သဘောတူညီချက်
Vol. 85 Ch. 1183
" ဂိုဏ်းတူအစ်ကိုကြီး " ဆိုသည့် အခေါ်အဝေါ်မှာ ရိုသေလေးစားမှု၊ ချစ်ခင်မြတ်နိုးမှုနှင့် ယုံကြည်ကိုးစားမှုများကို ကိုယ်စားပြုပေသည်။ ဝမ်ပေါင်လဲ့မှာ ယခုအချိန်အထိ ချန်ရှင်းအား ထိုကဲ့သို့ ခေါ်ဝေါ်ခဲ့သည်သာဖြစ်သည်။
သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ယခင်တုန်းက သူ့အား တစ်ကြိမ်ပြီးတစ်ကြိမ် ကာကွယ်စောင့်ရှောက်ပေးခဲ့၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အမှောင်အိပ်မက်ထဲမှ နိုးထလာခဲ့ပြီးနောက် အမှောင်ဂိုဏ်းအား နှလုံးသားထဲ၌ လက်ခံခဲ့သည်။
သူသည် အမြဲတမ်း သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေခဲ့ပြီး အခြားသူများနှင့် မတူဘဲ ကွဲပြားခြားနားနေသည်ဟု သတ်မှတ်ခဲ့သည်သာ ဖြစ်သည်။ သူသည် အမှောင်ဂိုဏ်းထဲရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ တပည့်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသလို နတ်ဧကရာဇ်တစ်ပါးကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသော ဂိုဏ်းတူအစ်ကိုကြီး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည် မဟုတ်ပါလော။
သူသည် သူ၏ ကျောထောက်နောက်ခံများအား ဝှက်ဖဲများအဖြစ် တစ်ကြိမ်ပြီးတစ်ကြိမ် အသုံးပြုခဲ့၏။ တစ်ချိန်ထဲမှာပင် ၎င်းတို့ကြောင့် သူသည် နွေးထွေးမှုများနှင့် ဘေးကင်းလုံခြုံမှုများကို ခံစားခဲ့ရသည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ရင်ထဲတွင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား ရိုသေလေးစားကာ ယုံကြည်မှု အပြည့်ရှိပေသည်။
ထို့ကြောင့်... သူ၏ ဂိုဏ်းတူအစ်ကိုကြီး အချက်ပြလိုက်ရုံနှင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ပြေးဝင်သွားခဲ့ခြင်းဖြစ်သည်။ သူ၏ ဂိုဏ်းတူအစ်ကိုကြီး စကားတစ်ခွန်းပြောလိုက်ရုံနှင့် သူသည် တဝေဝေမသိမ်း နားထောင်ခဲ့ခြင်းဖြစ်သည်။
သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ မိုးကောင်းကင်တာအိုနှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့ပြီးနောက် စိတ်နေစိတ်ထားများ ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အတွက် တသူစိမ်းတစ်ယောက်လို ဖြစ်သွားခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား ကူညီပေးရန် ဆုံးဖြတ်ခဲ့ဆဲပင်။
ထို့ကြောင့်လည်း သူသည် ယခုလို အမှောင်ဧကရာဇ် သင်္ချိုင်းဂူထဲသို့ ရောက်လာရခြင်းဖြစ်သည်။
သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ စကားသံမှာ တည်ကြည်မှု အပြည့်ရှိနေသည့်ပုံပင်။ သူသည် စကားလုံး ငါးလုံးထဲကိုသာ ပြောလိုက်ခြင်းဖြစ်ပါသော်လည်း ထိုစကားလုံးများထဲ၌ ကိန်းအောင်းနေသည့် ခံစားချက်များမှာ အလွန်အင်မတန်မှ ရှုပ်ထွေးနေသည်။
သူသည် နားမလည်နိုင်လောက်အောင်ဖြစ်ကာ ချီတုံချတုံ ဖြစ်နေပြီး ဝေခွဲမရ ဖြစ်နေ၏။
