နဂါးသွဲ့ရေကန်၏ ကောင်းကင်နတ်အရှင်ခုနစ်ပါး
Vol. 55 Ch. 734
နွားအိုကြီးမှာ သူတို့နှစ်ယောက်နောက်မှ လိုက်ရင်း ချွေးများကျနေသည်။ ချင်မူနှင့် ခိုင်ဧကရာဇ်၏ ချီအတက်အကျများသည် အဆက်မပြတ် ပြောင်းလဲနေပြီး ပွင့်လင်းမြင်သာစွာ မတိုက်ခိုက်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးဘဲ တိတ်တဆိတ် ယှဉ်ပြိုင်နေကြ၏။
‘နှစ်ယောက်လုံးက ခေါင်းမာတဲ့ မြည်းတွေပဲ’
နွားအိုကြီးမှာ နဖူးမှ ချွေးများကို သုတ်ရင်း တွေးနေမိသည်။ ‘သခင်ကြီး ချင်မူ့ကို ကောင်းကင်ယင်နတ်ဘုရားဆီ လိုက်ပို့ခိုင်းတုန်းက စကားနားမထောင်ဘဲ သခင်ကြီးနဲ့ပဲ နေခဲ့ရင်ကောင်းသား... အဲဒါဆို ငါ့ဆေးတံလေး ဖွာလိုက်၊ ရေနွေးကြမ်းလေး သောက်လိုက်နဲ့ ဇိမ်ကျကျ နေရဦးမယ်... ခိုင်ဧကရာဇ် ရှုံးသွားရင် မကောင်းဘူး... ချင်မူ ရှုံးသွားရင်လည်း မကောင်းဘူး... သူ တစ်ခုခုဖြစ်သွားရင် ငါ ဘယ်လိုပြန်ရမလဲ... ချင်မူ့ကို ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နတ်ဘုံဆီ လိုက်ပို့မိပြီး ချင်မူက ခိုင်ဧကရာဇ်ကို ရိုက်ပုတ်ခဲ့တဲ့အကြောင်းလည်း သခင်ကြီးဆီ ပြောလို့မဖြစ်ပြန်ဘူး...’
သူ ယခု မည်သူ့ကို ကယ်သင့်မှန်း မသိတော့ပေ။ ရင်းနှီးမှုကို ထည့်တွက်ပါက ခိုင်ဧကရာဇ်ကို ကူညီရလိမ့်မည်။ သို့သော် ချင်မူက အလွန်လိမ္မာပြီး သူ့အပေါ် ယဉ်ကျေးသော လူငယ်လေး ဖြစ်သည်။ သူ့ကို အစ်ကိုကြီးစန်းသွောဟု တရင်းတနှီး ခေါ်တတ်သောကြောင့် ချင်မူ့အား ခင်မင်မိသည်။
နွားအိုကြီး မစဉ်းစားတတ်တော့ပေ။
သို့သော် ချင်မူနှင့် ခိုင်ဧကရာဇ်နှစ်ယောက်လုံးသည် လူတော်များဖြစ်ကြောင်း သူ မြင်ရသည်။ နှစ်ယောက်လုံး၏ ချီအတက်အကျများတွင် အပြောင်းအလဲမျိုးစုံ ကိန်းဝပ်နေ၏။ သူတို့က ရုပ်ခန္ဓာ အနည်းငယ် လှုပ်ရှားလိုက်ရုံ၊ မူလဝိညာဉ်၏ အသိစိတ်အလျဉ်လှိုင်း ရွေ့လျားလိုက်ရုံ၊ ချီစွမ်းအင် ပြောင်းလဲလိုက်ရုံဖြင့် တစ်ဖက်လူ၏ ချီကို ခံစားမိပြီး အထိုက်အလျောက် တုံ့ပြန်နိုင်သည်။
