အတိတ်ခေတ်၏ ကောင်းကင်နတ်ဘုံ
Vol. 55 Ch. 731
နွားအိုကြီးမှာ မြစ်ပြင်ထက်တွင် ရပ်လျက် ရေစီးကြောင်းတစ်လျှောက် ရွက်လွှင့်နေသော အပျော်စီးလှေများ၊ သင်္ဘောများကို ကြည့်နေမိသည်။ ယခုအချိန်သည် မဟာမြို့ပျက်၌ ညအခါသမယ ဖြစ်သင့်ပါသော်လည်း နေ့အချိန် ဖြစ်နေ၏။ မာန်ဟုန်မြစ်ကလည်း အဆပေါင်းများစွာ ကျယ်ဝန်းနေပြီး နဂါးရုပ်များ၊ ဖုန့်ဟွမ်ရုပ်များ ရေးထွင်းထားသော အပျော်စီးလှေများက သူတို့ဘေးမှ ဖြတ်ကျော်သွားနေကြသည်။
အပြာရောင်ရေလှိုင်းများက အုံကြွနေပြီး ဤမြစ်ကြီးမှာ ကောင်းကင်ထဲ၌ စီးဆင်းနေခြင်း ဖြစ်ချေသည်။
နွားအိုကြီး အောက်သို့ငုံ့ကြည့်သည့်အခါ မဟာမြို့ပျက်၏ မြေပြင်ကို မမြင်ရပေ။ ကြယ်တာရာများ တောက်ပနေသော ကြယ်တာရာကောင်းကင်သာ မြင်ရသည်။ ကြယ်တချို့က နီးသော်လည်း တချို့ကတော့ ဝေးနေသည်။
အနီးရှိကြယ်များမှာ အလွန်ကြီးမားသယောင် ထင်နေရပြီး အဝေးရှိ ကြယ်များမှာတော့ လများသဖွယ် သေးငယ်၏။ သို့တိုင်အောင် ကြယ်တာရာများအပေါ်၌ တည်ဆောက်ထားသော တောင်တန်းများ၊ အဆောက်အအုံများကို မြင်ရသေးလေသည်။
မာန်ဟုန်မြစ်၏ ဘေးနှစ်ဖက်၌ ရှိသော နန်းဆောင်များမှာလည်း ပျံဝဲနေသော မြေပြင်ကြီးဟု ဆိုရမည်။ ထိုနန်းဆောင်မြေပြင်များ စုစည်းသွားလျှင် ကြီးမားကျယ်ဝန်းသည့် နတ်ဘုံတစ်ဘုံ ဖွဲ့တည်နိုင်ပေသည်။
နွားအိုကြီးမှာ ခေါင်းယမ်းလိုက်ပြီး အူကြောင်ကြောင် ဖြစ်နေ၏။ ချင်မူ့ကို သယ်လျက် ပြေးနေရင်းတန်းလန်း အဘယ်သို့ပြု၍ ယခုလို ထူးဆန်းသော အခြေအနေနှင့် ကြုံတွေ့ရသနည်း။
ထို့အပြင် အမျိုးသမီးတစ်ယောက်က ဤမြစ်ကို ကောင်းကင်နတ်မြစ်ဟု ဆိုသွားခဲ့သည်။ ဤမြစ်သည် မာန်ဟုန်မြစ် မဟုတ်ပေဘူးလား။
မဟာမြို့ပျက်က မည်သည့်နေရာ ရောက်သွားသနည်း။
ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း အဘယ်မှာနည်း။
အောက်တွင် ခြေချစရာ မြေပြင်မရှိချေရာ သူ ရောက်နေသော ကမ္ဘာသည် အဘယ်ကမ္ဘာနည်း။
နွားအိုကြီးမှာ ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် စိုးရိမ်ကြောင့်ကြစွာ ကြည့်ရင်း အမြီးယမ်းကာ သူ့တင်ပါးသူ တဖြန်းဖြန်း ချနေမိသည်။
