ရုပ်ဖျက်ခြင်း
Vol. 55 Ch. 732
“ခိုင်ဧကရာဇ်”
ချင်မူမှာ သေသေချာချာ မကြားလိုက်ရသကဲ့သို့ မေးလိုက်သည်။ “ဘယ်ခိုင်ဧကရာဇ်လဲ”
နျိုစန်းသွောမှာ အံ့အားသင့်နေရာမှ နိုးမလာသေးဘဲ အိပ်မက်မက်နေသည့်အလား ရေရွတ်နေသည်။ “ခိုင်ဧကရာဇ်က တစ်ယောက်တည်း ရှိတာ ဘယ်ခိုင်ဧကရာဇ် ဖြစ်နိုင်မလဲ... သူက ဆွဲဆောင်မှုရှိလွန်းလို့ သာမန်ပြည်သူတွေ သိန်းသောင်းချီရှိနေတဲ့ကြားမှာတောင် တစ်ချက်ကြည့်လိုက်တာနဲ့ တန်းမြင်ရတယ်... အခြားလူတွေ ဘယ်လောက်ခံ့ညားချောမောပါစေ သူ့ကို မြင်လိုက်ရတာနဲ့ မင်းအကြည့် ဖမ်းစားခံလိုက်ရလိမ့်မယ်... သူ့မှာ ခေါင်းဆောင်တစ်ယောက်ရဲ့ အဟန့်အထည်ရှိတယ်... အခြားလူတွေ ဘယ်လောက်ထူးချွန်ထက်မြက်ပါစေ ... သူတို့က သူ့ကို လှည့်ပတ်နေရတဲ့ ကြယ်တွေ သက်သက်ပဲ”
ချင်မူ သတိပြန်ဝင်သွားပြီး လှေဆီသို့ တမုဟုတ်ချင်း လှမ်းကြည့်လိုက်သည်။
ခိုင်ဧကရာဇ်
ခိုင်ဧကရာဇ်ခေတ်၏ တည်ထောင်သူ၊ သူ၏ ဘိုးဘေးကြီး။
ခိုင်ဧကရာဇ်လည်း ဤနေရာတွင် ရှိနေသည်။
ဤသည်မှာ ခိုင်ဧကရာဇ်ခေတ်၏ အစများ ဖြစ်နေမလား။
ချင်မူ့ရင်ထဲ၌ ပြင်းထန်သော ခံစားချက်တို့ ဖြစ်ပေါ်လာပြီး ခိုင်ဧကရာဇ်အား တွေ့ချင်လာသည်။
ခိုင်ဧကရာဇ်ကို တွေ့ရမည်။ သူ၏ ဘိုးဘေးကြီးကို တွေ့ရမည်။ မဖြစ်မနေ တွေ့မှ ဖြစ်မည်။
ချင်မူ လှေပေါ်မှ ထပြီး ခိုင်ဧကရာဇ် ရှိနေသော လှေနောက် လိုက်သွားသည်။ နွားအိုကြီးလည်း သူ့နောက်မှ ကပျာကယာ လိုက်သွားသဖြင့် အမျိုးသမီးမှာ အံ့အားသင့်လျက် ကျန်ခဲ့လေသည်။ သူမက အပြုံးတစ်ခုဖြင့် လှမ်းမေး၏။ “မောင်လေး၊ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ”
“မမကြီး၊ ကျွန်တော် သိတဲ့ လူတစ်ယောက် တွေ့လိုက်လို့”
ချင်မူက လေလယ်မှ လှည့်ပြီး အရိုအသေပေးသည်။ “အဲဒီလူက ကျွန်တော့်အတွက် အင်မတန် အရေးပါတယ်.... အလျင်လိုနေတာနဲ့ မမကြီးကို မေ့သွားမိတယ်၊ စိတ်မရှိပါနဲ့ခင်ဗျာ... ကျွန်တော် ကိစ္စလေးပြီးရင် မမကြီး လာပြီး တောင်းပန်ပါ့မယ်”
အမျိုးသမီးသည် လက်ခါကာ ပြုံးနေ၏။ “အလျင်လိုနေမှတော့ သွားပါ မောင်လေးရဲ့... မမကြီးရဲ့ မျိုးရိုးက ကျူ၊ နာမည်က ချွဲအာ... ဇာမဏီမီးငှက်နန်းဆောင်မှာ နေတယ်... မောင်လေး အားရင် မမကြီးကို လာသာ ရှာလိုက်နော်... ဇာမဏီမီးငှက်နန်းဆောင်က ကောင်းကင်နတ်ဘုံရဲ့ တောင်ဘက်မှာ ရှိတယ်”