သူတို့၏ခြေလှမ်းတိုင်းတွင် ပြောင်းလဲမှုအသင်္ချေ ပါရှိပြီး နှစ်ယောက်လုံး၏ အသိအမြင်က ကျယ်ပြန့်လွန်းသောကြောင့် သူတို့၏အပြောင်းအလဲများက တစ်ဖက်လူ၏ အားနည်းချက်များအား တိုက်ရိုက်ချိန်ရွယ်ထားသည်။ ရလဒ်အနေဖြင့် ချီစွမ်းအင်ချင်း ဝင်တိုက်သွားသည့်အခါ နှစ်ယောက်လုံး လမ်းလျှောက်နေသောပုံစံက ကိုးရိုကားယား ဖြစ်လာတော့သည်။
သူတို့က အရက်မူးသမားများလို ရှေ့ဆက်လျှောက်နေပြီး သူတို့ခြေလှမ်းများမှာ ပိုမိုလိမ်ခွေလာကြသော်လည်း လမ်းတစ်ဝက်၌ ရပ်မရသောကြောင့် ဆက်လျှောက်နေကြသည်။
ကံကောင်းစွာနှင့် ခွန်ကြီး၏ ဦးခေါင်းအနားသို့ ရောက်နေကြချေပြီ။ နှစ်မိုင်၊ သုံးမိုင် လျှောက်ပြီးလျှင် ကောင်းကင်ယင်သားတော်ဘေးသို့ သွားနိုင်တော့မည်။
ကောင်းကင်ယင်သားတော်က သူတို့ဆီ မောင်းနှင်လာသော ကောင်းကင်ယင်နတ်ဘုရားမ၏ ရထားလုံးအား စိတ်လှုပ်ရှားစွာ ကြည့်နေ၏။ လူအများစုလည်း ခွန်ကြီး၏ခေါင်းပေါ်၌ စုဝေးကာ မော့ကြည့်နေကြသည်။
ချင်မူနှင့် ခိုင်ဧကရာဇ်က လိမ်ဖယ်လိမ်ဖယ်ဖြင့် လျှောက်နေပြီး သူတို့၏ခန္ဓာကိုယ်များမှ အခိုးအငွေ့များ ထွက်လာသည်။ နှစ်ယောက်လုံး ရှေ့ဆက်လျှောက်နေသည်နှင့်အမျှ အခိုးအငွေ့များက ပိုမိုသိပ်သည်းလာသည်။
ကောင်းကင်ယင်သားတော်မှာ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် ကပျာကယာ နောက်လှည့်ကြည့်လိုက်ရာ လမ်းလျှောက်လာနေသော ချင်မူနှင့် ခိုင်ဧကရာဇ်ကို မြင်သွားပြီး မတူညီသော ချီအတက်အကျများ တိုက်ခိုက်နေသည်ကို တမုဟုတ်ချင်း ခံစားလိုက်ရ၏။
‘ဘာလို့ ဒီနှစ်ယောက် တိုက်ခိုက်နေတာလဲ... ဘာပြောပြော တိုက်ခိုက်နေတာ ကောင်းတယ်... အဲဒါမှ သူတို့နှစ်ယောက်ကို ဝင်ဖြန်ဖြေပေးပြီး ငါ့ကို ကျေးဇူးတင်အောင် လုပ်လို့ရမှာ’
ကောင်းကင်ယင်သားတော်က သားကောင်တွေ့သွားသဖြင့် ဝမ်းသာနေပြီး အံ့အားသင့်သွား၏။ ‘သူတို့ တိုက်ခိုက်နေတဲ့ပုံစံတွေက ထူးဆန်းတယ်... ဒီလိုတိုက်ခိုက်နည်းမျိုး ပထမဆုံး မြင်ဖူးတာပဲ... သူတို့နှစ်ယောက်ကြား ဝင်ပြီး ကျေးဇူးတင်အောင် လုပ်ရမယ်’
သူ၏ချီစွမ်းအင်က တရှိန်ထိုး ထွက်ပေါ်လာကာ ချင်မူနှင့် ခိုင်ဧကရာဇ်ကြားသို့ ပိုင်းဖြတ်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “နောင်တော်ချင်၊ နောင်တော်မူ၊ ကျွန်တော် ဖြန်ဖြေပေး...’