မာန်ဟုန်မြစ်၏အစ၊ သဘာဝကမ်းပါးကြီးသည် လူသူကျဲပါးသော နေရာဖြစ်၏။ ကမ်းပါးကြီးက မဟာမြို့ပျက်၏ အလယ်၌ ထူမတ်လာခဲ့သဖြင့် ပြတ်ရွေ့ကြောင်းကြီးတစ်ကြောင်း ဖြစ်ပေါ်လာခဲ့လေသည်။ ထိုပြတ်ရွေ့ကြောင်းကြောင့် အရှေ့မဟာမြို့ပျက်မှာ အနောက်မဟာမြို့ပျက်ထက် ကိုက်ပေါင်းထောင်ချီ နိမ့်ကျသွား၏။
ကမ်းပါးကြီးရှိနေ၍ မဟာမြို့ပျက်၏ အရှေ့နှင့် အနောက်သို့ သွားလာရန် အဆင်မပြေခဲ့ပေ။ နောက်ပိုင်းတွင် ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များကို ဖိတ်ခေါ်၍ လမ်းဖောက်ပေးခဲ့၏။ သူတို့က တံတားပျံနှစ်စင်း တည်ဆောက်လိုက်ခြင်းဖြင့် အရှေ့မဟာမြို့ပျက်နှင့် အနောက်မဟာမြို့ပျက်ကြားတွင် သွားရေးလာရေး လွယ်ကူစေခဲ့သည်။
မာန်ဟုန်မြစ်၏အစသည် ဤကမ်းပါးကြီးဆီမှ ဖြစ်ပြီး စီးကျလာသော ရေများက ကမ်းပါးအောက်ခြေ၌ ပေါင်းစည်းကာ မြစ်အဖြစ် အရှေ့အရပ်သို့ စီးဆင်းနေခြင်း ဖြစ်သည်။
ချင်မူ တစ်ခါက အသေးစိတ် လေ့လာခဲ့ရင်း မာန်ဟုန်မြစ်အစတွင် ထပ်နေသော ကမ္ဘာငါးခု ရှိပြီး ရေတံခွန်တို့သည် အခြားကမ္ဘာငါးခုမှ ဖြစ်မည်ဟု သံသယရှိခဲ့ဖူးသည်။
မှန်သည်၊ ယင်းက သူ ငယ်ငယ်တုန်းက ခန့်မှန်းခဲ့မှုသာ ဖြစ်ချေသည်။
ကောင်းကင်ယင်ကမ္ဘာနှင့် ကောင်းကင်ယင်ကမ္ဘာအနားရှိ ကမ္ဘာများကို တွေ့ရှိပြီးနောက် သူ့အထင် မှားခဲ့မှန်း သိခဲ့ရသည်။ သူ၏ခန့်မှန်းမှုသည် နည်းပါးလွန်းခဲ့၏။ အမှန်တွင် ထပ်နေသော ကမ္ဘာများကား ငါးခုမကပေ။
နွားအိုကြီးသည် လယ်သမားအဘိုးအိုနှင့်အတူ နှစ်ပေါင်းထောင်ချီ ရှိခဲ့သူ မဟုတ်ပါ၏လော။ ခိုင်ဧကရာဇ်ခေတ်နှင့်ပတ်သက်ပြီး သူ၏နားလည်မှုက ချင်မူ့ထက် သာလေသည်။
ချင်မူက မြစ်ရေသည် အခြားကမ္ဘာများဆီမှ ဖြစ်ကြောင်းသာ တွေးတောနိုင်ခဲ့သော်လည်း မာန်ဟုန်မြစ်က ခိုင်ဧကရာဇ်တွင် အထူးဆန်းဆုံးနေရာများထဲမှ တစ်နေရာဖြစ်ကြောင်း နွားအိုကြီး သိထား၏။
ဟိုးတစ်ချိန်တုန်းက ချုံဧကရာဇ်ခေတ် ပျက်သုဉ်းသွားသည့်အချိန် ခပ်ငယ်ငယ်သာ ရှိသေးသော ခိုင်ဧကရာဇ်သည် လူငယ်တစ်စုကို ခေါ်လျက် ဤနေရာသို့ ရောက်လာခဲ့သည်။ သူတို့အားလုံး အစပိုင်းတွင် ဆင်းရဲဒုက္ခများစွာ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသော်လည်း ချုံဧကရာဇ်မြို့ပျက်ကို အခြေတည်၍ .... နှစ်ပေါင်းနှစ်သောင်း တည်မြဲခဲ့သော ခေတ်ကြီးတစ်ခေတ်ကို တည်ထောင်နိုင်ခဲ့ကြ၏။
သို့သော် ထိုစဉ်အခါက မာန်ဟုန်မြစ်အစမှာ အလွန်ထင်ရှားကျော်ကြားသည့် ဆန်းကြယ်မြေပြင်တစ်ခု ဖြစ်ခဲ့သည်။