ချင်မူ ခေါင်းညိတ်၍ လှည့်ထွက်သွားသည်။ သူကား အလွန်လျင်မြန်စွာ ပြေးရင်း လှေနောက် လိုက်သွား၏။
“ကျူချွဲအာဆိုတဲ့ လူလည်း ရှိသေးတယ်လား” (ကျူချွဲအာ _ ဇာမဏီမီးငှက်)
နွားအိုကြီးက ချင်မူ့နောက်မှ လိုက်ပြီး ခပ်တိုးတိုး ပြောနေသည်။ “ဇာမဏီမီးငှက်က နတ်မင်းလေးပါးထဲက တစ်ပါးပဲ... အရင်ကောင်းကင်နတ်ဘုံမှာ နတ်မင်းလေးပါး ရှိခဲ့တယ်... တောင်ဘက်နတ်မင်းက မီးငှက်အပြင် တခြားမဟုတ်ဘူး... ဒီအမျိုးသမီးက သူ့ကိုယ်သူ ကျူချွဲအာလို့ ခေါ်တယ်ဆိုတော့ သေရမှာ မကြောက်တာလား... ဒါပေမဲ့ သူ့အစွမ်းအစတွေကလည်း မသေးဘူး... သခင်ကြီးနဲ့ တန်းတူလောက် ရှိတယ်”
ချင်မူ အနည်းငယ် မှင်သက်သွား၏။ “တောင်ဘက်နတ်မင်းက ဇာမဏီမီးငှက်နတ်ဘုရားမျိုးနွယ်လား.. ချီရှားယွီက တောင်နတ်မင်း မဟုတ်ဘူးလား”
နွားအိုကြီးက ရှင်းပြသည်။ “ချီရှားယွီက တောင်ကောင်းကင်ဘုံ ဇာမဏီနတ်မင်း၊ ခေါင်းကိုးလုံး မီးငှက်... တောင်ဘက်နတ်မင်းနဲ့ မတူဘူး... ချီရှားယွီက ချုံဧကရာဇ်ခေတ်တုန်းက နတ်ဘုရားဖြစ်ခဲ့ပြီး ရန်သူနဲ့ ပူးပေါင်းလိုက်လို့ အင်အားကြီးလာတာ... ဒါပေမဲ့ တောင်ဘက်နတ်မင်းက ရှိနေတော့ သူ့ကို တောင်ဘက်နတ်မင်းလို့ ခေါ်လို့မရဘူး... အဲဒါကြောင့် ဇာမဏီနတ်မင်းလို့ ခေါ်ကြတာ”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး ထိုအမျိုးသမီးဆီသို့ လှမ်းကြည့်လိုက်သည်။ လှေလေးကား အဝေး၌ ပျောက်ကွယ်သွားပြီဖြစ်ချေသည်။
“ကျူချွဲအာ... ဇာမဏီမီးငှက်နန်းဆောင်... ကျူချွဲအာက တောင်နတ်မင်းနဲ့ ဘယ်လို ပတ်သက်နေတာလဲ”
သူ့မှာ ခိုင်ဧကရာဇ်ကို မှီအောင် လိုက်ရန်သာ စိတ်စောနေသဖြင့် ဤကိစ္စအား ခေတ္တဘေးချိတ်ပြီး ခိုင်ဧကရာဇ်ရှိသော လှေနောက်သို့ လိုက်သွားသည်။
ကျူချွဲအာ ချင်မူထွက်သွားသည်ကို ကြည့်နေစဉ် အစေခံမိန်းကလေးတချို့က ရှေ့ဆက်လာပြီး မေး၏။ “နတ်ဘုရားမက ဘာလို့ အဲဒီမောင်လေးအပေါ် သဘောကောင်းနေတာလဲ... သူက သူ့နာမည်တောင် ပြောသွားတာမဟုတ်ဘူး”
“သူ့ကို လူမသိရင်တောင် နောင်တစ်ချိန်ကျရင် သူက တစ်လောကလုံးမှာ ထင်ရှားကျော်ကြားလာလိမ့်မယ်... ငါတော့ သူ့ကို အဲဒီလိုလူလို့ မြင်တယ်”
