လာနေသည့် ကြယ်တာရာမိုးများကို အာရုံခံမိ၏။ ၎င်းတို့၏ ပမာဏမှာ အလွန် များပြားလွန်းရကား တစ်ကောင်ချင်းစီကို ရေတွက်ရန် ခက်ခဲလှသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ အကြမ်းဖျဥ်းသာ ခန့်မှန်းနိုင်ခဲ့၏။ ၎င်းတို့မှာ ထရီလျံ ဆယ်ဂဏန်း အထိ ရှိနေခဲ့ပေသည်။
အကယ်၍ ဝေ့ဝူယင် နေရာတွင် အခြားတစ်ယောက် ဆိုပါက လျှို့ဝှက် အာဏာရှင် ဖြစ်စေ၊ သေမျိုး ဖြစ်စေ အလွန် ကြောက်ရွံ့ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ လုံးဝ တည်ငြိမ်နေကာ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်ကိုသာ အပြည့်အဝ အာရုံစိုက်နေဆဲ ဖြစ်ပေသည်။
“သူတို့က မင်းနောက်ကို လိုက်နေတာလား...”
သူက ဝိညာဥ်အသံကို ထုတ်လွှင့်ကာ မေးလိုက်၏။ အခြေအနေက အတော်လေး စိုးရိမ်ဖွယ်ရာ ဖြစ်သည့်တိုင် မျက်နှာဖုံးတပ်မှာ တူညီစွာပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ ကြယ်တာရာမိုးများ၏ အန္တရာယ်က တစ်စုံတစ်ရာ သက်ရောက်နိုင်စွမ်း မရှိသည့် အလား သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ကာ ကြည့်နေခဲ့ကြ၏။
“ငါ့နောက်ကိုလား...”
မျက်နှာဖုံးတပ်၏ ပုံရိပ်က ရွှင်မြူးသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ သူ၏ မျက်လုံးများက ကြမ်းပြင်ထက်ရှိ ရေခဲကျောက်မျက်များထံသို့ ရောက်ရှိသွားသည်။
“သူတို့ကို တိုက်ခိုက်တာ ငါ မဟုတ်ဘူး”
ဝေ့ဝူယင်က လက်ခံဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာပင် ကြမ်းပြင်ထက်၌ ပြန့်ကျဲနေသည့် ကြယ်တာရာမိုးများ၏ အလယ်တည့်တည့်ကို လျှောက်သွားလိုက်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြယ်တာရာမိုးများမှာ လေပေါ် ပျံဝဲလာကြ၏။
“ဆိုတော့ကာ ခုနက သူတို့ ထုတ်လွှတ်လိုက်တဲ့ အသံက အခြားကောင်တွေကို အကူအညီ တောင်းလိုက်တာပေါ့လေ”
သူက ရေရွတ်လိုက်သည်။
“မင်းပြောတာ မမှားဘူး...”
မျက်နှာဖုံးတပ်က တည်ငြိမ်စွာပင် အဖြေပေးလိုက်၏။
ဂွီး...
ဂွီး...
ဂွီး...
အရပ်မျက်နှာ ပေါင်းစုံမှ စုပေါင်း ဟစ်ကြွေးသံများမှာ မြေပြင်ကိုပင် တုန်ခါစေလာခဲ့၏။ ထိုအသံများထဲမှ သတ်ဖြတ်လိုသည့် ခံစားချက်များမှာ ရှင်းလင်း ထင်ရှားလှပေသည်။ အထူးသဖြင့် စိတ်တာအိုကို ကျင့်ကြံနေသည့် ဝေ့ဝူယင် အတွက် ထိုခံစားချက်များမှာ ပိုမို ရှင်းလင်းလှပေသည်။
ယခုထက်ထိ တိုက်ခိုက်ခြင်း မရှိသေးသည့်တိုင် အရပ်ရှစ်မျက်နှာလုံးမှာ ကြယ်တာရာမိုးများနှင့် ပိတ်ဆို့ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က တစ်ကောင်နှင့် တစ်ကောင် ပူးကပ်နေကာ ခန္ဓာကိုယ်များဖြင့် နံရံများ သဖွယ် ဖွဲ့စည်းထား၏။ ၎င်းတို့၏ ဟစ်ကြွေးသံများက နောက်ထပ် စစ်ကူများကို ထပ်မံ ခေါ်နေသည့် လက္ခဏာများပင်။
အခြေအနေကို ကောင်းစွာ သဘောပေါက်လေရာ ဝေ့ဝူယင်မှာ ကြန့်ကြာ မနေတော့ချေ။ ကြယ်တာရာမိုးများကို ချုပ်နှောင်ထားသည့် ရေခဲကျောက်မျက်များမှာ သူ့ထံ စတင်ကာ စုဝေးလာကြ၏။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ၎င်းက ချိုက်လျှို့ယန်၏ လက်စွပ်အတွင်း ဝင်ရောက် သွားကြသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင် သန်းပေါင်း ဆယ်နှင့်ချီသည့် ကြယ်တာရာမိုးများ အားလုံးကို သိမ်းဆည်းပြီးဖြစ်သည်။
ကြယ်တာရာမိုးများကို ရည်ရွယ်ချက် များစွာ အတွက် အသုံးပြုနိုင်ပေသည်။ ၎င်တို့ကို ကြယ်အမြုတေများအား သန့်စင်ရန် အပြင် အဂ္ဂိရတ် ဖော်စပ်ရာ၌လည်း ထည့်သွင်း သုံး၍ ရသည်။
“အိုး... ဟိုး...”
