မျက်လုံးဖွင့်လိုက်တဲ့အချိန် သူမကိုမြင်ရခြင်း
Vol. 33 Ch. 646
ယန်ယဲ့သည် အိပ်မောကျနေတုန်းပင်။ သူ့မျက်လုံးများ မှိတ်ထားသည်မှာ ချောမောသောမျက်နှာတွင် ကောက်ကြောင်းလှလှလေးပေါ်နေသည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်။ ပေထင်းဟွမ်သည် ထပြီး ကန့်လန့်ကာ မ,ကာ လျှောက်သွားသည့်တိုင် သူ မနိုးပေ။
ပြတင်းပေါက်ကို စေ့စေ့ပိတ်ထားကာ အပြင်ဘက်မှ အမည်မသိ ပန်းတချို့ကို ဝိုးတိုးဝါးတားမြင်နေရသည်။ ပန်းအရိပ်များသည် ပြတင်းပေါက် တွင် ဟပ်နေရာ ယန်ယဲ့၏မျက်နှာပေါ်သို့ အရိပ်အစက်အပျောက်များ ကျရောက်နေသည်။ ထိုမျက်နှာသည် ရှေးပန်းချီများကဲ့သို့ လှပသည်။ စုတ်တံ နှင့်မှင်ရည်များပင် ၎င်း၏အလှကိုမဖော်ကျူးနိုင်ပေ။
ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ သူမသည် ညောင်စောင်းတွင် ဒူးကို လက်ဖြင့်ပိုက်ကာ ထိုင်ပြီး ညောင်စောင်းအစွန်းတွင် ခြေဗလာကိုတင် ထားသည်။ သူမအနောက်တွင် ကွေးနေအောင် အိပ်မောကျနေသော ယန်ယဲ့ရှိ သည်။ သူမသည် သူ၏ရင်ခွင်ထဲတွင် ထိုင်နေသလိုပင်။ သူမ၏ ဆံနွယ်ရှည်များ သည် အနောက်တွင် ပြန့်ကျဲလျက်ရှိသည်။ သူမ၏ အတွင်းခံအင်္ကျီအနက်သည် သူမ၏ ခန္ဓာကိုယ်ကို မဖုံးကွယ်နိုင်ပေ။ သူမသည် ခေါင်းကို လက်ပေါ်တင်ပြီး မှီလိုက်သည်။ သူမ အတွေးကို မည်သူမှမသိနိုင်ပေ။
ယန်ယဲ့၏မျက်လုံးများ တဖြည်းဖြည်းပွင့်လာရာ ခရမ်းရောင်အလင်း သည် လက်ခနဲလင်းသွားလေသည်။ သူသည် ကျုံ့ကျုံ့ကလေးထိုင်နေသော မိန်းကလေးကိုမြင်သောအခါ ယန်ယဲ့မျက်မှောင်ကြုတ်မိသည်။ သူသည် ထင်ယောင်ထင်မှားဖြစ်သလားဟုပင် အထင်မှားမိသည်။ ဒါဘယ်လိုလုပ်ဖြစ် နိုင်မှာလဲ။ နှစ်ပေါင်းတစ်သောင်းအတွင်းတွင် သူမအိပ်ခင် သူမ၏မျက်နှာလေး ကို မြင်သည့်စိတ်ကူးမျိုး အကြိမ်ပေါင်းများစွာတွေးခဲ့ဖူးသည်။ သူ နိုးလာချိန် တွင် သူ့ဘေးတွင် သူမကိုတွေ့လိုက်သည်။
သူ့အိပ်မက်သည် နောက်ဆုံးတွင် အမှန်တကယ်ဖြစ်လာသည်။ ၎င်းသည် သူ့ကို မသေချာသလိုဖြစ်စေသည်။
ယန်ယဲ့သည် လက်ဆန့်ပြီး ပေထင်းဟွမ်၏ကျောပြင်ကို ပွတ်သပ်ကာ သူမ၏ ဆံနွယ်ရှည်များကို သပ်ပေးနေသည်။ ယန်ယဲ့သည် မရဲတရဲခေါ်လိုက်၏ “ဟွမ်အာ”
ပေထင်းဟွမ်သည် ရုတ်တရက် ထိတ်လန့်သွားသည်။ သူမ ခြေချော်သွား ၏။ ယန်ယဲ့၏လျင်မြန်သော တုံ့ပြန်ချက်ကြောင့်သာမဟုတ်လျှင် သူမ မြေပေါ် သို့ ကျသွားမည်ဖြစ်သည်။ ပျာယာခတ်သွားသဖြင့် ပေထင်းဟွမ်သည် အနည်းငယ် ဒေါသထွက်သွားသည် “ဘာလို့ အကျယ်ကြီးခေါ်နေတာလဲ” ကျယ်တယ်ဟုတ်လား။ ယန်ယဲ့၏အသံမှာ မကျယ်ပေ။ သူကဲ့သို့လူမျိုးသည် အသံကျယ်ကျယ်ပြောရန်ပင်မလိုပေ။ သူ မျက်မှောင်ကြုတ်ရုံနှင့်တင် သူ့အနား မှလူများသည် ကြောက်လန့်၍ တုန်ယင်ကြသည်။
