အခန်း (၇၅၅)
Vol. 54 Ch. 755
ထိုသတင်းကြောင့် သူက ကြောင်အသွားခဲ့သည်။
သူတို့ခန့်မှန်းထားသောအရာနှင့် မတူပေ။
“အကြီးအကဲ၊ ကျွန်တော်နဲ့ ညီမမူရဲ့အကူအညီကို လိုအပ်နေတာမျိုး ရှိလို့လား”
ဟန်မူယဲ့က လီချင်းရှစ်၏ ငေးမောနေသောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် မေးသည်။
“အာ၊ မဟုတ်ပါဘူး”
လီချင်းရှစ်က လက်နှစ်ဖက်ကို ထပ်ကာတလဲလဲ ဝှေ့ယမ်းလိုက်သည်။
သူက ဟန်မူယဲ့နှင့် ဓားစံအိမ်၏ ဆက်သွယ်ချက်ကို ရှာဖွေ၍ ဆေးတောင်ကြားအတွက် ထွက်ပေါက်တစ်ခုရှာရန် ရည်ရွယ်ထားခဲ့သည်။
ဓားစံအိမ်နှင့် ဆက်သွယ်နိုင်လျှင် တခြားအင်အားစုများနှင့် ကောင်းမွန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။
သို့သော် ဟန်မူယဲ့က ဓားစံအိမ်၏ တပည့်များနှင့် တစ်လအကြာတွင် ထွက်သွားလိမ့်မည်ဟု ပြောသည်။ ထို့ကြောင့် ဆေးတောင်ကြား၏ တွက်ချက်မှုသည် ကျရှုံးသွားပြန်သည်။
သူတို့က အင်အားစုတစ်ခုနှင့် ဆက်သွယ်ပြီး တခြားအင်အားစုများကို စိုးရိမ်သွားအောင် မလုပ်နိုင်လျှင် ပြဿနာတက်လိမ့်မည်။
လီချင်းရှစ်၏မျက်နှာထားက လေးနက်နေသည်။
“အကြီးအကဲ၊ ကျွန်တော်က အဆင့်မြင့်လက်ဖက်ရွက်တွေကို လိုအပ်နေတယ်။ အကြီးအကဲက နည်းနည်းလောက် ထောက်ပံ့ပေးနိုင်မလား”
ဟန်မူယဲ့က လီချင်းရှစ်၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ရုတ်တရက် ပြောသည်။
‘အဆင့်မြင့်လက်ဖက်ရွက်တွေလား’
လီချင်းရှစ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“မင်းက ဘယ်လောက်လိုချင်တာလဲ”
သူက ထိုကိစ္စလေးနှင့်ပတ်သတ်၍ သိပ်ဂရုမစိုက်ပေ။
“များလေကောင်းလေပဲ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး အစိမ်းရောင်အလင်းနှင့် တောက်ပနေသော ကျောက်စိမ်းသေတ္တာလေးကိုထုတ်၍ စားပွဲပေါ်တွင် တင်လိုက်သည်။
“အလဲအလှယ်အနေနဲ့ ကျွန်တော်က ဒီပစ္စည်းကို အကြီးအကဲဆီမှာ အပ်ထားခဲ့မယ်။ အရေးကြီးတဲ့အချိန်ကို ရောက်လာရင် အကြီးအကဲက ဒီချိပ်စည်းကို ဖွင့်လိုက်ပါ”
ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာပေါ်တွင်ရှိသော ရွှေရောင်ချိပ်စည်းကို ညွှန်ပြလိုက်ပြီး ညင်သာစွာပြောသည်။
