အပေါက်အလမ်း မတည့်
Vol. 55 Ch. 733
ယင်ချောင်ကျင့်က ကောင်းကင်ယင်သားတော်ဖြစ်ကြောင်း ကြားလိုက်၍ ချင်မူ စိတ်နှင့်ကိုယ် ပြန်မကပ်သေးသည့်အချိန်တွင် ယင်ချောင်ကျင့် ပြောသော နောင်တော်ချင်ဆိုသည့် လူ လျှောက်လာသည်။ သူက ချင်မူနှင့် နွားအိုကြီးကို အရိုအသေပေး၏။ “ကျွန်တော်က ချင်ခိုင်၊ ခြေသလုံးအိမ်တိုင်သမား... တွေ့ရတာ ဝမ်းသာပါတယ်”
ချင်မူမှာ ရင်ထဲရှိ အံ့ဩတုန်လှုပ်နေမှုကို မြိုသိပ်ပြီး ကပျာကယာ ပြန်နှုတ်ဆက်လိုက်သည်။ နျိုစန်းသွောလည်း အလျင်အမြန် ပြန်နှုတ်ဆက်သည်။
ချင်မူက သူ့ကို နှုတ်ဆက်နေစဉ် နွားအိုကြီးကို တစ်ချက်ကြည့်လိုက်သည့်အခါ နွားအိုကြီးက အသာအယာ ခေါင်းညိတ်ပြ၏။
ချင်မူ နားလည်သွားသည်။ ‘နောင်တော်ချင်’ ဆိုသူမှာ ခိုင်ဧကရာဇ်ဖြစ်ပြီး ချင်မိသားစု၏ အိမ်ထောင်စုစာရင်းတွင် သူ၏နာမည်က ခိုင်ဧကရာဇ် ချင်ယဲ့ ဟူ၍ ရေးထားခဲ့သည်။
ယခုတွင် သူသည် နာမည်အရင်းမသုံးဘဲ ချင်ခိုင်ဟု ပြောသွား၏။ မာန်ဟုန်မြစ်ပေါ်တွင် ဆန်းကြယ်သောဖြစ်ရပ်မှတစ်ဆင့် အတိတ်တစ်ချိန်သို့ ပြန်ရောက်သွားမှန်း သိထားသဖြင့် နာမည်အတု သုံးနေခြင်းဖြစ်လိမ့်မည်။
ချင်မူ ခေါင်းမော့ကာ ခိုင်ဧကရာဇ်ကို ကြည့်လိုက်ပြီး သူက ငယ်ရွယ်သော ခိုင်ဧကရာဇ်နှင့် အတော်လေး ရုပ်ချင်းဆင်ကြောင်း သဘောပေါက်လိုက်၏။ သူတို့နှစ်ယောက်လုံး အရပ်ရှည်ပြီး လူငယ်ကောင်းကင်ယင်သားတော်လောက် မချောကြသော်လည်း ရုပ်ရည်အသင့်အတင့် ကြည့်ကောင်းကြသည်။
သို့သော် ချင်မူသည် ငယ်စဉ်ကတည်းက ဒုက္ခိတဘိုးဘွားကျေးရွာ၌ နေခဲ့သောကြောင့် ပင်ကိုယ်သဘာဝလေးက ဉာဏ်များသော ဓာတ်ခံရှိ၏။ သို့သော် လောကကြီးအကြောင်း နားကန်းတစ်လုံးမျှ မသိနားမလည်သော ကလေးကြီးတစ်ယောက်လို ရိုးသားဖြူစင်သယောင် ထင်ရသည်။
အခြားတစ်ဖက်တွင် ခိုင်ဧကရာဇ်က ယောက်ျားဆန်သည်။ သူ့ကို တစ်ချက်လေး ကြည့်လိုက်မိသည်နှင့် ထူးခြားသော အဟန့်အထည်ကြောင့် ဆွဲဆောင်ခံရလိမ့်မည်။
သူ၏အဟန့်အထည်မှာ နွားအိုကြီးပြောခဲ့သကဲ့သို့ ခေါင်းဆောင်တစ်ယောက်၏ အဟန့်အထည်မျိုးမဟုတ်ဘဲ ဆင်းရဲဒုက္ခ၊ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပြီး စမ်းသပ်မှုများ၊ အပြောင်းလဲမှုများ မည်မျှကြုံတွေ့ရစေကာမူ မယိမ်းယိုင်သွားမည့် ရည်မှန်းချက် ရှိသည့် အဟန့်အထည်မျိုး ဖြစ်သည်။
ယင်းကဲ့သို့ အဟန့်အထည်မျိုးသည် မပြိုလဲနိုင်သော တာအိုနှလုံးသား၊ ကြီးမြတ်သော ရည်ရွယ်ချက်တို့ ပိုင်ဆိုင်ထားသည့် လူတစ်ယောက်၏ အဟန့်အထည်မျိုးပင် ဖြစ်ချေ၏။ ခိုင်ဧကရာဇ်က ခွန်ကြီး၏ကျောပေါ်တွင် ရပ်နေသော်လည်း၊ သူ့အနား၌ လူပေါင်းများစွာ ရှိသော်လည်း၊ ရှုခင်းများက တရိပ်ရိပ် ကျန်နေခဲ့သော်လည်း သူကား လောကကြီး၏အလယ်ဗဟိုတွင် ရပ်နေသကဲ့သို့ ထင်ရသည်။ အရာအားလုံး ရွေ့လျားနေသော်လည်း သူတစ်ယောက်သာ ငြိမ်သက်နေသည်။ သူ့ရုပ်ခန္ဓာက မရွေ့လျားနေခြင်းမဟုတ်၊ သူ၏တာအိုနှလုံးသားနှင့် ရည်ရွယ်ချက်က မယိုင်မလဲ ခိုင်မာစွာ တည်ရှိနေ၍ပင်။
