← Chapters

ရှေးတစ်ခေတ်၏ ပါရမီရှင်များ

Vol. 55 Ch. 735

ရှေးတစ်ခေတ်၏ ပါရမီရှင်များ

Vol. 55 Ch. 735

တာအိုရသေ့၏ လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်ခု ရှိနေသည်။ သူ အလင်္ကာတချို့ ရွတ်ဖတ်လိုက်သည့်အခါ သံလိုက်အိမ်မြှောင်သည် ဂျောက်ဂျောက်ဂျက်ဂျက် မြည်လျက် လည်သွားကာ သင်္ကေတအမှတ်အသားများ ဖြစ်လာ၏။

ဘုန်းကြီးကမူ ပုတီးစိပ်နေသည်။ ပုတီးနှစ်စေ့ ထိတိုက်သွားတိုင်း ခွပ်ခနဲ ခပ်သာသာ မြည်တတ်၏။ သူ၏လက်တစ်ဖက်၌ မဟူရာသပိတ်တစ်လုံး မြှောက်ထားပြီး သပိတ်ထဲတွင် စွမ်းအင်ဆေးလုံးအနည်းငယ် ရှိနေသည်။ အလှူခံထားသည်လား ချင်မူ မသိပေ။

နှစ်ယောက်လုံး၏ သင်္ကန်းများနှင့် အဝတ်အထည်များမှာ နွမ်းဖပ်ဖပ် စုတ်ပြတ်နေသည်။ တာအိုရသေ့ကြီး၏အဝတ်မှာလည်း ဖန်တရာတေအောင် လျှော်ဖွတ်ထားသောကြောင့် ဖြူလျော်နေသည့်အပြင် ဖာထားသည့် အကွက်များပင် ရှိသည်။ သို့သော် သပ်သပ်ရပ်ရပ်တော့ ရှိ၏။ အခြားတစ်ဖက်တွင် ဘုန်းကြီး၏ သင်္ကန်းမှာ အပေါက်ဗလပွဖြင့် လေများစိမ့်ထွက်နေသည်။

ကြည့်ရသရွေ့ နှစ်ယောက်လုံး ချောင်ချိသက်သာစွာ နေထိုင်ရပုံမပေါ်ပေ။

ချင်မူ သံသယဝင်သွားမိသည်။ ‘ဒီခေတ်မှာ တာအိုရသေ့တွေ၊ ဘုန်းတော်ကြီးတွေ ရှိနေပြီလား’

ခိုင်ဧကရာဇ်လည်း ဘုန်းကြီးနှင့် တာအိုရသေ့ကို သတိထားမိသဖြင့် မှင်သက်နေသည်။

ချင်မူနှင့် ခိုင်ဧကရာဇ် ရှေ့သို့ လျှောက်သွားသည့်အခါ ဘုန်းကြီးမှ တာအိုရသေ့အား ပြောနေသည်ကို ကြားလိုက်ရသည်။ “နဂါးသွဲ့ကန်က ပိုကောင်းသေးတယ်... ငါ စွမ်းအင်ဆေးလုံးတချို့ အလှူခံရထားပြီးပြီ... အနည်းဆုံးတော့ ဘုဉ်းပေးဖို့နဲ့ သင်္ကန်းအတွက် ပူစရာမလိုတော့ဘူး”

ချင်မူက ထူးဆန်းသောအမူအရာဖြင့် ဘုန်းကြီးဆီသို့ လှမ်းကြည့်လိုက်၏။

တာအိုရသေ့က ပြန်ပြောသည်။ “စကားလာမပြောနဲ့... ငါ သင်္ချာညီမျှခြင်းတစ်ခု အခုပဲ တွေးမိလိုက်လို့... တွက်ပြီးတဲ့အထိ စောင့်ဦး”

ဘုန်းကြီးက အပြုံးတစ်ခုဖြင့် ပြော၏။ “တွက်နေတော့ ဘာထူးမှာလဲ... မင်း ငါ့နောက် လိုက်ခဲ့ပါလား... ငါ့အိပ်မက် လမ်းစဉ်အဆင့် တက်တာနဲ့ အိပ်မက်ထဲမှာ ဘာမဆို တည်ရှိလာလိမ့်မယ်.... အဲဒါဆို အိပ်မက်ကနေတစ်ဆင့် တာအိုရဲ့ အနှစ်သာရအစစ်ကို ရှာနိုင်ပြီ”