“ဒါက အသုံးဝင်မှာပါ”
‘အရေးကြီးတဲ့အချိန်က ဘာလဲ’
ဟန်မူယဲ့က ဆေးတောင်ကြား အန္တရာယ်ကျရောက်လာသောအချိန်ကို ပြောနေသည်။
‘ဒီသေတ္တာလေးက ဆေးတောင်ကြားကို ကယ်တင်နိုင်မှာလား’
သူက မယုံသော်လည်း ယုံကြည်ချင်သည်။
ကျောက်စိမ်းသေတ္တာတွင် ရစ်ဝဲနေသော အစိမ်းရောင်အငွေ့အသက်သည် အထက်ဘုံတွင် ရှားပါးသော အင်မော်တယ်စွမ်းအင် ဖြစ်သည်။
သူက အင်မော်တယ်အငွေ့အသက်နှင့် ရောစပ်နေသော ပစ္စည်းတစ်ခုအား ထုတ်ပေးနိုင်သည့် လူတစ်ယောက်၏စကားကို ယုံကြည်ရမည်။
သို့သော် ထိုရတနာမျိုးကို လက်ဖက်ရွက်တချို့နှင့် မည်သို့ လဲလှယ်နိုင်မည်နည်း။
ဟန်မူယဲ့က အင်အားစုအားလုံးကို အဆုံးသတ်သို့ ရောက်သွားရန်အတွက် ဆေးတောင်ကြားမှ ထွက်ခွာသွားလိမ့်မည်။ ထို့နောက် အရေးကြီးသောအချိန်တွင် ကျောက်စိမ်းသေတ္တာကိုဖွင့်၍ အခြေအနေကို ပြောင်းလဲရမည်။
ထိုသို့ဆိုလျှင် ဆေးတောင်ကြားသည် သူ့အပေါ်တွင် အကြွေးတင်သွားလိမ့်မည်။
လီချင်းရှစ်က ခဏတာ တိတ်ဆိတ်နေပြီး ကျောက်စိမ်းသေတ္တာကိုယူ၍ ထွက်သွားသည်။
တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားသည် အင်အားစုကြီးများအပေါ်တွင် မှီခိုခြင်းနှင့် အသားကျနေပြီဖြစ်သည်။
အကယ်၍ ဟန်မူယဲ့က အထက်ဘုံ၏ အင်အားစုကြီးများကို ခြိမ်းခြောက်နိုင်လျှင် ဆေးတောင်ကြားက ဟန်မူယဲ့ကို မှီခိုနိုင်သည်။
ထို့အပြင် ဟန်မူယဲ့၏အစီအစဉ်က အလုပ်မဖြစ်လျှင်ပင် ဆေးတောင်ကြားက ထိုင်ကြည့်နေမည်မဟုတ်ပေ။
ယွီလင်တာအိုဂိုဏ်း၏ ကွမ်ယွီသည် အဝတ်အိတ်နှစ်အိတ်ကို ယူ၍ အပြုံးတစ်ခုနှင့်အတူ ပြန်ထွက်လာခဲ့သည်။
ဓားစံအိမ်၏ တပည့်တစ်ယောက်ဖြစ်သော ကျောက်ယွီသည် ဟန်မူယဲ့ကို လာရှာ၍ တစ်လအကြာတွင် လျှို့ဝှက်နယ်မြေကို စူးစမ်းရှာဖွေရန် ကတိတစ်ခု ရခဲ့သည်။
ဆေးတောင်ကြား၏ ဂိုဏ်းသခင် လီချင်းရှစ်သည် ဟန်မူယဲ့ဆီသို့ ရောက်လာပြီး ကျောက်စိမ်းသေတ္တာကိုယူ၍ ပြန်ထွက်သွားခဲ့သည်။
ဟန်မူယဲ့၏ နောက်ခံနှင့် အပြုအမူများသည် လူတိုင်းကို စိတ်ရှုပ်သွားစေခဲ့သည်။
