အခန်း (၇၄၈)
Vol. 54 Ch. 748
“ကျောက်ယန်တာအိုဂိုဏ်းရဲ့ ကျင်းကျစ်ယွင်။ မင်းတို့ ကျောက်ယန်တာအိုဂိုဏ်းက ငါတို့ တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားကို အကွက်ချနေတာပဲ”
ခန်းဆောင်ထဲတွင် ရှိနေသော အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်သည်။
“ဟမ့်၊ အရူးတွေ။ အင်မော်တယ်ရင်းမြစ်ကမ္ဘာက ပြိုကျသွားခဲ့ပြီ။ အဓိကဂိုဏ်းတွေအားလုံးက ထွက်ပြေးသွားကြပြီ။ ငါတို့ရဲ့ ကျောက်ယန်တာအိုဂိုဏ်းက အရေးမပါတဲ့ ဂိုဏ်းအသေးလေး မဟုတ်တော့ဘူး”
“လိမ်လိမ်မာမာနဲ့ အညံ့ခံလိုက်ရင် အသက်ရှင်နိုင်လိမ့်မယ်”
ကျင်းကျစ်ယွင်၏မျက်နှာထားက အေးစက်နေပြီး လက်ဝါးချက်သည် မူဝမ်၏ ခေါင်းပေါ်သို့ ဆက်လက်ကျဆင်းလာခဲ့သည်။
သူက သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူ ဖြစ်သည်။
သူ၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် အထက်ဘုံသုံးပါးတွင် ယင်ကောင်လေးတစ်ကောင်သာ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် အထက်ဘုံသုံးပါး၏ အားကောင်းသော ကျင့်ကြံသူများအားလုံးသည် ထွက်သွားကြသည်။ ထို့ကြောင့် သူက အားကောင်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။
သူက တိမ်တိုက်ကောင်းကင် ဆေးတောင်ကြား၏ အာခီမီပညာရှင်များကို ဂိုဏ်းဆီသို့ ပြန်ခေါ်သွားနိုင်လျှင် အနာဂတ်တွင် အဆုံးမရှိသော အကျိုးအမြတ်များကို ရရှိလိမ့်မည်။
အထက်ဘုံသုံးပါး၏ ဖရိုဖရဲဖြစ်နေသောအချိန်နှင့် တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားအား အာရုံစိုက်မထားနိုင်သော အခြေအနေကို အခွင့်ကောင်းယူပြီး မသက်ဆိုင်သည့်လူများအားလုံးကို သတ်ဖြတ်ရမည်။ ထိုမှသာ တခြားဂိုဏ်းများက စစ်ဆေးလာခဲ့လျှင်ပင် မည်သည့်အရိပ်အယောင်ကိုမှ မြင်ရတော့မည်မဟုတ်ပေ။
ထို့သို့ဖြင့် ကျောက်ယန်တာအိုဂိုဏ်းက မြင့်တက်လာရန်အတွက် နှစ်ပေါင်းအနည်းငယ်သာ အချိန်ယူရလိမ့်မည်။
လက်ဝါးချက်အောက်တွင် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ထားသော မူဝမ်ကို ကြည့်လိုက်ပြီး ကျင်းကျစ်ယွင်က ပြုံးသည်။
‘အရေးမပါတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ’
“ရွှပ် ....”
ပိုးထည်အား စုတ်ဖြဲလိုက်သောအသံနှင့် ဆင်တူသောအသံကို ကြားနိုင်သည်။
လက်ဝါးချက်သည် ပြိုကွဲသွားပြီး လူတစ်ယောက်သည် မူဝမ်၏ဘေးတွင် ပေါ်လာသည်။
ကျင်းကျစ်ယွင်၏အပြုံးက ဒေါသအဖြစ် ပြောင်းလဲသွားခဲ့သည်။
‘သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူရဲ့ အမိန့်အာဏာကို ဘယ်သူက လွန်ဆန်ရဲတာလဲ’
“ဂိုဏ်းတူအစ်ကို”
မျက်လုံးမှိတ်ထားသော မူဝမ်၏ ပါးပြင်တွင် မျက်ရည်များ ကျဆင်းနေခဲ့သည်။
‘ဒီဘဝမှာ ငါက နောင်တရခဲ့လား’
‘မရခဲ့ဘူး’
လူသားလောကတွင် အစ်ကိုဟန်နှင့်အတူ နှလုံးသားအား ကျင့်ကြံခဲ့သောအချိန်ကို မည်သို့ နောင်တရနိုင်မည်နည်း။
‘ဒါပေမဲ့ တကယ်ပဲ နောင်တရမရဘူးလား’
သူမက အစ်ကိုဟန်နှင့်အတူ ကျင့်ကြံခြင်းလမ်းစဉ်အား မလျှောက်လှမ်းနိုင်ခဲ့သည့်အတွက် နောင်တရသည်။ သွေးမျိုးဆက်ကို မချန်နိုင်သည့်အတွက် နောင်တရသည်။ နေ့တိုင်း အတူတူ အချိန်မဖြုန်းနိုင်သည့်အတွက် နောင်တရသည်။
လူသားလောက၏ တစ်ဖက်သတ်အချစ်သည် အလွန်နာကျင်ရသည်။
သူမက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သောအခါတွင် လက်ဝါးချက်သည် ပျောက်ကွယ်သွားခဲ့သည်။ ဓားအိမ်တစ်ခုကို လွယ်ထားသော အဖြူရောင်ဝတ်စုံနှင့် ဟန်မူယဲ့သည် မူဝမ်၏ရှေ့တွင် ရပ်နေသည်။
“အစ်ကိုဟန်”
မူဝမ်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
“ကျွန်မက သေသွားတဲ့အချိန်မှာ အစ်ကိုဟန်ကို မြင်နိုင်တယ်ပေါ့”
“ကောင်းလိုက်တာ”
သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က လက်ကို ဆန့်ထုတ်ပြီး သူမ၏ ပါးပြင်တွင်ရှိနေသော မျက်ရည်များကို သုတ်ပေးလိုက်သည်။
ပါးပြင်ပေါ်တွင် ကျဆင်းလာသော နွေးထွေးမှုကြောင့် မူဝမ်က ကြောင်အသွားခဲ့သည်။
“အစ်ကိုဟန်၊ အစ်ကိုဟန်၊ အစ်ကိုဟန် ....”
မူဝမ်၏ မျက်ရည်များသည် အဆက်မပြတ် ကျဆင်းလာခဲ့သည်။
ဟန်မူယဲ့က သူမကို ညင်သာစွာ ဖက်လိုက်သည်။
“အဆင်ပြေသွားပါပြီ။ အစ်ကိုဟန်က ဒီမှာ ရောက်လာပြီ”
ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်သည်။
လေထုထဲတွင် ပွေ့ဖက်နေသော လူနှစ်ယောက်က ပတ်ဝန်းကျင်တွင် ရှိနေသော လူများကို ဂရုစိုက်ပုံမပေါ်ပေ။
တိမ်တိုက်ကောင်းကင် ဆေးတောင်ကြား၏ ရင်ပြင်နှင့် ခန်းဆောင်အတွင်း၌ ရှိနေကြသော ဂိုဏ်းတပည့်များနှင့် အကြီးအကဲများအပြင် တိုက်ခိုက်ရန် ရောက်လာကြသော ကျင့်ကြံသူများကလည်း လျစ်လျူရှုခံထားရသည်။
ကောင်းကင်နှင့်မြေကြီး၏ကြားတွင် သူတို့နှစ်ယောက်သာ ရှိနေကြပုံပေါ်သည်။
“ကံမကောင်းတဲ့ ဟင်္သာမောင်နှံပဲ။ ဟားဟား ....”
ကျင်းကျစ်ယွင်က အေးစက်နေသော မျက်နှာထားဖြင့် ရွှေရောင်ချိပ်တံဆိပ်ကို အသက်သွင်း၍ ဟန်မူယဲ့နှင့် မူဝမ်ကို လွှမ်းခြုံလိုက်သည်။
နှစ်သောင်းချီကျင့်ကြံခဲ့သော ကျွမ်းကျင်သူတစ်ဦးအတွက် လောကီကိစ္စရပ်များသည် အရေးမပါတော့ပေ။
ချိပ်တံဆိပ်၏ မီးတောက်များက နီးကပ်လာသောအခါတွင် သတ်ဖြတ်လိုစိတ်များသည် ဟန်မူယဲ့၏ မျက်လုံးထဲတွင် ပေါ်လာကြသည်။
သူက လက်မြှောက်လိုက်သည်။
ဓားတစ်လက်သည် ဓားအိမ်ထဲမှ ထွက်သွားသည်။
“ဝီ”
ဓားအလင်းသည် အစိမ်းရောင်ဥက္ကာပျံနှင့် တူသည်။
အလွန်လျင်မြန်သည်။
ဓားအလင်းသည် ချိပ်တံဆိပ်၏ မီးတောက်များကို ကျော်ဖြတ်၍ ကျင်းကျစ်ယွင်၏ရှေ့သို့ ဖျတ်ခနဲ ရောက်သွားခဲ့သည်။
‘ဒါက ဘယ်လိုဓားချက်မျိုးလဲ’
‘တည်နေရာကို ချိုးဖောက်ပြီး နည်းစနစ်တွေကို ကျော်လွန်နေတယ်’
‘ဒီလို ဓားကျင့်ကြံသူမျိုးက သူတော်စင်တစ်ပါးပဲ ဖြစ်လိမ့်မယ်’
ထိုအတွေးသည် ကျင်းကျစ်ယွင်၏ နောက်ဆုံးအသိစိတ် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဓားသည် သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်လိုက်သည်။ သွေးရောင်နှင့် ချီစွမ်းအင်အလင်းသည် လေထုထဲတွင် တောက်ပသွားသည်။
ထိုဓားချက်ကြောင့် လူတိုင်းက ကြောက်ရွံ့သွားပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ကြသည်။
သူတော်စင်တစ်ဝက်အဆင့် ကျွမ်းကျင်သူသည် ဓားတစ်ချက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။
‘လောကမှာ ဒီလိုဓားကျင့်ကြံသူမျိုး ရှိနေသေးတာလား’
‘အထက်ဘုံသုံးပါးရဲ့ ဓားကျွမ်းကျင်သူတွေအားလုံးက အင်မော်တယ်ရင်းမြစ်ကမ္ဘာကို စွန့်ပစ်ပြီး အင်မော်တယ်ကမ္ဘာကို တက်သွားကြပြီ မဟုတ်ဘူးလား’
“မင်းတို့လုယူထားတဲ့ ဝိညာဉ်ဆေးပင်နဲ့ ဆေးလုံးတွေကို ချန်ထားခဲ့။ ဖမ်းဆီးထားတဲ့ အာခီမီပညာရှင်တွေကို ပြန်လွှတ်ပေးလိုက်”
ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။
သူ့နောက်တွင်ရှိသော ဓားအိမ်သည် ဓားအလင်းများကို ထုတ်ပေးနေသည်။
“မင်းတို့က မလုပ်ချင်ဘူးဆိုရင် ငါ့ရဲ့ဓားတွေအားလုံး သွေးစွန်းသွားလိမ့်မယ်”
လေထုထဲတွင် သန်းဆယ်ချီသောဓားများသည် လွင့်မျောနေကြသည်။
မရေမတွက်နိုင်သော ဓားရှည်များကို မြင်နေရသည်။
ဓားတစ်လက်ချင်းစီသည် အေးစက်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ယခုအချိန်တွင် များပြားလှသော ဓားများကြောင့် လူတိုင်းက ဓားစံအိမ်၏ ဓားကျင့်ကြံသူတစ်ယောက် ရောက်လာသည်ဟု တွေးမိကြသည်။
အထက်ဘုံသုံးပါး၏ ဓားစံအိမ်၏ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သည်။
ထိုဂိုဏ်းကို မည်သူမှ ရန်မစရဲကြပေ။
အထူးသဖြင့် သူတို့၏ရှေ့တွင် ရပ်နေသော ဓားကျင့်ကြံသူသည် သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူကို တစ်ချက်တည်း သတ်ပစ်ခဲ့သည်။
ယခုအချိန်တွင် မဟာကျင့်ကြံသူများသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ထွက်သွားကြသောကြောင့် သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူများသည် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
“ဒါက .... ဒါက ကျွန်တော့်မှာရှိတဲ့ ဆေးလုံးတွေပါပဲ။ အကုန်လုံးရှိပါတယ်”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ကျောက်စိမ်းပုလင်းများနှင့် သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူပြီး ကျောက်လှေကားထစ်တွင် တင်ခဲ့သည်။ ထို့နောက် သူက လှည့်ထွက်သွားသည်။
ကျန်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဆေးလုံးအမျိုးမျိုး ပါဝင်သော ကျောက်စိမ်းပုလင်းများကို ထုတ်ပေးခဲ့ကြသည်။
လူတချို့က မှော်နည်းစနစ်ဖြင့် ချုပ်နှောင်ပြီး နောက်ကျောတွင် သယ်ထားသော အာခီမီပညာရှင်များကို လွှတ်ပေးလိုက်ကြသည်။ တချို့က သက်ရှိများအား သယ်ဆောင်နိုင်သော မှော်ရတနာများကို ထုတ်ယူပြီး အိပ်မောကျနေသော အာခီမီပညာရှင်များကို ထုတ်ပေးလိုက်ကြသည်။
ဟန်မူယဲ့က မူဝမ်ကို ဖက်ထားပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသော ကျင့်ကြံသူများကို ကြည့်နေခဲ့သည်။
တိမ်တိုက်ကောင်းကင် ဆေးတောင်ကြား၏ အာခီမီပညာရှင်များက ပြေးထွက်လာပြီး ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်များကို စုစည်းလိုက်ကြသည်။ ချုပ်နှောင်ခံထားရသော ဂိုဏ်းတပည့်များကို ကူညီပေးနေကြသည်။
“သေစမ်း။ ကျောက်စိမ်းကြာပန်းကို နုတ်ယူထားကြတယ်။ ကုန်ပါပြီ”
လူတစ်ယောက်က ဝိညာဉ်ဆေးပင်ကို ကိုင်ထားပြီး ကျယ်လောင်စွာ ကျိန်ဆဲနေသည်။
“အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးတွေက ဒီလောက်ပဲ ကျန်တော့တာလား”
လူတစ်ယောက်က ဖြူဖျော့နေသော မျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်သည်။
အဖိုးတန်သော ဆေးလုံးများကို သာမန်ကာလျှံကာ သိမ်းဆည်းထားသောကြောင့် ဆေးစွမ်းအင်များ လျော့နည်းသွားကြသည်။
ဆေးလုံးအများအပြားသည် ပျောက်ကွယ်မသွားလျှင် ပျက်စီးသွားကြသည်။
“ဂိုဏ်းတူအစ်ကိုဟယ်၊ ဂိုဏ်းတူအစ်ကိုကျူးဝမ်က .... သေသွားခဲ့ပြီ ....”
လွတ်မြောက်လာသော အာခီမီပညာရှင်တစ်ယောက်က ရှေ့တွင်ရှိသောလူကို ပွေ့ဖက်ပြီး ကျယ်လောင်စွာ ငိုကြွေးနေခဲ့သည်။
“ဆရာ၊ ဆရာ၊ ညီမယွီချန်ကို ဖမ်းသွားကြပြီ။ သူမကို ကယ်ပေးပါအုံး”
လူတစ်ယောက်က ဆံပင်ဖြူနှင့် လူအိုကြီး၏ရှေ့တွင် ဒူးထောက်ပြီး ဆက်တိုက် အရိုအသေပေးနေသည်။
အဓိကခန်းဆောင်၏ အပြင်ဘက်တွင် အော်ဟစ်သံများသည် နေရာတိုင်းတွင် ပေါ်ထွက်လာခဲ့သည်။
မူဝမ်က ဟန်မူယဲ့၏ ရင်ဘတ်ထဲတွင် မျက်နှာကို ဖွက်ထားပြီး အဝတ်များကို မျက်ရည်ဖြင့် စိုစွတ်နေစေသည်။
အာခီမီလမ်းစဉ်၏ အမှန်တရားကို စိတ်ရင်းနှင့် ရှာဖွေကြသော အာခီမီပညာရှင်များသည် ကျင့်ကြံခြင်းလောက၏ ရက်စက်မှုကို ကိုယ်တိုင်ကြုံတွေ့လိုက်ရသည်။
ကျင့်ကြံခြင်းလောကတွင် တည်ငြိမ်အေးချမ်းသော နေ့ရက်များကို မည်သည့်နေရာတွင် ရှာဖွေနိုင်မည်နည်း။
ဟန်မူယဲ့က မူဝမ်ကို နှစ်သိမ့်ပေးပြီး ကောင်းကင်ထက်တွင် ပြည့်နှက်နေသော ဓားမျာကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ကျောက်စိမ်းရင်ပြင်တွင် ဆင်းသက်ပြီး အဓိကခန်းဆောင်ဆီသို့ ဦးတည်လိုက်သည်။
ပတ်ဝန်းကျင်တွင် ရှိနေသော အာခီမီကျင့်ကြံသူများက သူတို့နှစ်ယောက်ကို မြင်လိုက်ရသောအခါတွင် ဖျော့တော့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။
သို့သော် ယခုအချိန်တွင် ထိုအပြုံးများက အသက်မပါပေ။
ကျောက်သားလှေကားသို့ ရောက်လာသောအခါတွင် မူဝမ်က ဟန်မူယဲ့၏ ပွေ့ဖက်မှုမှ ရုန်းထွက်လိုက်ပြီး အဓိကခန်းဆောင်၏ရှေ့တွင် ရပ်နေသော လူအိုကြီးများကို ဦးညွတ်လိုက်သည်။
“တပည့်မူဝမ်က ဂိုဏ်းသခင်နဲ့ အကြီးအကဲတွေကို အရိုအသေပေးပါတယ်”
ဝတ်စုံပေါ်တွင် ရွှေရောင်မျဉ်းကြောင်း သုံးခုရှိနေသော လူအိုကြီးသည် တိမ်တိုက်ကောင်းကင် ဆေးတောင်ကြား၏သခင် လီချင်းရှစ် ဖြစ်သည်။
လူတိုင်းက ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်ကြသည်။
မူဝမ်က အနည်းငယ်ရှက်သွားပြီး တီးတိုးပြောသည်။
“ဒါက ကျွန်မရဲ့ ဂိုဏ်းတူအစ်ကိုကြီး ဟန်မူယဲ့ပါ”
ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ဆက်သည်။
“ဟန်မူယဲ့က အကြီးအကဲတွေကို အရိုအသေပေးပါတယ်”
သူက ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
“ကျွန်တော်က ညီမမူဝမ်ရဲ့ တာအိုလက်တွဲဖော်ပါ”
တာအိုလက်တွဲဖော် ....
ဂိုဏ်းတူအစ်ကိုသာ မဟုတ်ပေ။
မူဝမ်က ရှက်သွားပြီး ဟန်မူယဲ့ကို မကြည့်ရဲတော့ပေ။
လီချင်းရှစ်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“မိတ်ဆွေလေးဟန်၊ ငါတို့ တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လီချင်းရှစ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ဆက်သည်။
“မင်းက ဓားစံအိမ်ကလား”
ဟန်မူယဲ့၏ ဓားတာအိုကျင့်ကြံခြင်းသည် အလွန်အားကောင်းပြီး ဓားစံအိမ်၏ ထူးခြားသော ဓားနည်းစနစ်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူက ဓားစံအိမ်၏ တပည့်တစ်ယောက် ဖြစ်သင့်သည်။
လီချင်းရှစ်က အတည်ပြုရန် မေးကြည့်လိုက်ခြင်းသာ ဖြစ်သည်။
သူတို့၏အမြင်တွင် ဟန်မူယဲ့သည် ဓားစံအိမ်၏ တပည့်တစ်ယောက် ဖြစ်သည်။
ဓားစံအိမ်သည် အထက်ဘုံသုံးပါး၏ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းထဲတွင် ပါဝင်သောကြောင့် ဂိုဏ်း၏ ကျွမ်းကျင်သူများက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားလျှင်ပင် ကျန်ရှိနေသော အင်အားစုသည် ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။
ဓားစံအိမ်၏ ထောက်ပံ့မှုကို ရထားလျှင် တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားသည် တည်ငြိမ်သွားလိမ့်မည်။
လီချင်းရှစ်၏စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။
“အကြီးအကဲ၊ ကျွန်တော်က ဓားစံအိမ်နဲ့ အဆက်အသွယ်တချို့ ရှိပါတယ်။ ဒါပေမဲ့ ဓားစံအိမ်ရဲ့ တပည့်တစ်ယောက်တော့ မဟုတ်ပါဘူး”
သူက ဓားစံအိမ်၏ တပည့်တစ်ယောက် မဟုတ်ဘဲ အထက်ဘုံသုံးပါး၏ ဓားစံအိမ်တွင် မကျင့်ကြံဘူးသော်လည်း ဓားစံအိမ်နှင့် ဆက်သွယ်မှုတစ်ခု ရှိနေသည်။
သူက ကိုးထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားပြီး ခုနစ်ထပ်ဓားစံအိမ်ကို ထုတ်ပြထားသောကြောင့် ဓားစံအိမ်တွင် အကြီးအကဲတစ်ယောက်အဖြစ် နေရာယူနိုင်သည်။
သို့သော် ကိုးထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသော မဟာပုဂ္ဂိုလ်ကြီးသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားသည်ဟု သေချာပေါက် မပြောနိုင်သေးပေ။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လီချင်းရှစ်နှင့် အကြီးအကဲများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
ဟန်မူယဲ့က ဓားစံအိမ်နှင့် အဆက်အသွယ်ရှိသော်လည်း ဓားစံအိမ်၏ တပည့်တစ်ယောက် မဟုတ်ပေ။
အကြီးအကဲအများအပြားက တုံ့ဆိုင်းနေကြသည်။
ဟန်မူယဲ့က အားကောင်းသော်လည်း တစ်ယောက်တည်းသာ ဖြစ်သည်။
တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားကို တိုက်ခိုက်နေသော လူများသည် နောက်ဆုတ်သွားကြသည်။ သို့သော် သူတို့က ဟန်မူယဲ့၏ စွမ်းအားကို ကြောက်ရွံ့နေသောကြောင့် နောက်ဆုတ်သွားခြင်း မဟုတ်ပေ။
ထိုလူများသည် ဟန်မူယဲ့၏ နောက်ခံကို ကြောက်ရွံ့နေကြသည်။
အထက်ဘုံသုံးပါးမှ ဓားစံအိမ်၏ အမွေအနှစ် ဖြစ်သည်။
ဓားစံအိမ်၏ တပည့်တစ်ယောက် မဟုတ်ခဲ့လျှင် ထိုလူများသည် နောက်တစ်ကြိမ် ပြန်လာကြလိမ့်မည်။
လီချင်းရှစ်က တိတ်ဆိတ်နေပြီး ညင်သာစွာ ပြောသည်။
“မိတ်ဆွေလေးဟန်ရဲ့ ဓားပညာရပ်က တကယ်ကောင်းမွန်တယ်။ မင်းက ငါတို့ ဆေးတောင်ကြားကို ကူညီခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်ပါ့မယ်”
ထို့နောက် သူက အောက်သို့ လှမ်းကြည့်သည်။
“ကျန်းယွမ်၊ မိတ်ဆွေလေးဟန်ကို အနားယူရအောင် ခေါ်သွားပေးလိုက်ပါ”
သူက သက်ပြင်းချလိုက်ပြီး ခေါင်းခါသည်။
“ငါတို့ရဲ့ ဆေးတောင်ကြားက ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့အတွက် စီစဉ်စရာတွေ အများကြီးရှိနေတယ်။ မိတ်ဆွေလေးဟန်ကို ကောင်းကောင်းဧည့်မခံနိုင်တာ ခွင့်လွှတ်ပေးပါ”