ကျူချွဲအာ၏ မျက်ဝန်းများသည် သမင်မျက်ဝန်းများပမာ ရှည်မျောပြီး သူမက ပြုံးလိုက်သည်။ “သူက ထူးခြားတယ်... နောက်ကျ သေချာပေါက် အောင်မြင်မယ့်သူပဲ... ဒါ့အပြင် သူ အစ်ကိုကြီးလို့ ခေါ်နေတဲ့ နွားကြီးက ကြောက်စရာကောင်းလောက်အောင် သန်မာအားကောင်းတယ်... ကောင်းကင်နတ်ဘုံမှာတောင် အဲဒီလိုသိုင်းပညာရှင်မျိုး များများစားစား မရှိဘူး... နွားကြီးက သူ့နောက် လိုက်နေရတာ ကြည့်ရင် ဒီကောင်လေးက တော်ရုံတန်ရုံ ပါရမီနဲ့ လူမဟုတ်မှန်း ထင်ရှားပါတယ်... ကဲ ကောင်းကင်နတ်ဘုံဆီ ဆက်သွားကြစို့... မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်း ရောက်ပြီလား မသိဘူး... အရှင်မင်းကြီးနဲ့ သူတို့ကို အကြာကြီး စောင့်နေခိုင်းလို့ မဖြစ်ဘူး”
ကောင်းကင်နတ်မြစ်အပေါ်တွင် ရွေ့လျားနေကြသော အပျော်စီးလှေများမှာ မရေမတွက်နိုင်အောင် များပြားလှသည့်အပြင် တစ်စီးနှင့်တစ်စီး ရောနှောနေကြသည်။ လှေကို ဆွဲနေသော မြစ်ရေသားရဲကြီးများကြောင့်လည်း လှိုင်းလုံးများက တစ်ချက်တစ်ချက် ထကြွလာတတ်သည်။
ချင်မူမှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသော်လည်း ခိုင်ဧကရာဇ် ရှိသော လှေအား ရှာမတွေ့ပေ။
ထိုစဉ် လေတိုးသံကဲ့သို့ ခပ်တိုးတိုး အသံတစ်သံ ထွက်လာသည်။ အသံက တိုးသော်လည်း ကြိမ်နှုန်းမြင့်ကာ တုန်ခါနေ၏။ ဆယ်မိုင်ကျော် ရှည်လျားသော ခွန်ကြီးတစ်ကောင်က ဆူးတောင်များကို ခတ်လျက် ရေထဲမှ ဗွမ်းခနဲ ခုန်ထွက်လာလေသည်။ (ခွန် - ဝေလငါးနှင့် သဏ္ဍာန်တူသော ဒဏ္ဍာရီလာသတ္တဝါ)
ခွန်ကြီးကြောင့် လှိုင်းလုံးကြီးများ လေပေါ် မြောက်တက်လာပြီး စောစောက အသံမှာ ခွန်ကြီး၏ ဆူးတောင်များမှ တောင်ပံများလို တဖျတ်ဖျတ် ခတ်နေသဖြင့် ထွက်လာသည့် အသံ ဖြစ်၏။
ဤနေရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားသော လူများ မရှိသော်လည်း သယ်ယူပို့ဆောင်ရေးအတွက် ဆန်းကြယ်ပြီး ရှားပါးသော သားရဲကြီးများကို အသုံးပြုကြသည်။
“လှေက ကမ်းဆိုက်သွားပြီပဲ”
လှိုင်းလုံးကြီး ပြန်ကျသွားသည့်အခါ ကျောက်စိမ်းဆိပ်ကမ်းတစ်ခုတွင် ကမ်းကပ်ထားသော လှေအား မြင်လိုက်ရ၍ ချင်မူ့မျက်လုံးများ အရောင်တောက်သွားသည်။ သို့သော် ခိုင်ဧကရာဇ်က လှေပေါ်တွင် မရှိတော့သလို၊ သူနှင့်အတူ ရှိနေခဲ့သောလူများလည်း ပျောက်သွား၏။
