နတ်ဘုရားများနှင့် တန်းတူ
Vol. 55 Ch. 736
အားလုံး တဝါးဝါး ရယ်မောလိုက်ကြပြီး ခေါင်းတယမ်းယမ်းဖြင့် ထွက်သွားကြသည်။ ကောင်းကင်နတ်အရှင်လင်၏ အယူအဆက နက်ရှိုင်းလွန်းသဖြင့် သူတို့ နားမလည်တော့ပေ။
အစက ဤပါရမီရှင်အမျိုးသမီး ကောင်းကင်နတ်အရှင်လင်၏ အတွေးအခေါ်များနှင့် လေ့လာခဲ့မှုများအကြောင်း နားထောင်ပြီး သူမ၏ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား သင်ယူနိုင်ရန် သူတို့အားလုံး ဝိုင်းအုံနေခဲ့ကြခြင်းဖြစ်သည်။
ယခုတွင် ကောင်းကင်နတ်အရှင်လင်၏ အယူအဆမှာ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးလွန်းသည့်အတွက် သူမ ရူးနေကြောင်း ထင်ရှားပေသည်။ အရူးမ ပေါက်ကရ လျှောက်ပြောနေသည်ကို ဆက်လက်နားထောင်နေပါက နဂါးသွဲ့ကန်တွေ့ဆုံပွဲသို့ လာရသည့်အကြောင်းရင်း အဓိပ္ပါယ်မဲ့မသွားဘူးလော။
မကြာမီ ကောင်းကင်နတ်အရှင်လင်၏ ပတ်ဝန်းကျင်၌ တစ်ယောက်မှ မရှိတော့ပေ။ ချင်မူ ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးသာ ကျန်ခဲ့သည်။
ခိုင်ဧကရာဇ်က အသံကို အတတ်နိုင်ဆုံး တိုးပြီး ပြောလေသည်။ “မာန်ဟုန်မြစ်”
ချင်မူလည်း အံ့အားသင့်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
မာန်ဟုန်မြစ်သည် အနောက်မှ အအရှေ့သို့ အမြဲစီးဆင်းပြီး နေ့နေ့ညညည ရပ်နားခြင်းမရှိပေ။ လက်ရှိ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ထက်၌ စီးဆင်းနေသော ကောင်းကင်နတ်မြစ်မှာ မာန်ဟုန်မြစ်ဖြစ်ပုံရသည်။
သို့သော် မာန်ဟုန်မြစ်ကို ဖွဲ့စည်းထားသော ရေမော်လီကျူးများသည် ဒြပ်ထုမရှိလျှင် မြစ်ရေ၏ စီးဆင်းနေမှုအရ ကောင်းကင်နတ်အရှင်လင် ပြောသွားခဲ့သော ‘ဒြပ်ဝတ္ထုကို ထာဝရစုခဲထားနိုင်သည်’ ကောင်းကင်နတ်သိုင်းသဘောတရားနှင့် မကိုက်ညီပေ။
အကယ်၍ ရေမော်လီကျူးများက ဒြပ်ထုရှိ၍ စုခဲနေလျှင် ရေစီးဆင်းနေမှုကာ ပုံရိပ်ယောင်သာ ဖြစ်သည်။ မြစ်ရေက အမြဲငြိမ်သက်နေမည် ဖြစ်ပြီး ရွေ့လျားနေသည်မှာ မြစ်အနားပတ်ဝန်းကျင်ရှိ ဒြပ်ဝတ္ထုများသာ ဖြစ်လိမ့်မည်။ ထိုဒြပ်များက အတိတ်မှ အနာဂတ်သို့ စီးဆင်းနေခြင်း ဖြစ်၏။
သို့ရာတွင် ဤကောင်းကင်နတ်သိုင်းမျိုးမှာ လက်ဆုပ်လက်ကိုင် ပြ၍ မရသလို၊ စိတ်ကူးဖြင့်လည်း မှန်းဆကြည့်၍မရချေရာ သဘောတရားနှင့် နိယာမများအား ချင်မူ နားမလည်နိုင်တော့ပေ။
‘မဟုတ်မှ ရွေ့လျားနေတာက မာန်ဟုန်မြစ်မဟုတ်ဘဲ မြူတွေများလား...’ ချင်မူ ဝိုးတိုးဝါးတား တွေးမိသော်လည်း ဤကောင်းကင်နတ်သိုင်းမျိုးကို မည်ကဲ့သို့ ဖန်တီးရမည်မှန်း မသိသေးပေ။
မာန်ဟုန်မြစ်သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဆက်သွယ်ထားသော အမှတ်တစ်မှတ် ဖြစ်ဟန်တူ၏။ သူ အချိန်နောက်ပြန်ရောက်လာခဲ့သည့် နှစ်ခေါက်မှာလည်း မာန်ဟုန်မြစ်၏အစသို့ ဝင်လာကာ မြူခိုးများနှင့် တိုးခဲ့၍ ဖြစ်သည်။