သူ၏ချီစွမ်းအင် သူတို့အကြားမှ ဖြတ်သွားသည့်အချိန်တွင် ရေလှိုင်းလုံးကြီးသဖွယ် ဖြစ်နေသော ချင်မူနှင့် ခိုင်ဧကရာဇ်၏ ချီစွမ်းအင်တို့သည် စီးဆင်းစရာ မြောင်းအား တွေ့သွားသကဲ့သို့ သူ့ဆီသို့ အလုံးအရင်း စီးဆင်းလာတော့သည်။
ကောင်းကင်ယင်သားတော် စကားဆုံးအောင် မပြောနိုင်ခင် ချီစွမ်းအင်နှစ်ခုဖြင့် ဖိနှိပ်ခံလိုက်ရသဖြင့် စိတ်ထဲ လွတ်ထွက်သွားတော့သည်။ သူ မည်သည်ကိုမျှ မတွေးနိုင်တော့ပေ။
ကောင်းကင်နှင့်မြေပြင်က လည်နေပြီး ပြိုကွဲသွားသလို သူ ခံစားလိုက်ရသည်။ သူ့မှာ အမြင့်မှ ပြုတ်ကျနေပြီး သူ့အောက်၌ မည်းနက်နေသော အမှောင်ထုသာ ရှိနေ၏။ သူ ရုန်းသော်လည်း အောက်သို့သာ ကျနေသည်။ အမှောင်ထုထဲ၌ မျက်နှာကြီးနှစ်ခု တဖြည်းဖြည်း ပေါ်လာပြီး ‘မူချင်း’၏ မျက်နှာနှင့် ‘ချင်ခိုင်’၏မျက်နှာက ညာနှင့် ဘယ်၌ ရှိနေကြသည်။
မျက်နှာကြီးများသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် ကြီးမားပြီး သူက သူတို့နှစ်ယောက်၏ အလယ်၌ ဖြစ်နေသည်။ သူ့မှာ အတိုင်းထက်အလွန် သေးငယ်သည့်အပြင် အမှောင်ထုထဲသို့ တရစပ် ကျနေလေသည်။
ဤအခိုက်အတန့်တွင် ချင်မူ့အသံ ထွက်လာသည်။ “နောင်တော်ယင်၊ နောင်တော်ယင်”
ကောင်းကင်ယင်သားတော်၏ အရှေ့ရှိ ကယောင်ကတမ်း မြင်ကွင်းများ ပျောက်ကွယ်သွားပြီး ချင်မူ၏ နွေးထွေးကြင်နာသော မျက်နှာက တစတစ ပေါ်လာသည်။ ချင်မူက သူ၏ဘယ်လက်ကို ကိုင်ထားပြီး ခိုင်ဧကရာဇ်က သူ့ညာလက်ကို ကိုင်ကာ ပြုတ်မကျအောင် ထိန်းထား၏။
ကောင်းကင်ယင်သားတော်မှာ ရေထဲမှ ခုန်ထွက်လာသကဲ့သို့ တစ်ကိုယ်လုံး ချွေးများ ရွှဲစိုနေသည်။
“နောင်တော်ယင် တစ်ခုခုဖြစ်လို့လား” ချင်မူက စိုးရိမ်စွာ မေးသည်။
“ကျွန်တော်က ဆေးကုတတ်တယ်... နောင်တော်ယင်ကို ကုပေးနိုင်ပါတယ်.... ဆေးဆရာဆိုတာ လူနာကို မိဘလို၊ ကလေးလို ဆက်ဆံ...”
ခိုင်ဧကရာဇ်က အပြုံးတစ်ခုဖြင့် ဝင်ပြော၏။ “နောင်တော်ယင်က ကျုပ်တို့နှစ်ယောက်ကြား ရောက်သွားလို့ လန့်သွားရုံပါ... နေမကောင်းတာမှမဟုတ်တာ... ဆေးဆိုတာ အဆိပ်သုံးဆယ်ရာခိုင်နှုန်းပဲ... ဆေးစားလိုက်မှ နေမကောင်းဖြစ်သွားဦးမယ် နောင်တော်မူ...”
