နစ်မြုပ်သွားပါသော
Vol. 85 Ch. 1184
ချန်ရှင်းမှာ နှုတ်ဆိတ်နေ၏။
မင်ခွန်းကျစ်မှာလည်း သူ့အား စိုက်ကြည့်နေဆဲဖြစ်ပြီး စကားတစ်ခွန်းမှမပြောပေ။
ဘေးပတ်ပတ်လည်ရှိ အမှောင်ဂိုဏ်းသားများမှာ ခေါင်းငုံ့နေကြ၏။ သူတို့မှာ ဤကိစ္စထဲ၌ ပါဝင်ပတ်သက်ခွင့် မရှိကြပေ။ အတူတကွ ပေါင်းစည်းသွားကာ ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်ခဲ့ပြီးနောက် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ကြသည့် အမျိုးသားနှင့် အမျိုးသမီးကျင့်ကြံသူ နှစ်ယောက်သာလျှင် လက်မခံလိုသည့် အကြည့်များဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့နှစ်ယောက်မှာလည်း ခေါင်းငုံ့သွားကြ၏။
ဝမ်ပေါင်လဲ့မှာမူ နဖူးပေါ်တွင် သွေးကြောများ ထောင်လာပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေသည်။ သူသည် ကြိုးစားရုန်းကန်ကာ စိတ်ထဲတွင် အသံကုန်အော်ဟစ်နေ၏။ ထို့ကြောင့် မျက်လုံးဖြင့် မမြင်နိုင်သည့် အချုပ်အနှောင်တစ်ခု ပျက်စီးသွားနေသည့်အလား သူ၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။
အသက်ရှူကြိမ် အနည်းငယ် ကုန်ဆုံးပြီးသွားချိန်တွင် ချန်ရှင်းမှာ ခေါင်းညိတ်ကာ သဘောတူလိုက်၏။
" ဆရာရဲ့ ဆန္ဒက အဲဒီအတိုင်းဆိုရင် အဲဒီအတိုင်းဖြစ်စေရမယ်လို့ တပည့် ကတိပေးပါတယ်။ ဂိုဏ်းတူညီလေး ကျောက်ပြားကမ္ဘာထဲကနေ ထွက်ခွာသွားချင်ရင်တောင် ကျွန်တော် သူ့ကို တားဆီးဖို့ မကြိုးစားတော့ပါဘူး "
" ကောင်းပြီ " ထိုအခါ မင်ခွန်းကျစ်မှာ ရယ်မောကာ ချန်ရှင်းအား ကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ နဖူးပေါ်ရှိ သွေးကြောကြီးများနှင့် သူ အချုပ်အနှောင်များထဲမှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေသည်ကို မြင်နေရသည်။ ထို့ကြောင့် သူသည် မျက်ဝန်းများထဲ၌ ကရုဏာစိတ်များနှင့် နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
" စိတ်မကောင်းမဖြစ်ပါနဲ့။ ဆရာ အခုအချိန်အထိ အသက်ရှိနေတာကိုပဲ ကံကောင်းလှပါပြီ။ ဒီ သင်္ချိုင်းဂူကြီးကို အခုလို တစ်ယောက်တည်း ကာကွယ်စောင့်ရှောက်နေရတာ ဆရာလည်း ငြီးငွေ့နေပြီ။ ဆရာ့ကို... လွတ်လပ်ခွင့်ပေးပါ "
" ဆရာ့ရဲ့ လွတ်လပ်မှုကြောင့် ဆရာ့ရဲ့ အကြီးဆုံးတပည့်လေး အမှောင်ဂိုဏ်းရဲ့ တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်သွားမှာ ဖြစ်သလို အငယ်ဆုံးတပည့်လေးရဲ့ တာအိုကလည်း ပြီးပြည့်စုံသွားမှာ။ ပြီးတော့ သူက ဒီနေရာကနေလည်း ထွက်ခွာခွင့် ရသွားမှာလေ။ ဒါ ဝမ်းသာစရာ ကိစ္စတစ်ခုပါ... " မင်ခွန်းကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရယ်မောလိုက်၏။ သူ၏ ရယ်သံမှာ တဖြည်းဖြည်းနှင့် ကျယ်လောင်လာပြီး အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသဖြင့် အမှောင်ဧကရာဇ် သင်္ချိုင်းဂူ တစ်ခုလုံးထဲ၌ ပြည့်နှက်သွားတော့သည်။