တာအိုရသေ့သည် ခေါင်းပင် မမော့ဘဲ သံလိုက်အိမ်မြှောင်အား ဆက်လက်လှုပ်ရှားနေ၏။ “အိပ်မက်တွေဆိုတာ ပုံရိပ်ယောင်တွေ ဖြစ်နေသေးတုန်းပဲ... သင်္ချာကမှ မဟာတာအိုအစစ်... စကြဝဠာကြီးထဲက အရာအားလုံးကို သင်္ချာအပေါ် အခြေခံပြီး တည်ဆောက်ထားတာလို့ ငါ ခံစားရတယ်... သင်္ချာတတ်သွားတာနဲ့ ဒီစကြဝဠာထဲက ဆန်းကြယ်နက်နဲတဲ့ သဘောတရားအားလုံး နားလည်နိုင်ပြီ... သင်္ချာဟာ နောင်တစ်ချိန်မှာ သေချာပေါက် တောက်ပလာလိမ့်မယ်”

ဘုန်းကြီးမှာ ပြန်လည်ချေပရန် စောင့်နေစဉ် ချင်မူနှင့် ခိုင်ဧကရာဇ်‌ လျှောက်လာသည်ကို မြင်ရသဖြင့် မဟူရာသပိတ်ကို ကပျာကယာ ရှေ့တိုးပြီး လှုပ်လိုက်သည်။ အတွင်းရှိ စွမ်းအင်ဆေးလုံးများ တရှဲရှဲ မြည်သွား၏။

“ဒကာလေးတို့ စွန့်ကြဲပေးကမ်းစရာများ ရှိရင် အလှူခံပါတယ်.... ကိုယ်တော်တို့ညီနောင် အစာရေစာမစားရတာ ရက်ပိုင်းလောက် ရှိပါပြီကွယ်”

ခိုင်ဧကရာဇ်၏မျက်နှာက ထူးဆန်းသောအမူအရာအသွင် ပြောင်းသွားသည်။ သူက ခရီးဆောင်အိတ်ကို မွှေနှောက်ရှာကာ စွမ်းအင်ဆေးလုံးတချို့ ထုတ်၍ သပိတ်ထဲ ထည့်ပေးလိုက်၏။

“သာဓု သာဓု သာဓု ကျန်းမာချမ်းသာပါစေ” ဘုန်းကြီးသည် ပြုံးလျက် ချင်မူ့ဆီသို့ လှမ်းကြည့်နေ၏။

ချင်မူလည်း စွမ်းအင်ဆေးလုံးများ ထုတ်ကာ သပိတ်ထဲ ထည့်လိုက်သည်။

ဘုန်းကြီးက ခေါင်းယမ်းလေသည်။ “ဒီလောက်အများကြီး မလိုပါဘူး ဒကာလေး... ကိုယ်တော်က ကျင့်ကြံဖို့ပဲ တောင်းခံတာမလို့ တစ်ရက်စာဆို ရပါတယ်” သူက ထိုသို့ပြောပြီးနောက် ပိုနေသော စွမ်းအင်ဆေးလုံးများ ပြန်ထုတ်ကာ ချင်မူ့အား ပေးသည်။

ချင်မူက ပြန်မယူဘဲ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဆရာ‌‌တော်၊ ဒါက ဆရာတော်နဲ့ ထိုက်တန်လို့ လှူတာပါ... တပည့်တော်တို့က အင်မတန် ရေစက်ပါ,ပါတယ်... နောင်တစ်ချိန် မူ လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ရင် ဆရာတော် နားလည်မှာပါ”

ဘုန်းကြီးသည် ချင်မူ့ကို ကြည့်ပြီး ပြောလေ၏။ “ဒကာလေး ရှင်းအောင် ပြောလို့ရမလား”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ခမ်းနားကြီးကျယ်တဲ့ အိပ်မက်တွေ.... ဆရာတော်က အခု အိပ်မက်ထဲမှာ မဟုတ်မှန်း  ဘယ်လိုသိလဲ... တပည့်တော် ရှင်းလင်းအောင် ပြောစရာလိုသေးရဲ့လား.... အိပ်မက်တစ်ခုမှာ ကမ္ဘာ‌ပေါင်း အတိုင်းအဆမဲ့အောင် တည်ရှိသလို၊ အိပ်မက်ကနေပဲ သက်ရှိသတ္တဝါတွေ ဖြစ်ပေါ်လာကြတယ်.... နောင်ကျ ဆရာတော် နားလည်မှာပါ”

ဘုန်းကြီးမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ပြုံးလိုက်၏။ “ခမ်းနားကြီးကျယ်တဲ့ အိပ်မက်တွေတဲ့လား... ဒကာလေးရဲ့ စကားမှာ ကိုယ်တော့်တာအိုရဲ့ သမာဓိ ကိန်းဝပ်နေတာပဲ”