ခိုင်ဧကရာဇ်၊ သစ်ခုတ်သမားများနှင့် ကျန်ရှိသူများသည် ဤနေရာ၌ လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြပြီး ထူးဆန်းသော အရာများစွာ ဖြစ်ပျက်ခဲ့ဖူး၏။
မြူခိုးများက မြစ်ပြင်ထက်တွင် မကြာခဏ ဖွဲ့တည်လာတတ်ပြီး မြူများ လွှမ်းခြုံသွားလျှင် ထူးဆန်းသောအရာများနှင့် အခြားကမ္ဘာများကိုပင် မြင်ရတတ်သည်။ တချို့ဆိုလျှင် မြူခိုးများထဲ အမှတ်တမဲ့ ဝင်မိသွားပြီး ပြန်ထွက်လာသည့်အခါ နှစ်ပေါင်းရာချီ ကုန်ဆုံးသွားပြီဖြစ်ကြောင်း တွေ့ရတတ်သည်။
တချို့က လမ်းပျောက်နေသော ခရီးသွားတစ်ယောက် မြင်ခဲ့ရပြီး ထိုခရီးသွားက ချုံဧကရာဇ်ခေတ်မှ ဖြစ်ခဲ့ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။ မြူခိုးများ ပျောက်ကွယ်သွားသည့်အခါ ထိုခရီးသွားလည်း ပျောက်သွားခဲ့၏။
ဤနေရာတွင် ဖြစ်ခဲ့ဖူးသော နာမည်အကြီးဆုံးဖြစ်ရပ်ကို နွားအိုကြီး မှတ်မိနေသေးသည်။ ယင်းက ခိုင်ဧကရာဇ်သည် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ပင်။ သူ ငယ်ငယ်တုန်းက ထူးဆန်းသော နေရာတစ်နေရာသို့ ရောက်သွားဖူးသည့်အကြောင်း ခိုင်ဧကရာဇ် ပြောပြခဲ့ဖူး၏။ သူ ပြန်ရောက်လာသည့်အချိန်တွင် လအနည်းငယ် ကြာခဲ့ပြီဖြစ်ပြီး ထိုထူးဆန်းသော နေရာအား လိုက်ရှာကြည့်သော်လည်း ရှာမတွေ့ခဲ့ပေ။
သို့သော် ထိုနေရာတွင် မည်သည့်အရာကို ကြုံတွေ့ခဲ့ပြီး မည်သူနှင့် ဆုံတွေ့ခဲ့ရကြောင်း မေးမြန်းလျှင် ခိုင်ဧကရာဇ်က ဆိတ်ဆိတ်သာ နေ၍ လျှို့ဝှက်ထားခဲ့သည်။
ထို့နောက် နတ်ဘုရားများစွာ မာန်ဟုန်မြစ်သို့ သွားရောက်လေ့လာခဲ့ကြသော်လည်း မည်သည်ကိုမျှ မကြုံတွေ့ခဲ့ရပေ။ ထို့ကြောင့် ခိုင်ဧကရာဇ်၏ဖြစ်ရပ်အား မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။
အဖြစ်အပျက်အား အတော်များများ သတိမရကြတော့သော်လည်း ခိုင်ဧကရာဇ်ကမူ ခိုင်ဧကရာဇ်ဖြစ်လာပြီးနောက် မကြာခဏ လာခဲ့ဖူးသည်။ ထိုထူးဆန်းသော နေရာကို ရှာဖွေနေသည်လားတော့ မသိရပေ။
တစ်ခါတုန်းက တန်ခိုးရှင်သစ်ခုတ်သမားသည် ကောင်းကင်စာသားအဖွဲ့ကို ခေါ်၍ ဤနေရာသို့ လာကာ မာန်ဟုန်မြစ်ကို စူးစမ်းလေ့လာရာတွင် အာရုံစိုက်ခဲ့၏။ သူတို့က မရေမတွက်နိုင်သော လျှို့ဝှက်ချက်များနှင့် သမိုင်းကြောင်းထဲ၌ တိမ်မြုပ်နေသော ကမ္ဘာများကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ အမှောင်ထု၏ အရင်းအမြစ်ကိုလည်း ရှာတွေ့ခဲ့၍ လူလွှတ်စုံစမ်းခဲ့သေးသည်။