“ကျွန်တော့်ကို နောင်တော်မူလို့ မခေါ်စမ်းနဲ့”
ချင်မူ့နဖူးမှ သွေးကြောမှ ထောင်လာသည်။ ခိုင်ဧကရာဇ်က သူ၏ဘိုးဘေးကြီးမဟုတ်ပါလော... သူ့ကို နောင်တော်ဟု ခေါ်ခြင်းကား လက်ခံနိုင်စရာလော။
ခိုင်ဧကရာဇ်က နားလည်သွားပြီး အေးစက်စက် ပြောသည်။ “ငါ စောစောက ကိစ္စကို မေ့ပေးမလို့ လုပ်ထားပေမယ့် မင်းက ကျေးဇူးမတင်ဘူးပဲ... ငါ မင်းကို ကြောက်တယ်ထင်လား... မင့်အစွမ်းအစက အင်မတန် မြင့်မားပေမယ့် ငါ့ထက်တော့ မမြင့်မားသေးဘူး”
ချင်မူ သရော်တော်တော် ပြောလိုက်သည်။ “ကျုပ်အစွမ်းအစက ခင်ဗျားထက် မမြင့်မားပေမယ့် ကျုပ်တာအိုနှလုံးသားကတော့ ခင်ဗျားထက် သာတယ်... ခင်ဗျားလို အသုံးမကျတဲ့လူ မဟုတ်ဘူး”
ကောင်းကင်ယင်သားတော် ခေါင်းကိုက်လာ၏။ “ကောင်းကင်ယင်နတ်ဘုရားမရဲ့ ရထားလုံး ဒီရောက်နေတယ်.. နောင်တော်တို့နှစ်ယောက် ကျေးဇူးပြုပြီး ရန်မဖြစ်လို့ရမလား”
နဂါးတွန်သံများ ထွက်လာပြီး အလွန်လှပတင့်တယ်နေသော ရထားလုံးတစ်စီးအား ဆွဲလာသော နဂါးကြီးများကို ချင်မူ လှမ်းမြင်လိုက်ရသည်။ နဂါးတစ်ကောင်ချင်းစီသည် သူတို့ခြေထောက်အောက်ရှိ ခွန်ကြီးထက် များစွာကြီးမား၏။ သူတို့က လေနှင့် တိမ်တိုက်များကို စီးနင်းလာကာ သူတို့ခေါင်းပေါ်မှ ဖြတ်ကျော်သွားကြသည်။
ထိုနဂါးများသည် ကောင်းကင်ယင်ကမ္ဘာ၏ သတ္ထုဖြင့် သွန်းလုပ်ထားသော အစိမ်းရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသဖြင့် တောက်ပြောင်နေကြ၏။ ရထားလုံးမှာလည်း ကောင်းကင်ယင်သတ္ထုဖြင့် သွန်းလုပ်ထားကာ တိမ်တိုက်များဖြင့် တန်ဆာဆင်ထားသည်။ ထီးတော်၏အောက်၌ ပုတီးကန့်လန်ကာကို ချိတ်ဆွဲထားပြီး ပုတီးတစ်လုံးချင်းစီမှာ ဝင်းလက်တောက်ပနေသည်။ အလင်းရောင်တို့က ကိုက်သုံးဆယ်ကျော်ပတ်ပတ်လည်သို့ ဖြာထွက်နေလေသည်။
ချိတ်ဆွဲထားသော ပုတီးစေ့ကန့်လန်ကာက မြင်ကွင်းကို ပိတ်ကွယ်ထားသောကြောင့် ထီးတော်၏ အောက်တွင် ထိုင်နေသည့် နတ်ဘုရားမအား ခပ်ဝါးဝါးသာ မြင်ရ၏။
ကောင်းကင်ယင်သားတော်မှာ မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေသည်။ နဂါးကြီးများ ရထားလုံးကို ဆွဲ၍ ကောင်းကင်နတ်ဘုံ၏အလယ်သို့ ရောက်သွားသည့်အခါမှ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါလည်း ဘယ်တော့များမှ ဒီလောက်ခမ်းနားနိုင်မှာလဲ”
ပတ်ဝန်းကျင်ရှိ လူတိုင်း တဟားဟား ရယ်ကြသည်။
သူ့ခြေထောက်အောက်ရှိ ခွန်ကြီးပင် ဝါးလုံးကွဲအောင် ရယ်နေ၏။
ကောင်းကင်ယင်သားတော် ရှက်သွားသည်။ “မ..မရယ်ကြနဲ့... ငါက နောင်ကျရင် သေချာပေါက် ခမ်းနားကြီးကျယ်လာမှာ... ဟီးဟီး၊ အဲဒီအချိန်ရောက်လာရင် မင်းတို့အားလုံး ငါ့ခြေထောက်အောက်မှ ဝပ်နေရလိမ့်မယ်”
အားလုံး၏ ရယ်သံများ ပို၍ပင် ကျယ်လောင်လာကြသည်။