ကျောက်စိမ်းဆိပ်ကမ်းအနား၌ ကမ်းကပ်ထားသော တခြားလှေများလည်း ရှိပြီး ရှေးဆန်ဆန် အဝတ်အစားများ ဝတ်ထားကြသည့် လူတချို့က လှေပေါ်မှ ဆင်းနေကြသည်။ ကျောက်စိမ်းဆိပ်ကမ်းတွင် တခြားမည်သည်ကိုမှ မတွေ့ရပေ။ ရေထဲတွင်မူ ငါးကြီးတစ်ကောင်၏ အစိမ်းရောင်ကျောပြင်က မျောနေသည်။
လှေပေါ်မှ ဆင်းလာသည့် လူများက ငါးကြီး၏ ကျောပေါ် တက်ပြီး ကျွန်းလေးတစ်ကျွန်းအပေါ်တွင် ရပ်နေသကဲ့သို့ နေရာယူထားကြသည်။
“ဒါက ပြောင်းစီးရတဲ့ နေရာပဲ”
နွားအိုကြီးက အလျင်အမြန် ပြော၏။ “သူတို့ ခွန်ကြီးကို ပြောင်းစီးတော့မှာ”
ချင်မူ အလျင်အမြန် ပြေး၍ စောစောက ရေထဲမှ ထွက်လာသော ခွန်ကြီးနောက် လိုက်သွားသည်။ သူ့အနောက်ရှိ နွားအိုကြီးက လေကို နင်း၍ မိုးခြိမ်းသံကဲ့သို့ အသံများဖြင့် သူ့နောက် လိုက်မှီလာသည်။ ထို့နောက် ချင်မူ သူ့ကျောပေါ်သို့ ဆွဲငင်ခံလိုက်ရ၏။
နွားအိုကြီး အားထည့်လိုက်သည့်အခါ သူသည် ဟင်းလင်းပြင်ကို ခွဲ၍ ခွန်ကြီးနောက် တရှိန်ထိုး လိုက်သွားသော အစိမ်းရောင်အလင်းတန်းတစ်တန်း ဖြစ်သွားတော့သည်။
နျိုစန်းသွောက ချင်မူ့ကို သယ်၍ ပျံသန်းနေသော ခွန်ကြီးဆီ ပြေးနေသည်။ ခွန်ကြီးသည် အလွန်လျင်မြန်ပါသော်လည်း နွားအိုကြီးအောက် နိမ့်ကျသေး၏။
အနားရောက်လာသည့်အခါ ချင်မူ စိတ်တည်ငြိမ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “အစ်ကိုကြီးစန်းသွော၊ မှီအောင် မလိုက်နဲ့ဦး”
နွားအိုကြီးမှာ ကပျာကယာ အရှိန်လျှော့၍ ဇဝေဇဝါ မေးလိုက်မိသည်။ “မင်း ခိုင်ဧကရာဇ်နဲ့ တွေ့ချင်တာ မဟုတ်လား”
”တွေ့ချင်ပေမယ့် ဒီခေတ်က ဘယ်ခေတ်မှန်း မသိသေးဘူး... ဘယ်နေရာရောက်နေပြီး ဘယ်ကာလလဲလည်း မသိသေးဘူး... ကျွန်တော် ထင်တာတော့....”
သူ့အမူအရာက တစ်မျိုးတစ်မည် ဖြစ်နေသည်။ “ကျွန်တော်ထင်တာတော့ အတိတ်တစ်ချိန်ကို ကျွန်တော်တို့ ပြန်ရောက်လာတာ ဖြစ်မယ်... ဒါပေမယ့် ခိုင်ဧကရာဇ်ခေတ်တော့ မဟုတ်ဘူး”
နွားအိုကြီး ခေါင်းညိတ်လိုက်သည်။ “ခိုင်ဧကရာဇ်ခေတ် မဟုတ်တာက သေချာတယ်... ခိုင်ဧကရာဇ်ခေတ်က သိပ်ခမ်းနားကြီးကျယ်ခဲ့ပေမယ့် ဒီလောက် အတိုင်းအတာတော့ မဟုတ်သေးဘူး... ပြီးတော့ ဒီနေရာက ခေတ်နောက်ကျလွန်းတယ်... ချုံဧကရာဇ်ခေတ်များလား...”