သို့သော် ထိုအချိန်မှာ ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်တော့မည့် ကာလဖြစ်ခဲ့သည်။ သစ်ခုတ်သမား သတင်းမရရင် ကပ်ဘေးကြီးသည် ခိုင်ဧကရာဇ်အင်ပါယာဆီသို့ ကျရောက်လာခဲ့၏။
‘ကောင်းကင်ဆရာသခင်ကြီးကတော့ မာန်ဟုန်မြစ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ သိလောက်တယ်.... ဒါပေမဲ့ သူ ဒီမှာ မရှိဘူး’
နွားအိုကြီး ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ ပျံဝဲနေသော ကောင်းကင်နန်းဆောင် တစ်ဆောင်ချင်းစီတွင် အတိုင်းထက်အလွန် သန်မာအားကောင်းသည့် နတ်ဘုရားများ စောင့်ရှောက်နေကြသဖြင့် သူ မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘အခု ပြဿနာက မဟာမြို့ပျက်ဆီ ဘယ်လိုပြန်ရမလဲ ဆိုတာပဲ’
ဤအခိုက်အတန့်မှာပဲ ချင်မူ၏ အံ့အားသင့်နေသောအသံ ထွက်လာသည်။ “အစ်ကိုကြီးစန်းသွော၊ ဒါ ဘယ်နေရာကြီးလဲ... ဘာလို့ ကျွန်တော့်ကို ဒီခေါ်လာတာလဲ”
နွားအိုကြီးမှာ မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ပါးစပ်ဟကာ တစ်ခုခု ပြောချင်နေသော်လည်း မည်သို့ပြောရမည်မှန်း မသိပေ။ “ငါ...”
ချင်မူက စိတ်လှုပ်တရှား ပြောတော့သည်။ “ဒါက ပြင်ပကောင်းကင်နတ်ဘုံလား”
နွားအိုကြီး ချီတုံချတုံ ဖြစ်နေပြီး ပါးစပ်ဟလိုက်၏။ “ငါလည်း....”
ချင်မူ အကြောဆန့်လိုက်ပြီး သူ၏ကျင့်စဉ်စွမ်းအင်က တရှိန်ထိုး မြင့်တက်လာနေသည်။ ကောင်းကင်ရတနာငါးခုကို ပေါင်းစည်းပြီးနောက် သူ၏ကျင့်စဉ်စွမ်းအင်သည် ခုန်ပျံကျော်လွှား တိုးတက်သွားပြီဖြစ်ကြောင်း ထင်ရှား၏။
သူက ပတ်ဝန်းကျင်အား စိတ်လှုပ်ရှားစွာ ကြည့်ရင်း ပြောနေသည်။ “အစ်ကိုကြီးစန်းသွောက သိုင်းပညာကောင်းကင်ဆရာသခင်ပြီးရင် အသန်မာဆုံးဖြစ်နေတာ အံ့ဩစရာ မရှိဘူး... တကယ်ကို ရဲရင့်လွန်းပါတယ်.... ကျွန်တော့်ကို ပြင်ပကောင်းကင်နတ်ဘုံဆီတောင် ခေါ်သွားရဲတယ်... သိုင်းပညာကောင်းကင်ဆရာသခင်က အစ်ကိုကြီးအတွက် လျှို့ဝှက်စစ်ဆေးရေး ပေးလိုက်တာလား”
နျိုစန်းသွောမှာ မြစ်ကြီးကို ကြည့်ရင်း မည်သို့ပြန်ဖြေရမှန်း မသိပေ။
ချင်မူက မေးလိုက်သည်။ “ဘယ်လိုပြန်ရမလဲ တွေးပြီးပြီလား”
“ငါ...”