ချင်မူက အသည်းအသန် တွက်ချက်နေသော တာအိုရသေ့ဆီသို့ ကြည့်သည်။ တာအိုရသေ့၏ သံလိုက်အိမ်မြှောင်မှာ အလွန်ရှုပ်ထွေးနေပြီး သင်္ချာအပြောင်းအလဲများက ထိုက်ရွှမ်သင်္ချာကျမ်း၏ ပင်မသဘောတရားကို ဖော်ဆောင်ထားပြီး ဖြစ်၏။ သို့သော် သူ့အနေဖြင့် ထိုက်ရွှမ်သင်္ချာကျမ်းကို စလုံးရေ စ,မှ ဖန်တီးလိုလျှင် ပြိုင်ဘက်ကင်းလောက်အောင် ခက်ခဲလိမ့်မည်။

ဗလာနတ္ထိ အစမှ ဖန်တီးရခြင်းမှာ အခက်ခဲဆုံး ဖြစ်သည့်အပြင် မည်သူမျှ ပြီးပြည့်စုံသော သင်္ချာကျမ်းကို တွက်ထုတ်နိုင်မည်မဟုတ်ပေ။

ချင်မူက လက်ဆန့်၍ သံလိုက်အိမ်မြှောက်အပေါ် တောက်လိုက်သည်။

တာအိုရသေ့မှာ သူ့လက်ကို ပုတ်ထုတ်ရန် ပြင်နေသော်လည်း သံလိုက်အိမ်မြှောင်ကို မြင်သည်နှင့် အံ့အားသင့်သွားကာ အကြီးအကျယ် ဝမ်းသာသွားတော့သည်။ “ဟုတ်သား... ဒီရက်ပိုင်း ငါ့ကို ဒုက္ခပေးနေတဲ့ ပြဿနာက ဒီလို ဖြေရှင်းလို့ ရတာပဲ... တော်လိုက်တာ၊ တော်လိုက်တာ... အဆွေတော် ဒီပြဿနာကို ဘယ်လိုတွေးမိသွားတာလဲ”

သူ့အကြည့်သည် ရူးသွပ်နေသကဲ့သို့ စူးရဲနေပြီး ချင်မူ ရှင်းပြမည်ကို စိတ်လှုပ်ရှားစွာ စောင့်နေ၏။

ချင်မူက အမှန်အတိုင်း ပြောလိုက်သည်။ “ကျွန်တော်က တာအိုရသေ့ကြီးဆီက အတွေးအခေါ်ကြောင့်သာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တာပါ... ကျေးဇူးတင်ပါတယ်”

သူ ဦးညွတ်၍ အရိုအသေပေးလိုက်၏။

တာအိုရသေ့က ကမန်းကတန်း ပြောလေသည်။ “ကျုပ်ပြဿနာကို ဖြေရှင်းပေးပြီး ဘာလို့ ကျုပ်ကို ကျေးဇူးတင်နေတာလဲ”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “နောင်ကျ သိပါလိမ့်မယ် တာအိုရသေ့ကြီး... နောင်တစ်ချိန် မူလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ရင် အဲဒီလူက တာအိုရသေ့ကြီးကို ပြောပြပါလိမ့်မယ်”

တာအိုရသေ့ မှင်သက်သွားသည်။

ချင်မူက ပြုံးလျက် သူတို့ကို ရှောင်ကာ အရှေ့ရှိ နန်းဆောင်များဆီသို့ လျှောက်သွားသည်။

ခိုင်ဧကရာဇ်သည် တခဏ တွန့်ဆုတ်နေပြီးနောက် ချင်မူ့နောက် လိုက်သွား၏။ ထို့နောက် ခပ်တိုးတိုး ပြောလိုက်သည်။ “မင့်ရဲ့ ရည်ရွယ်ချက်တွေက မရိုးသားဘူး... မင်း သူတို့ကို မျက်နှာချိုသွေးနေတာ မများလွန်းဘူးလား... အဲဒီဘုန်းကြီးနဲ့ တာအိုရသေ့က ဟိုပုဂ္ဂိုလ်နှစ်ယောက် ဖြစ်လာမယ့်သူတွေမလား... စောစောက မင်း စွမ်းအင်ဆေးလုံး လှူပြီး သံလိုက်အိမ်မြှောင်ကို တောက်ပေးလိုက်တာကလည်း နောင်ကျ သူတို့အင်အားနဲ့ ဆရာလုပ်ချင်လို့မလား... ဒီရည်ရွယ်ချက်တွေနဲ့ မင်း..”

ချင်မူ စကားဖြတ်ပြောလိုက်မိသည်။ “ခင်‌ဗျားဦးနှောက်ကို ကျုပ် ရည်ရွယ်ချက်တွေ လိုက်ခန့်မှန်းနေတဲ့ နေရာမှာ မသုံးဘဲ အဲဒီအဖြစ်အပျက်မှာသာ သုံးလိုက်လို့ကတော့ ခင်ဗျား....”