နောက်ပိုင်းတွင် ဆေးတောင်ကြား၏ အကြီးအကဲတစ်ယောက်က ဟန်မူယဲ့ဆီသို့ လက်ဖက်ရွက်သေတ္တာများကို ပို့ပေးခဲ့သောကြောင့် လူများက နားမလည်နိုင်ဖြစ်သွားကြသည်။
တစ်ဖက်တွင် အဆုံးမဲ့တာအိုဂိုဏ်း၏ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဖြစ်သော ယွီထုံက အလည်ရောက်လာပြီး ဟန်မူယဲ့၏ တာအိုလက်တွဲဖော်ဖြစ်သော မူဝမ်နှင့် ပနံသင့်နေသည်။ လူအများက သူတို့နှစ်ယောက်ကို အာရုံစိုက်ထားကြသည်။
ထို့နောက် မူဝမ်က ဂိုဏ်းအသီးသီးမှ အမျိုးသမီးကျင့်ကြံသူများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
“ညီမချင်၊ ဒါက ငါသန့်စင်ထားတဲ့ ရုပ်ပျိုဆေးလုံးပဲ။ ဝိညာဉ်ကျောက်တုံး ငါးသန်းပဲကုန်ကျတယ်။ အရမ်းဈေးချိုတယ်။ ညီမချင်ကို အမြတ်မယူဘဲ ရောင်းပေးလိုက်မယ်”
“ညီမယုကို အပြစ်ပြောတာတော့ မဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်တယ်။ ဒီပုံစံမျိုးနဲ့ဆိုရင် လက်တွဲဖော်ကောင်းတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ရှာနိုင်မှာလဲ။ ဒီအလှတိုးဆေးလုံးနဲ့ဆိုရင် အကိုက်ပဲ”
“ကြည့်လိုက်။ ငါ့ဆေးလုံးတွေရဲ့ အရည်အသွေးက ထိပ်တန်းအဆင့်ကို ရောက်နေပြီ။ ငါက အာခီမီဆရာသခင်အဆင့်မှာပဲ။ ငါ့ဆရာက ဆေးတောင်ကြားရဲ့ မဟာအကြီးအကဲတစ်ယောက်ပဲ”
“အမျိုးသားတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားချင်တယ်ဆိုရင် နူးညံ့တဲ့အသားအရေကလည်း အရေးပါတယ်”
“စိတ်မပူပါနဲ့။ ငါ့ဆေးလုံးတွေကို ဝယ်သွားရင် ဘယ်သူက ပြဿနာရှာရဲမှာလဲ”
မူဝမ်က နေ့ဘက်တွင် ဆေးလုံးရောင်းပြီး ညဘက်တွင် ဆေးလုံးသန့်စင်နေသည်။
သူမက အတော်လေး စီးပွားဖြစ်နေသည်။
“အစ်ကိုဟန်၊ အသားအရေစိုပြေအောင် ဘယ်လိုလုပ်ရမလဲ”
မူဝမ်က ပန်းရောင်ဆေးလုံးများကို သန့်စင်နေသောအချိန်တွင် နောက်လှည့်၍ မေးလိုက်သည်။
ဟန်မူယဲ့က ခေါင်းငုံ့လိုက်ပြီး မူဝမ်ကို တီးတိုးပြောသည်။
“အဲဒီလိုမျိုးလား”
မူဝမ်က မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“အစ်ကိုဟန်က တမင်သက်သက် ထုတ်ပြောနေတာမဟုတ်လား”
“ကျွန်မ ကြိုးစားကြည့်မယ်”
“မဟုတ်ဘူး။ ဒါက အလုပ်ဖြစ်ရင်တောင် တခြားလူတွေအပေါ်မှာ မသုံးနိုင်ဘူး။ ဟမ့် ....”
....