ဤအချိန်ခရီးသွားမှုမျိုးသည် မာန်ဟုန်မြစ် သို့မဟုတ် မြူများကြောင့် ဖြစ်လိမ့်မည်။
ကောင်းကင်နတ်အရှင်လင်မှာ ဒေါသမပြေသေးဘဲ သရော်တော်တော် ပြောလိုက်၏။ “အကုန်လုံး သာမန်လူတွေ ... အလကားပါရမီရှင်တွေ... ဒြပ်ဝတ္ထုတွေ မပြောင်းလဲ၊ မရွေ့လျား၊ အသွင်မပြောင်း၊ မတက်၊ မကျတော့တဲ့ ကောင်းကင်နတ်သိုင်းကို ငါ ဖန်တီးနိုင်ရင် နင်တို့အားလုံး အချိန်ဆိုတာ မရှိမှန်း သိလာကြလိမ့်မယ်... အစ်ကိုတော်ကတော့ ကျွန်မကို နားလည်တယ်မလား”
သူမမျက်ဝန်းများက မျှော်လင့်နေသည်။
“မမကြီးလင်၊ ကျွန်တော် မမကြီးကို နားလည်ပါတယ်”
ချင်မူက ရုတ်တရက် ပြောလိုက်သည်။ “မမကြီးရဲ့ အယူအဆကို ကျွန်တော် နားလည်တယ်... ဒြပ်ဝတ္ထု ပြောင်းလဲသွားပြီး အတိတ်ကို ပြန်ရောက်သွားရင် အဘိုးအိုတစ်ယောက်ကို ပြန်လည်နုပျိုလာစေမယ်... သေသူကိုတောင် အသက်ပြန်သွင်းနိုင်မယ်... ဒါပေမဲ့ ဒါက အချိန်နောက်ပြန်သွားတာမဟုတ်ဘဲ ဒြပ်ဝတ္ထုတွေကို နောက်ပြန်သွားစေလိုက်တာပဲ”
ခိုင်ဧကရာဇ်လည်း ခေါင်းညိတ်၏။ “ကျုပ်လည်း နားလည်တယ်... ကျုပ်တို့က ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေနဲ့ အပင်တွေစိုက်တယ်... တိရစ္ဆာန်တွေ မွေးတယ်... သူတို့ကို မြန်မြန် အရွယ်ရောက်လာစေတယ်... ဒါမဲ့ ဒါက အချိန်ကောင်းကင်နတ်သိုင်းမဟုတ်ဘူး... ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေပဲ... ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေက အပင်နဲ့ တိရိစ္ဆာန်တွေရဲ့ ကိုယ်အတွင်းမှာရှိတဲ့ ဒြပ်ဝတ္ထုတွေရဲ့ အစီအစဉ်ကို ပြောင်းလဲပေးလိုက်ပြီး မြန်မြန်ကြီးထွားလာစေတာ... ကျုပ်တို့က သူတို့ကို အနာဂတ်ဆီ ခေါ်သွားနေတာ မဟုတ်ဘူး”
နွားအိုကြီးမှာတော့ နားမလည်သဖြင့် နားရွက်ကလေး ခတ်ကာ ငေးငေးကြောင်ကြောင် ကြည့်နေမိသည်။
ကောင်းကင်နတ်အရှင်လင်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနေသကဲ့သို့ အရောင်မထွက်တော့သော မြက်ဖိနပ်များကို ကန်ကျောက်လိုက်ကာ ခြေဗလာဖြင့် ရပ်နေသည်။ သူမက စိတ်ညစ်စွာ ပြောလေသည်။ “ဒါပေမဲ့ သူတို့က ကျွန်မကို လုံးဝနားမလည်ကြဘူးလေ... ယုံလည်း မယုံကြဘူး.. ကောင်းကင်နတ်အရှင်ယွီနဲ့ ကျန်တဲ့လူတွေကတောင် ကျွန်မကို ရူးနေပြီ ထင်နေကြတာ.... စကြဝဠာတစ်ခုလုံးမှာ ရှိတဲ့ ဒြပ်ဝတ္ထုအားလုံးကို ရပ်လိုက်ပြီး နောက်ပြန်စီးဆင်းသွားအောင် လုပ်လိုက်မှဖြစ်မယ်... အဲဒါမှ သူတို့ မှားပြီး ကျွန်မမှန်မှန်း သိမှာ”
ချင်မူ ကြက်သီးထသွားသည်။ စကြဝဠာတစ်ခုလုံး၌ ရှိသော ဒြပ်ဝတ္ထုအားလုံးကို ရပ်လိုက်ပြီး နောက်ပြန်စီးဆင်းသွားအောင် လုပ်မည်တဲ့လား။