မျက်နှာဖုံးတပ်မှာ ဝေ့ဝူယင်၏ လှုပ်ရှားမှုကို ကြည့်ကာ အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ရေရွတ်လိုက်၏။
“မင်းမှာ စကြဝဠာ လက်စွပ် ရှိနေတာပဲကွ...”
“စကြဝဠာ လက်စွပ်...”
ဝေ့ဝူယင် အံ့သြသွားမိ၏။ ထိုအရာက လျှို့ဝှက်အဆင့် သိုလှောင် လက်စွပ်၏ မူလ နာမည်အရင်းပင် ဖြစ်ပေသည်။ သို့သော်လည်း... ကျင်းကျူး၏ မှတ်ဉာဏ်များရဆိုလျှင် ထိုနာမည်က အလွန် ရှေးဆန်သည်။ ထိုလေးသည်တော်မှာ သူ၏ လက်စွပ်ကို နှစ်ပေါင်း သုံးသိန်းကျော် သက်တမ်း ရှိသည့် ပညာရှင် တစ်ယောက်၏ ဂူသင်္ချိုင်းထဲတွင် ရှိတွေ့ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းခေတ်ကာလများ၌ နည်းပညာ စဥ်ဆက်မပြတ် တိုးတက်လာခြင်းနှင့် အတူ အဇူရာ မူလ ကြယ်စင်စုသားမှာ ၎င်းတို့ကို အတွင်းပိုင်း လောကများမှ တစ်ဆင့် ဖန်တီးလာခဲ့ကြကာ သုံးကြိမ်မြောက်၊ လေးကြိမ်မြောက်၊ ငါးကြိမ်မြောက် လောကလက်စွပ်များ အဖြစ် ရည်ညွှန်းခဲ့ကြသည်။ ဤနေရာတွင် သုံးကြိမ်မြောက်၊ လေးကြိမ်မြောက်၊ ငါးကြိမ်မြောက် ဆိုသည့် အသုံးအနှုန်းမှာ ထိုလက်စွပ် အတွင်း ထည့်သွင်းထားသည့် လောကနယ်မြေ အရေအတွကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။လက်ရှိတွင်တော့ ၎င်းတို့ကို ရှန့်ထို လက်စွပ်များဟု ပေါင်းစု၍ ခေါ်တွင်ကြပေသည်။
ဤသည်က မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် စကြဝဠာ လက်စွပ်ဆိုသည့် အသုံးအနှုန်းကို ပထမဆုံး ကြားရခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ စိတ်ဝင်စားမှုများမှာ ပိုမို မြင့်တက်လာခဲ့၏။
ဂွီး... ဂွီး...