သူ နားမလည်နိုင်ရသည့် အကြောင်းရင်းမှာ ယခင်တုန်းက သူ့အား ဂရုစိုက်ခဲ့သည့် ဂိုဏ်းတူအစ်ကိုကြီး အများကြီး ပြောင်းလဲသွားသည့် အချက်ပင်။ သူသည် ထိုပြောင်းလဲမှုများကို လက်ခံနိုင်ပါသော်လည်း သူ၏ ဆရာ အန္တရာယ်နှင့် ကြုံရမည်ဆိုပါက လက်ခံနိုင်မည်မဟုတ်ပေ။
သူ ချီတုံချတုံ ဖြစ်နေရသည့် အကြောင်းရင်းမှာ သူ၏ ဆရာကြုံနေရသည့် အခြေအနေနှင့် ပြောင်းလဲသွားပြီဖြစ်သည့် ဂိုဏ်းတူအစ်ကိုကြီးတို့အား မည်ကဲ့သို့ လက်ခံရမှန်းမသိ ဖြစ်နေသောကြောင့်။
သူ ဝေခွဲမရ ဖြစ်နေရသည့် အကြောင်းရင်းမှာမူ ယခုလို အခြေအနေမျိုးသို့ ရောက်သွားရသည့်အကြောင်းအရင်းကို မသိသောကြောင့်ပင်။ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ အမှားတစ်ခုမှ မလုပ်ခဲ့ပေ။ သူ၏ ဆရာသည်လည်း အမှားတစ်ခုမှ မလုပ်ခဲ့ပေ။ သူကိုယ်တိုင်သည်လည်း အမှားတစ်ခုမှ မလုပ်ခဲ့ပေ။ သို့သော် အဘယ်ကြောင့် ယခုလို ရင်နာစရာ အခြေအနေမျိုးသို့ ရောက်သွားခဲ့ရပါသနည်း။
သို့သော် နောက်ဆုံးတွင်မူ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ သူသည် သူ၏ နှလုံးသားထဲ၌ ရှုပ်ထွေးနေသည့် ခံစားချက်များကို မျိုသိပ်ထားလိုက်ပြီ ဖြစ်သည်။ ယခုတွင် သူ၏ အသိစိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေ၏...
သူသည် လုံးဝလက်ခံနိုင်မည်မဟုတ်ပေ။
သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ယခုလို ကောက်ကျစ်စဉ်းလဲသည့် နည်းလမ်းများအား အသုံးပြုနေသည်ကို လက်ခံနိုင်မည်မဟုတ်သလို သူ၏ ဆရာ သေဆုံးသွားမည်ကိုလည်းလက်ခံနိုင်မည်မဟုတ်ပေ။
ထို့ကြောင့်လည်း ယခုတွင် သူသည် ' ဂိုဏ်းတူအစ်ကိုကြီး ' ဟု ခေါ်ခဲ့ခြင်းမရှိဘဲ ' ချန်ရှင်း ' ဟု လှမ်းခေါ်လိုက်ခြင်းသာဖြစ်သည်။
သို့ဖြစ်ရာ သူ၏ စိတ်ဓာတ်ပြတ်သားမှု၊ ရွေးချယ်မှုနှင့် ဒေါသများကို အတိအလင်း မြင်နိုင်ပေသည်။ ဝမ်ပေါင်လဲ့၏ နှုတ်မှ ထိုစကားသံ ထွက်ပေါ်လာသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း နိုးထလာသဖြင့် သူ၏ နောက်တွင် အရပ်ထောင်ထောင်မောင်းမောင်း လူရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။
သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာလည်း ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ သွေးချီများမှာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးမှာ တုန်ရီသွားရသည်။
သူ၏ ဦးခေါင်းအထက်တွင်မူ နတ်ဆိုးမျက်လုံး ပေါ်ပေါက်လာသည်။ သူ၏ နောက်ဘက်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် တာအိုထာဝရကြယ် ပေါ်ပေါက်လာ၏။ ထို့အပြင် တစ်ဝက်တစ်ပျက် ထာဝရကြယ်ကိုးလုံးနှင့် အထူးဂြိုဟ်အလုံးတစ်သောင်းကျော်မှာလည်း ဝင်လက်စွာတောက်ပနေကြပြီး ခံ့ညားထည်ဝါသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသော နတ်နွားကြီးတစ်ကောင်၏ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