ထို့နောက် ထို သင်္ချိုင်းဂူထဲတွင် စွမ်းအင်လှိုင်းများ ပေါ်ပေါက်လာသဖြင့် အမှောင်ဂိုဏ်းသားများမှာ နောက်သို့ဆုတ်ခွာသွားရ၏။ အမှောင်ဧကရာဇ်၏ ခေါင်းတလားကြီးပေါ်တွင် ရှိနေသော ဝိညာဉ်မီးအိမ်သုံးလုံးမှာမူ အပြင်းအထန် တုန်ရီသွားကြပြီး ၎င်းတို့ထဲမှ တစ်လုံးမှာ မီးငြိမ်းသွားသည်။
ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင် အသံကုန်အော်ဟစ်နေပါသော်လည်း မည်သည့်အရာကိုမှ ရပ်တန့်နိုင်စွမ်းမရှိပေ။ သူသည် သူ၏ ဆရာ ရယ်မောနေရင်း သူ၏ ခန္ဓာကိုယ် တဖြည်းဖြည်းနှင့် အကြည်ရောင်ပြောင်းသွားနေသည်ကိုသာ ကြည့်နေရသည်။ ထိုအချိန်တွင် ဒုတိယ ဝိညာဉ်မီးအိမ်မှာ မီးငြိမ်းသွားသဖြင့် သူ၏ ဆရာ၏ ခန္ဓာကိုယ်မှာ ပို၍ပင် မှုန်ဝါးဝါး ဖြစ်လာ၏။
နောက်ဆုံးတွင် တတိယမီးအိမ်မှာ မီးငြိမ်းသွားတော့သည်။
ထိုအခါ မင်ခွန်းကျစ်၏ ခန္ဓာကိုယ်မှာလည်း လုံးဝပျောက်ကွယ်သွား၏။
" ဆရာ " ထိုအခါမှသာ ဝမ်ပေါင်လဲ့၏ နှုတ်မှ စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းတစ်သံ ထွက်ပေါ်လာတော့သည်။ မင်ခွန်းကျစ် ပျောက်ကွယ်သွားပြီဖြစ်ရာ သူသည်လည်း လှုပ်ရှားနိုင်စွမ်း ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ မျိုသိပ်ထားခဲ့ရသည့် အော်ဟစ်သံမှာ အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအော်ဟစ်သံထဲတွင် အတောမသတ်နိုင်သည့် ပူဆွေးသောကများနှင့် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ဆရာ ပျောက်ကွယ်သွားသည့်နေရာသို့ ရောက်သွား၏။ ထို့နောက် သူသည် တစ်စုံတစ်ခုအား လှမ်း၍ဖမ်းဆုပ်နိုင်ရန် ကြိုးစားနေသည့်အလား သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် သူသည် မည်သည့်အရာကိုမှ ဖမ်းဆုပ်မိခဲ့ခြင်း မရှိပေ။
" လဆုတ်ပညာရပ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ နီမြန်းနေပြီး သူ၏ အတွေးထဲ၌ အခြားမည်သည့်အရာမှ မရှိတော့ပေ။ သူသည် ချန်ရှင်းကိုပင် ဂရုစိုက်နေခြင်းမရှိတော့ချေ။ သူ၏ စိတ်ထဲတွင် အရာအားလုံးကို ပြောင်းလဲပစ်ချင်သည့် ဆန္ဒတစ်ခုသာ ကျန်ရှိတော့သည်။
သူသည် လဆုတ်ပညာရပ်ကို အသုံးပြုလိုက်ပါသော်လည်း.... သူ့အား တစ်ခါမှ စိတ်မပျက်စေခဲ့သည့် ထို အချိန်ပညာရပ်မှာ ယခုတွင်မူ အသုံးမဝင်တော့ပေ။ သူ ၎င်းအား အသုံးပြုခဲ့ပြီး အသက်ရှူကြိမ် အကြိမ်နှစ်ဆယ် ကုန်ဆုံးပြီးသွားသည့်တိုင်အောင် သူ၏ ဆရာ၏ ပုံရိပ်မှာ သူ၏ ရှေ့၌ ပြန်လည်ပေါ်ပေါက်လာခြင်းမရှိတော့ပေ။