“ကျွန်တော် စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်နိုင်တယ်”
ချင်မူက စိတ်လှုပ်ရှားစွာ ပြောနေ၏။ “ဒါပေမဲ့ လူသူတိတ်ဆိတ်တဲ့နေရာ ရှာဖို့ လိုတယ်... သိကြားဗုဒ္ဓဆီက တောင်းထားတဲ့ သစ်သား၊ သတ္ထုတွေ ရှိတာနဲ့ အတော်ပဲ... နောက်ထပ် စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း တည်ဆောက်ဖို့ လောက်တယ်... ဧကရာဇ်အတိုင်ပင်ခံကလည်း ကောင်းကင်ငှက်မွှေးကမ္ဘာမှာ စစ်တိုက်ဖို့ ပြင်နေတာဆိုတော့ ယဇ်ပလ္လင်တစ်ဆူ ဆောက်ထားလောက်ပြီ”
“ညီလေး၊ ငါ လမ်းပျောက်နေတာ ထင်တယ်နော်” နျိုစန်းသွောမှာ သတ္တိမွေးကာ ပြောလိုက်သည်။
“သိုင်းပညာကောင်းကင်ဆရာသခင်က အစ်ကိုကြီးကို ဘာစစ်ဆင်ရေး ပေးထားတာလဲ... ကောင်းကင်ဆရာသခင် စာပေသမားကို ကယ်ဖို့ ဟုတ်တယ်မလား... စာပေသမားကျစ်ရှီကို ပြင်ပကောင်းကင်နတ်ဘုံက ဖမ်းထားလို့ ကယ်ပေးရမှာမလား”
ချင်မူ အကြီးအကျယ် စိတ်လှုပ်ရှားနေသည်။ “ခဏစောင့်... မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးကို ဖွင့်လိုက်ဦးမယ်”
“ညီလေး ငါ လမ်းပျောက်နေတာဟ”
နွားအိုကြီးမှာ မချုပ်တည်းနိုင်တော့ပဲ ပြောလိုက်မိတော့သည်။ “တကယ် လမ်းပျောက်နေတာ... ဒီနေရာက ဘယ်လို သောက်ကျိုးနည်းနေရာမှန်းလည်း ငါ မသိဘူး... ဘာဖြစ်သွားမလဲ မသိလို့ လှုပ်တောင် မလှုပ်ရဲဘူးဟ.... အရင်ဆုံး ငါ တွေးပါရစေဦး”
ချင်မူက မယုံနိုင်သကဲ့သို့ မေးလေသည်။ “လမ်းမသိ နွားနောက်လိုက်တဲ့.... အစ်ကိုကြီး ဒီကို ဘယ်လိုရောက်လာတာလဲ... လာလမ်းအတိုင်း လှည့်ပြန်ပေါ့”
နွားအိုကြီး စိတ်ရှုပ်လာတော့သည်။ “ဘယ်လိုကနေ ဘယ်လိုရောက်လာမှန်းတောင် မသိပါဘူးဆို... မာန်ဟုန်မြစ်ရဲ့ ကမ်းပါးအပေါ်ကနေ ငါ ခုန်ချပြီး မြစ်ပြင်ပေါ် နင်းလိုက်တဲ့ အချိန်မှာပဲ မြူခိုးတွေ ပေါ်လာတယ်... မြူတွေ ကျဲသွားတော့ ဒီကို ရောက်နေတော့တာပဲ... ကျေးဇူးပြုပြီုး ပါးစပ်လေး ပိတ်ထားပေးပါ... ငါ တွေးနေတယ်”
ချင်မူ တိတ်ဆိတ်သွားပြီး တအောင့်စောင့်ပြီးသော် မေးလိုက်၏။ “အစ်ကိုကြီး တွေးမိပြီလား”
နွားအိုကြီး ရှူးရှူးရှားရှား ဒေါသထွက်သွားတော့သည်။ သူက ခေါင်းယမ်းကာ ပြောသည်။ “ငါ့ဦးနှောက်ထဲ ဘာမှကို ပေါ်မလာဘူး... ဘယ်လို ပြန်ရမလဲ၊ ဒီနေရာက ဘာနေရာလဲ... ဘာမှကို မသိတာ”