ဤအမျိုးသမီး၏အကြံက အမှန်တကယ် အန္တရာယ်များလွန်းပေသည်။
သို့သော် မည်သူ့တွင်မှ ထိုမျှကြောက်စရာကောင်းသော မှော်စွမ်းအင် မရှိပေ။
“မမကြီးလင်၊ ဒီလမ်းကို ဆက်လျှောက်သင့်တယ်... နောင်တစ်ချိန်ချိန်မှာ မမကြီးရဲ့ ကောင်းကင်နတ်သိုင်းကနေတစ်ဆင့် အတိတ်ကို ပြန်ရောက်လာပြီး သူတို့အမြင်မှားကြောင်း သက်သေပြပေးမယ့် လူတစ်ယောက်နဲ့ တွေ့ရင် တွေ့ရမှာပေါ့”
ချင်မူက တောက်ပစွာ ပြုံး၍ သူမအား အားပေးလိုက်သည်။ “ဒီလမ်းကို ဆက်လျှောက်ပြီး မမကြီး မှန်ကြောင်း သက်သေပြလိုက်ပါ”
ကောင်းကင်နတ်အရှင်လင်မှာ အလွန်စိတ်အားတက်သွားသော်လည်း ခေါင်းခါပြီး ဝမ်းနည်းနေသောအသံဖြင့် ပြောလေသည်။ “သက်သေပြနိုင်မလား မသိပေမယ့် ကျွန်မ အထီးကျန်တယ်... အားလုံးက ဟိုတုန်းက ကောင်းကင်နတ်အရှင်လင် မရှိတော့ဘူး... အရူးမကြီးပဲ ရှိတော့တယ်တဲ့လေ... ရှင်တို့နှစ်ယောက်က ကျွန်မကို နားလည်တဲ့ လူတွေပဲ... အတူတူ ရှာဖွေလေ့လာကြရအောင်လား”
သူမမျက်ဝန်းများသည် ပြန်လည်တောက်ပလာကာ သူတို့နှစ်ယောက်အား မျှော်လင့်တကြီး ကြည့်၏။ “တစ်ယောက်တည်း လေ့လာပြီး တိုင်ပင်စရာ မိတ်ဆွေမရှိရင် တစ်နေ့ လက်လျှော့လိုက်မိမှာ စိုးပါတယ်... အခြားသူတွေ မျက်လုံးထဲမှာ ကျွန်မ အရူးမကြီး မဖြစ်ချင်တော့ဘူး”
ချင်မူ တခဏ တွန့်ဆုတ်သွားပြီး ခေါင်းယမ်းလိုက်သည်။ “ကျွန်တော့်မှာ ဒီမှာ နေဖို့ အချိန်သိပ်မရှိဘူး... မမကြီးလင်၊ ဒီလို လုပ်ရအောင်... ကျွန်တော်တို့ မမကြီးနဲ့ ရက်ပိုင်းလောက် အတူနေပြီး လေ့လာကြမယ်... ကျွန်တော်နဲ့ သူရဲ့ အသိအမြင်က မမကြီးလောက် မမြင့်မားပေမယ့် ပြဿနာတချို့ကိုတော့ ကူညီဖြေရှင်းပေးနိုင်ပါသေးတယ်... နောက် လပိုင်းလောက်နေလို့ ကျွန်တော်တို့ ပြန်ရင် မမကြီး အရူးဖြစ်ချင်လား၊ မဖြစ်ချင်ဘူးလား ဆုံးဖြတ်ပေါ့.... ဘယ်လိုလဲ”
ခိုင်ဧကရာဇ် ရင်ထဲ၌ လှုပ်ခတ်သွားကာ သူ့ဆီသို့ လှမ်းကြည့်သည်။ ‘ငါတို့ လပိုင်းလောက်နေရင် ပြန်ရမယ့် အကြောင်း သူ သိနေတာလား... သူ တခြားဘာတွေ သိထားသေးလဲ.... ဒီလူက ငါ့အကြောင်း အင်မတန် နားလည်နေတဲ့ပုံပေါက်တယ်... ဒါ့အပြင် ငါ့အပေါ် ရန်ငြိုးလည်း ထားထားသလိုပဲ... မဟုတ်မှ ငါ့ရန်သူ ဖြစ်လာမယ့်သူလား... ငါ့အကြောင်း အနားလည်ဆုံးလူက ငါ့ရန်သူအပြင် တခြားမဟုတ်ဘူး’
ကောင်းကင်နတ်အရှင်လင်၏ မျက်လုံးများ ဝင်းလက်သွားပြီး သူမက အပြုံးတစ်ခုဖြင့် ပြောသည်။ “ရှင်တို့တွေ ကျွန်မကို ရူးနေတယ် မထင်သရွေ့ ရပါတယ်... ဒါဆို ကျွန်မ ရှင်တို့နဲ့ လပိုင်းလောက် အတူလေ့လာမယ်... ဒီရက်ပိုင်း ကျွန်မမိတ်ဆွေအတော်များများက ကျွန်မကို မတူမတန်သလို ဆက်ဆံနေကြတာ...”