ချင်မူ ရင်ထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။ ယခုလို ခိုင်ဧကရာဇ်တစ်ယောက်က ရွှင်ပျော်ပျော်ကျေးရွာ၌ ပုန်းနေပြီး ထွက်မလာရဲတော့သော ခိုင်ဧကရာဇ် ဖြစ်နိုင်ပါ့မည်လော။
ခိုင်ဧကရာဇ်၏အကြည့်က စူးရဲတောက်ပနေသည်။ သူ့မျက်ဝန်းသည် မွန်းတည့်နေကြောင့် ရောင်ပြန်ဟပ်နေသော ကန်ရေပြင်ပမာ လင်းလက်နေ၏။ သူ့ပခုံးက ချင်မူ့ထက် အနည်းငယ် ကျယ်ကာ မဆိုစလောက် ပုဟန်တူသည်။ ငယ်ရွယ်စဉ်တုန်းက ဆင်းရဲဒုက္ခများ ခံစားခဲ့ရကြောင်း ပေါ်လွင်နေသည်။
ခိုင်ဧကရာဇ်မှာ ခပ်ဝါးဝါးမျက်နှာဖြင့် အဘိုးအို ပြန်နှုတ်ဆက်သည်ကို မြင်လျှင် အံ့အားသင့်သွား၏။ ဤအဘိုးအို၏ သိုင်းအဆင့်ကို သူ မမြင်ရသော်လည်း ကောင်းကင်နတ်ဘုံ၌ ထင်ရှားသောလူတစ်ယောက် ဖြစ်လိမ့်မည်။ ထိုကဲ့သို့သိုင်းပညာရှင်က သူ့ကို အဘယ်သို့ပြု၍ လေးလေးစားစား ဂါဝရပြုနေသနည်း။
ယင်ချောင်ကျင့်က မိတ်ဆက်ပေးသည်။ “အထက်ဘုံဆီ တက်လာတဲ့အချိန်မှာပဲ နောင်တော်ချင်နဲ့ ကျွန်တော် တွေ့ခဲ့တာပါ... သူ့အစွမ်းအစတွေက အံ့ဩစရာကောင်းတဲ့အပြင် သူက ထူးခြားတယ်... နောင်တော်တို့နှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ”
ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “ကျွန်တော့်နာမည်က မူချင်းပါ... ဒါက ကျွန်တော့်အစ်ကိုကြီး... မျိုးရိုးက နျို၊ နာမည်က ပန်း”
“နျိုပန်း”
နွားအိုကြီး၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် တျန်းချိကျွင်း၏ အဝါရောင်စက္ကူက မျက်နှာကို ဝါးပေးထားသောကြောင့် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မည်သူမျှ မမြင်ရပေ။ သူက သူ့ဘာသာသူ တွေးနေသည်။ ‘ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံကို စတင်တည်ထောင်ခဲ့တုန်းက ငါ့ကို တစ်ခါ ပြုံးပြပြီး ငါ့နာမည်ကို ပြောင်းချင်တဲ့အကြောင်း ပြောခဲ့ဖူးတယ်... စန်းသွောလို့ မခေါ်သင့်ဘူး ၊ နျိုပန်းလို့ ခေါ်ရမှာတဲ့... အဲဒီတုန်းက သူ ငါမှန်း သိသွားတာလား’
ချင်မူကတော့ သူ့အတွေးကို မသိဘဲ ကောင်းကင်ယင်သားတော်ကို နွေးနွေးထွေးထွေး ပြုံးပြရင်း တွေးနေသည်။ ‘ကောင်းကင်ယင်သားတော်ကို အခု သတ်လိုက်ရင် အနာဂတ် ကောင်းကင်ယင်သားတော် ပျောက်သွားလောက်မလား... အခု ကောင်းကင်ယင်သားတော်က ဧကရာဇ်ပလ္လင်အဆင့် မဟုတ်ဘူး... နတ်ဘုရားတောင် မဖြစ်သေးတော့ သူ့ကို အလွယ်တကူ သတ်လို့ရတယ်...’