လေတိုက်ခတ်နေခြင်း မရှိသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ဆံပင်များမှာ တလူလူလွင့်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ သာမန် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများကိုပင် တုန်လှုပ်ချောက်ချားသွားစေနိုင်သည့် ဝိညာဉ်စွမ်းအင်လှိုင်းတစ်လှိုင်းကဲ့သို့ပင်။ သူ၏ မျက်ဝန်းများမှာလည်း စူးရှတောက်ပနေ၏။
သူ၏ ပတ်ပတ်လည်၌ ရှိနေကြသည့် အမှောင်ဂိုဏ်းသားများအားလုံးမှာမူ ဒူးထောက်နေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ခန္ဓာကိုယ်ထဲမှ အဆုံးမရှိသော တာအိုအငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေပြီး နဖူးပေါ်တွင် အနက်ရောင်ငါးတစ်ကောင်ပုံစံ အမှတ်အသားတစ်ခုပိုင်ဆိုင်ထားသော အရပ်မြင့်မြင့်၊ ပိန်သွယ်သွယ်နှင့် ရုပ်ရည်ချောမောသည့် လူတစ်ယောက်မှာ တစ်လှမ်းချင်းစီ လှမ်း၍ အောက်သို့ဆင်းလာနေရင်း ခြေလှမ်းများ ရပ်တန့်သွား၏။
ဤ ကမ္ဘာကြီးထဲတွင် သူ့အား ရပ်တန့်သွားအောင် လုပ်နိုင်သည့် လူအရေအတွက်မှာ လက်တစ်ဆုပ်စာမျှသာ ရှိပေသည်။ ထိုကဲ့သို့သော လူများထဲတွင် အားအနည်းဆုံးမှာ ဝမ်ပေါင်လဲ့ ဖြစ်၏။
ယခုတွင် သူတို့မှာ နှုတ်ဆိတ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ ချန်ရှင်း၏ မျက်ဝန်းများမှာ တည်ကြည်မှုအပြည့် ရှိနေပြီး ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာမူ ဒေါသစိတ်များဖြင့် ပြည့်နှက်နေ၏။ သူတို့နှစ်ယောက်စလုံးမှာ စကားတစ်ခွန်းမှ မပြောကြပေ။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ နောက်မှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
" ပေါင်လဲ့။ ဆရာ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို ကြည့်ပါရစေ "
ထိုအခါ မင်ခွန်းကျစ်၏ ရှေ့၌ ပိတ်ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ အသက်ရှူကြိမ်အနည်းငယ်ခန့် နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှမပြောဘဲ ဘေးသို့ ဖယ်ပေးလိုက်သည်။ သူ ထိုကဲ့သို့ ဖယ်ပေးလိုက်သည့်တိုင်အောင် သူ၏ အငွေ့အသက်များမှာမူ အနည်းငယ်လေးပင် လျော့ကျသွားခြင်း မရှိပေ။ ထိုအချိန်တွင် ချန်ရှင်းမှာ သူ၏ ဆရာနှင့် အကြည့်ချင်းဆုံသွား၏။
" ဆရာ " ချန်ရှင်းမှာ ဤနေရာသို့ ရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စကားပြောလိုက်ခြင်းဖြစ်သည်။ သူ၏ စကားသံမှာ ရန်လိုနေခြင်းမရှိဘဲ ယခင်တုန်းကအတိုင်း နူးညံ့သိမ်မွေ့နေဆဲပင်။ သို့သော် ထိုစကားသံမှာ နွေးထွေးမှု ရှိနေသလို ထူးဆန်းကာ အေးစက်နေသည်ဟုလည်း ခံစားရ၏။
" ချန်ရှင်း။ မင်း အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို ယူပြီးရင် ဘာလုပ်မှာလဲ " မင်ခွန်းကျစ်မှာ သူ၏ တပည့်အား ရီဝေဝေဖြစ်နေသည့် မျက်ဝန်းများဖြင့် တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးမှ မေးလိုက်၏။