ချင်မူက ပတ်ဝန်းကျင်ကို စပ်စုကြည့်သည်။ “ဒီအပျော်စီးလှေတွေက အင်မတန် ရှေးကျတယ်... အဲဒီလှေတွေအပေါ်မှာ ထွင်းထားတာက အခြေခံအကျဆုံး လိပ်နက်သင်္ကေတအမှတ်အသားတွေပဲ... လိပ်နက်ရဲ့ ရေထိန်းချုပ်နိုင်စွမ်းကို ငှားရင်း လှေတွေ ရေပေါ်သွားနိုင်အောင် လုပ်ထားတာ... လှေရွေ့တဲ့အရှိန်ကလည်း ရေသားရဲတွေ ဆွဲပေးနေလို့ပဲ.... ဆေးမီးဖိုတွေကြောင့် မဟုတ်ဘူး... ဒါက ပြင်ပကောင်းကင်နတ်ဘုံမဟုတ်ဘူး၊ ပြင်ပကောင်းကင်နတ်ဘုံဆို ဒီလောက်ထိ ခေတ်နောက်မကျနိုင်ဘူး”
နွားအိုကြီး၏မျက်လုံးများ တောက်ပသွားသည်။ လှေများဆီသို့ ကြည့်လိုက်သည့်အခါ ရေအောက်၌ ဆွဲနေသော ရေသားရဲကြီးများအား မြင်လိုက်ရသည်။ ဤအသေးစိတ်များကို သူ သတိမထားမိပေ။ “နောက်ရော”
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာ၍ တတိယမျက်လုံးဖြင့် လှေပေါ်ရှိ လူများနှင့် ကောင်းကင်နန်းဆောင်များအတွင်းရှိ နတ်ဘုရားများအား ကြည့်လိုက်သည်။ သူက အလေးအနက် ပြောလိုက်၏။ “သူတို့ရဲ့ ချီစွမ်းအင်လှည့်ပတ်မှုလမ်းကြောင်းက သိပ်ရိုးရှင်းတယ်... ကောင်းကင်ရတနာတွေကလည်း ရှေးကျတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ ကောင်းကင်ရတနာတွေလို မဟုတ်ဘူး.. ဒီ့အပြင် သူတို့ရဲ့ ကောင်းကင်တံတားအားလုံး အကောင်းတိုင်း ရှိနေတယ်... တစ်စင်းမှ မကျိုးနေဘူး”
နောက်ဆုံးတော့ နွားအိုကြီး ယုံကြည်ချက် ပြန်ရှိလာပြီး မေးလိုက်သည်။ “တခြား ဘာမြင်ရသေးလဲ”
“ကောင်းကင်ရတနာမရှိတဲ့ လူတွေကိုလည်း မြင်ရတယ်”
ချင်မူ့အမူအရာက တည်ကြည်လေးနက်သွားပြီး သူသည် ကောင်းကင်နန်းဆောင်တစ်ခုဆီသို့ ကြည့်နေ၏။ ထိုနေရာတွင် ခံ့ညားတင့်တယ်သော နတ်ဘုရားတစ်ပါးက မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လျက် ရပ်နေသည်။ နေတစ်စင်းသည် သူ့ကို လွှမ်းခြုံထားသယောင်ပင် ထင်ရ၏။ “ကျွန်တော် မြင်နေရတာ မဟာနေဧကရာဇ်အစစ် ဖြစ်လောက်တယ်... သူက ကောင်းကင်နဲ့မြေကြီးကနေ မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါးဆိုတော့ ကောင်းကင်ရတနာတွေ မရှိဘူး... ပြီးတော့ ချုံဧကရာဇ်ခေတ်ရဲ့ မဟာနေဧကရာဇ်နဲ့လည်း မတူဘူး”
နွားအိုကြီး ကြောင်အမ်းသွားပြီး မည်သည်ကိုမှ မတွေးတတ်တော့ပေ။ သူက အထစ်ထစ်အငေါ့ငေါ့ ပြောသည်။ “မ...မင်း ဆိုလိုတာက...”
