ကြယ်တာရာအသိုက်၊ အဖြေရှာရန် နည်းလမ်း
Vol. 61 Ch. 854
“ကြယ်တာရာ သခင်တွေ ဘယ်ရောက်သွားပြီလဲ...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“တစ်နေရာရာမှာပေါ့...”
မျက်နှာဖုံးတပ်က ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်၏။ ဝေ့ဝူယင်က သဘောပေါက်သည့် အလား ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“မင်း ဒီတံခါးပေါက်ကနေပဲ ပြန်ထွက်ဖို့ လျှို့ဝှက်ကျိန်စာ ကျိန်ဆို ထားတယ်မလား... အပြင်ရောက်ရင် သူ့ကို ဘယ်လို ရှင်းပြမလဲ”
မျက်နှာဖုံးတပ်က လက်ထဲရှိ နေအသေးစားလေးကို အနည်းငယ် မလိုက်သည်။ ထိုအရာက ရည်ရွယ် မထားသည့် လှုပ်ရှားမှု တစ်ခု ဖြစ်သည့်တိုင် ယုံကြည်မှု၏ သင်္ကေတ တစ်ခုလည်း ဖြစ်ပေသည်။
ဝေ့ဝူယင် မျက်နှာဖုံးစွပ်၏ လက်ထဲရှိ ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေသည့် အလင်းလုံးလေးကို ကြည့်လိုက်သည်။ မည်သည့် ကျိန်ဆိုမှုတွင် မဆို ကယ်ပေါက် တစ်ခု မဟုတ် တစ်ခု ရှိစမြဲပင်။ အကယ်၍ သူသာ မျက်နှာဖုံးတပ်၏ နေရာတွင် ဆိုပါက မည်ကဲ့သို့ လုပ်မည်နည်း။
‘ကြယ်တာရာမိုးတွေနဲ့ ကောင်းကင် ကြယ်တာရာ ရင်းမြစ်ကို ရပြီးရင် ဝင်ပေါက်ကနေပဲ ပြန်ထွက်ခဲ့မယ်လို့ ကျိန်ထားခဲ့တယ် ဆိုတာစို့... ဒါပေမဲ့ အဲဒါက ငါ့ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ဆိုရင်ရော... နောက်ဖေး တံခါးပေါက်က အပြင်ဘက်မှာ လှုပ်ရှားပြီး အခြား တစ်နေရာကို ခုန်သွားခဲ့ရင်ရော...’
ဝေ့ဝူယင် အတွေးများကို ခပ်မြန်မြန်ပင် အဆုံးသတ်လိုက်၏။ လောဘက အမြင်အာရုံကို ကွယ်စေနိုင်သည်။ ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီမှာ သူမ လိုချင်တာကိုသာ မြင်ခဲ့သည်။ ကြယ်တာရာ အသိုက်ထဲတွင် ဖြစ်ပျက်နေခဲ့သမျှ၏ အကြမ်းဖျဥ်း ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ဝေ့ဝူယင် နားလည် သွားခဲ့၏။
“ငါ ဒီကို လိုက်လာတာ သူ့အတွက် ကံကောင်းတယ် ဆိုရမယ်”
ဝေ့ဝူယင် စိတ်ထဲမှ ရယ်မောလိုက်မိ၏။ မျက်နှာဖုံးတပ်က ဝေ့ဝူယင်ကို စေ့စေ့စပ်စပ်ပင် ကြည့်လိုက်၏။ ထို့နောက် သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း...
“အဲဒီခွေးမက ငါထင်ထားတာထက် ပိုပြီး တော်သားပဲ... လျှို့ဝှက် အာဏာရှင် တစ်ယောက်ကို အသွင်ပြောင်းပြီး လွှတ်လိုက်တယ်ပေါ့လေ... သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ နည်းလမ်းတွေကို အထင်သေးမိတာ ငါ့ အမှားပဲ... နောက်တစ်ခါကျရင် မြေကြီးရှန့်ထိုတွေကို ဘယ်တော့မှ လျှော့မတွက်တော့ဘူး”
“...”