ကောင်းကင်ယင်သားတော်သည် ချင်မူ သူ့အား ကြည့်နေမှန်း မြင်လျှက် တမုဟုတ်ချင်း ပြုံးပြ၏။ “နောင်တော်မူ၊ ဒါက ကောင်းကင်နတ်ဘုံရဲ့ ပထမဆုံး ရုပ်ဖျက်တွေ့ဆုံပွဲပါ ... ကမ္ဘာအသီးသီးက လူငယ်သိုင်းပညာရှင်တွေ ဒီကို လာနေကြတယ်... တက်ရောက်နိုင်တဲ့ လူအားလုံးက သူတို့ကမ္ဘာမှာ အထင်ကရပုဂ္ဂိုလ်တွေချည်းပဲ... ကျွန်တော်တို့လို လူတွေကတော့ တောသားလေးတွေပေါ့ဗျာ”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော်ကတော့ တောသား ဖြစ်ရင်ဖြစ်မယ်... နောင်တော်ယင်က အထင်ကရပုဂ္ဂိုလ်ပါ”
ကောင်းကင်ယင်သားတော်သည် ကပျာကယာ နှိမ့်ချလိုက်သော်လည်း ကျေနပ်အားရနေသော သူ၏အမူအရာကိုတော့ မဖုံးဖိနိုင်သေးပေ။ “ကျွန်တော်က ကျွန်တော်တို့တောမှာတော့ နာမည်ကြီးပေမယ့် တခြားလူတွေနဲ့ မယှဉ်နိုင်သေးပါဘူး”
ချင်မူက အလေးအနက် ပြောလိုက်သည်။ “နောင်တော်ယင်က နောင်တစ်ချိန်မှာ သေချာပေါက် သာမန်လူဖြစ်မှာ မဟုတ်ဘူး... အကြီးအကျယ် အောင်မြင်လာလိမ့်မယ်”
ခိုင်ဧကရာဇ်လည်း မျက်ဝန်းများ လှုပ်ခတ်သွားပြီး အပြုံးတစ်ခုဖြင့် ဝင်ပြော၏။ “ကျွန်တော်လည်း အဲဒီလိုပဲ ခံစားရပါတယ်... နောင်တော်ယင်က အခုတော့ နာမည်မကြီးသေးပေမယ့် နောင်ကျ သေချောပေါက် အောင်မြင်လာမှာပါ” “
ကောင်းကင်ယင်သားတော်မှာ ပီတိဖြာနေတော့သည်။ “ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်ဘုံတွေကို နာမည်ပေးချင်နေတော့ ရှေးဟောင်းနတ်ဘုရားအားလုံး ဖိတ်ခေါ်ထားပါတယ်... ကျွန်တော်တို့အနေနဲ့ ရှေးဟောင်းနတ်ဘုရားတွေအနား ကပ်လို့မရပေမယ့် ကျွန်တော့်မှာ အဆက်အသွယ်အများကြီး ရှိတယ်... ဒီတစ်ခေါက်က ရောက်လာကြတဲ့ မျိုးနွယ်အသီးသီးက အဆင့်မြင့်ပညာရှင်တွေထဲမှာ ကောင်းကင်ရတနာကျင့်စဉ် ဖန်တီးထားတဲ့လူတွေ ပါတယ်... သူတို့က ရှေးဟောင်းနတ်ဘုရားတွေ မဟုတ်ပေမယ့် ရှေးဟောင်းနတ်ဘုရားတွေထက်တောင် သာတယ်လို့ ပြောလို့ရတယ်.... သူတို့ ကောင်းကင်ရတနာတွေ ဖန်တီးပေးခဲ့လို့သာ ကျွန်တော်တို့ ကျင့်ကြံနိုင်တာပဲမဟုတ်လား”
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို ဖန်တီးခဲ့သော အဆင့်မြင့်ပညာရှင်များတဲ့လော။
ကောင်းကင်ရတနာကျင့်စဉ်စနစ်အား ရှေးဟောင်းနတ်ဘုရားများ ဖန်တီးခဲ့ခြင်း မဟုတ်ဘူးလား။
သူက ခိုင်ဧကရာဇ်ကို ကြည့်လိုက်ပြီး ခိုင်ဧကရာဇ်လည်း အံ့အားသင့်နေပုံပေါ်သည်။
ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို ဖန်တီးခဲ့သော ရှေးဟောင်းနတ်ဘုရားများနှင့် သူတို့ ဆုံတွေ့နိုင်တော့မည်လား။