သို့သော် ဝမ်ပေါင်လဲ့မှာမူ လက်မလျှော့လိုသေးပေ။
" လဆုတ်ပညာရပ် "
" လဆုတ်ပညာရပ် "
" လဆုတ်ပညာရပ် "
ထိုအချိန်တွင် ခပ်လှမ်းလှမ်း၌ ရှိနေသည့် ချန်ရှင်းမှာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် နာကြည်းမှုများနှင့် ရုန်းကန်မှုအရိပ်အယောင်များ တစ်ခဏမျှ ပေါ်ပေါက်လာသည်။ သို့သော်လည်း ၎င်းတို့၏ နေရာတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ချက်ချင်း အစားထိုးဝင်ရောက်လာသည်သာဖြစ်သည်။ ထို့နောက် သူသည် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အမှောင်ဧကရာဇ် ခေါင်းတလားကြီးအား လှမ်းကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ၎င်းအား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ ဧရာမ အမှောင်ဧကရာဇ် ခေါင်းတလားကြီးထဲမှ ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာသည်။ မျက်လုံးဖြင့် မမြင်နိုင်သည့် စွမ်းအားတစ်မျိုးမှာ ထို ခေါင်းတလားကြီး၏ အဖုံးအား တွန်းဖွင့်လိုက်၏။ ထို့ကြောင့် ထို အဖုံးမှာ တဖြည်းဖြည်းနှင့် ပွင့်သွားပြီး အလွန်အင်မတန်မှအားကောင်းသည့် သေမင်းအငွေ့အသက်တစ်မျိုးမှာ အရှိန်အဟုန်ဖြင့် ထိုးထွက်လာတော့သည်။
ထို အငွေ့အသက်များ ထွက်ပေါ်လာသည်နှင့် ထို ခေါင်းတလားကြီးထဲမှ အလင်းတန်းပေါင်းမြောက်မြားစွာ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းထဲမှ ရုပ်ကလာပ်တစ်ခုမှာ အပြင်ဘက်သို့ ပျံထွက်လာသည်။ ထို ရုပ်ကလာပ်မှာ ထိခိုက်ပျက်စီးနေပြီး ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်ရှိတော့ပေသည်။ ထို့အပြင် ၎င်းမှာ ပုပ်ပွနေပြီး အရိုးများသာ ရှိတော့၏။ သို့သော် သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ထိုအရိုးများမှာ သေမင်းတာအိုအငွေ့အသက်များအား ထုတ်လွှတ်နေသည်ကို မြင်လိုက်ရမည်သာဖြစ်သည်။ ထို အငွေ့အသက် အမျှင်အတန်း တစ်ခုချင်းစီတိုင်းထဲတွင် မှုန်ဝါးဝါးဖြစ်နေသည့် မှော်ကမ္ပည်းစာလုံးများ မရေမတွက်နိုင်လောက်အောင် ကိန်းအောင်းနေသည့်ပုံပင်။ အမှောင်ဂိုဏ်းအတွက်မူ ဤ ရုပ်ကလာပ်မှာ အဖိုးအတန်ဆုံး ရှေးဟောင်းရတနာ ဖြစ်ပေသည်။