ချင်မူ ဆက်လက်တွေးကြည့်နေ၏။ “ချုံဧကရာဇ်ခေတ်လည်း မဟုတ်ဘူး.. ကျွန်တော် ချုံဧကရာဇ်ခေတ်အကြောင်း သိပ်မသိပေမယ့် ချုံဧကရာဇ်ခေတ်နှောင်းပိုင်းကာလက မတည်ငြိမ်တာတော့ သိတယ်... ချိမင်ဧကရာဇ်ခေတ်လည်း မဟုတ်ဘူး... ဘာကြောင့်ဆို ချိမင်ဧကရာဇ်ခေတ်မှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နဲ့ လူတွေ များတယ်လေ... ဒီက နတ်ဘုရားတွေကတော့ ပုံသဏ္ဍာန်၊ အရွယ်အစားမျိုးစုံ ရှိကြတယ်”
နွားအိုကြီးမှာ မျက်ပြူးဆန်ပြူးဖြင့် အော်တော့သည်။ “ငါတို့ နဂါးဟန်ခေတ်ဆီ ပြန်ရောက်သွားတာများလားဟေ”
ချင်မူ့မျက်နှာအမူအရာက ထူးဆန်းနေသည်။”အစ်ကိုကြီးကလည်း စိတ်အေးအေးထားပါဗျာ... မာန်ဟုန်မြစ်က သိပ်ထူးဆန်းတယ်... ကျွန်တော်လည်း မာန်ဟုန်မြစ်ပေါ်က မြူခိုးတွေနဲ့ တွေ့ခဲ့ဖူးတဲ့အပြင် လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက ချုံဧကရာဇ်ခေတ်နှောင်းပိုင်းကာလ၊ မာန်ဟုန်မြစ်အစမှာ ရှိတဲ့ ကန္တာရကမ္ဘာတစ်ခုကိုတောင် ရောက်သွားဖူးသေးတယ်... ဒီလောက် အသေးအမွှားကိစ္စလေးအတွက် ပျာယာခတ်နေစရာ မလိုပါဘူး”
နွားအိုကြီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ အထစ်ထစ်အငေါ့ငေါ့ ပြောလေသည်။ “မင်း...မင်း... ထူးဆန်းတဲ့ဖြစ်ရပ်ကို ကြုံတွေ့ဖူးတယ်ပေါ့”
ချင်မူက ပြောပြ၏။ “ရှင်းအန်း လိုက်ဖမ်းလို့ ကျွန်တော် သေတ္တာကြီး၊ နဂါးချီလင်၊ မှော်ဆရာကြီးနဲ့အတူ ထွက်ပြေးခဲ့ရတုန်းက မထင်မှတ်ဘဲ လွန်ခဲ့တဲ့ နှစ်လေးသောင်းဆီ ပြန်ရောက်သွားပြီး ချုံဧကရာဇ်ခေတ် ဖျက်စီးခံလိုက်ရတဲ့ စစ်ပွဲကြီးကိုတောင် ဆင်နွှဲခဲ့ရသေးတယ်... ဒါပေမဲ့ တစ်ညပါပဲ... နေထွက်လာတော့ ပိုင်ချွီအာနဲ့ ချုံဧကရာဇ်ခေတ်ရဲ့ ကျန်တဲ့လူတွေအားလုံး အနက်ရောင်သဲမှုန်တွေလို ပြန့်ကြဲလွင့်ပျယ်သွားတယ်လေ... ဒီကမ္ဘာလည်း နေထွက်ရင် ပျောက်ကွယ်သွားပြီး ကျွန်တော်တို့ကို မဟာမြို့ပျက်ဆီ ပြန်ပို့ပေးနိုင်မလား မသိ...”
နွားအိုကြီးက ချောင်းဟန့်၍ ကြားဖြတ်ပြောသည်။ “ညီလေး၊ ဒီမှာ ညမရှိဘူး ထင်တယ်နော်”
ချင်မူ မှင်သက်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ကောင်းကင်ထက်တွင် နေလုံးကြီးသည် အလျှံတညီးညီး တောက်ပနေရာ ဤရှေးဟောင်းကောင်းကင်နတ်ဘုံ၌ ည ရှိမည့်ပုံမပေါ်ပေ။