“ကျွန်တော် ဆိုလိုတာက...”
ချင်မူက ရုတ်တရက် တောက်ပစွာ ပြုံးပြီး သူတို့အနား ရောက်လာသည့် အပျော်စီးလှေတစ်စင်းအပေါ်ရှိ အမျိုးသမီးတစ်ယောက်ဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။ “မမကြီး ဗျို့ မမကြီး... ကျွန်တော်တို့ လမ်းပျောက်နေလို့ပါ မမကြီး... ဒီနေရာက ဘယ်နေရာလဲဗျ”
နွားအိုကြီး၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားတော့သည်။ ‘ညီလေးချင်က တော်တော်ပေါ့တာပဲ... ဒီနေရာကို ငါတို့ မတော်တဆ ရောက်လာလေ... ဒီမှာ အဆင့်မြင့်သိုင်းသမားတွေလည်း ပြည့်နေတယ်... ငါတို့က ဒီကမဟုတ်မှန်း တစ်ယောက်ယောက် သိသွားရင် ဘယ်လိုလုပ်မလဲ...’
လှေပေါ်ရှိ အမျိုးသမီးသည် ထည်ထည်ဝါဝါ ဝတ်ဆင်ထားပြီး တင့်တယ်လှပ၏။ သူမက လှေအရှေ့ရှိ ရှုခင်းကို ကြည့်နေရာမှ သူတို့ဆီ လှမ်းကြည့်ကာ မျက်ဝန်းများ ရွှန်းလဲ့သည်။ “မောင်လေးက အပြောလေးချိုလိုက်တာ... ဒီနေရာက ကောင်းကင်နတ်ဘုံပေါ့ မောင်လေးရဲ့... လာ၊ လှေပေါ် တက်ခဲ့”
နွားအိုကြီးမှာ ငေးငေးငိုင်ငိုင် ဖြစ်နေကော စိတ်နှင့်ကိုယ် ပြန်မကပ်သေးပေ။
ချင်မူက လှေပေါ် ခုန်တက်ပြီး လှမ်းခေါ်သည်။ “အစ်ကိုကြီး၊ လာ လှေပေါ် တက်ခဲ့လေ... မမကြီးက သဘောကောင်းတယ် ကျွန်တော်တို့ကို လမ်းကြုံခေါ်သွားပေးမယ်တဲ့”
နွားအိုကြီးလည်း လူတစ်ယောက်လို မတ်တပ်ရပ်၍ ခန္ဓာကိုယ်ကို လှုပ်ခါကာ နွားခေါင်းနတ်ဘုရားတစ်ပါးအသွင် ပြောင်းလိုက်သည်။ သူက လှေဦးသို့ အလျင်အမြန် ခုန်တက်လိုက်၏။
အမျိုးသမီးက ချင်မူ့ကို အကဲခတ်ရင်း ဤလူငယ်လေးသည် ချောမောပြီး ထက်မြက်မည့်ပုံရသည့်အပြင် ရိုးသားဖြူစင်သော ကလေးတစ်ယောက်နှင့် တူကြောင်း မြင်လိုက်ရ၏။ သူမမှာ မြင်မြင်ချင်း ခင်မင်သွားကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒီနေ့က ကောင်းကင်နတ်ဘုံရဲ့ ရုပ်ဖျက်တွေ့ဆုံပွဲလေ.. ကောင်းကင်နတ်မြစ်ပေါ်မှာ ရွက်လွှင့်နေတဲ့ လှေအများစုက အောက်ဘုံကနေ တက်လာကြတဲ့ လူငယ်ပါရမီရှင်တွေပဲ... မောင်လေးကြည့်ရတာ ကောင်းကင်နတ်ဘုံဆီ ပထမဆုံး ရောက်ဖူးတာပဲ ဖြစ်မယ် ဟုတ်တယ်မလား”