" ဆရာ... " ထိုအခါ ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် မင်ခွန်းကျစ်မှာ သူ၏ ညာဘက်လက်ကို မြှောက်၍ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထိုးထွက်လာပြီး သူ၏ နောက်တွင်ရှိနေသည့် ခေါင်းတလားကြီးထဲမှ အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းပေါ်တွင် ရှိနေသည့် ဝိညာဉ်မီးအိမ်သုံးလုံး၏ မီးတောက်များမှာလည်း တဟုန်းဟုန်း တောက်လောင်လာကြသဖြင့် အမှောင်ဧကရာဇ် သင်္ချိုင်းဂူကြီးတစ်ခုလုံးမှာ လင်းထိန်သွားသည်။
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အစွမ်းထက်သည့် အပြင်ခန္ဓာကိုယ်တစ်ခုနှင့် တမူထူးခြားသည့် နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်ထားသလို သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် နတ်ဘုရားစွမ်းရည်များမှာလည်း အံ့သြမှင်တက်ဖွယ်ရာ ကောင်းပေသည်။ သို့သော် ယခုတွင် သူသည် ချန်ရှင်းကိုသာ အာရုံစိုက်နေသည်ဖြစ်ရာ သူ၏ ဆရာအား သတိမထားမိခဲ့ပေ။ ထို့အပြင် သူတို့နှစ်ယောက်၏ ကြားမှ ကျင့်ကြံခြင်းအဆင့်ခြားနားချက်မှာ ကြီးမားလွန်းနေ၏။ ထို့ကြောင့် မင်ခွန်းကျစ် သူ့အား လက်ညှိုးထိုးလိုက်သည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားသည်။ ထို့နောက် သူ၏ ပတ်ပတ်လည်တွင် မျက်လုံးဖြင့် မမြင်နိုင်သည့် အမျှင်အတန်းများ ပေါ်ပေါက်လာကြပြီး သူ့အား ရစ်ပတ်သွားကြ၏။ နောက်ဆုံးတွင် သူသည် စကားပြောနိုင်စွမ်းပင် မရှိတော့ပေ။
" မင်းရဲ့ ဂိုဏ်းတူညီလေးက စိတ်ခံစားလွယ်တဲ့ လူတစ်ယောက်မလို့ သူ့ကို အပြစ်မမြင်ပါနဲ့ " မင်ခွန်းကျစ်မှာ နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား အကြင်နာမျက်ဝန်းများဖြင့်ကြည့်ရင်း ဆိုလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မြတ်နိုးကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူသည် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။ သူ ချန်ရှင်းအား ပြန်ကြည့်လိုက်သည့်အချိန်တွင် သူ၏ မျက်ဝန်းများထဲရှိ နွေးထွေးမှုနှင့် ကြင်နာမှုများအားလုံးမှာ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နေရာ၌ စိတ်ခံစားချက်များရှုပ်ထွေးနေသည့် အရိပ်အယောင်များသာ အစားထိုးဝင်ရောက်လာသည်။
ချန်ရှင်းမှာမူ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ သူသည် ဝမ်ပေါင်လဲ့အား မကြည့်ဘဲ ပေရာဂဏန်းအနည်းငယ် အကွာမှနေ၍ မင်ခွန်းကျစ်အား ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်သည်။
" ဆရာ၊ တပည့် ဂိုဏ်းတူညီလေးကို အပြစ်မမြင်ပါဘူး။ ဆရာ မေးခဲ့တဲ့မေးခွန်းနဲ့ ပတ်သက်လို့က တပည့်ဆီမှာ အဖြေရှိပြီးသားပါ "
" တပည့်က မိုးကောင်းကင်တာအိုနဲ့ ပေါင်းစည်းပြီးသွားပါပြီ။ ဒါပေမဲ့ အမှောင်ကြယ်စင်စုရဲ့ အပြင်ဘက်ကို အချိန်အကြာကြီး ထွက်လို့မရသေးဘူး။ ကျွန်တော် ဒီနေရာနဲ့ ခွဲခွာနိုင်စွမ်းမရှိဘဲ ဖြစ်နေရတဲ့ အဓိကအကြောင်းရင်းတစ်ခုက ကျွန်တော့်ဆီမှာ မိုးကောင်းကင်တာအိုရဲ့ ဖိအားတွေကို တောင့်ခံပေးနိုင်တဲ့ ပစ္စည်းတစ်ခု မရှိသေးလို့ပါ "