ကောင်းကင်ယင်သားတော်၏မျက်နှာ ပို၍ပင် နီရဲသွားပြီး ခွန်းတုံ့ပြန်တော့မည့်အချိန် ခိုင်ဧကရာဇ်က ပြောလိုက်သည်။ “နောင်တော်ချင်၊ ဒီကမ္ဘာပေါ်မှာ လူတွေ အများကြီး ရှိပေမယ့် သမိုင်းမှာ နာမည်ရေးထိုးနိုင်တဲ့ လူတွေက သုံး၊ လေး၊ ငါးယောက်ပဲ ရှိပါတယ်... ရည်မှန်းချက် မရှိတဲ့ လူတွေဟာ ရည်မှန်းချက်ပြင်းထန်တဲ့ လူတွေကို ရယ်ကြလိမ့်မယ်... ဒါကြောင့် စိတ်ထဲမထားပါနဲ့”
ကောင်းကင်ယင်သားတော် အလွန်ကျေးဇူးတင်သွားသည်။ “ဘဲတွေက ငန်းတွေရဲ့ ရည်မှန်းချက်တွေကို မသိပါဘူး.. ကျွန်တော် စိတ်ထဲမထားတော့ပါဘူး’
ချင်မူ ခိုင်ဧကရာဇ်ဆီသို့ ကြည့်ကာ တွေးလိုက်မိ၏။ ‘သူက သူ့ရည်မှန်းချက်ကို ရှင်းပြနေတာလား.. ဒါမှမဟုတ် ကောင်းကင်ယင်သားတော် ဒီလူတွေကို ကလဲ့စားမချေအောင် ဒီလူတွေအတွက် တွေးပေးနေတာလား... နှစ်ခုလုံး ဖြစ်လောက်တယ်... အခု ငါ အတိတ်ကို ပြန်ရောက်လာပြီဆိုတော့ ကောင်းကင်ယင်သားတော်ကို သတ်ပြီး အနာဂတ်ကို ပြောင်းလဲနိုင်လောက်မလား’
ချင်မူ့ရင်ထဲတွင် အနည်းငယ် တွန့်ဆုတ်နေသည်။
ခွန်ကြီး နန်းဆောင်များကြားမှ ပျံသန်းနေစဉ် ရှေးဟောင်းနတ်ဘုရားတို့၏ ခမ်းနားကြီးကျယ်သော ရထားလုံးများက သူတို့ဘေးမှ မကြာခဏ ဖြတ်သွားတတ်သည်။ ရထားလုံးတစ်စီးတွေ့တိုင်း ခရီးသည်များမှာ ရင်သပ်ရှုမောစွာဖြင့် မနာလိုဖြစ်ကြရ၏။
နောက်ဆုံးတော့ ကောင်းကင်နတ်ဘုံ၏ နဂါးသွဲ့ရေကန်ဆီသို့ သူတို့ ရောက်လာကြသည်။
ကောင်းကင်နတ်ဘုံသည် အလွန်ကျယ်ဝန်းလှသောကြောင့် ခွန်ကြီး၏အမြန်နှုန်းဖြင့်ပင် နဂါးသွဲ့ရေကန်သို့ ရောက်ရန် အတော်လေး ကြာခဲ့သည်။
ခွန်ကြီးက ဖြည်းဖြည်းချင်း အရှိန်လျှော့ကာ နဂါးသွဲ့ကန်ဘေးရှိ အဖြူရောင်ကျောက်စိမ်းစင်မြင့်ဘေး၌ ကပ်လိုက်သည်။ အားလုံး ဆင်းလိုက်ကြပြီး ကောင်းကင်ယင်သားတော်က ချင်မူတို့အစား ကျောက်စိမ်းနဂါးဆေးလုံးများကို ခွန်ကြီးဆီ ပေးလိုက်၏။ ထိုအခါ ခွန်ကြီးသည် ကောင်းကင်ထဲရှိ ကောင်းကင်နတ်မြစ်ဆီသို့ ပျံသန်းသွားကာ မြစ်ရေထဲ ဗွမ်းခနဲ ဝင်သွားတော့သည်။
နဂါးသွဲ့ကန်သည် ‘ကန်’ ဟူသော စာလုံးပါသော်လည်း ချင်မူတို့အတွက် သမုဒ္ဒရာတစ်စင်းနှင့် တူသည်။ တိမ်တိုက်များက တရိပ်ရိပ် ရွေ့လျားနေပြီး သမုဒ္ဒရာထက်တွင် တောင်တန်းများ တည်နေ၏။ တောင်များကို သယ်လျက် နဂါးသွဲ့ရေကန်ထဲတွင် ကူးခတ်နေကြသော ဧရာမပင်လယ်လိပ်ကြီးများလည်း တွေ့မြင်ရသည်။
သမုဒ္ဒရာထဲတွင် ဧကရာချီ နေရာယူထားသော ကြာခင်းကြီးများလည်း ပြည့်နေသည်။ ပန်းတချို့က ပွင့်နေကြပြီဖြစ်ပြီး အဖြူရောင်၊ အနီရောင် ပွင့်ချပ်လေးများမှာ လှပတင့်တယ်စွာ ယိမ်းနွဲ့နေကြ၏။ တချို့ကြာများမှာမူ အပွင့်တော့ အဖူးအသွင်ဖြင့်သာ ရှိနေသေးသည်။ အဖူးများက အစိမ်း၊ အဖြူ၊ ပန်းရောင်ရှိကြကာ ရောင်စုံခြယ်လျက် ကြောရှင်းနေတော့သည်။