ထို ရုပ်ကလာပ်မှာ လေထဲသို့ ပျံတက်လာပြီးနောက် ချန်ရှင်း၏ ရှေ့တွင် ရစ်ဝဲနေ၏။ အမှောင်ဂိုဏ်းသား အားလုံးမှာမူ စိတ်လှုပ်ရှားမှုများကြောင့် ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ရီနေကြသည်။ သူတို့အားလုံးမှာ မျှော်လင့်စောင့်စားမှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ရှိခိုးဦးချလိုက်ကြ၏။ သူတို့နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် တစ်ဦးတည်းသောသူမှာ ဝမ်ပေါင်လဲ့ ဖြစ်သည်။ သူသည် ထို ရုပ်ကလာပ်အား တစ်ချက်ပင်မကြည့်ဘဲ သူ၏ ဆရာ ပျောက်ကွယ်သွားခဲ့သည့် နေရာတွင်သာ ရပ်နေ၏။ ထို့အပြင် သူသည် စိတ်နှင့်ကိုယ်နှင့် မကပ်တော့သည့် အမူအရာဖြင့် လဆုတ်ပညာရပ်အား ထပ်တလဲလဲ အသုံးပြုနေသေးသည်။
ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ပင်လျှင် တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်လာသောကြောင့် သူ့အား လုံးဝနီးပါး မမြင်ရတော့ပေ။ သူ၏ ဘေးနားတစ်ဝိုက်ရှိ နယ်မြေထဲမှ အချိန်စီးဆင်းမှုနှုန်းမှာလည်း အခြားနယ်မြေများထဲမှ အချိန်စီးဆင်းမှုနှုန်းနှင့် လုံးဝမတူတော့ပေ။
" ငါ လုပ်နိုင်မှာပါ "
" လဆုတ်ပညာရပ်ဆိုတာ အချိန်ပညာရပ်ပဲ။ ငါ ဆရာ့ကို သေချာပေါက် ပြန်ခေါ်နိုင်မှာပါ " ဝမ်ပေါင်လဲ့မှာ မျက်လုံးနီကြီးများဖြင့် တစ်ကိုယ်တည်းရေရွတ်နေ၏။ သူသည် အမှောင်ဂိုဏ်းသားများ၏ ရင်ထဲ၌ အလေးအမြတ်ထားရသည့် အဖိုးတန်ရတနာဖြစ်သော အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်အား လုံးဝ လျစ်လျူရှုထားရင်း မန္တန်လက်ကွက်များ အဆက်မပြတ် ဖော်နေသည်။ ထို့အပြင် သူသည် ထို ရုပ်ကလာပ် ချန်ရှင်း၏ လက်ထဲသို့ တဖြည်းဖြည်းနှင့် ရောက်သွားနေသည့် အချက်ကိုလည်း ဂရုစိုက်နေခြင်းမရှိပေ။
ချန်ရှင်းတစ်ယောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ထို ရုပ်ကလာပ်အား တို့ထိလိုက်သည်နှင့် ၎င်းမှာ အကြည်ရောင် အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်ထဲသို့ ပေါင်းစည်းဝင်ရောက်သွား၏။ ထို့နောက် သူ၏ လက်မှာ အမှောင်ကြယ်စင်စုအား ကိုယ်စားပြုသည့် အရောင်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ မီးခိုးရောင်၊ အနက်ရောင်နှင့် အဖြူရောင်တို့ ဖြစ်ကြပေသည်။
ထို ရောင်စုံ အလင်းရောင်များမှာ သူ၏ လက်ထဲမှ ထိုးထွက်လာကြပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ၎င်းတို့ ထိုကဲ့သို့ လွှမ်းခြုံပြီးသွားသည့်အချိန်တွင် မိုးကောင်းကင်တာအို၏ အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းတို့မှာ ယခင်တုန်းကထက် ပို၍ အားကောင်းလာသလို ပို၍လည်း ပြီးပြည့်စုံသွားပြီဖြစ်သည်။ ထို့အပြင် ချန်ရှင်း၏ ဦးခေါင်းအထက်တွင်လည်း ဧရာမ ဝဲကြီးတစ်ခု ပေါ်ပေါက်လာသေးသည်။