သိုးငါးကောင်းစံအိမ်၏ ဧည့်သည်ခန်းဆောင်တွင် တုချန်ရှန်က ကျောက်စိမ်းပုလင်းများကို ကြည့်နေသည်။
သူ့မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေသည်။
“မင်းက ဆေးလုံးတချို့ ဝယ်ဖို့အတွက် ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ်ကို အသုံးပြုခဲ့တာလား”
“ငါတို့ သိုးငါးကောင်စံအိမ်က ဝိညာဉ်ကျောက်တုံးတွေကို အလကားရလာတာလား”
“တခြားလူတွေက ပိုဝယ်ကြတယ် ဟုတ်လား။ ငါတို့က စီးပွားရေးလောကမှာ နေထိုင်ကြတယ်။ မင်းက ဝယ်ချင်တယ်ဆိုရင်တောင် ဈေးဘယ်လိုဆစ်ရမလဲ မသိဘူးလား”
သူ့ရှေ့တွင် ရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာက နီရဲနေပြီး မျက်ရည်ဝဲလာသည်။
တုချန်ရှန်က ခေါင်းခါလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“ထားလိုက်ပါတော့။ မူဝမ်နဲ့ ရင်းနှီးဖို့ ငါက မင်းကို တာဝန်ပေးထားတာပဲ”
သူက စားပွဲပေါ်တွင် ကျောက်စိမ်းသေတ္တာတစ်လုံးကို တင်ထားလိုက်သည်။
“ဒီဝိညာဉ်ကျောက်တုံးတွေကို ယူသွားလိုက်။ နောက်ကျ ပစ္စည်းဝယ်ရင် သတိထားပါ။ မင်းက သိုးငါးကောင်စံအိမ်ရဲ့ တပည့်တစ်ယောက် ဖြစ်နေတာတောင် အရူးလုပ်ခံနေရရင် တခြားလူတွေက လှောင်ပြောင်ကြလိမ့်မယ်”
အမျိုးသမီးကျင့်ကြံသူက ကျောက်စိမ်းသေတ္တာကို ယူလိုက်ပြီး မူဝမ်၏ စကားများကို သတိရလိုက်သည်။ သူမက နှလုံးသားထဲတွင် ပျော်ရွှင်သွားသည်။
အနည်းငယ်အဆူခံပြီး ဆေးလုံးအမျိုးမျိုးကို ရရှိလိမ့်မည်။ အဆုံးတွင် အကျိုးအမြတ်ရှိသောလူသည် သူမကိုယ်တိုင်သာ ဖြစ်သည်။
သူမက စားပွဲပေါ်တွင်ရှိသော ဆေးပုလင်းများကို ကြည့်လိုက်သည်။
ထိုအချိန်တွင် အစိမ်းရောင်ဝတ်စုံနှင့် တပည့်တစ်ယောက်က ပျော်ရွှင်နေသောမျက်နှာထားဖြင့် ဝင်လာခဲ့သည်။
“အကြီးအကဲရှာခိုင်းထားတဲ့ အချက်အလက်ကို ရှာတွေ့ပါပြီ”
ထိုတပည့်က ကျောက်စိမ်းသေတ္တာလေးတစ်လုံးကို ကိုင်ထားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
“ဟန်မူယဲ့က ဒီလက်ဖက်ရွက်တွေကို ဂိုဏ်းတွေဆီ ရောင်းချနေပါတယ်”
သူက တုချန်ရှန်၏ရှေ့တွင် ကျောက်စိမ်းသေတ္တာကို နေရာချထားလိုက်သည်။
“ကောင်းတယ်”
တုချန်ရှန်က အပြုံးတစ်ခုနှင့်အတူ ချီးကျူးပြီး ကျောက်စိမ်းသေတ္တာကို ဖွင့်ကြည့်သည်။
သူက အစပိုင်းတွင် မျက်မှောင်ကြုတ်ထားသော်လည်း မျက်လုံးပြူးသွားသည်။
“အရမ်းကောင်းတဲ့ လက်ဖက်ရွက်တွေပဲ”
“ပစ္စည်းကောင်းပဲ။ ဒီလက်ဖက်ရွက် .... ဒီလက်ဖက်ရွက်တွေက ရတနာပဲ ....”