ကောင်းကင်ယင်သားတော်က အပြုံးတစ်ခုဖြင့် ပြော၏။ “သူတို့က အခု နဂါးသွဲ့ရေကန်မှာ ရောက်နေကြပြီး နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ လုပ်ဖို့ ပြင်နေကြတယ်... ကောင်းကင်နတ်ဧကရာဇ်နဲ့ ကျန်တဲ့လူတွေ ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲ လုပ်နေတဲ့အချိန် ကျွန်တော်တို့ကတော့ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ လုပ်မှာပေါ့လေ... ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲလောက် မခမ်းနားပေမယ့် အဲဒီပွဲကို လွတ်လို့မဖြစ်ဘူး... ကောင်းကင်နတ်အရှင်ယွီက သတင်အကြီးကြီးတစ်ခု ကြေညာစရာရှိတယ်ဆိုတဲ့ ကောလဟလတွေလည်း ကြားရတယ်... အဲဒီသတင်းက အားလုံးကို တုန်လှုပ်သွားစေမယ့် သတင်းတဲ့”
ခိုင်ဧကရာဇ်သည် ပြုံးလိုက်ပြီး ပြော၏။ “နောင်တော်ယင်ရဲ့ အဆက်အသွယ်တွေက တော်တော်ကျယ်ပြန့်တာပဲ... ကျွန်တော်တို့ကိုလည်း သတင်းနည်းနည်းလောက် ပြောပြလို့ရမလား”
ကောင်းကင်ယင်သားတော် တခဏ တွန့်ဆုတ်သွားပြီးနောက် သူ့အသံကို နှိမ့်လိုက်ကာ ခပ်တိုးတိုး ပြောလေသည်။ “ကောလဟလတွေအရ ကောင်းကင်နတ်အရှင်ယွီက ကျွန်တော်တို့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ဖန်တီးပြီးပြီတဲ့ ... နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ ဒီသတင်းကို ကြေညာလိမ့်မယ်”
ချင်မူ အော်လိုက်မိသည်။ “နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းတဲ့လား... အရင်တုန်းက နတ်ဘုရားအဆင့်အထိ ကျင့်ကြံဖူးတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ မရှိတာလား”
ကောင်းကင်ယင်သားတော်နှင့် ခိုင်ဧကရာဇ်က သူ့ကို အထူးအဆန်းသဖွယ် ကြည့်လိုက်ကြ၏။
ချင်မူမှာ စကားမှန်းသွားမှန်း သိလိုက်သဖြင့် ရှက်သွားတော့သည်။ “ကျွန်တော်က တောကဆိုတော့ ဘာမှမသိလို့ပါ.. ကျေးဇူးပြုပြီး မရယ်ပါနဲ့... ကောင်းကင်နတ်ဘုံမှာ နတ်ဘုရားတွေရှိတယ်လို့ပဲ အမြဲထင်နေခဲ့တာ”
ခိုင်ဧကရာဇ်က သူ့ကို အပြုံးမဟုတ်သောအပြုံးဖြင့် ကြည့်၏။ ထို့နောက် ရှင်းပြသည်။ “ကောင်းကင်နတ်ဘုံမှာ နတ်ဘုရားတွေ ရှိပါတယ်... ရှေးဟောင်းနတ်ဘုရားတွေအပြင် တခြားနတ်ဘုရားအမျိုးအစားတွေလည်း ရှိကြပေမယ့် ဒီနတ်ဘုရားတွေက ကျင့်ကြံရင်း နတ်ဘုရားဖြစ်လာတာ မဟုတ်ဘူး... သဘာဝအတိုင်း မွေးဖွားလာကြတာ... ဒါပေမဲ့ သူတို့သက်တမ်းက အကန့်အသတ် ရှိတယ်... သက်တမ်းကုန်တာနဲ့ သူတို့ဝိညာဉ်တွေ ယိုတုဆီ ပြန်ရလိမ့်မယ်”
