အခန်း (၇၄၇)
Vol. 54 Ch. 747
ဂိုဏ်းအများအပြားသည် အာခီမီပညာရှင်များကို လျှို့ဝှက်စွာရှာဖွေပြီး ကိုယ်ပိုင်ဂိုဏ်းအတွက် ဖမ်းဆီးသွားကြသည်။
အထက်ဘုံသုံးပါး၏ အဓိကဂိုဏ်းများကပင် ကိုယ်ပိုင်နယ်မြေများကို မထိန်းချုပ်နိုင်ကြပေ။ ထို့ကြောင့် တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားကို ဂရုစိုက်ပေးရန် အချိန်မရှိပေ။
ဟန်မူယဲ့ ရောက်လာသောအခါတွင် မိုင်တစ်သိန်းကျယ်ပြန့်သော တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားသည် အဓိကခန်းဆောင်နှင့် ဆယ်မိုင်ပတ်ဝန်းကျင်ကိုသာ ကာကွယ်ထားနိုင်တော့သည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်များသည် မျက်လုံးထဲတွင် ပေါ်လာကြသည်။
“ညီမမူ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းတို့အားလုံး ပြန်ပြီးပေးဆပ်ရမယ်”
ဟန်မူယဲ့က ဓားအလင်းအဖြစ် ပြောင်းလဲပြီး ခန်းဆောင်ဆီသို့ ပြေးဝင်သွားသည်။
“ဘုန်း”
အလင်းလွှာသည် တုန်ခါနေပြီး အက်ကွဲကြောင်းများ ပေါ်လာကြသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူ၍ များပြားလှသော ကျင့်ကြံသူများသည် အတားအဆီးအတွင်းသို့ တိုးဝင်သွားကြသည်။
ခန်းဆောင်အတွင်း၌ မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးများ၏ မျက်နှာထားသည် ဖြူဖျော့သွားကြသည်။
“ဂိုဏ်းတပည့်တွေ၊ ငါက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖို့ ဆုံးဖြတ်ထားပြီးပြီ။ ဒီလူဆိုးတွေရဲ့လက်ထဲမှ အဖမ်းမခံဘူး”
လူအိုကြီးက မျှော်လင့်ချက်ကင်းမဲ့နေသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေကြသည်။
ပတ်ဝန်းကျင်တွင်ရှိသော အကြီးအကဲများက ခေါင်းညိတ်လိုက်ကြသည်။
“ငါတို့ တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားက နှစ်သိန်းချီအောင် တည်ရှိခဲ့တယ်။ ဒီလိုကပ်ဘေးမျိုးနဲ့ ကြုံလာရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ဝတ်စုံပေါ်တွင် ရွှေရောင်မျဉ်းကြောင်း သုံးခုရှိသော အကြီးအကဲတစ်ယောက်က ညင်သာစွာ သက်ပြင်းချသည်။
“အာခီမီအမွေအနှစ်နဲ့ ပါရမီရှင်တွေအတွက် နှမြောစရာပဲ”
လူအိုကြီးက ခန်းဆောင်၏ အပြင်ဘက်တွင်ရှိသော ရင်ပြင်တွင် ပြည့်နှက်နေသည့် ဂိုဏ်းတပည့်များကို ကြည့်သည်။
ထိုတပည့်များသည် အထက်ဘုံသုံးပါး၏ လက်ရွေးစင် အာခီမီပညာရှင်များ ဖြစ်ကြသည်။ သူတို့က တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားနှင့် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အာခီမီလမ်းစဉ်အတွက် အနာဂတ် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် လက်ရွေးစင်တပည့်များသည် အသတ်ခံရမည့် သိုးများကဲ့သို့ စောင့်ဆိုင်းနေရသည်။