နွားအိုကြီးက ပြောသည်။ “ခိုင်ဧကရာဇ်လည်း တစ်ခါတုန်းက ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ပြီး လပိုင်းလောက် ပျောက်သွားဖူးတဲ့အကြောင်း ပြောဖူးတယ်... ငါတို့ အခု ကြုံတွေ့နေရတဲ့ ဖြစ်ရပ်က ခိုင်ဧကရာဇ်ပြောခဲ့တဲ့ ဖြစ်ရပ်နဲ့ တူနေမလားပဲ....ဆိုလိုတာက ငါတို့လည်း လူငယ်ခိုင်ဧကရာဇ်လို လပိုင်းလောက် ပိတ်မိနေလောက်မယ်”
ချင်မူ အလေးအနက် ပြောလိုက်မိသည်။ “ခိုင်ဧကရာဇ် ထူးဆန်းတဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတဲ့အချိန်က လွန်ခဲ့တဲ့ နှစ်သုံးသောင်း၊ လေးသောင်းလောက်က ဖြစ်လောက်တယ်... ဒါပေမဲ့ သူနဲ့ ကျွန်တော်က မတူညီတဲ့ခေတ်က လူတွေလေ... ကျွန်တော် သူ့ကို တွေ့လိုက်ရင် ပိုလို့တောင် ထူးဆန်းတဲ့ ဖြစ်ရပ် ဖြစ်လာမလား မသိဘူး... အစ်ကိုကြီးစန်းသွော၊ ခိုင်ဧကရာဇ် အစ်ကိုကြီးကို သိလား”
နွားအိုကြီးမှာ ငေးငေးကြောင်ကြောင် ဖြစ်နေ၏။ “သိတာပေါ့... ခိုင်ဧကရာဇ်ခေတ်က ငါ့အပေါ် သိပ်ကောင်းတယ်... ငါ့ကို ခဏခဏ ခေါ်ပြီး ကောင်းကင်နန်းဆောင် ချီးမြှင့်ခဲ့ပေမယ့် ငါက အလုပ်မရှုပ်ချင်လို့ ငြင်းခဲ့တာ”
“ဘယ်တုန်းက စသိတာလဲ” ချင်မူ ဆက်မေးလိုက်သည်။
နွားအိုကြီး တခဏ တွေးကြည့်ကာ ပြောလိုက်သည်။ “ငါက သခင်ကြီးနောက်ပဲ အမြဲလိုက်နေခဲ့တာလေ... သခင်ကြီးက ငယ်ငယ်တုန်းက ချမ်းသာတဲ့ မိသားစုကြီးတစ်စုအတွက် နွားကျောင်းပေးခဲ့ရတာ... ငါကတော့ သူ ကျောင်းပေးခဲ့တဲ့ နွားတစ်ကောင်ပေါ့... သခင်ကြီး နွားကျောင်းရင်း လက်သီးသိုင်း ခိုးကျင့်တော့ ငါလည်း သူ့ဆီ လိုက်သင်ခဲ့တယ်... တစ်ရက် ငါ ပါးစပ်ဖွင့်ပြီး စကားပြောလိုက်တုန်းကဆို သခင်ကြီးခမျာ ထခုန်မတတ် လန့်သွားတာ.... အဲဒီကနေစပြီး ငါတို့ မိတ်ဆွေတွေ ဖြစ်လာကြတာပဲ... အဲဒီမိသားစုက သူတို့ရဲ့ ဘိုးဘွားအမွေ သိုင်းကျင့်စဉ်ကို နွားကျောင်းနေတဲ့ ကောင်လေး တတ်သွားမှန်းလည်း သိရော သူ့ကို သတ်ချင်လာကြတယ်... ဒါနဲ့ ငါ သခင်ကြီးကို သယ်ပြီး ပြေးတယ်... ပြေးပြီးရင်း ပြေးတယ်... ပြေးရင်း ခိုင်ဧကရာဇ်နဲ့ တွေ့ခဲ့တာပဲ... ခိုင်ဧကရာဇ်က ငါတို့နောက်လိုက်လာတဲ့ လူတွေကို သတ်ပေးခဲ့လို့ ငါတို့လည်း သူ့နောက် လိုက်ခဲ့ကြတယ်... အဲဒီအချိန်တုန်းက သူက ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်ပဲ ရှိသေးတာ”
“ဒါဆို အစောကြီးပဲ... သူ အစ်ကိုကြီး သေချာပေါက် မှတ်မိလိမ့်မယ်”
ချင်မူ သူ့ကျောပေါ်မှ ခုန်ဆင်း၍ ထောင်ကျယ်အိတ် ဖွင့်လိုက်သည်။ သူက အဝါရောင်စက္ကူတစ်ရွက် ထုတ်ပြီး ပြောလေသည်။ “အစ်ကိုကြီးစန်းသွော၊ လူအသွင် အရင်ပြောင်းလိုက်”