သူ့စကားကို ကြားလိုက်ရသောအခါတွင် တပည့်ဖြစ်သူ၏အပြုံးက ပိုမိုထင်ရှားလာသည်။
တုချန်ရှန်က တစ်ခုခုပြောတော့မည်အချိန်တွင် ကျောက်စိမ်းသေတ္တာ၏ဘေးတွင်ရှိသော ဆေးပုလင်းများကို သတိထားမိလိုက်သည်။ သူက ဂိုဏ်းတပည့်ကို ခေါင်းမော့ကြည့်ပြီး ပြောသည်။
“ဒါနဲ့ ဒီလက်ဖက်ရွက်သေတ္တာက ဈေးကြီးမှာပေါ့။ ဟုတ်တယ်မလား”
ထိုတပည့်က သက်ပြင်းချလိုက်သည်။
“ဟုတ်ပါတယ်။ တစ်ပေါင်အတွက် ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ် ကုန်ကျပါတယ်။ ကျွန်တော်က အံတင်းတင်းကြိတ်ပြီး နှစ်ပေါင်ဝယ်ခဲ့ပါတယ်”
လက်ဖက်ရွက်တစ်ပေါင်အတွက် ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ် ....
ဘေးတွင်ရှိနေသော အမျိုးသမီးကျင့်ကြံသူက မျက်လုံးပြူးသွားပြီး ပါးစပ်ကို လက်ဝါးဖြင့်အုပ်ထားလိုက်သည်။
တုချန်ရှန်၏ မျက်ခမ်းစပ်က သတိမထားမိနိုင်အောင် အနည်းငယ်တွန့်သွားသည်။ သူက တီးတိုးပြောသည်။
“မင်းက ဝိညာဉ်ကျောက်တုံး သန်းခြောက်ဆယ်သုံးခဲ့တယ်ပေါ့”
ထိုတပည့်က ခေါင်းခါသည်။
“ခြောက်ဆယ်တစ်သန်းပါ။ ကျွန်တော်က လက်ဖက်ရည်တစ်ခွက် သောက်ခဲ့ပါတယ်။ အဲဒီလက်ဖက်ရည်က နှလုံးသားထဲစိမ့်ဝင်ပြီး ဝိညာဉ်ကို သန့်စင်ပေးပါတယ်”
လက်ဖက်ရည်တစ်ခွက်အတွက် ဝိညာဉ်ကျောက်တုံးတစ်သန်း ....
တုချန်ရှန်၏ လက်ချောင်းများက အနည်းငယ်တုန်ခါသွားသည်။
“ကောင်းတယ်။ ကောင်းတယ်။ ငါတို့ သိုးငါးကောင်စံအိမ်ရဲ့ တပည့်တွေက ဒီလိုမျိုး သတ္တိရှိနေရမှာပေါ့”
“ဒီလက်ဖက်ရည်အတွက် သန်းခြောက်ဆယ်။ မင်းကို ဆယ်သန်း ဆုချလိုက်မယ်။ ဒီမှာ ဝိညာဉ်ကျောက်တုံးသန်းခုနစ်ဆယ်။ ယူလိုက်ပါ”
....