ချင်မူက ပြောလိုက်သည်။ “ကျွန်တော်က မမကြီးရဲ့ စိတ်ကိုပဲ ကြည့်တာပါ... မမကြီးရဲ့ပုံစံကို ကြည့်တာမဟုတ်ဘူး... ကျွန်တော့်မျက်လုံးထဲမှာတော့ မမကြီးက ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားမတစ်ပါးပဲ”
ကောင်းကင်နတ်အရှင်လင်မှာ ရင်ထဲထိသွားပြီး ဆံထိုးဖြင့် ဆံပင်စများအား စုသိမ်းလိုက်သည်။ “ကျွန်မနန်းဆောင်ကလည်း နဂါးသွဲ့ရေကန်တွေ့ဆုံပွဲထဲမှာပါ... အဲဒီကို သွားပြီး လေ့လာကြရအောင်... ကောင်းကင်နတ်မင်းယွီက ကျွန်မမှားနေတယ် ထင်ပေမယ့် အတော်တော့ သဘောကောင်းရှာပါတယ်... ကျွန်မကို နန်းဆောင်တစ်ဆောင် ပေးထားတယ်လေ”
သူတို့သုံးယောက်သား သူမနောက်မှ လိုက်သွားကြသည်။ ခိုင်ဧကရာဇ်က မေးလိုက်၏။ “ဒီနေ့ ရှေးဟောင်းနတ်ဘုရားတွေ အများကြီး ရောက်လာကြတဲ့အပြင် ကောင်းကင်နတ်ဘုံတွေဆုံပွဲရဲ့ အလုပ်အများဆုံးအချိန်ပဲ... ဘာကြောင့် ကောင်းကင်နတ်အရှင်ယွီက နဂါးသွဲ့ရေကန်မှာ တွေ့ဆုံပွဲကျင်းပတာလဲ... နဂါးသွဲ့ရေကန်က ရှေးဟောင်းနတ်ဘုရားတချို့ရဲ့ ဗိမာန်ဖြစ်သင့်တယ် မဟုတ်လား”
“နဂါးသွဲ့ရေကန်က မိဖုရားတွေ အပန်းဖြေရာ နေရာပါ”
ကောင်းကင်နတ်အရှင်လင်က ရှေ့သို့ လျှောက်နေရင်း ပြောသည်။ “ကောင်းကင်နတ်ဧကရီက ကောင်းကင်နတ်အရှင်ယွီကို အင်မတန်မှ လေးစားတယ်... ကောင်းကင်နတ်ဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရီတို့နှစ်ပါးလုံး ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲ တက်ရမှာဆိုတော့ နဂါးသွဲ့ရေကန်ကို ကောင်းကင်နတ်အရှင်ယွီဆီ အပ်နှံပြီး နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ ကျင်းပဖို့ ခွင့်ပြုပေးခဲ့တာပဲ”
‘ကောင်းကင်နတ်ဧကရီက ကောင်းကင်နတ်မင်းယွီကို လေးစားလို့ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ ကျင်းပဖို့ နဂါးသွဲ့အဆောင် အပ်နှင်းခဲ့တယ်တဲ့လား’ ချင်မူနှင့် ခိုင်ဧကရာဇ် တစ်ယောက်ကို တစ်ယောက် ကြည့်၍ တွေးနေကြသည်။
ကောင်းကင်နတ်အရှင်ယွီနှင့် သူတို့ မတွေ့ရသေးသော်လည်း ကောင်းကင်နတ်ဧကရီဖြင့် ရင်းနှီးမှုတည်ဆောက်နိုင်သည်ကို ကြည့်ရလျှင် သူသည် နောက်ခံံငွေကြေးနှင့် အင်အားတောင့်တင်းသူတစ်ယောက် ဖြစ်လိမ့်မည်။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွင့်နိုင်ခဲ့သည့် ဉာဏ်ကြီးရှင်တစ်ယောက်သာ မဟုတ်လောက်ပေ။