သူတို့က ကျွန်ပြုခံရပြီး နေ့ရောညပါ ဆေးလုံးသန့်စင်ရလိမ့်မည်။
သူတို့တွင် အနာဂတ်မရှိပေ။
“ဟားဟား၊ အာခီမီလမ်းစဉ်ရဲ့ ကျဆင်းမှုကို မရှောင်လွှဲနိုင်မှတော့ အားလုံး အတူတူ သေသွားကြတာပေါ့”
အက်ကွဲကြောင်းများကြားမှ တိုးဝင်လာသော စိတ်လှုပ်ရှားနေသည့် ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ရွှေရောင်မီးပြင်းဖိုကို ကိုင်ထားသည့် တာအိုတန်ခိုးရှင်တစ်ယောက်က ညင်သာစွာ စကားပြောသည်။
သူ့လက်ထဲတွင်ရှိသော မီးပြင်းဖိုသည် ရွှေအလင်းနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များကို စုစည်းနေခဲ့သည်။
အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တချို့က အလိုမရှိပေ။ တချို့က နောင်တရပြီး တချို့က စိတ်ဓာတ်ကျနေကြသည်။ အဆုံးတွင် သူတို့အားလုံးသည် ခေါင်းငုံ့ပြီး မျက်လုံးမှိတ်ထားလိုက်ကြသည်။
“ဘုန်း”
ပေါက်ကွဲသံတစ်ခုသည် ရင်ပြင်၏ရှေ့တွင် ပေါ်ထွက်လာသည်။
‘အဖမ်းမခံချင်တဲ့ ဂိုဏ်းတပည့်တွေက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ကြတာလား’
အာခီမီလမ်းစဉ်သည် ထိုသို့ပင်ဖြစ်သည်။ သူတို့က တိုက်ခိုက်မှုတွင် မကျွမ်းကျင်သော်လည်း သူတို့၏နှလုံးသားက သန့်စင်ပြီး ဘယ်သောအခါမှ အညံ့ခံမည်မဟုတ်ပေ။
လူတစ်ယောက်က ညင်သာစွာ သက်ပြင်းချပြီး မျက်ရည်ဝဲနေသော မျက်လုံးအစုံဖြင့် ကြည့်လိုက်သောအခါတွင် ကြောင်အသွားခဲ့သည်။
ရင်ပြင်၏ရှေ့တွင် စိတ်လှုပ်ရှားစွာ ပြေးဝင်လာခဲ့သော ကျင့်ကြံသူများက ထိတ်လန့်နေကြသည်။
အပျက်အစီးများသည် သူတို့၏ရှေ့တွင် ရှိနေကြသည်။
ဒါဇင်ချီနေသော ဆေးလုံးများက ထွက်ပြေးနေသော ကျင့်ကြံသူများဆီသို့ ပြေးဝင်သွားကြသည်။
“ဘုန်း”
“ဘုန်း”
....
ဆေးလုံးများက ပေါက်ကွဲသွားပြီး ထွက်ပြေးနေသော ကျင့်ကြံသူများကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေသည်။
ဆေးလုံးများကို ဖောက်ခွဲပစ်ခဲ့ကြသည်။
ထိုဆေးလုံးများသည် အလွန်အဖိုးတန်သော်လည်း ကိုယ်ပိုင်အသက်နှင့် မယှဉ်နိုင်ပေ။
“ကောင်းတယ်”
ခန်းဆောင်ထဲတွင် အကြီးအကဲတစ်ယောက်က တောက်ပနေသော မျက်လုံးများဖြင့် ပြတ်သားစွာ အော်ဟစ်လိုက်သည်။
ဝိညာဉ်အင်းကွက်နှင့် ဆေးလုံးများသည် သူ့ရှေ့တွင် ပေါ်လာကြသည်။
“ဆရာဦးလေး၊ ကျွန်မတို့က ဆေးလုံးပေါက်ကွဲသွားတဲ့အချိန်ကို အခွင့်ကောင်းယူရပါမယ်”
ရင်ပြင်ထက်မှ လတ်ဆတ်သောအသံကို ကြားနိုင်သည်။
လူတိုင်းက လှည့်ကြည့်လိုက်သောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရသည်။
“မူဝမ်၊ မင်းက ဆေးလုံးတွေကို ဖောက်ခွဲလိုက်တာလား”
ခန်းဆောင်၏ လှေကားတွင် ရှိနေသော သက်လတ်ပိုင်းအရွယ် အာခီမီပညာရှင်တစ်ယောက်က ပြောလိုက်သည်။
မူဝမ် ....
အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်မှ ရောက်လာသော မူဝမ်သည် ကျင့်ကြံဆင့် မမြင့်မားဘဲ ကောင်းကင်အဆင့်သို့ မရောက်သေးပေ။ သို့သော် သူမက အာခီမီတွင် အလွန်ပါရမီကောင်းပြီး တိမ်တိုက်ကောင်းကင် ဆေးတောင်ကြား၏ တပည့်များကြားတွင် ဂုဏ်သတင်းမွှေးသည်။
သူမက အန္တရာယ်များသော ယခုအချိန်တွင် ရှေ့ထွက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သတ်လတ်ပိုင်းအရွယ် အာခီမီပညာရှင်၏ စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်က ခေါင်းညိတ်ပြီး လက်မြှောက်၍ အတားအဆီးကို ညွှန်ပြသည်။
“အမှန်အတိုင်းပြောရရင် ကျွန်မတို့ စည်းလုံးနေသ၍ ဒီနေ့ရောက်လာတဲ့ ကျင့်ကြံသူတွေတင်မကဘဲ သူတို့ရဲ့ ဂိုဏ်းတွေကိုပါ ကြောက်စရာမလိုဘူး”
မူဝမ်က လက်မြှောက်ပြီး ဆေးလုံးများကို ထုတ်ယူသည်။
ထိုဆေးလုံးများ အားလုံးသည် စတုတ္ထအဆင့် ဆေးလုံးများ ဖြစ်ကြသည်။
သို့သော် ထိုဆေးလုံးများသည် ဓားဆန္ဒကို ထုတ်လွှတ်နေကြသည်။
ဓားအမြုတေများ ဖြစ်ကြသည်။
ဟန်မူယဲ့က သူမအတွက် ထိုဓားဆေးလုံးများကို ပေးခဲ့သည်။
“ကျွန်မတို့ရဲ့ ဆေးလုံးနဲ့ မီးပြင်းဖိုတွေက ကျင့်ကြံသူတွေ နီးကပ်လာရင် ပေါက်ကွဲသွားလိမ့်မယ်။ ကျွန်မတို့ရဲ့ နတ်အာရုံက သူတို့ထက် အများကြီး သန်မာတယ်။ ကျွန်မတို့က သူတို့ကို လူစုခွဲလိုက်မယ်ဆိုရင် သူတို့က ထွက်ပြေးသွားနိုင်မှာ မဟုတ်ဘူး”
မူဝမ်၏ မျက်လုံးထဲတွင် မုန်းတီးမှုများကို မြင်နိုင်သည်။
သူမအတွက် တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားတွင် ကျင့်ကြံခြင်းသည် လကြည့်မြို့တွင် နေခဲ့သော အချိန်ထက် တစ်ဆင့်သာ နိမ့်သည်။
သို့သော် ငြိမ်းချမ်းသော နေ့ရက်များသည် အပြင်ဘက်တွင်ရှိသော ဓားပြများကြောင့် ပျက်စီးသွားခဲ့ရသည်။
မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များကို လုယူသွားကြသည်။ များပြားသော အာခီမီပညာရှင်များကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြသည်။
အာခီမီပညာရှင်များ ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်သောနေရာသည် လောကတွင် အဘယ်ကြောင့် မရှိရသနည်း။
“ဆေးလုံးတွေကို ဖောက်ခွဲမှာလား ....”
ဆံပင်ဖြူနေသော လူအိုကြီးတစ်ယောက်က ရေရွတ်လိုက်ပြီး ခေါင်းခါသည်။
“အဲဒီနည်းလမ်းက ကျွမ်းကျင်သူတွေရဲ့ရှေ့မှာ အလုပ်မဖြစ်ဘူး”
“ဆေးလုံးတွေက အဆောင်လက်ဖွဲ့တွေနဲ့ မယှဉ်နိုင်ဘူး”
ဆေးလုံးများသည် အားကောင်းသော ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားခဲ့လျှင် သူတို့က ထိုဆေးလုံးများကို ဖောက်ခွဲပစ်ခဲ့လိမ့်မည်။
အပြင်ဘက်တွင် ရှိနေသော ကျွမ်းကျင်သူများကို ဆေးလုံးများနှင့် မတားဆီးနိုင်ပေ။
“အကြီးအကဲတို့၊ ကျွန်မတို့က ဆေးလုံးနဲ့ မီးပြင်းဖိုတွေအားလုံးကို ဖောက်ခွဲပစ်ရမယ်ဆိုရင်တောင် တိုက်ခိုက်ရမယ်”
မူဝမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရင်ပြင်တွင် ရှိနေသော ဂိုဏ်းတပည့်များကို ကြည့်သည်။