ဝေ့ဝူယင်မှာ ငြိမ်သက်စွာပင် ရပ်ကြည့်နေ၏။ မျက်နှာဖုံးတပ် ဆိုလိုသည့် အဓိပ္ပာယ်ကို သူ ကောင်းစွာ နားလည်ပေသည်။ သို့သော်လည်း... စိတ်မကောင်းစရာ တစ်ခုက ထိုယူဆချက် မည်မျှ မှားယွင်းနေကြောင်း ရှင်းပြလျှင်ပင် မျက်နှာဖုံးတပ်မှာ လက်ခံမှာ မဟုတ်ခြင်းပင်။
မျက်နှာဖုံးတပ် ပုံရိပ်မှာ တည်ငြိမ်သည့် ခြေလှမ်းများနှင့် အတူ ဝေ့ဝူယင်ထံ ဖြည်းညင်းစွာပင် စတင် လမ်းလျှောက်လာခဲ့၏။
“ဒါပေမဲ့ တားမြစ်ခံ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က ငါ့ကို တားဆီးဖို့ လုံလောက်မယ် ထင်ရင် နင် ငါ့ကို အထင်သေးလိုက်တာပဲ”
ဘုန်း...
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ အလွန် ပြင်းထန်သည့် ဝိညာဥ်အင်အား တစ်ခုမှာ သူ့ခန္ဓာကိုယ်မှ နေ၍ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထို့နောက်... မီလီစက္ကန့်များ အတွင်းမှာပင် ၎င်းက တစ်လောကလုံးကို လွှမ်းခြုံသွားသည်။
ဂွီး...
ကြယ်တာရာမိုးများထံမှ ထူးဆန်းသော အသံများမှာ ကြောက်မက်ဖွယ် ကောင်းအောင် ပိုမို မြင့်တက် လာ၏။ သို့သော်လည်း... အံ့သြစရာကောင်းတာ တစ်ခုက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ နေရာတွင် ကြောက်ရွံ့မှုများက နေရာယူသွားခြင်းပင် ဖြစ်လေသည်။
ဝေ့ဝူယင်၏ မျက်နှာက အံ့အားသင့်သည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့၏။ မျက်နှာဖုံးတပ်၏ ဝိညာဥ်အော်ရာက.သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ ၎င်းမှာ သေမျိုးတာအို၏ ချည်နှောင်မှု အတွင်းတွင်သာ ရှိနေသည်။
ထို့အပြင်... ၎င်းက သူ့ထက်ပင် ပိုမို၍ သန်မာသလို ခံစားလိုက်ရ၏။ ထိုပုဂ္ဂိုလ်က အမှန်တကယ် မည်သူနည်း။ ဝေ့ဝူယင်မှာ မိမိကိုယ်ကို အလွန်အကဲ ယုံကြည်သူ တစ်ယောက် မဟုတ်သည့်ထက် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ သူ့ထက် သာသည့် သေမျိုး မရှိဟု ယုံကြည်ပေသည်။
သူက ဟင်းလင်းပြင် နဂါး သွေးမျိုးဆက် ပိုင်ရှင် တစ်ယောက် ဖြစ်သည့် အပြင် ကျင့်ကြံခြင်း ဝိညာဥ်လေးခုကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း ကဏ္ဍတိုင်းမှာ အဆင့်တူတွင် လုံးဝ ပြိုင်ဘက် ကင်းကာ စိတ်၊ ရုပ်၊ အမတေ စွမ်းအင်များမှာလည်း အကန့်အသတ်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဝမ်မင်ယာထံ ကျင့်ကြံခြင်း အခြေခံ တစ်ချို့ လွှဲပြောင်းပေးမှုကြောင့် ထိခိုက်မှုများ ရှိခဲ့သည့်တိုင် သူ၏ လက်ရှိ အခြေအနေက သေမျိုးအဆင့်တွင် ပြိုင်ဘက်ကင်းနေဆဲ ဖြစ်သည်။ ကောင်းချီးခံများ ဖြစ်ကြသည့် ကျင်းကျူး၊ လင်းမင်တို့ပင်လျှင် သူ့တစ်ဝက်ကို မှီလိမ့်မည်ဟု မယုံကြည်ချေ။
သို့သော်လည်း အံ့အားသင့်စရာ ကောင်းစွာပင် သူ့ထက် ပိုမို သန်မာသည့် ဝိညာဥ် အော်ရာကို ပိုင်ဆိုင်ထားသည့် သေမျိုးတစ်ယောက် ပေါ်လာခဲ့ပြီ ဖြစ်သည်။
မျက်နှာဖုံးတပ်မှာ ဝေ့ဝူယင်၏ တုန့်ပြန်ပုံကို သတိထားမိလိုက်ရာ ရယ်မောလိုက်၏။
“လျှို့ဝှက် အာဏာရှင်ကြီး... ခင်ဗျား အညံ့ခံတော့မလို့လားဗျ...”