သူတို့ စကားပြောနေကြစဉ် အသံတစ်သံ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်လင်၊ အချိန် မတည်ရှိတဲ့ ကောင်းကင်နတ်သိုင်းကို လေ့လာနေတုန်းလား”
ကောင်းကင်နတ်အရှင်လင်မှာ ခြေလှမ်းများကို ရပ်လိုက်ပြီး မျက်နှာမသာယာတော့ပေ။ ဤမိန်းကလေးသည် မူယာမာယာ မများတတ်၍ ခံစားချက်အစစ်အမှန်ကိုသာ မျက်နှာထက်၌ ပြသတတ်၏။ သူမက ဘုဆတ်ဆတ် ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ကြီးဟွေ့၊ ရှင်ပြောတဲ့ အချိန် မတည်ရှိတဲ့ ကောင်းကင်နတ်သိုင်းက ဘာအဓိပ္ပါယ်လဲ”
ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးတို့ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ လမ်းလျှောက်လာနေသော လူငယ်တစ်ယောက်အား မြင်ရသည်။ သူ့တစ်ကိုယ်လုံးတွင် နီရဲနေသော အမှတ်အသားများ ဖုံးလွှမ်းနေပြီး မီးဟုတ်သယောင်၊ မဟုတ်သယောင် ထင်ရသည့် အဝတ်အစားများအား ဖွဲ့တည်ထား၏။
သူ၏ဦးခေါင်းနောက်၌ မီးတောက်မီးလျှံများဖြင့် ဖွဲ့စည်းထားသော ရောင်ခြည်တော်စက်ဝန်းတစ်ခု ရှိသည်။ မီးတောက်များက အစစ်လား သူတို့ မသိပေ။
‘သူ့ကို ကောင်းကင်နတ်အရှင်ဟွေ့ လို့ခေါ်တာ အံ့ဩစရာမရှိဘူးပဲ’
ချင်မူ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒီလူက ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာရဲ့ တည်ထောင်သူ မဟုတ်လား... ကောင်းကင်နတ်အရှင်လင်ရဲ့ ပါရမီနဲ့တင် ငါ အံ့အားသင့်ခဲ့ရတယ်ဆိုတော့ ဒီကောင်းကင်နတ်အရှင်ဟွေ့ကလည်း တော်ရုံမဟုတ်နိုင်ဘူး’
ကောင်းကင်နတ်အရှင်ခုနစ်ပါးထဲမှ နှစ်ပါးနှင့် သူ ဆုံတွေ့ရချေပြီ။ ဤလူများသည် ကောင်းကင်တံတားအဆင့် ဖြစ်လောက်၏။ ကောင်းကင်နတ်ဘုံတွင် အင်အားကြီးမားသော ရှေးဟောင်းနတ်ဘုရားများနှင့် ယှဉ်လျှင် သူတို့၏သိုင်းအဆင့်က သိပ်မမြင့်မားပေ။
နတ်ဘုရားတစ်ပိုင်းများဖြင့် ယှဉ်လျှင်ပင် ကောင်းကင်နတ်အရှင်ခုနစ်ပါး၏ အစွမ်းအစများသည် သန်မာအားကောင်းသင့်သလောက် မကောင်းသေးပေ။
သို့တိုင်အောင် ဤလူငယ်နှင့် မိန်းကလေးသည် ကောင်းကင်နတ်အရှင်ဟု တင်စားခေါ်ဝေါ်ခံထားရသည်။
ကောင်းကင်နတ်အရှင်ဟု တင်စားခံရသည့် အကြောင်းရင်းမှာ သူတို့၏ သိုင်းအဆင့်ကြောင့်မဟုတ်။ စွမ်းဆောင်ပေးခဲ့သော ကောင်းမှုများကြောင့် ဖြစ်သည်။