ခိုင်ဧကရာဇ် အူကြောင်ကြောင် ဖြစ်သွား၏။ “ငါ .. ဘာဖြစ်လဲ”

ချင်မူ့အမူအရာသည် ဝမ်းနည်းနေသောအမူအရာ ရှိပြီး သူက ခေါင်းယမ်းလိုက်၏။ “ဘာမှမဟုတ်တော့ဘူး... သူတို့က အနာဂတ်ရဲ့ ဗြဟ္မဗုဒ္ဓနဲ့ တာအိုဂိုဏ်းရဲ့ တာအိုသခင်တွေဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်ရုံ သက်သက်ပါပဲ... ခင်ဗျား သူတို့နဲ့ မိတ်ဆွေ သွားဖွဲ့သင့်တယ်... နောင်တစ်ချိန်ကျ ဒီကောင်းမှုအတွက် သူတို့ ပြန်ကျေးဇူးဆပ်ကြလိမ့်မယ်”

ခိုင်ဧကရာဇ်က စဉ်းစားပြီး သွေးတိုးစမ်းသည်။ “မင်း ငါ့ကို သိတာလား... နောင်တစ်ချိန် ငါ ဘာဖြစ်သွားမလဲ မင်း သိတယ်မလား... မင်းက ငါတို့ခေတ်နောက်က ခေတ်ကလား”

ခိုင်ဧကရာဇ်သည် သာမန်လူများထက် ဉာဏ်ကောင်း၏။ ချင်မူ စကားတစ်ခွန်း၊ နှစ်ခွန်းသာ သာမန်ကာလျှံကာ ပြောသွားသော်လည်း ထိုစကားထဲမှ အရေးကြီးသော အချက်များကို ထုတ်ဖော်နိုင်ပေသည်။

ချင်မူ ခေါင်းယမ်းလိုက်သည်။ “ဘယ်ဟာက ခင်ဗျားအစစ်မှန်း ကျုပ် မသိဘူး.. ခင်ဗျားကိုလည်း တစ်ခါမှ မတွေ့ဖူးဘူး... သွား၊ သူတို့နှစ်ယောက်ကို သွားရှာလိုက်”

ခိုင်ဧကရာဇ်က တွန့်ဆုတ်နေကာ ‌ခေါင်းခါ၏။ “ငါက မင်းလို တစွတ်ထိုး လုပ်တတ်တဲ့လူ မဟုတ်ဘူး... တစွတ်ထိုး လုပ်လိုက်ရင် အနာဂတ် ပြောင်းလဲလိမ့်မယ်... အနာဂတ် ပြောင်းလဲသွားရင် ငါတောင် မွေးဖွားမလာဘဲ ပျောက်ကွယ်သွားနိုင်တယ်... ငါ ပြောခဲ့တဲ့အတိုင်း ငါက သမိုင်းကို ခံစားဖို့ ‌ရောက်လာတဲ့ ခရီးသွားသက်သက်ပဲ...အနာဂတ်ရဲ့ တည်ထောင်သူတွေကို ငါ သိပ်တွေ့ချင်တယ်”

နွားအိုကြီးက သူတို့နောက်မှ လိုက်လာနေပြီး နှစ်ယောက်သား တိုးတိုး, တိုးတိုး စကားပြောနေသည်ကို ကြားလျှင် မျက်မှောင်ကြုတ်သွား၏။ စောစော‌လေးကတင် ဤနှစ်ယောက်သည် တစ်ယောက်ကို သေအောင် မရိုက်သတ်နိုင်လျှင် သေတော့မည့်အလား ရန်တကျက်ကျက် ဖြစ်နေကြသော်လည်း ယခုမူ တရင်းတနှီး စကားပြောနေကြချေသည်။

‘ယောက်ျားတစ်ယောက်ရဲ့ စိတ်ကလည်း ခြောက်လပိုင်းရဲ့ မိုးလေဝသလိုပဲ... ပြောင်းချင်တိုင်း ပြောင်းနေတာ”

နွားအိုကြီးမှာ ဘုန်းကြီးနှင့် တာအိုရသေ့ဆီသို့ ပြန်လှည့်ကာ သူ့ဘာသာသူ‌ တွေးနေသည်။ ‘ငါလည်း သူတို့နဲ့ မိတ်ဆွေသွားဖွဲ့သင့်လား... နောင်ကျ အကျိုးအမြတ်လေး ထွက်လည်း မဆိုးဘူး”

ချင်မူနှင့် ခိုင်ဧကရာဇ်သည် အဝေးရောက်သွားပြီဖြစ်၍ နွားအိုကြီးမှာ ဘုန်းကြီးနှင့် တာအိုရသေ့နှင့် မိတ်ဆွေဖွဲ့ရန် ဂရုမစိုက်အားတော့ပေ။ သူက ချင်မူ့နောက်သို့ ကပျာကယာ လိုက်သွားရင်း တွေးနေသည်။ ‘လပိုင်းလောက် အချိန်ရသေးတာပဲ... သူတို့နှစ်ယောက် ငြိမ်သွားတာနဲ့ ငါ ဒီရှေးသိုင်းသမားတွေနဲ့ မိတ်ဆွေဖွဲ့ပြီး အမြတ်ထုတ်ရမယ်... ဟဲဟဲ အဲဒီအချိန်ရောက်လာရင် သခင်ကြီးတောင် ငါ့ကို လေးလေးစားစား ကြည့်နေရလိမ့်မယ်...’