နွားအိုကြီး နွားခေါင်းနတ်ဘုရားတစ်ပါး အသွင်ပြောင်းလိုက်သည့်အခါ ချင်မူက အဝါရောင်စက္ကူကို သူ့နဖူးပေါ်တွင် ကပ်လိုက်သည်။ “ဒါက ယိုတုအရာရှိမင်းဆီက အဝါရောင်စက္ကူပဲ ... ကပ်ထားရင် တခြားလူတွေ အစ်ကိုကြီးရဲ့ မျက်နှာကို မမြင်ရတော့ဘူး... ဒီလိုဆို ခိုင်ဧကရာဇ်လည်း အစ်ကိုကြီးကို မမှတ်မိတော့ဘူး... ကျွန်တော့်မှာ ဒီတစ်ရွက်ပဲ ရှိတယ်... တျန်းချိကျွင်းအရာရှိမင်းဆီက ယူလာတာဆိုတော့ အသုံးဝင်လိမ့်မယ်”
နွားအိုကြီးက နဖူးပေါ်ရှိ အဝါရောင်စက္ကူရွက်ကို လှန်၍ စပ်စုသည်။ “တခြားနေရာ ကပ်လို့ မရဘူးလား... နဖူးပေါ် ကပ်ထားတော့ မျက်လုံးကို ကွယ်နေတယ်”
“တခြားနေရာတော့ စမ်းမကပ်ကြည့်ဖူးဘူး”
ချင်မူ နွားအိုကြီးကို ကြည့်နေသော်လည်း မျက်နှာအစစ်အား အမှန်တကယ် မမြင်ရပေ။ “အစ်ကိုကြီး စမ်းကြည့်ပါလား”
နွားအိုကြီးက အဝါရောင်စက္ကူကို ခွာ၍ ကိုယ်ပေါ်တွင် သိမ်းထားလိုက်သည်။ “မြင်ရသေးလား”
ချင်မူ သူ့မျက်နှာကို မမြင်ရသေးပေ။ အဘိုးကြီးတစ်ယောက်အဖြစ်သာ ဝိုးတိုးဝါးတား မြင်ရသဖြင့် ပြုံးကာ ပြောလိုက်သည်။ “အရာရှိမင်းရဲ့ အဝါရောင်စက္ကူက ဒီလိုလည်း သုံးလို့ရတယ်လား... သူက ကျွန်တော့်မျက်နှာပေါ် ကပ်ထားတော့ မျက်နှာပေါ်ပဲ ကပ်ရမယ် ထင်နေတာ.... အခု ခိုင်ဧကရာဇ်နောက် လိုက်ကြတာပေါ့”
သူက ဖန်ဆင်းပညာဖြင့် သူ့မျက်နှာကို ပြောင်းလိုက်သဖြင့် နဂိုမျက်နှာနှင့် လုံးဝမတူတော့ပေ။
နွားအိုကြီးက မှော်စွမ်းအင်လှည့်ပတ်ကာ သူ့ကို ခေါ်ရင်း လျှပ်စီးလို ရွေ့လျားသွားသည်။ သူတို့ ခွန်ကြီးကို အလျင်အမြန် လိုက်မှီသွား၍ ၎င်း၏ကျောပေါ်သို့ ဖျတ်ခနဲ ဆင်းလိုက်ကြသည်။
နျိုစန်းသွော ဆင်းသက်လိုက်သည်နှင့် ခွန်ကြီးမှာ ဖိချခံလိုက်ရပြီး ကောင်းကင်ထက်မှ တမုဟုတ်ချင်း နိမ့်ဆင်းသွားတော့သည်။
“ဘယ် အဆင့်မြင့်နတ်ဘုရားက အဆင့်နိမ့်နတ်ဘုရားလေးကို စနောက်နေတာပါလဲ”
ခွန်ကြီးက အော်သည်။ “မြန်မြန်ဆင်း မြန်မြန်ဆင်း... အဆင့်မြင့်နတ်ဘုရားရဲ့ ခန္ဓာကိုယ်က လေးလွန်းတယ်ဗျ... ကျွန်တော် မခံနိုင်ဘူး”
နွားအိုကြီး မျက်နှာနီရဲသွားပြီး မှော်စွမ်းအင်ဖြင့် သူ့ကိုယ်သူ ဖော့လိုက်သည်။ ဖိအားကျဆင်းသွားသည့်အချိန်၌ ခွန်ကြီးမှာ မြေကြီးနှင့် မိတ်ဆက်ပေတော့မည်။ သူက ဆူးတောင်များကို ကပျာကယာ ခတ်ရင်း အပေါ် ပျံတက်လိုက်ကာ တိမ်တိုက်များလို အမွှေးအတောင်များဖြင့် ခံ့ညားသော ငှက်ခေါင်းနတ်ဘုရားတစ်ပါး၏ ဘေးမှဖြတ်သွား၏။