ကောင်းကင်ယင်သားတော်သည် လက်နှစ်ဖက်ကို ပွတ်နေပြီး ပြုံးကာ ပြော၏။ “အဲဒါက အကြောင်းရင်းပဲ... နောင်တော်မူက ဒီနယ်ပယ်နဲ့ မရင်းနှီးမှတော့ မသိတာ မထူးဆန်းပါဘူး... တကယ်တော့ အများစုက နတ်ဘုရားတစ်ပိုင်းတွေပဲ...ရှေးဟောင်းနတ်ဘုရားတွေရဲ့ မျိုးဆက်တွေလို့ ခေါ်ရမှာပေါ့... နတ်ဘုရားတစ်ပိုင်းတွေမှာ သန့်စင်တဲ့ နတ်ဘုရားသွေးကြောင့် သူများနဲ့မတူတဲ့ အစွမ်းအစတွေ ရှိပေမယ့် ရှေးဟောင်းနတ်ဘုရားတွေလို မသေမျိုးမဟုတ်ဘူး.. ဒါ့အပြင် သူတို့က ကျင့်စဉ်တွေကို ကျင့်ကြံအားမထုတ်ဘဲ ကြီးထွားလာအောင်ပဲ လုပ်ကြတာ”
“ကြီးထွားလာအောင်” ချင်မူ ပို၍ပင် နားမလည်နိုင်တော့ပေ။
“ဥပမာ ကျွန်တော်တို့ကို နဂါးသွဲ့ရေကန်ဆီ ခေါ်သွားပေးနေတဲ့ ဒီခွန်ကြီးပေါ့... သူကလည်း နတ်ဘုရားတစ်ပါးပဲ”
ကောင်းကင်ယင်သားတော်က ပြောသည်။ “ခွန်ကြီးက ရှေးဟောင်းနတ်ဘုရားတွေရဲ့ မျိုးဆက်တစ်ဆက်ပေါ့... သူတို့ မွေးလာတုန်းက အင်မတန် သန်မာအားကောင်းကြပေမယ့် အဲဒီအချိန်က အသန်မာဆုံးအချိန် မဟုတ်သေးဘူး... ခွန်ကြီးက ကြီးထွားလာအောင် ကျောက်စိမ်းနဂါးဆေးလုံးတွေကို မှီဝဲတယ်... ကျွန်တော်တို့လို ကျင့်ကြံအားထုတ်စရာမလိုဘူး... သူတို့ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ရုပ်ခန္ဓာနဲ့ မှော်စွမ်းအင်တွေက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးလာကြရော... အဲဒီအချိန်ရောက်ရင် သူတို့အစွမ်းအစတွေက ရှေးဟောင်းနတ်ဘုရားတွေအောက် အားမနည်းတော့ဘူး... အားနည်းရင်တောင် မဆိုစလောက်လေးပဲ”
ခိုင်ဧကရာဇ်က ဆက်ပြော၏။ “ဒါပေမဲ့ သူတို့သက်တမ်းက အကန့်အသတ်နဲ့ဆိုတော့ နတ်ဘုရားတစ်ပိုင်းလို့ပဲ အသိများကြတယ်... မသေမျိုးတွေ မဟုတ်ဘူး... အခြားတစ်ဖက်မှာ ကောင်းကင်နတ်သိုင်းပညာရှင်တွေက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖွင့်ပြီး ကောင်းကင်ရတနာတစ်ခုပြီးတစ်ခု ဖွင့်ရင်း တစ်ဆင့်ချင်း ကျင့်ကြရတယ်... အဲဒီလိုမှ မြင့်မားတဲ့ အဆင့်တစ်ဆင့်ကို ရောက်ကြတာ... ကျွန်တော်တို့နဲ့ နတ်ဘုရားတစ်ပိုင်းတွေ မတူညီတာက ကျွန်တော်တို့သွေးက အဆင့်နိမ့်တယ်၊ ကျွန်တော်တို့က ကျင့်စဉ်တွေကနေတစ်ဆင့် ကျင့်ကြံတယ်... နတ်ဘုရားတစ်ပါးတွေကတော့ သူတို့သွေးဆက်ကိုပဲ အားကိုးရင်း ကြီးထွားလာနိုင်ကြတယ်”