ဘုန်းကြီးနှင့် တာအိုရသေ့က သူတို့ထွက်သွားသည်ကို ကြည့်ရင်း ခေါင်းယမ်းလိုက်ကြသည်။ တာအိုရသေ့ဆီမှ အသံထွက်လာသည်။ “တကယ် ထူးဆန်းတဲ့လူပဲ... သူ့သင်္ချာစွမ်းရည်က ငါ့ထက် မြင့်မား‌ပေမယ့် သူ့စိတ်က သင်္ချာပညာအပေါ်မှာ မရှိဘူး... နောင်တော်၊ သူ့ရဲ့လမ်းပြပေးမှုကြောင့် ငါ တာအိုရှာတွေ့တော့မလို ခံစားနေရတယ်”

ဘုန်းကြီးလည်း ခေါင်းညိတ်ကာ ပြုံးတော်မူလိုက်၏။ “ငါလည်း တာအိုရှာတွေ့တော့မယ်”

သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးသည် နဂါးသွဲ့ရေကန်လျှို့ဝှက်မြေအတွင်းရှိ နန်းဆောင်ထဲသို့ ဝင်လိုက်ကြပြီး ဟိုဟိုသည်သည် လျှောက်သွားနေကြသောလူများအား မြင်လိုက်ကြရသည်။ တစ်နေရာလုံး စည်ကားသိုက်မြိုက်နေသော်လည်း ကောင်းကင်ယင်သားတော်ကို မတွေ့ရပေ။ ကောင်းကင်နတ်အရှင်ယွီကို သွားရှာခြင်း ဖြစ်လိမ့်မည်။

ကောင်းကင်နတ်အရှင်ယွီက သူ့ကို တွေ့ဆုံပွဲတက်ရန် ဖိတ်ခေါ်ခဲ့ချေရာ သူတို့နှစ်ယောက်၏ ရင်းနှီးမှုက အပေါ်ယံသာ မဟုတ်လောက်ပေ။

တွေ့ဆုံပွဲတက်ရောက်ရန် ရောက်လာခဲ့ကြသူ အရေအတွက်သည် အလွန်များပြား၏။ အများစုက ကောင်းကင်နတ်အရှင်ယွီ ကြေညာမည့်သတင်းနှင့်ပတ်သက်၍ ဆွေးနွေးနေကြသည်။ တချို့က ကောင်းကင်နတ်အရှင်ယွီသည် ရှစ်ခုမြောက် ကောင်းကင်ရတနာကို ဖန်တီးပြီးသည့်အကြောင်း ဖြစ်မည်ဟု ခန့်မှန်းနေကြပြီး တချို့က မူလဝိညာဉ် မသေဆုံးမည့် နည်းလမ်းအား ကောင်းကင်နတ်အရှင်ယွီ တွေ့ရှိသွားပြီဟု ပြောနေကြ၏။ ကောင်းကင်နတ်အရှင်ယွီသည် လက်ထပ်ရန် ပြင်ဆင်နေသည်ဟု ပြောနေကြသူများပင် ရှိချေသည်။

ချင်မူ ဘေးဘီဝဲယာဆီသို့ ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်သိုင်းပညာရှင်များ အဖွဲ့လိုက် စုဝေးနေကြကြောင်း မြင်လိုက်ရသည်။ သူတို့က သင်ယူလေ့လာခဲ့ရသော အရာများ၊ တွေးခေါ်မိခဲ့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

ချင်မူနှင့် ခိုင်ဧကရာဇ် တခဏကြာ နားထောင်ကြည့်လိုက်၏။ သူတို့၏ ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှာ အလွန်ရိုးရှင်းပြီး အချောမသပ်ရသေးပေ။ အနာဂတ်မှ ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကဲ့သို့ နက်နဲရှုပ်ထွေးခြင်း မဟုတ်သဖြင့် သူတို့နှစ်ယောက်အတွက် အသေးအဖွဲသာ ဖြစ်၏။

သို့ရာတွင် ဤခေတ်အတွက်မူ အသေးအဖွဲမဟုတ်ပေ။

‘ငါတို့ အနာဂတ်ရဲ့ ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေအကြောင်း ပြောလိုက်ရင် သူတို့တော့ ဆွံ့အမှင်သက်ကုန်ကြမှာပဲ’