တပည့်နှစ်ယောက် ထွက်သွားသောအခါတွင် တုချန်ရှန်၏မျက်နှာထားက ဖြည်းဖြည်းချင်း လေးနက်လာပြီး အနည်းငယ် ဆိုးယုတ်နေပုံ ပေါ်သည်။
“တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားရဲ့ သာမန်လက်ဖက်ရွက် ပေါင်သုံးထောင်ကို တစ်ပေါင်မှာ ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်တန်တဲ့ လက်ဖက်ရွက်တွေအဖြစ် ပြောင်းလဲနိုင်တယ်”
“ဟန်မူယဲ့၊ စီးပွားရေးမှာ ငါတို့ သိုးငါးကောင်စံအိမ်ကတောင် မင်းကို ဦးညွတ်ရလိမ့်မယ်”
“ဒါပေမဲ့ ငါသိချင်မိတယ်။ သာမန်ဝိညာဉ်လက်ဖက်ရွက်တွေကို အချိန်တိုအတွင်းမှာ ဘယ်လိုအဆင့်မြှင့်လိုက်တာလဲ”
ဟန်မူယဲ့၏ လက်ဖက်ရွက်များအကြောင်းကို တုချန်ရှန်သာမက တခြားဂိုဏ်းများကလည်း သိချင်နေကြသည်။
ထိုလက်ဖက်ရွက်များသည် ဓားစွမ်းအားကို သယ်ဆောင်ထားပြီး ဝိညာဉ်ကို သန့်စင်ပေးနိုင်သည်။ လောက၏ ရှားပါးသော ရတနာတစ်ခုပင် ဖြစ်သည်။
ဟန်မူယဲ့၏စကားအရ ဓားနှလုံးသားလက်ဖက်ရွက်ကို ကြည်လင်သောဓားအလင်းနှင့် မရေမတွက်နိုင်သောဓားများ၏ အဆီအနှစ်မှ ပျိုးထောင်ထားသည်။
သို့သော် ဓားစံအိမ်၏လူများက လေ့လာကြည့်ခဲ့ပြီး ထိုသို့ မရိုးရှင်းကြောင်း သိခဲ့ရသည်။
“လွန်ခဲ့တဲ့ရက်တွေမှာ ဂိုဏ်းတွေက အနည်းဆုံး လက်ဖက်ရွက်ပေါင်တစ်ရာစီ ဝယ်ခဲ့ကြတယ်။ အဲဒါက စိတ်ကူးမယဉ်နိုင်လောက်တဲ့ ကြွယ်ဝမှုပဲ”
ဓားစံအိမ်၏ ဧည့်သည်ခန်းဆောင်တွင် တန်မင်ထောင်က ကျောက်ယွီနှင့် တပည့်များကို ကြည့်လိုက်သည်။
တန်မင်ထောင်၏မျက်နှာထားက ထူးဆန်းနေပြီး ညင်သာစွာပြောသည်။
“အဲဒီကြွယ်ဝမှုက မကောင်းတဲ့လူတွေကို ဆွဲဆောင်မိလိမ့်မယ်”
“ငါတို့က သူ့ကို သိမ်းသွင်းချင်ပေမဲ့ သူ့ရဲ့ ကြွယ်ဝမှုကို သိမ်းပိုက်ဖို့ စိတ်ကူးမရှိဘူး”
“ငါတို့က ကြွယ်ဝမှုကို လုယက်ပြီး ရှာဖွေနေတဲ့လူတွေနဲ့ တစ်သားတည်းဖြစ်သွားလို့မရဘူး”
သူက ရှက်ရွံ့နေသည်။
အစပိုင်းတွင် သူတို့က ဟန်မူယဲ့ကို စမ်းသပ်ကြည့်ခဲ့ကြသည်။ သို့သော် သူတို့၏စမ်းသပ်မှုမှ ဖြစ်ပေါ်လာသော လက်ဖက်ရွက်ဝယ်ယူမှုသည် ဆက်လက်ပြန့်ပွားသွားပြီး ဟန်မူယဲ့က အလွန်ကြွယ်ဝလာခဲ့သည်။
သူတို့က ဓားကျင့်ကြံသူများဖြစ်သောကြောင့် ကိုယ်ပိုင်ဆန္ဒအတိုင်း ဆောင်ရွက်ကြသည်။
အကယ်၍ ဟန်မူယဲ့က သူတို့၏စမ်းသပ်မှုကြောင့် သေဆုံးသွားခဲ့လျှင် တန်မင်ထောင်နှင့် ကျောက်ယွီ၏ ဓားနှလုံးသားက ညစ်ညမ်းသွားလိမ့်မည်။
“စိတ်ချပါအကြီးအကဲ။ ကျွန်တော်တို့က ညီအစ်ကိုဟန်တို့စုံတွဲကို သေချာကာကွယ်ပေးမှာပါ”