အဝေးရှိ အသံများမှာ ရပ်တန့်သွားခြင်း မရှိပါချေ။ ၎င်းတို့မှာ ပိုမို၍ ကျယ်လောင်လာကာ စက္ကန့်နှင့် အမျှ ပိုမို ကြမ်းကြုတ် လာခဲ့၏။ သူတို့က လုံလောက်သည့် အရေအတွက် အထိ စောင့်ဆိုင်းကာ ခုန်အုပ်ရန် အဆင်သင့် ဖြစ်နေပုံ ရသည်။
ထိုအခိုက်၌ မိုးကုပ်စက်ဝိုင်း တစ်ခုလုံးမှာ ပိတ်ဆို့ ခံလိုက်ရပြီ ဖြစ်သည်။ ဝေ့ဝူယင်နှင့် မျက်နှာဖုံးတပ်တို့မှာ စေ့စေ့စပ်စပ်ပင် ဝန်းရံခံနေရ၏။ ကြယ်တာရာမိုးများမှာ ဝေ့ဝူယင်တို့နှင့် မိုင်ရှစ်ဆယ် အကွာအဝေး ခန့်တွင် တစ်ညီတစ်ညွှတ်တည်း ရပ်တန့် နေကြပေသည်။
“မင်း ဘယ်သူလဲ...”
မျက်နှာဖုံးတပ်က မေးလိုက်၏။ သူ၏ အမူအရာက ဝေ့ဝူယင် ရှန့်ထို လက်စွပ် တစ်ကွင်း ပိုင်ဆိုင်ထားသည်ကို ကြည့်ကာ အနည်းယ် အံ့သြနေဟန် ရလေသည်။
“နောက်ပြီး သူက မင်းကို ဘာလို့ ဝင်ခွင့် ပေးလိုက်တာလဲ...”
မျက်နှာဖုံးတပ်၏ စကားထဲမှ သူ ဆိုသည်မှာ ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီကို ရည်ညွှန်းသည်မှာ ရှင်းလင်းလှသည်။
သို့သော်လည်း ဝေ့ဝူယင်က မဖြေချေ။ သူက လက်စွပ် အတွင်းရှိ ကြယ်တာရာမိုးများကိုသာ အဆင်ပြေ၊ မပြေ စစ်ဆေး လိုက်၏။ ရှန့်ထိုလက်စွပ်များမှာ အတွင်းပိုင်း လောကများဖြင့် ဖန်တီးထားသည့်တိုင် သက်ရှိများကို ထည့်သွင်း သိမ်းဆည်းသည့် နေရာ၌ ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။ ကျင့်ကြံခြင်း လောက၌ ထိုကဲ့သို့ ပြုလုပ်နိုင်သည့် အထူး လက်စွပ်များ ရှိသည့်တိုင် ချိုက်လျှို့ယန်နှင့် ကျင်းကျူးတို့၏ လက်စွပ်များမှာ ထိုအတွက် ဒီဇိုင်းဆွဲထားကြခြင်း မဟုတ်ချေ။ ၎င်းတို့မှဦ ကျောက်စိမ်းသေတ္တာ၊ ထူးခြားသော ကျင့်စဥ်... စသည်တို့နှင့် ချိပ်ပိတ်ထားသည့် သက်ရှိပုံစံများကို သယ်ဆောင်နိုင်သည့် ချိပ်ပိတ်ခြင်း မပြုထားလျှင်တော့ သဘာဝ အလျောက် ငြင်းပယ်လိမ့်မည် ဖြစ်ပေသည်။
သေချာစွာ လေ့လာပြီးနောက် လက်စွပ်က ကြယ်တာရာမိုးများကို မငြင်းပယ်ကြောင်း ဝေ့ဝူယင် အတည်ပြုလိုက်နိုင်၏။ ရုန်းကန်မှု အနည်းငယ်ပင် မရှိချေ။ ထိုအရာကပင် သူ့သီအိုရီကို ထပ်မံ၍ အတည်ပြု လိုက်နိုင်၏။ ကြယ်တာရာမိုးများမှာ အစစ်အမှန် သက်ရှိများ မဟုတ်ချေ။ ပြုပြင် ဖန်တီးထားသည့် ကိုယ်ပွား ကဲ့သို့ အရာများပင် ဖြစ်လေသည်။
“ခုနက သူ အားလုံးကို ဖျက်ဆီးလိုက်ပြီလို့ မင်း ပြောလိုက်သေးတယ် မလား... အဲဒါက ဘာအဓိပ္ပာယ်လဲ”
နောက်ဆုံး၌ ဝေ့ဝူယင်က မျက်နှာဖုံးတပ်ဘက်ကို ပြန်လှည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ထူးဆန်းသော တဂွီးဂွီး အသံများက ပိုမို ကျယ်လောင်လာကာ အတောင်ပံ ခတ်သံများက ဆူညံ ပွက်လောရိုက် နေသည်။ မျက်နှာဖုံးတပ်က ဝေ့ဝူယင် ဝင်လာခဲ့သည့် နေရာကို လက်ညိုးထိုးပြလိုက်၏။
“ကြယ်တာရာအသိုက်ရဲ့ နောက်ဖေးတံခါးပေါက်က အပြင်မှာ တည်ငြိမ်ပေမဲ့ အတွင်းပိုင်းမှာတော့ တစ်ခါဝင်ထွက်ပြီးတိုင်း လှုပ်ရှား ပြောင်းလဲနေတယ်... အဲဒီ တည်နေရာကို မှတ်သားဖို့ အတွက် ငါ နည်းလမ်း တစ်ခုကို သုံးခဲ့ရတယ်... ဒါပေမဲ့ အခုတော့...”