ချင်မူ ခေါင်းယမ်းလိုက်သည်။ အနာဂတ်၏ ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် အလွန်ရှုပ်ထွေးနက်နဲလွန်း၏။ ဤခေတ်၏ လူများဆီသို့ သူ ပြောပြလိုက်လျှင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားမည်ဖြစ်ကာ အနာဂတ်၏ အပြောင်းအလဲပေါ် သက်ရောက်မှုလည်း ရှိလာမည်။ သူ လောင်းကြေးထပ်၍ မဖြစ်ပေ။

ချင်မူက ခိုင်ဧကရာဇ်ဆီသို့ ကြည့်လိုက်ပြီး ခိုင်ဧကရာဇ်သည် သူက အနာဂတ်မှ လူမှန်း ခန့်မှန်းမိသဖြင့် အတိတ်ကို မပြောင်းလဲရန် ပြောခဲ့၏။ စဉ်းစားကြည့်မှ ခိုင်ဧကရာဇ်စကားမှာ သူ့သဘောတရားနှင့်သူ လက်တွေ့ကျပေသည်။

အစည်းအဝေးတက်ရောက်သူများမှာ ဆွေးနွေးရာတွင် စျာန်ဝင်စားနေကြပြီး တစ်ယောက်မဟုတ် တစ်ယောက်က သူတို့၏ကိုယ်ပိုင်ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများအကြောင်း ထွက်ရှင်းပြတတ်၏။ အတွေးအခေါ်၊ အယူအဆပေါင်းများစွာ ယှဉ်ပြိုင်နေကြသည်ဟု ဆိုရလိမ့်မည်။

သူတို့၏ ဆန်းကြယ်နက်နဲသော အတွေးတချို့က ချင်မူနှင့် ခိုင်ဧကရာဇ်ကိုပင် မှင်သက်သွားစေသည်။ ထိုအတွေးတို့သည် သူတို့တစ်ခါမှ မစဉ်းစားမိခဲ့သော ကောင်းကင်နတ်သိုင်းများဖြစ်သဖြင့် နှစ်ယောက်သား နားမထောင်မိဘဲ မနေတော့ပေ။

အနာဂတ်၏လူတို့သည် သတ်မှတ်ထားသော ကျင့်စဉ်စနစ်တစ်ခု ရှိထားသည့်အတွက် ဦး‌နှောက်ကို အလုပ်ပေးစရာမလိုကြပေ။ သူတို့၏ဘိုးဘေးများ ဖန်တီးခဲ့သည့်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံလိုက်ရုံသာ လိုသည်။ သိုင်းအဆင့် မြင့်မားကြသော်လည်း တီထွင်ဖန်တီးနိုင်စွမ်းတော့ အားနည်းကြ၏။

သို့သော် ဤခေတ်တွင်မူ စည်းကမ်းများစွာ မချမှတ်ထားသောကြောင့် လွတ်လွပ်လပ်လပ် တွေးခေါ်နိုင်ပေရာ သူတို့၏ ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများက ချင်မူနှင့် ခိုင်ဧကရာဇ်အတွက်ပင် အံ့ဩစရာ ဖြစ်နေကြသည်။

သူတို့ တွေးခေါ်ထားသော ဤကျင့်စဉ်စနစ်အသစ်များအား အနာဂတ်တွင် မတွေ့မြင်ရသည်မှာ သူတို့၏ ကျင့်စဉ်စနစ်တို့သည် မကောင်းမွန်၍မဟုတ်။ ကျင့်စဉ်စနစ်ကို ပြည့်စုံအောင် မွမ်းမံရင်း မအောင်မြင်ကာ သေဆုံးသွားကြ၍ ဖြစ်၏။

ကောင်းကင်ရတနာကျင့်စဉ်စနစ်က သင်ရအလွယ်ဆုံး ဖြစ်သည့်အပြင် အတတ်မြန်သည်။ ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို လိုက်စားကျင့်ကြံသူ များလာသည်နှင့်အမျှ တခြားစနစ်တို့ကို ကျင့်ကြံသူများ လျော့ကျလာ၏။ ဤသို့ဖြင့် အမွေဆက်ခံသူမရှိတော့ဘဲ တိမ်ကောပျောက်ကွယ်သွားခြင်း ဖြစ်ပေသည်။

ချင်မူနှင့် ခိုင်ဧကရာဇ်မှာ လူအုပ်ကြီးထဲ ဝင်တိုးရင်း အသုံးတည့်မည့် အတွေးအခေါ်များအား နားထောင်ရန် ပြင်နေစဉ် အသံတစ်သံ ကြားလိုက်ရသည်။ “ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်လင်... စောစောက အချိန် မတည်ရှိဘူးလို့ ပြောခဲ့တာ ဘယ်လိုနိယာမမျိုးလဲ”