ကောင်းကင်နတ်အရှင်ဟွေ့က ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးကို မြင်လျှင် အနည်းငယ် အံ့ဩသွားသော်လည်း စိတ်ထဲ မထည့်လိုက်ပေ။ “မင်း လက်လှမ်းမမှီနိုင်တဲ့ အရာအတွက် အချိန်ကုန် စိတ်ပင်ပန်းခံမနေနဲ့... ကောင်းကင်နတ်အရှင်လင်၊ မင်းက အရပ်ခြောက်မျက်နှာကောင်းကင်ရတနာကို ဖွင့်ပြီးသွားကတည်းက ‘အချိန် မတည်ရှိတဲ့အကြောင်း’ သက်သေပြဖို့ပဲ အာရုံရောက်နေလို့ တခြားဘာကောင်းမှုမှ မလုပ်နိုင်ခဲ့ဘူး... မင်းရဲ့ ဉာဏ်ရည်နဲ့ ပါရမီအရဆို၊ တခြားနေရာမှာ အချိန်မဖြုန်းဘဲ ကောင်းကင်ရတနာတွေကိုသာ ချိုးဖျက်ခဲ့ရင် ပထမဆုံး အဆင့်တက်သွားတဲ့လူက မင်း ဖြစ်ခဲ့မှာ”
ကောင်းကင်နတ်အရှင်လင်သည် ခေါင်းယမ်းလိုက်၏။ “ကောင်းကင်နတ်အရှင်ယွီက ကျွန်မထက် ဉာဏ်ပိုကောင်းတယ်... လေ့လာတဲ့နေရာမှာလည်း အာရုံစူးစိုက်မှု အားကောင်းတယ်.... သူက ကောင်းကင်ရတနာတွေကို ပထမဆုံး ဖွင့်နိုင်တဲ့လူ ဖြစ်လိမ့်မှာပါ.... ဒီနှစ်တွေအတွင်း သူ ဘာမှမလုပ်ခဲ့တဲ့ အကြောင်းရင်းက ပိုမြင့်မားတဲ့အဆင့်ကို ရည်ရွယ်ထားလို့ပဲ... သူက ကောင်းကင်ရတနာတွေကို ဖြတ်ကျော်ဖို့ ကံတရားက စီစဉ်ပေးထားတဲ့လူ ဖြစ်နေပြီးသား... ကျွန်မ မဟုတ်ဘူး”
သူမ မတက်ကြွတော့သည်ကို သဘောမကျသော ကောင်းကင်နတ်အရှင်ဟွေ့က ဒေါသများဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီ ငါ့ကို တစ်ခါ ပြောဖူးတယ်.... မင်းက ကောင်းကင်နတ်အရှင် ခုနစ်ပါးထဲမှာ ဉာဏ်အကောင်းဆုံးတဲ့... မင်းသာ အာရုံစိုက်ရင် သူ မင်းနဲ့ မယှဉ်နိုင်ဘူး ပြောတယ်... အခုတော့ သူက အဆင့်တက်သွားပြီး ကြောက်စရာကောင်းလောက်အောင် အောင်မြင်နေပြီ .... ဒီအောင်မြင်မှုက မင်းအပိုင် ဖြစ်သင့်တာလေ”
သူ့အရှိန်အဝါကြောင့် ကောင်းကင်နတ်အရှင်လင်၏ ခေါင်းပေါ်မှ မက်မွန်သစ်သားဆံထိုး ပြုတ်ကျလာပြီး သူမဆံပင်များ ရှုပ်ပွသွား၏။ သူမက ခေါင်းစည်းကွင်းတစ်ကွင်း ထုတ်၍ ဆံပင်ကို မြင့်မြင့် မြှောက်ကာ စုစည်းလိုက်သည်။ ထို့နောက် ခေါင်းခါပြီး ပြောလေသည်။ “အဆင့်တက်တာလောက်နဲ့ ဘာလုပ်ရမှာလဲ... မသေရင် နတ်ဘုရားဖြစ်လာနိုင်တာပဲလေ... ကျွန်မက ကောင်းကင်နတ်သိုင်းပညာရှင်တွေ မသေအောင် လုပ်ပေးချင်တာ.... စောစောကပဲ ဒီအစ်ကိုတော် ကျွန်မကို