" အဲဒါကြောင့်မလို့ တပည့် အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်နဲ့ ပေါင်းစည်းဖို့ လိုနေတာပါ။ အဲတာမှပဲ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုက သူ့ရဲ့ စွမ်းအားတွေအကုန်လုံးကို ထုတ်လွှတ်နိုင်မှာ။ အမှောင်ကြယ်စင်စုထဲက အမှောင်ဂိုဏ်းကို ကာကွယ်ပေးနိုင်ပြီးတော့ သက်ရှိလောကထဲမှာ ပြန်လည်ပေါ်ပေါက်လာအောင် လုပ်ပေးနိုင်မှာ "
" ကျေးဇူးပြုပြီးတော့... ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ ဆရာ " ချန်ရှင်းမှာ စကားဆုံးသွားသည့်တိုင်အောင် ဦးညွှတ်နေဆဲပင်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။ သူသည် စကားပြောချင်ပါသော်လည်း မပြောနိုင်ဘဲ ဖြစ်နေရသည်။ ထို့အပြင် သူ၏ နတ်ဘုရားအာရုံကိုလည်း ထုတ်လွှတ်နိုင်စွမ်းမရှိပေ။ သူသည် သူ၏ ဆရာ အသက်ရှူကြိမ်အနည်းငယ်ခန့် ငြိမ်ကျသွားသည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် သူ၏ ဆရာမှာ ခေါင်းမော့လာပြီး သူ့အား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များနှင့် ကျေနပ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူသည် ဆုံးဖြတ်ချက်ချပြီးသွားပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ပို၍ပင် တုန်ရီလာ၏။ ထိုအချိန်တွင် သူသည် သူ၏ ဆရာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်ကို ကြားလိုက်ရသည်။
" ချန်ရှင်း၊ ငါ မင်းကို မှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ် ပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါ့ဆီမှာ တောင်းဆိုချက်တစ်ခုရှိတယ်။ အဲဒီတောင်းဆိုချက်ကို မင်း သဘောတူမှရမယ် "
" ပြောပါဆရာ " ထိုအခါ ချန်ရှင်းမှာ ခေါင်းပြန်မော့လာပြီး မင်ခွန်းကျစ်အား ကြည့်ကာ ဆိုလိုက်သည်။
" အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုဆီမှာ တာဝန်တစ်ခုရှိတယ်။ အဲဒီတာဝန်က မင်းအပါအဝင် အမှောင်ဂိုဏ်းသားတွေအကုန်လုံး ကျောက်ပြားကမ္ဘာကြီးကို ချုပ်နှောင်ထားဖို့ပဲ။ မင်း လုပ်ချင်တာလုပ်လို့ရပေမယ့်... မင်းရဲ့ ဂိုဏ်းတူညီလေးကိုတော့ နည်းနည်းလေးမှ အန္တရာယ်မပြုပါနဲ့။ တကယ်လို့ သူ ကျောက်ပြားကမ္ဘာကြီးထဲကနေ ထွက်ခွာသွားချင်တဲ့ အချိန်ကို ရောက်လာရင်လည်း မင်း သူ့ကို တားဆီးဖို့ မကြိုးစားပါနဲ့ "
" မင်း အဲဒီတောင်းဆိုချက်ကို လိုက်လျောပေးမယ်ဆိုရင်... ဒီနေ့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ် " မင်ခွန်းကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ခေါင်းမော့လာ၏။ သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပနေပြီး ချန်ရှင်း၏ မျက်လုံးများကို စိုက်ကြည့်နေသည်။