ချင်မူ သဘောပေါက်သွားသည်။ သို့သော် သူ့ရင်ထဲတွင် သံသယများစွာ ပေါက်ဖွားလာ၏။ ကြည့်ရသည်မှာ အလွန်ရှေးကျသော ခေတ်တစ်ခေတ်သို့ သူ ရောက်လာခဲ့ဟန်တူသည်။
ဤခေတ်တွင် ကောင်းကင်နန်းဆောင်များဆီသို့ တက်နိုင်သော ကျင့်စဉ်စနစ်ပင် မရှိသေးဘဲ ကောင်းကင်ရတနာကျင့်စဉ်စနစ်သာ ရှိသေးရာ ဤခေတ်သည် မည်သည့်ခေတ်ပေနည်း။
ကောင်းကင်နတ်ဘုံမှာ ယခုမှ တည်ထောင်ကာစ ရှိသေးပြီး နာမည်ပင် မပေးရပေ။
ဤကောင်းကင်နတ်ဘုံက ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းကင်နတ်ဘုံများလော။
ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းကင်နတ်ဘုံဆိုလျှင် ဤကောင်းကင်နတ်ဘုံ၏ ရှေးဟောင်းနတ်ဘုရားများနှင့် ပြင်ပကောင်းကင်နတ်ဘုံအကြား မည်ကဲ့သို့ ဆက်သွယ်မှုရှိနေသနည်း။
ခိုင်ဧကရာဇ်ခေတ်၏ လူများသည် ရန်သူက မည်သူမှန်း အစမှအဆုံးအထိ မသိခဲ့သည့်အကြောင်း တန်ခိုးရှင်သစ်ခုတ်သမား ပြောခဲ့ဖူးသည်။ ချုံဧကရာဇ်ခေတ်၏ လူများမှာလည်း ပြင်ပကောင်းကင်နတ်ဘုံသည် မည်သူမှန်း မသိခဲ့သည့်အတွက် ပြင်ပမကောင်းဆိုးဝါးများဟုသာ ခေါ်ဆိုခဲ့ကြ၏။
ချိဧကရာဇ်၏အသိစိတ်အလျဉ်အရ ချိမင်ခေတ်ကို ဖျက်စီးခဲ့သော ရန်သူက မည်သူမှန်း မသိရသလို၊ မည်သည့်နေရာမှ လာသည်၊ မည်မျှသန်မာအားကောင်းသည်ကိုလည်း ချင်မူ မသိပေ။
ချင်မူ စဉ်းစားပြီးရင်း စဉ်းစားနေသော်လည်း နားမလည်နိုင် ဖြစ်နေသည်။
ရုတ်တရက် သူ့ရင်ထဲ လှုပ်ခတ်သွားသည်။ သစ်ခုတ်သမား၏ တပည့်အကြီးဆုံး၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းသခင် ဝေစွေ့ဖုန်းသည် ဆန်းကြယ်နက်နဲသော လျှို့ဝျက်ချက်များကို လိုက်ရှာရင်း ပျောက်ချင်းမလှ ပျောက်သွားခဲ့၏။
တည်ထောင်သူဂိုဏ်းသခင်က နေရာပေါင်းစုံ လျှောက်သွားပြီး မြေပုံများ ချန်ခဲ့သည်။ သူ အကြီးအကဲချင်းဟွမ်မှတစ်ဆင့် ပေးခဲ့သော ပစ္စည်းတစ်ခုမှာ အတိုင်းထက်အလွန် ရှေးကျသော အမိန့်ပြားတစ်ပြား ဖြစ်ခဲ့သည်။ အမိန့်ပြားသည် ချင်မူ့လက်ထဲ၌ ရှိနေသေး၏။ ဤအမိန့်ပြားက မည်သည့်ခေတ်မှ ဖြစ်သနည်း။
‘ငါ ကောင်းကင်ယင်သားတော်ကို အခု သတ်လိုက်လို့ မဖြစ်သေးဘူး’
ချင်မူက နူးညံ့ကြင်နာစွ ပြုံးရင်း တွေးနေသည်။ ‘ကောင်းကင်ယင်သားတော်က ဒီက ဒေသခံ မဟုတ်လား.... ဒီခေတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ သူ့အဆက်သွယ်တွေ လိုသေးတယ်... ဒါ့အပြင် ကောင်းကင်ရတနာကျင့်စဉ်စနစ် ဖန်တီးခဲ့တဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေနဲ့ သူ မိတ်ဆက်ပေးမှာလည်း စောင့်ရဦးမယ်...’