ထို ဝဲကြီးမှာ အမှောင်ကြယ်စင်စုထဲ၌ မျက်စိတစ်ဆုံး ဆန့်တန်းနေ၏။ အမှောင်ဂိုဏ်းသားမှာ ခေါင်းမော့ကြည့်လိုက်ကြသည်နှင့် ထို ဝဲကြီးထဲ၌ လမ်းတစ်လမ်းရှိနေသည်ကို အာရုံခံမိလိုက်သည်။ ၎င်းမှာ အမှောင်ဂိုဏ်းသားများ အားလုံး ရှေ့ဆက်လျှောက်ရမည့်လမ်း ဖြစ်ပေသည်။
ထို လမ်း၏ အဆုံးတွင် သက်ရှိလောကကြီးထဲရှိ အဆုံးမဲ့တာအိုနယ်မြေ ရှိနေသည်။
ထို ဝဲကြီးမှာ ထစ်ချုန်းသံများနှင့်အတူ လည်ပတ်နေ၏။ အမှောင်ကြယ်စင်စု တစ်ခုလုံးမှာ အပြင်းအထန်တုန်ရီနေသလို အမှောင်မြစ်ကြီးမှာလည်း လှုပ်လှုပ်ရွရွဖြစ်လာသည်။ သို့ဖြစ်ရာ ချန်ရှင်းမှာ အရာအားလုံးကို သူ၏ အတွေးတစ်ခုတည်းနှင့် ထိန်းချုပ်ထားသကဲ့သို့ပင်။
ချန်ရှင်းမှာ သူသည် ယခင်တုန်းကနှင့် မတူတော့ကြောင်း အာရုံခံမိလိုက်သလို မိုးကောင်းကင်တာအိုမှာလည်း သူ၏ ခန္ဓာကိုယ်ထဲ၌ ပိုမိုချောမွေ့စွာ စီးဆင်းနေပြီဖြစ်ကြောင်း အာရုံခံမိနေသည်။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့၏ နောက်ကျောအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ အဝေးသို့ ထွက်ခွာသွားတော့သည်။
အမှောင်ဂိုဏ်းသားများမှာလည်း လေးစားကြည်ညိုမှုများ၊ စိတ်လှုပ်ရှားမှုများနှင့် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူ၏ နောက်မှ ပြေးလိုက်သွားကြ၏။ သို့သော် အတူတကွ ပေါင်းစည်းသွားခဲ့ပြီးနောက် တကွဲတပြားစီ ပြန်ဖြစ်သွားကြသည့် အမျိုးသားနှင့် အမျိုးသမီး အမှောင်ကလေးငယ်နှစ်ယောက်မှာမူ မျက်ဝန်းများထဲ၌ လက်မခံချင်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာကြသည်။ ထို နှစ်ယောက်ထဲမှ အမျိုးသား အမှောင်ကလေးငယ်မှာ ချန်ရှင်း၏ နောက်မှလိုက်သွားနေရာမှ နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်သည်။ ထို့နောက် သူသည် အမှောင်မြစ်၏ အပြင်ဘက်ကိုထွက်ကာ အမှောင်ဧကရာဇ် သင်္ချိုင်းဂူထဲမှ ထွက်ခွာသွားခါနီးတွင် ရုတ်တရက်ဆိုသလို သူ၏ ညာဘက်လက်အား ဖြတ်တောက်လိုက်သည်။ ထိုအခါ ထို ညာဘက်လက်မှာ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး... အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အောက်ဆုံးတွင်ရှိနေသည့် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားတော့သည်။
ထို မြူခိုးများမှာ ရှေ့သို့ ထိုးထွက်သွားပြီးနောက် ထို တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်နှင့် တထေရာတည်းတူသည့် အသေးစား လူပုလေးတစ်ယောက်အသွင် ပြောင်းလဲသွား၏။ ၎င်း၏ ပတ်ပတ်လည်တွင် သတ်ဖြတ်လိုစိတ်များ ရစ်ဝဲနေပါသော်လည်း ၎င်းမှာ အလျင်အမြန် လှုပ်ရှားနေခြင်းတော့မရှိပေ။ သို့ဖြစ်ရာ ၎င်းမှာ ဆုံးဖြတ်ချက်ချရန် စောင့်ဆိုင်းနေသည့်ပုံပင်။ ၎င်းသည် မိုးကောင်းကင်တာအိုမှာ ၎င်းအား တားဆီးတော့မည်မဟုတ်ကြောင်း သေချာသွားသောအခါမှသာ ဆုံးဖြတ်ချက်ချလိုက်၏။ ထို့ကြောင့် ၎င်းမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး မျက်စိတစ်မှိတ် အတွင်းတွင် ဝမ်ပေါင်လဲ့နှင့် ကိုးမီတာအကွာသို့ ရောက်ရှိသွားတော့သည်။