သူက ဝေ့ဝူယင်ကို စွမ်းအင်များ ချိပ်ပိတ်ထားသည့် လျှို့ဝှက် အာဏာရှင် တစ်ယောက်ဟု ဆက်လက် ယူဆနေတာ ရှင်းလင်း လှပေသည်။
ဝေ့ဝူယင်မှာ အံ့အားသင့်မိသလို တစ်ချိန်တည်း၌ ရယ်ချင်လာခဲ့၏။ ထိုသေမျိုး၏ လျှို့ဝှက် အော်ရာက သူ့ထက် ပိုမို၍ သန်မာပေသည်။ သို့သော်လည်း...
ဘုန်း...
သူ၏ ကြယ်တာရာ ဝိညာဥ် လေးခုမှာ ချိတ်ဆက်သွား၏။ မတူကွဲပြားသည့် ဝိညာဥ်အင်အား လေးခုက တစ်ခုတည်း အဖြစ် ပေါင်းစည်း သွားသည်။ စက္ကန့်ဝက်မျှ အတွင်းမှာပင် သူ၏ ဝိညာဥ်အင်အားများမှာ အကန့်အသတ်ထိ မြင့်တက်သွားကာ မိုင်ထောင်ပေါင်းများစွာကို လွှမ်းခြုံ သွား၏။
ဘုန်း... ဘုန်း...
ကြယ်တာရာမိုး ဆယ်သန်းခန့်မှာ ဝိညာဥ်အင်အား၏ ဝင်တိုက်မှုကို ခံလိုက်ရ၏။ ကျန်ကြယ်တာရာ မိုးများမှာ ချက်ချင်း ဆိုသလိုပင် ဝိညာဥ်အော်ရာ မရောက်နိုင်သည့် အကန့်အသတ်ထိ ဆုတ်ခွာ သွားကြသည်။ တဒင်္ဂအတွင်းမှာအပင် မိုင်ထောင်ပေါင်းများစွာ အတွင်း၌ ကြယ်တာရာမိုးများ ကင်းစင် သွားခဲံပြီ ဖြစ်လေသည်။
“...”
မျက်နှာဖုံးတပ်မှာ သူ့ဝိညာဥ်အော်ရာကို အေးခဲကာ တိုးဝင်လာသည့် လှိုင်းများကို ခုခံရန် ကြိုးပမ်းလိုက်၏။ အကယ်၍ သူ၏ အော်ရာကို ရေချိုအိုင် တစ်ခုနှင့် နှိုင်းယှဥ်မည် ဆိုလျှင် ဝေ့ဝူယင်၏ ဝိညာဥ်အော်ရာက သမုဒ္ဒရာကြီး တစ်ခုလို ကျယ်ပြန့်လွန်းလှ၏။ မျက်နှာဖုံးတပ်မှာ ဝိညာဥ်အော်ရာအားဖြင့် ပိုမို သန်မာလှသည့်တိုင် အရေအတွက် နေရာတွင်တော့ ဝေ့ဝူယင်၏ ဝိညာဥ်အင်အားများမှာ မယှဥ်သာလောက်အောင် အနှိုင်းအဆ မဲ့လှပေသည်။
“မင်းက ဘယ်သူလဲ...”
မျက်နှာဖုံးတပ်မှာ နောက်တစ်ကြိမ် အံ့သြ ထိတ်လန့်စွာ မေးလိုက်ပြန်၏။ ထိုမျှ များပြားသည့် ဝိညာဥ် အင်အား ပမာဏကို ပိုင်ဆိုင်အောင် သူက မည်ကဲ့သို့ ကျင့်ကြံထားသနည်း။
ဝေ့ဝယင်က ထိုမေးခွန်းကို ပြန်မဖြေပဲ တန်ပြန် မေးခွန်း တစ်ခုသာ ထုတ်လိုက်၏။
“မျက်နှာဖုံးနဲ့ကောင်... မင်းအညံ့ခံတော့ မလို့လား...”
“...”
ရုတ်တရက်ပင်...သူတို့ နှစ်ယောက် အကြား၌ အချိန် အတန်ကြာအောင် တိတ်ဆိတ် သွားခဲ့၏။ သို့သော်လည်း သူတို့၏ အတွေးများကတော့ ခြားနားလှပေသည်။
‘ဒီကောင်ရဲ့ ဝိညာဥ်အော်ရာက အရမ်းကို ထူးခြားနေတယ်... ငါထင်တာ မမှားရင် ဝူယုရဲ့ အင်ပါယာ ကောင်းကင် အော်ရာလို နည်းလမ်း တစ်ခုခုကို ကျင့်ကြံထားတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ အဲဒီ အော်ရာရဲ့ အရည်အသွေး အတိအကျ ကိုတော့ ငါ မဆုံးဖြတ်နိုင်ဘူး... သူက အဲဒါကို တစ်နည်းနည်းနဲ့ ဖုံးကွယ်ထားတာ ဖြစ်ရမယ်... ဒါပေမဲ့ ခွန်အားနဲ့ စွမ်းအင် သီးသန့် အရဆိုရင်တော့ ငါ့အဆင့်မှာ မရှိဘူး...’