ချင်မူ ခေါင်းညိတ်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ “အစ်ကိုကြီးနျိုနဲ့ ကျွန်တော်က ဒီကို ပထမဆုံး လာတာပါ... တောသား မြို့တက်လာသလိုပေါ့ဗျာ ... ပတ်ဝန်းကျင်က လှလွန်းတော့ ငေးရင်း လမ်းပျောက်သွားတော့တာပဲ”
အမျိုးသမီးက ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဘုံဆီ ပထမဆုံး လာရင် အဲဒီအတိုင်းပါပဲ... အရှင်မင်းကြီးက ရှေးဟောင်းနတ်ဘုရားစံမြန်းဖို့အတွက် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နဲ့ ပလ္လင်ခန်းမ ၇၂ ဆောင် ဆောက်ခိုင်းထားတာလေ ... မမတောင် တစ်ခါတလေ မျက်စိလည်တယ်... အရှင်မင်းကြီးက ကောင်းကင်နတ်ဘုံကို နာမည်တောင် ပေးချင်နေသေးတယ်... လောလောဆယ် ကောင်းကင်နယ်စားမင်းရယ်၊ မြေအောက်ဘုံအရှင်သခင်ရယ်နဲ့ ဘယ်လိုနာမည်ပေးရမလဲ ဆွေးနွေးနေတယ်တဲ့”
နျိုစန်းသွောသည် သူ့ဘေး၌ ရွက်လွှင့်နေသော လှေတစ်စင်းဆီသို့ အကြည့်ရောက်သွားပြီး သရဲတဘက် မြင်လိုက်ရသကဲ့သို့ ကျောက်ရုပ်သဖွယ် ငြိမ်သက်သွား၏။
ချင်မူက အမျိုးသမီးနှင့် ရယ်ရယ်မောမော စကားပြောနေစဉ် သူ့အမူအရာအား မျက်ဝန်းထောင့်စွန်းမှ လှမ်းမြင်လိုက်သည်။ သူ အနည်းငယ် မှင်သက်သွားပြီး မေးလိုက်မိသည်။ “အစ်ကိုကြီး၊ အဆင်ပြေရဲ့လား”
“တွေ့ တွေ့ တွေ့....”
နွားအိုကြီးမှာ ထိုလှေကို ကြည့်ရင်း အထစ်ထစ်အငေါ့ငေါ့ ပြောနေသည်။ ချင်မူ သူ့အကြည့်အတိုင်း လှမ်းကြည့်လိုက်သည့်အခါ အခြားလူတစ်ယောက်နှင့် ရယ်ရယ်မောမော စကားလက်ဆုံကျနေသော လူငယ်တစ်ယောက်ကိုသာ မြင်လိုက်ရ၏။
“တွေ့ တွေ့...”
နွားအိုကြီးက စကားထစ်နေပြီး အဆုံးထိ မပြောနိုင်သေးပေ။
ချင်မူ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “အစ်ကိုကြီး ဘာကိုတွေ့တာလဲ”
“ခိုင်ဧကရာဇ်”
နောက်ဆုံးတော့ နျိုစန်းသွောက ပြောရန် ကြိုးစားနေသော စကားကို ပြောနိုင်သွား၏။ “ငါ လူငယ်ခိုင်ဧကရာဇ်ကို မြင်နေရတယ်”
၎
င
၎
၎