၎င်းမှာ တစ်စက္ကန့်လေးပင် ရပ်တန့်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ ရီဝေဝေဖြစ်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ့အား တိုက်ခိုက်ရန် ကြံရွယ်ထားသည်။ သို့သော် ထို လူပုလေးမှာ ထိုနေရာသို့ ရောက်ရှိသွားသည်နှင့် တိုက်ပင် မတိုက်ခိုက်ရသေးပါသော်လည်း တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွား၏။ ထို့နောက် ၎င်း၏ ပုံပန်းသွင်ပြင်မှာ သိသိသာသာပြောင်းလဲသွားသည်။ ၎င်း၏ ဘေးနားတစ်ဝိုက်ရှိ အချိန်စီးဆင်းမှုမှာလည်း မျက်စိတစ်မှိတ်အတွင်း ပြောင်းပြန် ဖြစ်သွားသကဲ့သို့ပင်။
ထို့ကြောင့် ထို လူပုလေးမှာ လက်တစ်ဖက်အဖြစ် ပြန်လည်ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ၎င်းမှာ အနက်ရောင် သွေးစက်တစ်စက်အဖြစ် ပြောင်းလဲသွားပြီး အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။
ထို အနက်ရောင်သွေးစက် ပျောက်ကွယ်သွားသည်နှင့် ကံအကြောင်းတရား စွမ်းအားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ၎င်းနှင့် ၎င်း၏ မူလဇာစ်မြစ်၏ ကြားမှ အချိတ်အဆက်အား ဖြတ်တောက်ပစ်လိုက်၏။ ထို့ကြောင့် ၎င်းမှာ အမှောင်ကြယ်စင်စုထဲမှ လုံးဝပျောက်ကွယ်သွားတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ညာဘက်လက် ပြတ်သွားသည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်မှာ တစ်ကိုယ်လုံး စတင်တုန်ရီလာ၏။ သူသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူ၏ ဝိညာဉ်မှာလည်း မှေးမှိန်ပျောက်ကွယ်စ ပြုလာပြီ ဖြစ်သည်။ သူ၏ ဘေးတွင်ရှိနေသည့် အမျိုးသမီး အမှောင်ကလေးငယ်မှာလည်း ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာသည်။
ထိုအခါ အခြား အမှောင်ဂိုဏ်းသားများထဲမှ အချို့မှာ မျက်မှောင်ကြုတ်သွားကြပြီး စကားပြောရန် ပြင်လိုက်ကြပါသော်လည်း ချီတုံချတုံ ဖြစ်သွားကြ၏။ ချန်ရှင်းမှာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားနေဆဲပင်။ သူသည် တစ်ခဏလေးပင် ရပ်တန့်သွားခဲ့ခြင်းမရှိသလို မည်သည့်အရာကိုမှလည်း တားဆီးရန် ကြိုးစားခဲ့ခြင်းမရှိပေ။ သို့သော် ထိုအချိန်တွင် သူ၏ တာအိုအငွေ့အသက်မှာ စတင်တုန်ရီလာ၏။ ထို့နောက်....