ပြောခဲ့တယ်... ကျွန်မဖန်တီးခဲ့တဲ့ ကောင်းကင်နတ်သိုင်းက ဖန်ဆင်းကောင်းကင်နတ်သိုင်းတဲ့... တစ်ယောက်ယောက် ကျွန်မကောင်းကင်နတ်သိုင်းကို ကျင့်ကြံလိုက်ရင် သူတို့ရဲ့ ရုပ်ခန္ဓာက အလွယ်တကူ သေဆုံးတော့မှာ မဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့ မျက်မှောင်ကြုတ်သွားပြီး သူ့ဦးခေါင်းနောက်ရှိ မီးစက်ကွင်း ယမ်းခါသွားသည်။ သူက ချင်မူ့ကို ကြည့်၍ ခေါင်းယမ်းလိုက်၏။ “မင်းက လူလိမ်တစ်ယောက်ဆီက စကားကို ယုံတယ်ပေါ့”
ချင်မူက ပြုံး၍ နှုတ်ဆက်လိုက်သည်။ “တောက ကျောင်းသားလေး ကျွန်တော်၊ ကောင်းကင်နတ်အရှင်ဟွေ့ကို ဂါဝရပြုပါတယ်... ကောင်းကင်နတ်အရှင်ဟွေ့၊ ကျွန်တော့်မှာ စာရွက်နဲ့ စုတ်တံ ရှိတယ်... ကျေးဇူးပြုပြီး ဒီမှာ လက်မှတ်လေး ထိုးပေးပါလား... ကျွန်တော်က တောရွာလေးကဆိုတော့ ကမ္ဘာကြီးကို မမြင်ဖူးလို့ပါ... ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လက်မှတ်သာရရင် ကျွန်တော့်ဘိုးဘွားတွေအတွက် ဂုဏ်တက်စရာ ဖြစ်ပါပြီ”
သူက စာရွက်နှင့် စုတ်တံ ထုတ်ပြီး ကောင်းကင်နတ်အရှင်ဟွေ့အရှေ့သို့ ပို့ကာ မျှော်လင့်တကြီး ကြည့်နေ၏။
ကောင်းကင်နတ်အရှင်ဟွေ့မှာ သူ၏ရိုးသားဖြူစင်သော မျက်နှာပေးကို မြင်လျှင် မငြင်းနိုင်တော့သဖြင့် စုတ်တံမြှောက်ကာ စာရွက်အပေါ်၌ သူ့နာမည် ရေးလိုက်သည်။ “မင်း ဘယ်ကလာလဲ ငါ ဂရုမစိုက်ဘူး... ကောင်းကင်နတ်အရှင်လင်ကို မင်း လှည့်စားရင်တော့ ငါ လက်မခံနိုင်ဘူး... အချိန်မတည်ရှိတဲ့ ကိစ္စကို လေ့လာရင်း သူ့အချိန်လည်း မဖြုန်းနဲ့ ၊ မင့်အချိန်လည်း မဖြုန်းနဲ့... ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရှေးဟောင်းနတ်ဘုရားတွေလို မသေနိုင်တဲ့ အဆင့်တစ်ဆင့်ကို ဖန်တီးပြီးပြီ... ဒါတောင် မင်းက သူ့ကို ချီးထုပ်ဖန်ဆင်းကောင်းကင်နတ်သိုင်းကလည်း အဲဒီလိုလုပ်နိုင်သလို ပြောနိုင်တယ်... မင်း သူ့ကို ထပ်လှည့်စားရင် ငါ မင်းကို သေအောင် ရိုက်သတ်မယ်”
ချင်မူက ရှက်ကိုးရှက်ကန်းဖြင့် ပြောလေ၏။ “ဖန်ဆင်းကောင်းကင်နတ်သိုင်းကို ကျွန်တော် ပြောခဲ့တာ မှန်ပေမယ့် ဖန်ဆင်းကောင်းကင်နတ်သိုင်းကြောင့် မသေမျိုးဖြစ်လာမယ် မပြောခဲ့ပါဘူး”
ကောင်းကင်နတ်အရှင်ဟွေ့၏ အမူအရာ ပျော့ပျောင်းသွားပြီး သူက ပြောသည်။ “ငါ မင်းကို အထင်လွဲခဲ့မိတယ်...”