ချင်မူမှာ စိတ်အားတရှိန်းရှိန်း တက်ကြွလာတော့သည်။
နောင်လာနောင်သားများအတွက် ကျင့်စဉ်စနစ်များ ဖန်တီးတည်ထောင်ပေးခဲ့သူများအား သူ တွေ့ရပေတော့မည်။
နွားအိုကြီးက သူ့ကို လှမ်းတို့လိုက်မှ ချင်မူ သတိပြန်ကပ်သွားသည်။ ခိုင်ဧကရာဇ်သည် အပြုံးမဟုတ်သော အပြုံးဖြင့် သူ့ကို ကြည့်နေဆဲဖြစ်၍ ချင်မူ ထိတ်လန့်သွား၏။
သူ စကားမှားသွားသည့်အတွက် ခိုင်ဧကရာဇ် သံသယဝင်နေကြောင်း ထင်ရှားပေသည်။ သို့သော် ခိုင်ဧကရာဇ်သည် သူ့ကို မဖော်ထုတ်ခဲ့။
‘တကယ်တော့ ကျုပ်က ခင်ဗျားရဲ့ တစ်ရာ့ခုနစ်ဆက်မြောက် မျိုးဆက်လို့ ပြောချင်လွန်း ယားနေတာဗျ’
ချင်မူက တောက်ပစွာ ပြုံးပြရင်း တွေးနေသည်။ ‘ခင်ဗျားကို ပြောချင်တာတွေ အများကြီး ရှိပေမယ့် ပြောပြလို့မရဘူး...’
ကာင်းကင်ယင်သားတော်က ခွန်ကြီး၏ ဦးခေါင်းဆီ ပြေးသွားပြီး အဝေးမှ လှမ်းအော်သည်။ “မြန်မြန်လာ... မြန်မြန်လာ... ကောင်းကင်ယင်နတ်ဘုရားမရဲ့ ရထားလုံး လာနေပြီ”
ခိုင်ဧကရာဇ်က အပြုံးတစ်ခုဖြင့် ပြော၏။ “သွားကြစို့”
ချင်မူ ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်သား ဘေးချင်းယှဉ်လျက် ခွန်ကြီး၏ဦးခေါင်းဆီ လျှောက်သွားကြသည်။ ခွန်ကြီး၏ ဦးခေါင်းဆီ အပြေးအလွှား သွားပြီး ကောင်းကင်ယင်နတ်ဘုရားမ၏ ရထားလုံးအား စိတ်လှုပ်ရှားစွာ ကြည့်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ရှိသေးလေသည်။
“မင်း ဆန်းကြယ်ဖြစ်ရပ်ထဲ ဘယ်လိုရောက်လာာတာလဲ” ခိုင်ဧကရာဇ်က ရှေ့သို့ကြည့်ရင်း ခပ်တိုးတိုး မေး၏။
နွားအိုကြီးမှာ ထိတ်လန့်လာပြီး ချင်မူ့အဝတ်စကို ဆောင့်ဆွဲရင်း ဝန်မခံရန် အချက်ပြသည်။
ချင်မူက ခပ်တိုးတိုး ပြန်ပြောလိုက်၏။ “ခင်ဗျားလိုပဲ မြူခိုးထဲ မတော်တဆ ဝင်မိပြီး ဒီရောက်လာတာ”
ခိုင်ဧကရာဇ်သည် သူ့ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြော၏။ “ငါ ဒီကို ရောက်လာတာ ရက်ပိုင်းလောက်ရှိပြီ... ရောက်စတုန်းကတော့ အင်မတန် အံ့အားသင့်ခဲ့ပေမယ့် အခုတော့ စိတ်ငြိမ်သွားပါပြီ... ဒီလိုထူးဆန်းတဲ့ခေတ်ကို ရောက်လာပြီး ငါတို့အနာဂတ်ခေတ်ရဲ့ ဇစ်မြစ်ကို ကြည့်ခွင့်ရတာ သိပ်ထူးခြားတယ်... ငါတော့ ဒီတိုင်း ဘေးကပ်ကနေ ရပ်ကြည့်ပြီး မနှောင့်ယှက်သင့်ဘူး ခံစားရတယ်”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နှောင့်ယှက်တော့ရော ဘာဖြစ်လဲ... ဒါတွေအားလုံးက ကံတရားအတိုင်း ဟုတ်လား၊ မဟုတ်လား ခင်ဗျား ဘယ်လိုသိနိုင်မှာလဲ... ဒီခေတ်ကို နှောင့်ယှက်လိုက်ရင် နောင်အနာဂတ်မှာ အဲဒါက ဖြစ်ပျက်ခဲ့ပြီးသား ဖြစ်သွားလောက်တယ်.... မနှောင့်ယှက်မိဖို့ ကိုယ့်ကိုယ်ကို ချုပ်တည်းထားလိုက်ရင်တော့ အနာဂတ်မှာ ခန့်မှန်းမရတဲ့အရာတွေ ဖြစ်အောင်ပဲ လုပ်မိသွားလိမ့်မယ်”