သူတို့ကိုယ်သူတို့ တမူထူးခြားပြီး ဝမ်ပေါင်လဲ့ပြီးလျှင် အမှောင်ဂိုဏ်း၏ ထိပ်သီးအဆင့် အမှောင်ကလေးငယ်များအဖြစ် သတ်မှတ်ထားကြသည့် အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်မှာ အပြင်းအထန်တုန်ရီသွားကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားပြီး သူတို့မှာ စကားပြောချိန်ပင် မရလိုက်ပေ။ တစ်အောင့်ခန့်အကြာတွင် သူတို့၏ ခန္ဓာကိုယ်များမှာ ပျက်စီးပျောက်ကွယ်သွားပြီး သူတို့ နှစ်ယောက်စလုံးမှာ ဇီဝိန်ချုပ်သွားကြတော့သည်။ သူတို့မှာ သံသရာစက်ဝန်းထဲသို့ပင် ပြန်ဝင်ခွင့်မရှိတော့ပေ။ မိုးကောင်းကင်တာအိုမှာ သူတို့အား ဖယ်ရှားလိုက်ခြင်းဖြစ်သည်။
ချန်ရှင်းမှာမူ အဝေးသို့ တစ်လှမ်းချင်းစီ ဆက်လက်လျှောက်လှမ်းသွားနေ၏။ သူ၏ တာအိုအငွေ့အသက်မှာ ခံ့ညားထည်ဝါလွန်းနေသောကြောင့် လေထုကြီးမှာ တုန်ရီနေရပြီး အမှောင်ကြယ်စင်စုထဲ၌ ထစ်ချုန်းသံများ ပြည့်နှက်နေသည်။ သူ့ကြောင့် ပေါ်ပေါက်လာရသည့် ဝဲကြီးမှာလည်း ထို ကြယ်စင်စုတစ်ခုလုံးကို လွှမ်းခြုံထား၏။
သူ၏ နောက်ရှိ အမှောင်ဧကရာဇ် သင်္ချိုင်းဂူထဲတွင်မူ အခြားလူတစ်ယောက် ရှိနေသည်။ သူသည် ဆံပင်များ ရှုပ်ပွကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်ဝန်းများ နီမြန်းနေ၏။ ထို့အပြင် သူသည် လဆုတ်ပညာရပ်ကိုလည်း ထပ်တလဲလဲ အသုံးပြုနေသေးသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားကြ၏။ နောက်ဆုံးတွင် ချန်ရှင်းမှာ အမှောင်မြစ်ထဲမှ ထွက်ခွာသွားသည်။ ထိုအခါ အမှောင်မြစ်ကြီးမှာ ထစ်ချုန်းသံများနှင့်အတူ အမှောင်ဧကရာဇ် သင်္ချိုင်းဂူထဲသို့ စီးဝင်သွားတော့သည်။
အမှောင်မြစ်ကြီးတစ်စင်းလုံး အမှောင်ဧကရာဇ် သင်္ချိုင်းဂူထဲ၌ ပြည့်နှက်သွားသည့် အချိန်တွင် ချန်ရှင်းမှာ သူတစ်ယောက်တည်းသာ ကြားနိုင်သည့် လေသံဖြင့် တိုးတိုးလေးရေရွတ်လိုက်၏။
" ငါ မှန်တယ် “