ချင်မူ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေက အမှန်တကယ် မသေနိုင်အောင် လုပ်ပေးနိုင်တယ်... နတ်ဘုရား မဖြစ်သေးတာတောင် နတ်ဘုရားတွေလို မသေနိုင်အောင် လုပ်ပေးတယ်... မမကြီးလင် ဒီအချက်မှာ မမှားဘူး”
ကောင်းကင်နတ်အရှင်လင် ဝမ်းသာသွားသည်။ “ရှင်က ကျွန်မကို နားအလည်ဆုံးပဲ”
ကောင်းကင်နတ်အရှင်ဟွေ့၏မျက်နှာ မည်းမှောင်သွားတော့သည်။ “ငါ့လက်မှတ် ပြန်ပေး... မင်းကို မပေးတော့ဘူး”
ချင်မူ က စုတ်တံနှင့် စာရွက်ကို ကပျာကယာ သိမ်းပြီး အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မပေးနိုင်ဘူး... ကျွန်တော် သုံးရဦးမယ်”
ကောင်းကင်နတ်အရှင်ဟွေ့ အမျက်တစ်ချောင်းချောင်း ထွက်သွားကာ လက်ဆန့်ထုတ်လိုက်။ “ငါ မင်းကို သေအောင် ရိုက်သတ်ပစ်မယ်”
ချင်မူက ခန္ဓာကိုယ်ကို လှုပ်ခါ၍ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်သည်။ ထို့နောက် အုန်းအုန်းဒိုင်းဒိုင်း ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ယွီမှာ ခန်းမကြီးတစ်ခုဖြင့် ဝင်တိုက်သွား၏။ သူ့နောက်၌ မီးတောက်များ အတန်းလိုက် ကျန်ခဲ့လေသည်။
ခိုင်ဧကရာဇ် အံ့အားသင့်သွားပြီး အော်မိတော့မလို ဖြစ်သွား၏။ ‘ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်အရှင်တစ်ပါးက ဘယ်လိုလုပ်ပြီး ဒီလောက် အားနည်းနေတာလဲ’
ချင်မူလည်း အံ့အားသင့်သွားသည်။ စွမ်းအားအပြည့်အဝ မသုံးခဲ့ဘဲ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းသာ ထည့်ထားသော်လည်း သူ၏တိုက်ခိုက်နှုန်းက မြန်လှသဖြင့် ကောင်းကင်နတ်အရှင်ဟွေ့မှာ သိုင်းကွက်များပင် မထုတ်ဖော်နိုင်ခင် လွင့်ထွက်သွား၏။
သို့သော် ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်အရှင်တစ်ပါးအနေဖြင့် သူ၏အစွမ်းအစများက အားမနည်းလွန်းဘူးလော။
ကောင်းကင်တံတားအဆင့် သာမန်ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် ယှဉ်လျှင်ပင် သူက များစွာနိမ့်ကျနေသည်။
‘ဒီခေတ်က ရှေးကျလွန်းတယ်... အဲဒါကြောင့် ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက အကြမ်းထည်ပဲ ရှိသေးတာ’
ချင်မူ သူ့ကိုယ်သူ ကတိပေးလိုက်သည်။ ‘ငါ အားကုန်ထုတ်လို့ မဖြစ်ဘူး... အားကုန်ထုတ်လိုက်ရင် ဘိုးဘေးကြီးတစ်ယောက်ယောက်ကို သေအောင် ရိုက်လိုက်မိလိမ့်မယ်...’
ခိုင်ဧကရာဇ်က သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေပြီး အသံကို နှိမ့်ကာ ပြော၏။ “မင်း ထပ်တိုက်ခိုက်ရဲရင် ငါ မင်းကို ခွင့်မလွှတ်ဘူး”
ချင်မူက အပြုံးလေးဖြင့် ပြန်ဖြေကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့ လွင့်ထွက်သွားအောင် လုပ်ဖို့ မရည်ရွယ်ပါဘူး... ပြီးတော့ ခင်ဗျားအစွမ်းအစတွေက ကျုပ်ထက် သာနေလို့လား”
သူတို့အနောက်တွင် နျိုစန်းသွောမှာ ခေါင်းနပန်းကြီးနေချေပြီ။ ‘ယောက်ျားဆိုတာ ဒါပဲ... စာအုပ်လှန်သလို စိတ်ပြောင်းနေတာ’
ကောင်းကင်နတ်အရှင်လင်မှာ ချင်မူ၏ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ကို ကြည့်ကာ စိတ်လှုပ်ရှားနေတော့သည်။ သူမက လက်နှစ်ဖက်ပွတ်ရင်း ပြုံးလျက် ပြောလိုက်၏။ “ဒါက ဖန်ဆင်းကောင်းကင်နတ်သိုင်းတစ်ခုလား... ရှင့်ရဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းက ကျွန်မထက်တောင် အစွမ်းထက်သေးတယ်... ကောင်းကင်နတ်အရှင်ယွီ ဖွင့်လှစ်ခဲ့တဲ့ အဆင့်အထိ မကျင့်ကြံရင်တောင် ရှင်ကလည်း မသေမျိုး ဖြစ်လာပြီး နတ်ဘုရားတွေနဲ့ တန်းတူ ရပ်တည်နိုင်တယ်”