နဂါးသွဲ့ကန်အနား၌ အောက်ဘုံမှ ကောင်းကင်နတ်သိုင်းပညာရှင်များ တွေ့ရသည်။ ကောင်းကင်ယင်သားတော် ပြောခဲ့သည့် နတ်ဘုရားတစ်ပိုင်းတို့လည်း မြင်ရ၏။ သူတို့က လူအသွင်မပြောင်းဘဲ ကောင်းကင်သားရဲကြီးများအသွင်ဖြင့်သာ ရှိနေကြသည်။
အနာဂတ်မျိုးဆက်များအတွက် ဤနတ်ဘုရားသားရဲတို့သည် ကောင်းကင်သားရဲများ ဖြစ်သော်လည်း ဤလူများအတွက်မူ သန့်စင်သော သွေးဆက်နှင့် မြင့်မားသော အဆင့်အတန်းရှိသည့် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြ၏။ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ သူတို့နှင့် ဆုံတွေ့လျှင် လေးလေးစားစား ဆက်ဆံရလေသည်။
နဂါးသွဲ့ရေကန်ဘေး၌ လူအတော်များများက လိပ်ကြီးများကို ခေါ်၍ စွမ်းအင်ဆေးလုံးတချို့ ပေးကာ လိပ်ကြီးပေါ်ရှိ အထွတ်အမြတ်တောင်များအပေါ် တက်သွားကြသည်။ လိပ်ကြီးများက အထွတ်အမြတ်တောင်များကို သယ်လျက် နဂါးသွဲ့ရေကန်အတွင်းထဲသို့ ကူးခတ်သွားကြ၏။
ထို့အပြင် သမုဒ္ဒရာအပေါ်ရှိ ကြာပွင့်များအပေါ်တွင်လည်း နိုင်ငံအသေးလေးများ ရှိကြသည်။ တချို့များက ထိုနေရာများတွင် သွားရောက်လေ့လာနေကြသည်။
“ရှေးဟောင်းနတ်ဘုရားတွေအတွက် နဂါးသွဲ့ရေကန်၊ ကျွန်တော်တို့အတွက်တော့ နဂါးသွဲ့ပင်လယ်ပေါ့ဗျာ”
ကောင်းကင်ယင်သားတော်က ပြောသည်။ “ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲအတွက် လူအတော်များများ အောက်ဘုံကနေ တက်လာကြပေမယ့် အားလုံးက သာမန်လူတွေပဲ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွီနဲ့ ကျန်တဲ့တာအိုမိတ်ဆွေတွေကတော့ မတူဘူး... သူတို့မှာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိတယ်... သူတို့က အောက်ဘုံက ပါရမီရှင်အားလုံး ဖိတ်ခေါ်ဖို့ ဒီအခွင့်အရေးကို အသုံးချပြီး ဒီနဂါးသွဲ့ရေကန်တွေ့ဆုံပွဲ ကျင်းပလိုက်တာပဲ... ကျွန်တော်တို့က ရှေးဟောင်းနတ်ဘုရားတွေအောက် နိမ့်ကျပေမယ့် ကိုယ့်နာမည်ကိုယ် ရေးထွင်းရဦးမယ် မဟုတ်ပေလား”
သူ၏မျက်လုံးများမှာ တောက်ပနေသည်။ ချင်မူ သူ့မျက်လုံးများကို မြင်လျှင် ရင်ထဲတွင် လှုပ်ခတ်သွား၏။ ‘ကောင်းကင်ယင်သားတော်ကလည်း ရည်မှန်းချက်ကြီးတဲ့ လူငယ်တစ်ယောက်ပဲ... ဒါကြောင့်လည်း ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး ဖြစ်လာတာပေါ့’
ကောင်းကင်ယင်သားတော်က လိပ်ကြီးတစ်ကောင်ကို ခေါ်၍ ပြောလိုက်သည်။ ‘’ကျွန်တော်တို့က နဂါးသွဲ့ရေကန်တွေ့ဆုံပွဲအတွက် ကောင်းကင်နတ်အရှင်ယွီရဲ့ ဖိတ်ခေါ်မှုကြောင့် ရောက်လာတာပါ’’