ယန်ယဲ့သည် ယခုလိုကိစ္စမျိုးလောက်နှင့် ပေထင်းဟွမ်နှင့် စကားများမည့် ငတုံးမျိုးမဟုတ်ပေ။ သူသည် သူမအား ရင်ခွင်ထဲဆွဲသွင်းကာ နူးညံ့စွာမေးမြန်း လေသည် “ခိုက်မိသွားသေးလား” မေးပြီးနောက် သူ ထကာ သူမ၏ခန္ဓာကိုယ် ကို စစ်ဆေးလေသည်။ ထို့နောက် သူ့ခေါင်းကိုထိလေသည်။ သူမ အနာတရ မဖြစ်သည်ကို အတည်ပြုပြီးနောက် သက်ပြင်းချလိုက်လေသည်။
သူသည် ထိုအရာများကို နေရမခက်ဘဲ သဘာဝကျကျ ချောမွေ့စွာ ပြုမူခဲ့ သည်။ ပေထင်းဟွမ်သည် စိတ်ထဲမှ အံ့အားသင့်မိသည်။ ယန်ယဲ့ကဲ့သို့လူမျိုးသာ လူတစ်ယောက်ကို ကောင်းကောင်းဆက်ဆံချင်လျှင် နတ်ဘုရားပင် အလိုလိုက် ရသည်မဟုတ်ပါလား။
“ကျွန်မကြောင့် နိုးသွားတာလား” ပေထင်းဟွမ်သည် ထိုင်ပြီး ယန်ယဲ့အား သဘာဝကျကျပင် မှီလိုက်သည်။ သူမ မေးလိုက်သော်လည်း စိတ်ထဲတွင် အတွေးများတန်းစီနေသည်။ သူမသည် အမှန်တကယ်ပင် ပြဿနာတစ်ပုံကြီး နှင့်ရှိနေသည်။ သူမ၏ မိဘများပျောက်ဆုံးနေပြီး သူမတွင် ကစဥ့်ကလျားနတ် အရင်းအမြစ်ရှိနေသည်။ ယခု သူမအဆင်ပြေနေသော်လည်း ထိမ်းမြားခြင်းတွင် ပြဿနာရှိနေပြန်သည်။ ဤကဲ့သို့ ပြဿနာတသီတစ်တန်းကြီးနှင့်တွေ့ရ လောက်အောင် ဘာကြောင့် ဤမျှကံဆိုးရသနည်း။
“မဟုတ်ပါဘူး” ယန်ယဲ့သည် သူမအားအနောက်မှဖက်ကာ မေးစေ့ကို သူမ ပခုံးပေါ်တင်ထားလိုက်သည်။ သူသည် မျက်လုံးများကိုမှိတ်ကာ ဘဝင် ခိုက်စွာကြည့်လေသည် “နောက်လတစ်ဝက်ဆိုရင် ကျောင်းပြိုင်ပွဲစတော့မယ်.. ဒီအချိန်အတွင်းမှာ ဘာလုပ်မယ်လို့စီစဉ်ထားလဲ”
“ဘအစီအစဉ်မှမရှိဘူး.. ကျင့်ကြံမယ်၊ ဆေးသန့်စင်မယ်၊ ဆရာနဲ့လေ့ကျင့်မယ်” ပေထင်းဟွမ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ် လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ်တောင့်တင်းသွားသည်။ သူမ၏ ခိုင်မာသောဆုံးဖြတ်ချက်သည် မနေ့ညကကြားခဲ့သည့်အကြောင်းကိစ္စ များကြောင့် ရှုံးနိမ့်သွားစရာအကြောင်းမရှိပေ။ ကောင်းကင်သည် သူမကို စမ်းသပ်ချက်ကြီးပေးနေရာ သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကို ပင်ပန်းစေသည်။ သူတော်စင်တစ်ယောက်၏ စကားသည် မည်သို့မှားနိုင်မည် နည်း။ ပေထင်းဟွမ်သည် ယန်ယဲ့ကို နှစ်သိမ့်ပေးနေသည်လား သို့မဟုတ် သူမ ကိုယ်သူမ အားပေးနေသည်လားမသိပေ “ဒီကိစ္စပြီးသွားရင်တော့ ကျွန်မ မိဘ တွေကိုသွားရှာမယ်၊ သူတို့ကိုရှာတွေ့ရင်..”
ဒီကမ္ဘာရဲ့အုပ်စိုးသူဖြစ်ချင်တယ်။ ဒီကမ္ဘာမှာ ဘယ်သူကမှ ငါ့ကံကြမ္မာကို ထိန်းချုပ်လို့မရစေရဘူး။ ပေထင်းဟွမ်သည် သူမဘာသာတွေးနေမိသည်...