ခိုင်ဧကရာဇ်က မျက်ခုံးပင့်ကာ တည်ငြိမ်စွာ ပြောသည်။ “မင့်အတွေးတွေက ငါ့အတွေးနဲ့ မတူတဲ့ပုံပဲ... ငါတို့နှစ်ယောက်လုံးက မာန်ဟုန်မြစ်က လာတယ်ပဲ ထင်ခဲ့တာ ... ကြည့်ရတာတော့ ငါ့အထင် မှားသွားပြီ... လမ်းမတူရင် အစီအစဉ်တူတူဆွဲလို့မရဘူး”
ချင်မူ သရော်တော်တော် ပြောလိုက်သည်။ “အပေါက်အလမ်းမှ မတည့်ရင် စကားတွေပြောနေလည်း အလကားပဲ... ခင်ဗျားက ခေါင်းမာပြီး ကိုယ့်အတွေးကသာ အမှန်ထင်နေတဲ့အပြင် ခင်ဗျားစိတ်က ပျော့ညံ့လွန်းတယ်... ရွှင်ပျော်ပျော်ပဲ နေနေတဲ့ ခင်ဗျားအတွက် ကျုပ် ရှက်မိတယ်”
ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်၍ သူ့ကို အကဲခတ်၏။ “မင်းနာမည်က အတု... မင်းရုပ်ကတောင် အတုပဲ... ဒါက မင်းရဲ့ရင်ထဲက အမှောင်တရားကို ဖော်ပြနေတယ်... မင်းက ဒီခေတ်ကို နှောင့်ယှက်ချင်နေတဲ့ ရည်မှန်းချက်နဲ့ ရက်စက်တဲ့လူ ... ငါ မင်းကို တားရလိမ့်မယ်”
ချင်မူ မှင်သေသေ ပြောလိုက်၏။ “ခင်ဗျားနာမည်ကလည်း အတုပဲလေ... ရဲရင့်တည်ကြည်တဲ့ပုံစံဖမ်းပြီး အခြားသူတွေ ခင်ဗျားကို ယုံကြည်လာအောင်၊ ခင်ဗျားအတွက် ပေးဆပ်အောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိသလို ထင်ရပေမယ့် တကယမ်း အရှုံးကို မရင်ဆိုင်နိုင်တဲ့ လူယုတ်မာတစ်ယောက်ပဲ... ခင်ဗျားလည်း ဘယ်နေရာမှာမှ ကောင်းနေတာမဟုတ်ဘူး”
နွားအိုကြီးမှာ သူ့နဖူးမှ ချွေးများကို သုတ်ရင်း တစ်ယောက်တည်း ညည်းတွားနေသည်။ “ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ... နှစ်ယောက်လုံးရဲ့ စိတ်ကလည်း လက်တစ်ဆစ်... တစ်ရာ့ခုနစ်ဆက်မြောက် မျိုးဆက်သာ သူ့ဘိုးဘေးကြီးနဲ့ ရန်ဆက်ဖြစ်နေရင် သူ့ဘိုးဘေးကြီးကို ထရိုက်မိတော့မယ် ထင်တယ်... ဘိုးဘေးကြီးရဲ့ ရိုက်တာ ခံရရင် ထားဦး... ဘိုးဘေးကြီးကို ပြန်ရိုက်ရင်တော့ ပြဿနာတက်ပြီ”
ဤအချိန်မှာပဲ ကောင်းကင်ယင်သားတော်၏ အသံ ထွက်လာသည်။ “ကောင်းကင်ယင်နတ်ဘုရားမရဲ့ ရထားလုံး ရောက်လာပြီ... နောင်တော်ချင်၊ နောင်တော်မူ မြန်မြန်လာဗျို့”
ချင်မူနှင့် ခိုင်ဧကရာဇ် တစ်ယောက်ဆီမှ တစ်ယောက်အကြည့်လွှဲပြီး ရှေ့သွားလိုက်သည်။ သူတို့၏ချီအတက်အကျများက အချင်းချင်း ယှဉ်ပြိုင်နေကြလေသည်။