လိပ်အိုကြီးက ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲအတွက် လာတဲ့လူတွေဆီက စွမ်းအင်ဆေးလုံး မတောင်းခံဖို့ မှာထားတယ်... ကျေးဇူးပြုပြီး တက်ပါ”
ချင်မူ တအံ့တဩ မေးလိုက်မိ၏။ “ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်ယွီရဲ့ အဆင့်အတန်းက သိပ်မြင့်မားတာလား”
ကောင်းကင်ယင်သားတော်က အပြုံးတစ်ခုဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီက အောက်ဘုံက မျိုးနွယ်တွေရဲ့ ခေါင်းဆောင်ဆိုတော့ အဆင့်အတန်း မြင့်မားတာပေါ့... ရှေးဟောင်းနတ်ဘုရားတွေတောင် သူ့ကို တာအိုမိတ်ဆွေလို့ ခေါ်ကြတယ်... သူက လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့၊ ကောင်းကင်နတ်သိုင်းတွေ ဖန်တီးနိုင်တဲ့ လူလေ”
သူတို့ လိပ်ကြီး၏ကျောပေါ်ရှိ တောင်ပေါ် တက်လိုက်ကြသည်နှင့် လိပ်ကြီးက နဂါးသွဲ့ရေကန်အတွင်းထဲသို့ ကူးခတ်သွားသည်။ ပတ်ဝန်းကျင်ရှိ ရှုခင်းများမှာ အလွန်မျက်စိပသာဒ ရှိလှပေသည်။
“ကောင်းကင်နတ်အရှင်ယွီက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ ပထမဆုံးဖွင့်နိုင်ခဲ့တဲ့လူမလို့ ကောင်းကင်ရတနာကျင့်စဉ်စနစ်က သူ့ဆီက အစပြုခဲ့တာပဲ... သူ ကောင်းကင်ရတနာတွေ ဖွင့်လိုက်တော့ ကောင်းကင်နှင့်မြေပြင် ပြောင်းလဲသွားပြီး တစ်ကမ္ဘာလုံး တုန်လှုပ်သွားကြတယ်... ရှေးဟောင်းနတ်ဘုရားတွေလည်း အောက်ဘုံမှာ ကိုယ်ထင်လာပြပြီး သူ့ကို ဝိုင်းချီးကျူးကြတယ်... သူက အရေးပါတဲ့ခေတ်တစ်ခေတ်တဲ့ တည်ထောင်သူ ဖြစ်လာပြီလို့ ချီးကျူးခဲ့ကြတာ”
ကောင်းကင်ယင်သားတော်က ပြောသည်။ “ကောင်းကင်နယ်စားမင်းက သူ့ကို ကောင်းကင်နတ်အရှင်ယွီလို့ ခေါ်ခဲ့တယ်... မြေအောက်ဘုံအရှင်သခင်က သူ့နာမည်ကို သေစာရင်းကနေ ဖျက်ပေးပြီး မသေမျိုးဖြစ်အောင် လုပ်ပေးခဲ့တယ်... ဒါပေမဲ့ သူနဲ့ ယှဉ်နိုင်တဲ့လူတွေလည်း ရှိသေးတယ်... ကောင်းကင်နတ်အရှင်ဟောင်က ဓာတ်ကြီးငါးပါးကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်ခဲ့တဲ့လူပဲ.... သူ့မျိုးရိုးက ဟောင်မဟုတ်ဘူး... သူ့နာမည်မှာ ဟောင်ဆိုတဲ့ စာလုံးပါတာကြောင့် ရှေးဟောင်းနတ်ဘုရားတွေက သူ့ကို ကောင်းကင်နတ်အရှင်ဟောင်လို့ ခေါ်ခဲ့ကြတာ... အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ ဖွင့်နိုင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်လင်၊ ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာ ဖွင့်နိုင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်သွင် ကောင်းကင်ရတနာဖွင့်နိုင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်ဟွေ့၊ သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖွင့်နိုင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်ရုံ၊ ကောင်းကင်တံတားကောင်းကင်ရတနာ ဖွင့်နိုင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်ယွင်တို့လည်း ရှိတယ်... သူတို့ကို ကောင်းကင်နတ်အရှင်ခုနစ်ပါးလို့ အသိများတယ်... သူတို့အောင်မြင်ပြီးတဲ့နောက် ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုပြောင်းလဲသွားလို့ ကောင်းကင်နတ်ဧကရာဇ်က သူတို့ကို ဘွဲ့ဂုဏ်အသီးသီး ချီးမြှင့်ပေးခဲ့တာပဲ”
ချင်မူ ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။ “အမှန်တကယ် စိတ်ဝင်စားစရာ ခေတ်တစ်ခေတ်ပဲ.. ဒီလူတွေ ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို ထူထောင်နိုင်ခဲ့တဲ့အတွက် ကောင်းကင်နတ်အရှင်တွေလို့ အမှန်တကယ် ခေါ်ထိုက်ပါပေတယ်... အနာဂတ်မျိုးဆက်သစ်တွေ ဘယ်လောက်ပဲဖန်တီးတီထွင်ပါစေ သူတို့ကို ကျော်တက်ဖို့ ခက်လိမ့်မယ်”
ခိုင်ဧကရာဇ်ကလည်း ထိုနည်းတူ ခံစားရ၍ ပြောသည်။ “ကောင်းကင်နတ်အရှင် ခုနစ်ပါးနဲ့ တွေ့နိုင်ရင် ဒီခရီးက အလကားမဖြစ်တော့ဘူး”
သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်၍ နှာခေါင်းရှုံ့ကာ အကြည့်လွှဲလိုက်ကြ၏။
နွားအိုကြီးက သူတို့ကြား ဝင်လိုက်ပြီး တမုဟုတ်ချင်း ဖိညှပ်ခံလိုက်ရသလို ခံစားရသည်။ သူ့မှာ တစ်ယောက်တည်း ညည်းတွားနေ၏။ ‘ဒီနှစ်ယောက်က တော်တော် ခေါင်းမာတာပဲ.. နှစ်ယောက်လုံး ပြဿနာရှာပြီး ငါ့ကို မြေစာပင်မလုပ်ဖို့ မျှော်လင့်ပါတယ်’
အရှေ့တွင် အလွန်တောက်ပြောင်ခမ်းနားသော နန်းဆောင်အစုအဝေးတစ်စု ပေါ်လာသည်။ လိပ်ကြီးက နန်းဆောင်များဆီ သွား၍ ပြောသည်။ “နဂါးသွဲ့ရေကန် လျှို့ဝှက်နယ်မြေဆီ ရောက်ပါပြီ”
ကောင်းကင်ယင်သားတော်က အလျင်အမြန် ဆင်းပြီး ကျယ်လောင်စွာ ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ယွီ၊ ညီလေး ယင်ချောင်ကျင့် လာတွေ့ပါတယ်”
ချင်မူနှင့် ခိုင်ဧကရာဇ်လည်း ဆက်လျှောက်သွားသည်။ နွားအိုကြီးမှာ အားတင်း၍ နှစ်ယောက်သား ပြဿနာမရှာအောင် ကြား၌ ရပ်နေရင်း တွေးနေသည်။ ‘သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထမရိုက်ရင်ပဲ တော်ပါပြီ’
နန်းဆောင်များမှာ လူများ ထွက်ချည်ဝင်ချည်ဖြင့် စည်ကားသိုက်မြိုက်နေသည်။ သူတို့သည် တွေ့ဆုံပွဲ တက်ရောက်ရန် ရောက်လာသော ကမ္ဘာအသီးသီးမှ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်လိမ့်မည်။
ချင်မူ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ‘ဒီကလူတွေကနေ ဘယ်လောက်ထူးချွန်ထက်မြက်တဲ့ လူတွေ မွေးဖွားလာလိမ့်မလဲ’
ရုတ်တရက် သူ မှင်သက်သွားသည်။ ဘုန်းကြီးတစ်ယောက်နှင့် ဘုန်းကြီးဘေးတွင် ထိုင်နေသော တာအိုရသေ့တစ်ပါးအား သူ မြင်လိုက်ရလေသည်။