ချင်မူနှင့် ခိုင်ဧကရာဇ် ပြိုင်တူ လှမ်းကြည့်မိလိုက်ပြီး အမျိုးသမီးတစ်ယောက်အား ဝိုင်းအုံနေသည့် ကောင်းကင်နတ်သိုင်းပညာရှင်များကို မြင်လိုက်ရသည်။ အမျိုးသမီးသည် ရိုးရှင်းစွာ ဝတ်ဆင်ထားကာ ခေါင်းတွင် မက်မွန်သစ်သား ဆံထိုးတစ်ခု ရှိ၏။ ခြေထောက်၌မူ မြက်ဖိနပ် စီးထားပြီး ကျားသစ်ကွက်စကပ်နှင့် ခပ်တိုတို အင်္ကျီကို ဝတ်ထားသည်။

သူမသည် ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်သော်လည်း အရိုင်းဆန်သော အလှတရားက ထင်ပေါ်နေချေသည်။

‘အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဖွင့်ခဲ့တဲ့ ကောင်းကင်နတ်အရှင်လင်က အမျိုးသမီးလား’ ချင်မူနှင့် ခိုင်ဧကရာဇ် အံ့အားသင့်သွားကြသည်။

ထိုအမျိုးသမီးသည် သူမ၏အယူအဆကို ရှင်းပြနေ၏။ “ဘယ်အရာမဆို... အာကာသအပါအဝင် အားလုံးက အကောင်အထည် ဒြပ်ရှိတယ်... ကောင်းကင်နတ်သိုင်းဆိုတာလည်း ချီစွမ်းအင်အမှုန်တွေနဲ့ ဖွဲ့စည်းထားလို့ ဒြပ်ရှိတယ်... ချီစွမ်းအင်အမှုန်တွေကို မဟာတာအိုရဲ့ နိယာမအတိုင်း ပေါင်းစည်းပြီး အစီအစဉ်ချလိုက်လို့ ကောင်းကင်နတ်သိုင်း ဖွဲ့တည်လာတာ... အချိန်က အကောင်အထည်ဒြပ် ရှိလို့လား... ဒြပ်မရှိရင် အချိန်ကို ကိုင်တွယ်လို့မရဘူး... ဒါကြောင့် အချိန် မတည်ရှိဘူး”

အားလုံး တွေးသွားကြသည်။ တချို့က ခေါင်းယမ်းနေကြသော်လည်း မည်သို့ပြန်ချေပရမှန်း မသိကြသေးပေ။

ချင်မူ ရှေ့တက်ကာ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်လင်၊ ဒါဆို ကျွန်တော်တို့ ဘာလို့ အသက်ကြီးလာကြတာလဲ... ကမ္ဘာပေါ်က လူတွေဟာ အိုမင်းပြီး သေဆုံးကြရတယ်... ဒါဟာ အချိန်နဲ့အတူ အသက်ကြီးကြရတာပဲ မဟုတ်လား”

ကောင်းကင်နတ်အရှင်လင်က သူ လျှောက်လာသည်ကို မြင်လျှင် ရုတ်တရက် ဆံထိုးကို ဆွဲထုတ်လိုက်သည်။ မက်မွန်သစ်သားသည် ခြောက်ကပ်ညှိုးနွမ်းနေပြီဖြစ်၏။

“အစ်ကိုတော်၊ ဒီဆံထိုးကို ကြည့်ပါ... ဒါက အသက်အရွယ်အိုမင်းလို့ သေဆုံးသွားပြီလား” သူမက မေးသည်။

ချင်မူ ခေါင်းညိတ်လိုက်၏။

ကောင်းကင်နတ်အရှင်လင်က သူမ၏ကောင်းကင်နတ်သိုင်း ထုတ်ဖော်လိုက်သည့်အခါ ထိုမက်မွန်သစ်သားသည် ဖြည်းဖြည်းချင်း စိမ်းလာပြီးနောက် နီသွား၏။ ထို့နောက် နူးညံ့သော ပန်းဖူးလေးများ ထွက်လာသည်။ မက်မွန်ပွင့်များသည် ပြန်လည်ရှင်သန်လာသော သစ်သားဆီမှ ပွင့်လန်းလာသည့်အပြင် မက်မွန်အရွက်များမှ အညွန့်အတက်လေးများပင် ပေါ်လာသည်။

“ကျွန်မ အချိန်နောက်ပြန်သွားခဲ့သလား” ကောင်းကင်နတ်အရှင်လင်က အပြုံးတစ်ခုဖြင့် ပြောသည်။

ချင်မူ ကြောင်အမ်းသွားပြီး ခေါင်းယမ်းလိုက်၏။ “ကောင်းကင်နတ်အရှင်လင်က ဖန်ဆင်းကောင်းကင်နတ်သိုင်း သုံးပြီး ခြောက်ကပ်နေတဲ့ သစ်သားကို အသက်ပြန်သွင်းလိုက်ရုံသက်သက်... ခဏ ကျွန်တော် ကောင်းကင်နတ်အရှင်လင် ဆိုလိုတာကို နားလည်ပြီ”