“ဂိုဏ်းတူအစ်ကိုနဲ့အစ်မတို့၊ ဆန္ဒရှိကြရဲ့လား”
‘ဖမ်းဆီးခံရဖို့ အလိုရှိသလား’
‘အသတ်ခံရဖို့ အလိုရှိသလား’
ထိုဖြစ်ရပ်ကို မည်သူမှ လက်မခံနိုင်ကြပေ။
ဖိနှိပ်ထားသော ခွန်အားသည် စုစည်းလာခဲ့သည်။
ဆေးလုံးများသည် မူဝမ်၏ လက်ထဲတွင် တစ်လုံးပြီးတစ်လုံး ပေါ်လာကြသည်။
သူမက လေထုထဲသို့ ခုန်တက်လိုက်ပြီး အတားအဆီး၏ အပြင်ဘက်တွင် စုစည်းနေသော ကျင့်ကြံသူများကို ကြည့်သည်။
သူမက ပြတ်သားသော မျက်နှာထားဖြင့် တစ်လှမ်းချင်းစီ ရှေ့တက်သွားသည်။
“ငါက သေရမယ်ဆိုရင်တောင် တိုက်ပွဲမှာပဲ သေမယ်”
မူဝမ်က မှိန်ဖျော့သော်လည်း ခိုင်မာသည့် တိုက်ခိုက်လိုစိတ်ကို ထုတ်ဖော်နေသည်။
သူမက ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် မရေမတွက်နိုင်သော တိုက်ပွဲများနှင့် သေခြင်းရှင်ခြင်း အခြေအနေများကို ကြုံတွေ့ခဲ့ရသည်။
သူမက ဂိုဏ်းတူအစ်ကိုအတွက် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်လာခဲ့သည်။ ထိုမှသာ ဟန်မူယဲ့က သူမအတွက် စိုးရိမ်ရန်မလိုဘဲ လွတ်လပ်စွာ လှုပ်ရှားနိုင်မည် ဖြစ်သည်။
သို့သော် မူဝမ်က သေခြင်းရှင်ခြင်းကို ကြောက်ရွံ့နေသူ မဟုတ်ပေ။
သူမက တိုက်ပွဲများကို ရှောင်တိမ်းခဲ့သော အာခီမီကျင့်ကြံသူတစ်ယောက်လည်း မဟုတ်တော့ပေ။
အလင်းလွှာ၏ အပြင်ဘက်တွင် မကျေနပ်သော မျက်လုံးများက မူဝမ်ကို စိုက်ကြည့်နေကြသည်။
အလင်းလွှာအတွင်းသို့ ဝင်ရောက်သွားသော ကျင့်ကြံသူများကို မူဝမ်က သတ်ပစ်ခဲ့သည်။
ထိုကျင့်ကြံသူများ၏ နောက်ကွယ်တွင်ရှိသော ဂိုဏ်းများသည် ဆေးလုံးများထက် အဖိုးတန်သောအရာကို အလိုရှိကြသည်။ သူတို့က ခန်းဆောင်ထဲတွင်ရှိသော အာခီမီပညာရှင်များကို လိုချင်ကြသည်။
အစစ်အမှန် ကြွယ်ဝမှုသည် သူတို့ပင် ဖြစ်ကြသည်။
“သူမကိုသတ်”
လေထုထဲတွင် အသံတစ်သံကို ကြားနိုင်သည်။
ပေတစ်ရာမြင့်မားသော ပုံရိပ်သည် တူနှစ်လက်ကို ကိုင်ဆောင်ပြီး ရှေ့တက်လာ၍ ထုနှက်လိုက်သည်။
“ဘန်း”
ပြန်လည်ကောင်းမွန်လာသော အလင်းလွှာက ထပ်မံ ပျက်စီးသွားပြန်သည်။
ဤတစ်ကြိမ်တွင် အတားအဆီးအလင်းလွှာက ပြင်းထန်စွာ တုန်ခါနေပြီး နေရာအများစုတွင် ပျောက်ကွယ်သွားခဲ့သည်။
မူဝမ်နှင့် သူမ၏နောက်တွင် ရှိနေသော ရင်ပြင်၊ ရင်ပြင်၏နောက်တွင် ရှိနေသော ခန်းဆောင်သည် ပေါ်ထွက်လာခဲ့သည်။
ပေတစ်ရာမြင့်မားသောပုံရိပ်၏ တခြားတူတစ်လက်သည် မူဝမ်၏ခေါင်းပေါ်သို့ ကျဆင်းလာသည်။
မူဝမ်က လက်မြှောက်ပြီး ညွှန်ပြလိုက်သည်။ သူမ၏ရှေ့တွင် ရှိနေသော ဆေးလုံးများအားလုံးသည် ပျံထွက်သွားကြသည်။
ဆေးလုံးများသည် မိုးရွာသကဲ့သို့ ဖြစ်နေသည်။
“ဘုန်း”
ဆေးလုံးများသည် ဧရာမတူကြီးနှင့် ထိတွေ့သွားပြီး တစ်ပြိုင်နက် ပေါက်ကွဲ၍ တူကို လွင့်စင်သွားစေသည်။ ပေတစ်ရာမြင့်မားသော ပုံရိပ်ကလည်း တူ၏နောက်တွင် လွင့်ပါသွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ရင်ပြင်တွင် ရှိနေသော ဂိုဏ်းတပည့်များ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာကြသည်။
သူတို့က တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာပြီး ဆေးလုံးများကို ပစ်လွှတ်လိုက်ကြသည်။
ဆေးလုံးတိုင်းသည် အလွန်တောက်ပနေသည်။
ယခင်က ဆေးလုံးအများအပြားကို မြင်ရလျှင် လူတိုင်းက ပျော်ရွှင်စွာ ရယ်မောနေကြလိမ့်မည်။
သို့သော် ယခုအချိန်တွင် သူတို့အားလုံး၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
ထိုဆေးလုံးများ၏ စွမ်းအားသည် မတည်ငြိမ်ဘဲ အချိန်မရွေး ပေါက်ကွဲသွားနိုင်ကြသည်။
“ဘုန်း”
ပထမဆုံးဆေးလုံးသည် ပေတစ်ထောင်အကွာတွင် ပေါက်ကွဲသွားခဲ့သည်။
ထို့နောက် ဒုတိယ၊ တတိယ ....
မရေမတွက်နိုင်သော ဆေးလုံးများ၏ ပေါက်ကွဲမှုကြောင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် မငြိမ်မသက် ဖြစ်လာခဲ့သည်။
ထိုအရာသည် အလွန်အားကောင်းသော ဆေးစွမ်းအားများ ရုတ်တရက် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
ထိုဆေးလုံးများ၏ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသော၊ သေသွားသော ကျင့်ကြံသူများ၏ အရေအတွက်ကို မည်သူမှ မသိနိုင်ကြပေ။
အာရုံစိုက်သူလည်း မရှိကြပေ။ ယခုအချိန်တွင် လူတိုင်းက လောင်ကျွမ်းနေသော နေလုံးများကဲ့သို့ ခန်းဆောင်အတွင်းမှ ထွက်လာသော ဆေးလုံးများကို ထိတ်လန့်စွာ ကြည့်နေကြသည်။
“ပထမအဆင့် ခရမ်းရောင်နေမင်းဆေးလုံး”
“အင်မော်တယ်ဆေးလုံး၊ အနန္တဝိညာဉ်ဆေးလုံး”
ထိုဆေးလုံးများ၏ တန်ဖိုးသည် အဆင့်မြင့်မှော်ရတနာထက် မနိမ့်ကျပေ။
ထိုဆေးလုံး တစ်လုံးချင်းစီသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်သည်။
သို့သော် ယခုအချိန်တွင် လူတိုင်းက ထိုဆေးလုံးများကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ထိုဆေးလုံးများသည် ပေါက်ကွဲသွားကြလိမ့်မည်။
အင်မော်တယ်ဆေးလုံးတစ်လုံး၏ ပေါက်ကွဲမှုသည် မိုင်တစ်သောင်းပတ်ဝန်းကျင်တွင်ရှိသော သဘာဝစွမ်းအင်ကို လောင်ကျွမ်းသွားစေလိမ့်မည်။
မဟာလမ်းစဉ်ကို ဆုပ်ကိုင်ထားသော ကျင့်ကြံသူကြီးများမှ လွဲ၍ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူများပင်လျှင် ဆေးလုံးပေါက်ကွဲမှုကို ခုခံနိုင်ကြမည်မဟုတ်ပေ။
ထိုဆေးလုံးများ ပေါက်ကွဲသွားခဲ့လျှင် ဤနေရာသည် ဗလာဖြစ်သွားလိမ့်မည်။
“သူတို့က ရူးသွားကြပြီလား”
“ကိုယ်ပိုင်တပည့်တွေကို ပြန်သတ်ဖို့ ကြိုးစားနေကြတာလား”
လူတချို့က ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး တချို့က ထွက်ပြေးနေကြသည်။
“ဟမ့်၊ အရူးအိုကြီးတွေက သေချင်နေတာလား”
“မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည့်းပေးရတာပေါ့”
ကျယ်လောင်သော အော်သံနှင့်အတူ လူတစ်ယောက်သည် လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။
လှုပ်ရှားနေသော ချီစွမ်းအင်အလင်းသည် လက်ဝါးချက်အဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။