မျက်နှာဖုံးတပ်က ရှင်းပြမှုကို လမ်းခုလတ်တွင် ရပ်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင် အတွက်တော့ အားလုံး ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။
အထဲကို ရောက်လျှင် ရောက်ချင်း ထူးဆန်းသည်ဟု ခံစားရတာ အံ့သြစရာ မရှိတော့ချေ။ သူ ဝင်ရောက်ပြီးသည်နှင့် တံခါးပေါက်က အခြား တစ်နေရာကို ရွေ့လျားသွားခြင်းပင် ဖြစ်သည်။ သူ ဝင်လာသည့် နေရာက အပြင်ကို ပြန်ထွက်ရန် မျက်နှာဖုံးတပ် ရည်ရွယ်ထားသည့်နေရာပင် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီမှာ ဝေ့ဝူယင်ကို အထဲ ပေးဝင်စေခြင်းအားဖြင့် မျက်နှာဖုံးတပ်၏ အစီအစဥ်ကို ဖျက်ဆီးလိုက်မိခြင်းပင် ဖြစ်သည်။
“ဆိုတော့ မင်းက မြေကြီးရှန့်ထို တစ်ယောက်ကို အပေါက်စောင့်ခွေး တစ်ကောင်လို ထားခဲ့တာပေါ့... တော်တော် သတ္တိကောင်းတာပဲ”
တွေးရင်းတွေးရင်း ဝေ့ဝူယင် ပိုမို၍ သဘောပေါက် လာခဲ့သည်။ နောက်ဖေး တံခါးပေါက်၏ အတွင်းပိုင်းမှာ အမြဲတမ်း ပြောင်းလဲ နေသည်။ မျက်နှာဖုံးတပ်က ထိုတည်နေရာကို ခန့်မှန်းရန် နည်းလမ်း တစ်ခုကို သုံးခဲ့သည်ဟု ဆိုသည်။
နည်းလမ်း... မည်သည့် နည်းလမ်းမျိုး ရှိနိုင်သနည်း။ နောက်ဖေးတံခါးပေါက်က လှုပ်ရှားခဲ့သည် ဆိုလျှင် ထိုလှုပ်ရှားမှုနှင့် ပတ်သက်၍ အကွာအဝေး၊ ဦးတည်ချက်၊ ချိန်သားကိုက်မှု... သီအိုရီ တစ်ခု ရှိရလိမ့်မည် ဖြစ်သည်။
သူက ထိုသီအိုရီကို သိထားသည်လား။ အကယ်၍ သီအိုရီကို သိထားလျှင်ပင် တည်နေရာကို ခန့်မှန်းရန်က ထိုမျှ လွယ်ကူလိမ့်မည် မဟုတ်ချေ။ မဟုတ်ပါက မျက်နှာဖုံးတပ်မှာ ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီတို့နှင့် ပူးပေါင်းစရာ အကြောင်း မရှိချေ။ ရုတ်တရက်... တံခါးပေါက်ဆီသို့ ဦးတည်ကာ ပြန့်ကျဲနေသည့် သံချပ်ကာနှင့် အဝတ်အပိုင်းအစများကို ပြန်လည် မြင်ယောင်လာမိ၏။
“ကြယ်တာရာ သခင်တွေ ဘယ်ရောက်သွားပြီလဲ...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
ဂွီး... ဂွီး...
ပတ်ဝန်းကျင်မှ အသံများမှာ ပိုမို ဆူညံကာ လာနေခဲ့တော့သည်။
***