သူက မယုံကြည်နိုင်စွာ အော်လိုက်သည်။ “အချိန်က ကျွန်တော်တို့ရဲ့ ထင်ယောင်မှားမှုပဲ... ကျွန်တော်တို့ အသက်ကြီးပြီး သေဆုံးတာက ကျွန်တော်တို့ရုပ်ခန္ဓာတွေ ပြောင်းလဲသွားလို့ သေဆုံးကြရတာ... အချိန်က မတည်ရှိဘူး... ဒြပ်ဝတ္ထုတွေ ပြောင်းလဲနေတာကို အချိန်ကြောင့် ဖြစ်တာလို့ အထင်မှားနေကြတာ”

ကောင်းကင်နတ်အရှင်လင်က အံ့ဩဝမ်းသာသွားဟန်ဖြင့် သူ့ဆီသို့ ကြည့်သည်။ သူမသည် ဝမ်းသာအားရ ပြောလေ၏။ “နောက်ဆုံး‌တော့ ကျွန်မကို နားလည်တဲ့ လူ တွေ့ပြီ... ကောင်းကင်နတ်အရှင်ယွီနဲ့ ကျန်တဲ့သူတွေကို ကျွန်မအတွေး ပြောပြလိုက်တုန်းက သူတို့က လျှောက်ပြောနေတယ် ထင်ကြတာ... အစ်ကိုတော်က ကျွန်မရဲ့တာအိုမိတ်ဆွေပဲ... မှန်တယ်၊ အချိန်က မတည်ရှိဘူး... တည်ရှိရင် ကမ္ဘာပေါ်မှာ အချိန်ကောင်းကင်နတ်သိုင်းတွေ ရှိနေမှာပေါ့.... ဒါပေမဲ့ အချိန်ကောင်းကင်နတ်သိုင်းတွေ မရှိဘူးလေ... ဒြပ်ဝတ္ထုအပြောင်းအလဲတွေနဲ့ ဖွဲ့တည်ထားတဲ့ ပုံရိပ်ယောင်တွေပဲ ရှိတယ်... ကျွန်မရဲ့ ကောင်းကင်နတ်သိုင်းကို ဖန်ဆင်းကောင်းကင်နတ်သိုင်းလို့ ပြောလိုက်တာလား... ဖန်ဆင်းခြင်း... သိပ်ကောင်းတဲ့ နာမည်ပဲ”

သူမအတွေးများသည် စင်ကြယ်ရိုးသားပြီး သိပ်ကောင်းသည်ဟု ချီးကျူးလျှင် သူမ၏စိတ်ရင်းဖြင့် ချီးကျူးနေခြင်းသာ ဖြစ်၏။ ချဲ့ကားမြှောက်ပင့်နေခြင်းမဟုတ်ပေ။

ချင်မူ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်နေကာ မှင်သက်စွာ ရပ်နေသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒါဆို အတိတ်ကို ပြန်သွားနိုင်တာလား”

“အတိတ်က မတည်ရှိဘူး... ပြောင်းလဲနေတဲ့ ဒြပ်ဝတ္ထုတွေပဲ တည်ရှိနေတာ”

ကောင်းကင်နတ်အရှင်လင်၏ မျက်ဝန်းများ ရွှန်းလဲ့လာသည်။ “အတိတ်တုန်းက ပုံသဏ္ဍာန်အတိုင်း ပြန်ဖွဲ့တည်နိုင်တဲ့ ဒြပ်ဝတ္ထုရှိရင် အတိတ်ကို ပြန်သွားနိုင်တယ်.... အဲဒါက ကျွန်မ တွေးနေတဲ့ဟာပဲ... အစ်ကိုတော် နားလည်လား”

ပတ်ဝန်းကျင်ရှိ လူများမှာ သူမစကားကို နားလည်ကြသဖြင့် ဆူဆူညံညံ အသံများ ထွက်လာကြသည်။ အသံအများစုက ရှုံ့ချကဲ့ရဲ့နေသောအသံများ ဖြစ်၏။ တစ်ယောက်က ထပြောသည်။ “ကောင်းကင်နတ်အရှင်လင် ရူးသွားပြီ...”

ကောင်းကင်နတ်အရှင်လင် ဒေါသထွက်သွားပြီး ပြန်ပြောလိုက်၏။ “နောင်ကျ ငါ ဒြပ်ဝတ္ထုတွေကို ထာဝရ စုခဲထားနိုင်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခု ဖန်တီးပြမယ်... အဲဒီဒြပ်ဝတ္ထုထဲ ဝင်သွားတာနဲ့ ဒီစကြဝဠာတစ်ခုလုံးရဲ့ အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်စေရမယ်”

All Chapters