ထိုနတ်ဘုရားသည် မီးတောက်မီးလျှံများဖြင့် တောက်ပနေပြီး နေလုံးကြီးပမာ ထင်ရသည်။ သူက ငါးကြီး၏ကျောပေါ်ရှိ လူများအား စပ်စပ်စုစု ကြည့်နေချေသည်။ ထိုနတ်ဘုရားကား ချင်မူ စောစောက မြင်ခဲ့သော မဟာနေဧကရာဇ်အပြင် တခြားမဟုတ်ပေ။
ခွန်ကြီးက နန်းဆောင်များကြားမှ ဖြတ်သွားပြီး တံတားပျံတစ်စင်းအောက်မှ ငုံ့သွားပြီးနောက် တိမ်တိုက်များအထက်သို့ ပျံတက်သွားသည်။ ထိုအခါမှ သူသည် သူ့ကိုယ်သူ ထိန်းလိုက်နိုင်ကာ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “အဆင့်မြင့်နတ်ဘုရားခင်ဗျား၊ ကြားဖြတ်ပြီး တက်စီးခဲ့တဲ့အပြင် အခြားသူတွေလို စီးခလည်း မပေးထားတော့ စွမ်းအင်ဆေးလုံး ပိုပေးရပါမယ်”
နွားအိုကြီးမှာ မျက်နှာကြီးနီရဲနေသည်။ “ဘယ်လိုစွမ်းအင်ဆေးလုံးလဲ”
ငါးကြီး၏ကျောပေါ်ရှိ ခရီးသည်များက ဗြုန်းခနဲ ရောက်လာသော ချင်မူနှင့် နျိုစန်းသွောအား ဝိုင်းကြည့်နေကြသည်။ လူငယ်တစ်ယောက်က ဖော်ရွေစွာ ပြုံးရင်း ရှင်းပြ၏။ “ခွန်တွေက ကျောက်စိမ်းနဂါးဆေးလုံးတွေ စားရတာ ကြိုက်တယ်... ကောင်းကင်နတ်ဘုံက ကျယ်ပြန့်လွန်းတော့ ခွန်နတ်ဘုရားတွေက ခရီးသည်တွေကို ကောင်းကင်နန်းဆောင်တွေဆီ လိုက်ပို့ပြီး အဖိုးအခအဖြစ် ကျောက်စိမ်းနဂါးဆေးလုံးတွေနဲ့ ဝမ်းဖြည့်တတ်ပါတယ်... အဆွေတို့နှစ်ယောက်မှာ ကျောက်စိမ်းနဂါးဆေးလုံးတွေ မရှိရင် ကျုပ် ပေးထားပေးလိုက်ပါ့မယ်”
ချင်မူ ကျေးဇူးတင်စကား ဆိုလိုက်သည်။ “အဲဒါဆို ကျေးဇူးအများကြီးတင်ပါတယ်ဗျ... နောင်တော့်ကို ဘယ်လိုခေါ်ရမလဲ မသိဘူး”
ထိုလူငယ်သည် လက်ဖျားခါလောက်အောင် ချောမောပြီး ပြုံးပြုံးရွှင်ရွှင် ပြောတတ်၏။ “ကျွန်တော့်မျိုးရိုးက ယင်ပါ... နာမည်ကတော့ ချောင်ကျင့်.... နောင်တော်ကိုရော ဘယ်လိုခေါ်ရမလဲ”
ချင်မူ့မျက်လုံးများ တဖျတ်ဖျတ် လက်သွားတော့သည်။ “ယင်ချောင်ကျင့်တဲ့လား... ယင်မျိုးရိုးက သိပ်ရှားတယ်၊ နောင်တော်ယင် ကောင်းကင်ယင်သားတော်လို့ ခေါ်တဲ့ လူနဲ့ သိလား”
ထိုလူချောက အံ့အားသင့်သွားပြီး တဟားဟား ရယ်တော့သည်။ “ကျွန်တော်က အဲဒီလောက် နာမည်ကြီးတယ်လား... အမှန်တိုင်း ပြောရရင် ကျွန်တော်တို့နေရာလေးမှာတော့ ကျွန်တော့်ကိုကျွန်တော် ကောင်းကင်ယင်သားတော်လို့ ခေါ်ပါတယ်... ဒါပေမဲ့ တောရွာဘက်က လူတွေအကြား စနောက်ခေါ်တဲ့ နာမည်လေးပါပဲဗျာ... ဒီလူကတော့ နောင်တော်ချင်တဲ့”