ငါ့ရှေ့မှာ မော်ကြွားနေတုန်းက ဒီလောက်ထိ ယဉ်ကျေးမနေပါဘူး
Vol. 50 Ch. 739
“ အမ်….”
တစ်စုံတစ်ယောက် စကားပြောသံကို ကြားတော့ ကျောက်ဝန်ရှီး လှည့်ကြည့်လိုက်၏။
TV ဌာန တစ်ချို့မှ သတင်းထောက်များ ဖြစ်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ထင်မှတ်မထားစွာဖြင့် စထွင်မာများ ဖြစ်နေလေသည်။
ကျောက်ဝန်ရှီး မျက်မှောင်ကြုတ်မိသွား၏။
ဘာမှန်းမသိတဲ့ စထွင်မာတွေကလည်း ဒီလိုနေရာမျိုးကို လာဖို့ အဆင့်မှီတာပဲလား…
“ စိတ်မရှိပါနဲ့.. ကျွန်မနဲ့ အင်တာဗျူး လုပ်ချင်တယ်ဆိုရင် မန်နေဂျာနဲ့ အရင် စကားပြောလိုက်ပါနော်…” ကျောက်ဝန်ရှီး တည်ငြိမ်စွာ ပြောလိုက်ပြီး တစ်ဖက်သို့ ပြန်လှည့်သွားကာ သူမ၏ အေးတိအေးစက် နောက်ကျောအား ရှုမြင်စေလိုက်၏။
“ အိုး.. သွားပြီ.. မျက်နှာဖုံး အစ်ကိုကြီးကတော့ နံရံနဲ့ ဝင်တိုက်မိပြီ…”
“ ငါသိသားပဲ…သူမလို စူပါစတားမျိုးကို မင်းတို့က အင်တာဗျူးