အခန်း (၇၅၃)
Vol. 54 Ch. 753
တန်မင်ထောင်က ဓားဆန္ဒများကို ထုတ်လွှတ်၍ ဟန်မူယဲ့ကို ကြည့်သည်။
မည်သည့်အင်အားစုက ဤနည်းလမ်းနှင့် ကြွယ်ဝမှုကို ပိုင်ဆိုင်ထားသနည်း။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းညိတ်၍ ထွက်သွားသည်။
ဓားနှလုံးသားလက်ဖက်ရွက် ပေါင်တစ်ရာကို တိုက်ရိုက်ထုတ်ပေးနိုင်သော ဓားကျင့်ကြံသူတစ်ယောက်နှင့် မျက်နှာချင်းဆိုင်၍ ဆွေးနွေးရန် တန်မင်ထောင်သည် အဆင့်မမီပေ။
‘ဒီလိုအင်အားစုမျိုးက ဘယ်ကနေ ရောက်လာတာလဲ’
‘အထက်ဘုံရဲ့အခြေအနေကို အခွင့်ကောင်းယူမယ့် ပုန်းကွယ်နေတဲ့ ကမ္ဘာတစ်ခုလား။ ဒါမှမဟုတ် ဆည်အပြင်ဘက်ကလား’
တန်မင်ထောင်က မည်းမှောင်နေသော မျက်နှာထားဖြင့် အဝတ်အိတ်ကိုယူ၍ ခြေလှမ်းကျဲကြီးများနှင့် ပြန်ထွက်လာခဲ့သည်။
“ဘာဖြစ်နေတာလဲ။ တန်မင်ထောင်က မကျေမနပ် ဖြစ်နေသလိုပဲ”
လူတစ်ယောက်က နားမလည်နိုင်ဘဲ မေးလိုက်သည်။
တန်မင်ထောင်၏ မျက်နှာထားအရ ဟန်မူယဲ့နှင့် ကောင်းမွန်စွာ ဆွေးနွေးခဲ့ပုံ မပေါ်ပေ။
‘ဟန်မူယဲ့က ငြင်းလိုက်တာလား။ ဒါမှမဟုတ် သူက ဟန်မူယဲ့ကို မသင့်တော်ဘူးလို့ ထင်နေတာလား’
“သူ့လက်ထဲမှာကိုင်ထားတဲ့ အဝတ်အိတ်က ဘာလဲ။ ဘာဖြစ်လို့ သီးသန့်ထုတ်ယူလာတာလဲ”
လူတစ်ယောက်က အဝတ်အိတ်ကို အာရုံစိုက်ထားသည်။
အကယ်၍ ဆွေးနွေးမှုက အဆင်မပြေခဲ့လျှင် တန်မင်ထောင်က တိုက်ရိုက် ထွက်လာနိုင်သည်။
သူက အဘယ်ကြောင့် အဝတ်အိတ်ကို ကိုင်ထားသနည်း။
တန်မင်ထောင်က ခြံဝိုင်းထဲမှ ပြန်ထွက်လာသောအခါတွင် အင်အားစုအမျိုးမျိုးသည် နားမလည်နိုင်ဘဲ ဖြစ်နေခဲ့သည်။
ကျောက်စိမ်းခန်းဆောင်တွင် တုချန်ရှန်က ရှေ့တွင်ရှိနေသော စားပွဲရှည်ကို တစ်ပိုင်းတစ်စစီဖြစ်အောင် ဒေါသတကြီး ကန်ထုတ်လိုက်သည်။
သူခန့်မှန်းထားသောအရာနှင့် မတူပေ။
‘ဟန်မူယဲ့က ဘာလုပ်ချင်နေတာလဲ’
“လုကျန်၊ အခွင့်အရေးတစ်ခုရှာပြီး သူ့ကို စစ်ဆေးကြည့်လိုက်”
တုချန်ရှန်က အံတင်းတင်းကြိတ်ထားပြီး ပြောလိုက်သည်။
‘တာအိုပြိုင်ပွဲနယ်မြေရဲ့ ခေါင်းဆောင်လေးတစ်ယောက်က အထက်ဘုံမှာ မောက်မာနေတယ်ပေါ့လေ’
‘အခု လူတိုင်းက အထက်ဘုံကို လွှမ်းမိုးနိုင်နေပြီလား’
“ဝမ်ကျွင်ရှုံး၊ ဟန်မူယဲ့ရဲ့နောက်ခံကို သတင်းဖြန့်လိုက်”
တုချန်ရှန်က အေးစက်စွာပြောသည်။
“စီးပွားရေးမှာ ငါတို့ သိုးငါးကောင်စံအိမ်က အလုံးစံအာဏာကို စွဲကိုင်ထားတယ်”
အလင်းကျောက်စိမ်းဓားဂိုဏ်း၏ ဧည့်သည်ခန်းဆောင်တွင် တန်မင်ထောင်က အဝတ်အိတ်ကိုင်ပြီး လေးနက်သောမျက်နှာထားဖြင့် ပြန်ထွက်လာကြောင်း ကြားလိုက်ရသောအခါ ယောင်ရုံက ကျယ်လောင်စွာရယ်သည်။
“မင်းတို့အားလုံး နားလည်ကြလား”
သူက တောက်ပနေသော မျက်လုံးများဖြင့် မှိန်ဖျော့သော တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်လိုက်သည်။
“လောကကြီးက ပြောင်းလဲသွားခဲ့ပြီ။ အထက်ဘုံက အရာအားလုံးကို ဖိနှိပ်နိုင်တဲ့အခြေအနေမှာ မရှိတော့ဘူး”
“ဓားစံအိမ်ပဲဖြစ်ဖြစ် ယွီလင်တာအိုဂိုဏ်းပဲဖြစ်ဖြစ် အင်အားစုတိုင်းကို မဖိနှိပ်နိုင်တော့ဘူး”
“ဒါက သူရဲကောင်းတွေ ပေါ်ထွက်လာမယ့် ခေတ်ပဲ”
သူရဲကောင်းများ ပေါ်ထွက်လာခြင်းသည် အရှုပ်အထွေးများကို ရည်ညွှန်းသည်။
သို့သော် အခွင့်အရေးများနှင့် အဆုံးမရှိသော ဖြစ်နိုင်ချေများလည်း ရှိနေကြသည်။
ခန်းဆောင်ထဲတွင် လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။
“တကယ်လို့ ဓားစံအိမ်က ဒီပြိုင်ပွဲမှာ အနိုင်မရခဲ့ဘူးဆိုရင် ငါတို့တွေ မြင့်တက်လာဖို့ အခွင့်အရေးရလိမ့်မယ်”
“အထက်ဘုံရဲ့ မရေမတွက်နိုင်တဲ့ ဓားကျင့်ကြံသူတွေက ဒီအခွင့်အရေးကို အကြာကြီး စောင့်နေခဲ့ရတယ်”
တိမ်တိုက်ကောင်းကင်ဆေးတောင်ကြား၏ အဓိကခန်းဆောင်တွင် လီချင်းရှစ်နှင့် အကြီးအကဲများက လမ်းပျောက်နေကြသည်။
“ဟန်မူယဲ့က ဘာကို အားကိုးနေတာလဲ”
အနက်ရောင်မုတ်ဆိတ်နှင့် အကြီးအကဲတစ်ယောက်က မေးလိုက်သည်။
လီချင်းရှစ်က မျက်မှောင်ကြုတ်ထားပြီး ပတ်ဝန်းကျင်ကိုကြည့်၍ တီးတိုးပြောသည်။
“ကြည့်ရတာ ငါတို့အားလုံးက သူ့ကို အထင်သေးနေတဲ့ပုံပဲ”
“အဲဒီလိုဆိုရင် ငါက ဂိုဏ်းသခင်အဆင့်အတန်းနဲ့ သူ့ကို သွားတွေ့ရမယ်”
....
တန်မင်ထောင်က ဓားစံအိမ်၏ ဧည့်သည်ခန်းဆောင်သို့ ပြန်လာသောအခါတွင် ကျောက်ယွီနှင့် တခြားလူများက လေးနက်သောမျက်နှာထားဖြင့် စောင့်နေကြသည်။
“အကြီးအကဲ၊ ဘာဖြစ်နေတာလဲ”
ဓားဆန္ဒများကို ထုတ်လွှတ်နေသော လူငယ်တစ်ယောက်က တီးတိုးမေးလိုက်သည်။
တန်မင်ထောင်က အေးစက်နေသောမျက်နှာထားဖြင့် ပြန်လာသောကြောင့် လူတိုင်း၏ နှလုံးသားများက လေးလံသွားကြသည်။
“အကြီးအကဲ၊ ညီအစ်ကိုဟန် .... ဟန်မူယဲ့က ဓားစံအိမ်ကို ဝင်ရောက်ဖို့ ငြင်းပယ်လိုက်တာလား”
ကျောက်ယွီက မျက်မှောင်ကြုတ်လိုက်ပြီး တိတ်ဆိတ်စွာ မေးသည်။
စုဝေကမ္ဘာတွင် ဟန်မူယဲ့က ဓားစံအိမ်သို့ဝင်ရောက်ရန် မငြင်းပယ်ခဲ့ပေ။
သူက ဟန်မူယဲ့ကို မဟာဓားကျင့်ကြံသူတစ်ယောက်၏ ဂူနန်းအား ရှာဖွေရန်အတွက် ဖိတ်ခေါ်ခဲ့သည်။ ဟန်မူယဲ့ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့သည်။
သို့သော် ယခုအချိန်တွင် လောကကြီးက ပြောင်းလဲသွားခဲ့သည်။
‘ဟန်မူယဲ့က ဓားစံအိမ်ကို သံသယရှိနေပြီး မဝင်ရောက်ချင်တော့တာလား’
‘သူ့ရဲ့နှလုံးသားက ပြောင်းလဲသွားပြီလား’
တန်မင်ထောင်က ထိပ်ဆုံးတွင်ရှိသောထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး ခေါင်းခါ၍ ပေါ့ပါးစွာ ပြောသည်။
“ငါက သူ့ကို ဓားစံအိမ်ဆီဝင်ရောက်ဖို့ မဖိတ်ခေါ်ခဲ့ဘူး”
‘သူ့ကို မဖိတ်ခေါ်ခဲ့ဘူးလား’
လူတိူင်းက အံ့အားသင့်သွားကြသည်။
ကျောက်ယွီက ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ဓားစံအိမ်က ဟန်မူယဲ့ကို ထိန်းချုပ်နိုင်သည်ဟု ထင်ခဲ့သည်။ သို့သော် မဟုတ်ခဲ့ပေ။
တန်မင်ထောင်က လက်ထဲတွင်ကိုင်ထားသော လက်ဖက်ရွက်အဝတ်အိတ်ကို သိမ်းလိုက်ပြီး ကျောက်ယွီကို ကြည့်သည်။
“သူက မင်းနဲ့အတူ ဘိုးဘေးရဲ့ဂူနန်းကို စူးစမ်းရှာဖွေဖို့ သဘောတူထားတယ်လို့ ပြောတယ်မဟုတ်လား။ သူ့ကို သွားဖို့ ဖိတ်ကြည့်လိုက်”
“သူက သဘောတူတယ်ဆိုရင်”
တန်မင်ထောင်က ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
“တစ်လကြာရင် သွားတော့”
‘တစ်လကြာရင် သွားရမှာလား’
ကျောက်ယွီက ကြောင်အနေသည်။
“ဟန်မူယဲ့က မင်းထင်ထားသလောက် မရိုးရှင်းဘူး။ ငါက အကြောင်းပြချက်ရှိလို့ သူ့ကို မဖိတ်ခေါ်ခဲ့တာပဲ”
တန်မင်ထောင်က ရှင်းပြလိုက်သည်။
ကျောက်ယွီက နားလည်မှုလွဲသွားမည်ကို သူစိုးရိမ်နေသည်။
‘ငါထင်ထားသလို မရိုးရှင်းဘူးတဲ့လား’
ကျောက်ယွီက ခေါင်းညိတ်လိုက်သည်။
သူက မည်သို့ဆက်လုပ်ရမည်ကို အကြမ်းဖျင်း နားလည်သွားသည်။
သူက ဟန်မူယဲ့ကို မဖိတ်ခေါ်နိုင်ခင် သတင်းတစ်ခု ပျံ့နှံ့လာသည်။
သိုးငါးကောင်စံအိမ်သည် ဟန်မူယဲ့၏နောက်ခံကို ဖော်ထုတ်ခဲ့သည်။
“တာအိုပြိုင်ပွဲနယ်မြေမှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးတဲ့”
“ကောင်းကင်စာရင်းမှာ အဆင့်ကိုးရထားတယ်”
“သူက ထင်ထားသလောက် မရိုးရှင်းဘူးပဲ”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာက တာအိုပြိုင်ပွဲမှာ အနိုင်ရသွားပြီထင်တယ်။ သူက အထက်ဘုံကို စူးစမ်းရှာဖွေဖို့ ရောက်လာတာလား”
လူအများအပြားက နားလည်သွားပုံပေါ်သည်။
တာအိုပြိုင်ပွဲ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် သူ၏ အမူအကျင့်နှင့် စွမ်းအားသည် ထူးခြားနေလိမ့်မည်။
“ဒါက မင်းရဲ့ မောက်မာမှုလား”
အဆုံးမဲ့တာအိုဂိုဏ်း၏ ဧည့်သည်ခန်းဆောင်တွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ခေါင်းခါလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကျူးဝူကို စာပို့ပြီး ဟန်မူယဲ့က ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်လား မေးကြည့်လိုက်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် တာအိုတန်ခိုးရှင်တစ်ယောက်က လက်မြှောက်သည်။ ရွှေရောင်ချီစွမ်းအင်အလင်းသည် အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အစီအရင်သည် တဖျပ်ဖျပ်လှုပ်ရှားနေပြီး အလွန်မတည်မငြိမ် ဖြစ်နေသည်။
ခဏအကြာတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
“ဂိုဏ်းတူညီလေးယွင်ထျန်းလား”
“ဘာလို့ ငါ့ကိုရှာနေတာလဲ။ ငါက တာအိုပြိုင်ပွဲနယ်မြေမှာ။ လက်ရှိအခြေအနေက အတော်လေးခက်ခဲနေတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာက အရမ်းအားကောင်းလွန်းတယ်။ ငါတို့က အဆုံးသတ်ကို ရောက်နေပြီ”
ထိုပုံရိပ်က ပင်ပန်းနေပုံရသည်။
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က လျင်မြန်စွာပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကို၊ နှောင့်ယှက်တယ်လို့ မထင်လိုက်ပါနဲ့။ ကျွန်တော်က ဟန်မူယဲ့အကြောင်း မေးကြည့်ချင်လို့ပါ။ သူနဲ့ မိတ်ဆွေဖွဲ့သင့်လား”
ပုံရိပ်၏မျက်နှာထားက စိတ်ရှုပ်ထွေးသွားပုံရသည်။ ပြင်းထန်သော ခံစားချက်များကြောင့် အစီအရင်သည် လှုပ်ခါလာပုံရပြီး ပုံရိပ်က ပျောက်ကွယ်သွားသည်။
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
“ဝီ”
အလင်းအစီအရင်က ပြန်ပေါ်လာသည်။ တာအိုတန်ခိုးရှင်ကျူးဝူက မျက်လုံးပြူးနေပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“မင်းတို့ ဘာပြောလိုက်တာလဲ”
“အမတ်ချုပ်ကြီးဟန်နဲ့ မိတ်ဆွေဖွဲ့ချင်တယ်လို့ ပြောလိုက်တာလား”
“ယန်ယွင်ထျန်း၊ မင်းက အမတ်ချုပ်ကြီးဟန်ရဲ့နာမည်ကို ဘယ်လိုလုပ်ပြီး သိတာလဲ”
တာအိုတန်ခိုးရှင်ကျူးဝူက စိတ်လှုပ်ရှားစွာ မေးခွန်းထုတ်နေသည်။
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ပတ်ဝန်းကျင်တွင်ရှိနေသော လူများကို ကြည့်လိုက်သည်။ သူက ဆေးတောင်ကြားတွင် ဟန်မူယဲ့ရောက်နေသောအကြောင်းကို အကျဉ်းချုပ်ရှင်းပြသည်။
တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို ကယ်တင်ပြီး ကတိစကားတစ်ခုကို ရရှိခဲ့သည်။ အမျိုးမျိုးသော အင်အားစုများက အစီအစဉ်များကို ချမှတ်နေကြသည်။
အစီအရင်အလင်းလွှာတွင် တာအိုတန်ခိုးရှင်ကျူးဝူ၏ မျက်နှာထားက ဆက်တိုက်ပြောင်းလဲသွားခဲ့သည်။
“သူ .... သူက အထက်ဘုံကို ရောက်သွားပြီလား”
“သူက ဘာလုပ်ချင်တာလဲ”
“ဟုတ်သားပဲ။ တာအိုပြိုင်ပွဲနယ်မြေက သူ့ကို ထိန်းမထားနိုင်တော့ဘူးလေ ....”
တာအိုတန်ခိုးရှင်ကျူးဝူ၏ မျက်နှာထားက ဝမ်းနည်းနေပုံရသည်။ ထို့နောက် သူက လျင်မြန်စွာ မေးသည်။
“ဂိုဏ်းတူညီလေးယွင်ထျန်း၊ မင်းက အမတ်ချုပ်ကြီးဟန်နဲ့ မိတ်ဆွေဖွဲ့ချင်တယ်လို့ ပြောလိုက်တာမဟုတ်လား”
ယန်ယွင်ထျန်းက ခေါင်းညိတ်သည်။
သူက ဂိုဏ်းတူအစ်ကိုကျူးဝူကို ကောင်းမွန်စွာနားလည်သည်။
တာအိုတန်ခိုးရှင်ကျူးဝူသည် အဆုံးမဲ့တာအိုဂိုဏ်း၏ မာနကြီးသော ဂိုဏ်းခွဲမှူးတစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့်ခွန်အားနှင့် ပါရမီကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် တာအိုတန်ခိုးရှင်ကျူးဝူသည် ကျင့်ကြံခြင်းတွင် အတားအဆီးနှင့် ကြုံတွေ့လာရသောအခါ အရာအားလုံးကို စွန့်ပစ်၍ တာအိုပြိုင်ပွဲနယ်မြေသို့ သွားခဲ့သည်။
သူက မောက်မာသော တာအိုတန်ခိုးရှင်တစ်ယောက် ဖြစ်နေသော်လည်း ဟန်မူယဲ့ကို အလွန်လေးစားပုံပေါ်သည်။
ထိုအချက်သည် ထူးဆန်းနေသည်။
သူတို့က တာအိုပြိုင်ပွဲနှင့်ပတ်သတ်၍ အနည်းငယ်သာ သိထားကြသည်။ သူတို့မသိနိုင်သော အကြောင်းအရာများစွာ ကျန်ရှိနေသေးသည်။
“ဂိုဏ်းတူအစ်ကို၊ ဟန်မူယဲ့က တာအိုပြိုင်ပွဲမှာ ဘာတွေလုပ်ခဲ့လဲ”
ယန်ယွင်ထျန်းက မေးလိုက်သည်။
“ဘာတွေလုပ်ခဲ့တာလဲ ဟုတ်လား”
ကျူးဝူက ညင်သာစွာ သက်ပြင်းချသည်။
သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာကို သုံးကြိမ်ကျူးကျော်ပြီး အဆုံးတွင် အင်မော်တယ်ဝိညာဉ်ကြယ်ကို ဖျက်ဆီးပစ်ခဲ့သည်။
သူက အင်မော်တယ်ရတနာသုံးခုကို ပိုင်ဆိုင်ထားပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
သူက တာအိုပြိုင်ပွဲတွင် ယွီလင်တာအိုဂိုဏ်း၏ အကြီးအကဲဖြစ်သော နတ်ဘုရားဘုရင်ရှင်းတိနှင့် ရင်ဆိုင်ပြီး သတ်ဖြတ်ပစ်ခဲ့သည်။
သူက အင်မော်တယ်တက်လှမ်းစင်မြင့်၏ ချိပ်စည်းကို ချိုးဖျက်ခဲ့သည်။
ဘုံကိုးပါးသည် ပျက်စီးသွားပြီး ထိပ်တန်းအဆင့် ကျွမ်းကျင်သူများသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွာကြသည်။ ထိုဖြစ်ရပ်သည် တာအိုပြိုင်ပွဲနှင့် သက်ဆိုင်နေသည်။
ယန်ယွင်ထျန်းနှင့် အဆုံးမဲ့တာအိုဂိုဏ်း၏ တပည့်များသည် ကြောင်အသွားကြသည်။
လောက၏ ပြောင်းလဲမှုကြီးများသည် အဝေးတစ်နေရာတွင်ရှိသော အရေးမပါသည့် တာအိုပြိုင်ပွဲကြောင့် ဖြစ်လာခဲ့သည်ဟု ထင်မထားခဲ့ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဖြစ်သူ ဟန်မူယဲ့သည် အာကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကို စုစည်း၍ အောင်ပွဲခံခဲ့သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က ယွီလင်တာအိုဂိုဏ်း၊ ဓားစံအိမ်တို့နဲ့ ယှဉ်နိုင်တယ်။ ဂိုဏ်းတူညီလေး၊ မင်းက နှောင့်နှေးမနေသင့်ဘူး ....”
အလင်းလွှာသည် တုန်ခါလာပြီး ပုံရိပ်သည် စတင်ပျောက်ကွယ်လာသည်။ တာအိုတန်ခိုးရှင်ကျူးဝူက တစ်ခုခုကို သတိရသွားပုံပေါ်ပြီး လျင်မြန်စွာ ပြောသည်။
“ဟန်မူယဲ့က ဓားစံအိမ်ရဲ့ထောက်ပံ့မှုကို ....”
သူ့စကားမဆုံးခင် အစီအရင်အလင်းလွှာသည် ပျောက်ကွယ်သွားခဲ့သည်။
အစီအရင်ကို ထိန်းချုပ်ထားသော အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်၏ မျက်နှာထားက ဖြူဖျော့နေသည်။ သူကိုင်ထားသော ကျောက်စိမ်းပြားသည် အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေခဲ့သည်။
တာအိုတန်ခိုးရှင်ကျူးဝူနှင့် ထပ်မံဆက်သွယ်ရန်အတွက် လဝက်အချိန်ယူရလိမ့်မည်။
ခန်းဆောင်ထဲတွင် ယန်ယွမ်ထျန်းနှင့် အဆုံးမဲ့တာအိုဂိုဏ်းမှ တပည့်များ၏မျက်နှာထားသည် လေးနက်နေခဲ့သည်။
“ဟန်မူယဲ့က တကယ်ပဲ အဲဒီလောက် အားကောင်းတာလား”
ရောင်စုံခါးပတ်နှင့် တာအိုတန်ခိုးရှင်တစ်ယောက်က တီးတိုးပြောလိုက်သည်။
တာအိုပြိုင်ပွဲနယ်မြေမှ ကမ္ဘာလေးတစ်ခု၏ ခေါင်းဆောင်တစ်ယောက်သည် အင်အားစုအမျိုးမျိုးကို စုစည်း၍ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးကို ပြိုကျသွားစေခဲ့သည်။
တာအိုတန်ခိုးရှင်ကျူးဝူကြောင့် မဟုတ်လျှင် သူတို့က အလိမ်ခံနေရသည်ဟု ထင်မိကြလိမ့်မည်။
နှိမ့်ချတတ်ပြီး လူငယ်ဓားကျင့်ကြံသူတစ်ယောက်ဟု ထင်ရသော ဟန်မူယဲ့သည် နတ်ဘုရားဘုရင်တစ်ပါးကိုပင် သတ်ဖြတ်နိုင်သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
နတ်ဘုရားဘုရင်များသည် လောကတွင် မည်မျှ ရှိနေသနည်း။
“ဂိုဏ်းတူအစ်ကို၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
ဆံပင်ဖြူနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ယန်ယွင်ထျန်းကို လှည့်ကြည့်သည်။
“ဂိုဏ်းတူအစ်ကိုကျူးဝူက ဟန်မူယဲ့ကို အထင်ကြီးနေမှတော့ မိတ်ဆွေဖွဲ့ကြရအောင်”
လူငယ်တာအိုတန်ခိုးရှင်တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။