ဝေ့ဝူယင်၏ အတွေးများမှာ လျှင်မြန်စွာပင် လှည့်ပတ်နေ၏။ ထိုပုဂ္ဂိုလ်က မည်သူနည်း။ အဘယ်ကြောင့် ထိုမျှ ထူးခြားနေသနည်း။ ထိုအရာက သူ့အတွက် အဖြေထုတ်ရန် ခက်သည့် ပုစ္ဆာ တစ်ပုဒ်လိုပင်။
သူတို့ နှစ်ယောက်မှာ လှုပ်ရှားမှု မပြုကြပဲ သည်အတိုင်း မတ်တပ်ရပ်ကာ တစ်ယောက်ကို တစ်ယောက် လေ့လာနေကြသည်။
“ဆိုတော့ကာ မင်းက ဝိညာဥ်သခင်ပေါ့...”
မျက်နှာဖုံးတပ်မှာ ကောက်ချက် ချလိုက်သည့်ပုံ ပေါ်၏။ သူ၏ လေသံက အနည်းငယ် အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်နေသည်။
ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိသည်။ တွေ့သမျှ ကျင့်ကြံသူတိုင်းက သူ့ကို ဝိညာဥ်သခင် ဟု ထင်နေသည်က နည်းနည်းတော့ ရယ်စရာ ကောင်းသည်။
“နေဦး မဟုတ်သေးဘူး... ဒါပေမဲ့ ဝိညာဥ်သခင် မဟုတ်ပဲ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ဝိညာဥ် အင်အားတွေ ရှိမှာလဲ”
မျက်နှာဖုံးတပ်မှာ သူ့အတွေးများ အတွင်း ဒွိဟများနေပုံ ရ၏။ မသိပါက သူ၏ ပုံစံမှာ တစ်စုံတစ်ယောက်နှင့် အကြိတ်အနယ် ငြင်းခုန်နေသလိုပင်။
“မင်း ဘယ်သူလဲ...”
မျက်နှာဖုံးတပ်က သုံးကြိမ်မြောက် မေးလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ သူ၏ အသံက နိမ့်ပါးနေကာ အန္တရာယ် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်မှာ ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီ စေလွှတ်လိုက်သည့် လျှို့ဝှက် အာဏာရှင် တစ်ယောက် ဆိုသည့် ယူဆချက်ကို သူ လုံးလုံးလျားလျားပင် ပယ်ချလိုက်ပြီ ဖြစ်သည်။
“သုံးခါ တောင့်တရင် အဖြေ နတ်သမီးကို ဆင့်ခေါ်နိုင်မယ်လို့ မင်း ထင်နေတာလား... အဲဒီလို ဆိုရင် မင်း ထင်နေတာ မှားတယ်... ဘာလို့လဲ ဆိုတော့ ငါ ကိုယ်တိုင် ကြိုးစားပြီးပြီ မလို့... အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပေါ့လေ”
ဝေ့ဝူယင်က ရယ်မောလိုက်၏။ မျက်နှာဖုံးတပ်က တစ်ခဏမျှ စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာ မှန်တယ်... အဖြေဆိုတာ ကိုယ့်ဘာပဲ ရှာရမှာ”
သူတို့ နှစ်ယောက် အကြားရှိ လေထု၏ အခြေအနေက ပိုမို၍ တင်းမာ လာနေခဲ့၏။ သို့သော်လည်း တစ်ချိန်တည်း၌ ထူးဆန်းသည့် အရိပ်အငွေ့ တစ်ချို့က ရစ်ဝဲနေခဲ့သည်။ ဝေ့ဝူယင်က မျက်နှာဖုံးတပ်၏ လက်ထဲရှိ ရောင်စုံ အလင်းလုံးလေးကို ကြည့်လိုက်သည်။
“ထောက်ခံတယ်... အဲဒါက ဘယ်လို ရတနာမျိုး ဆိုတာ မင်းလည်း ပြောပြလိမ့်မယ် မထင်ဘူး... ငါ ကိုယ်တိုင်ပဲ ယူပြီး အဖြေရှာရမှာပေါ့လေ”
***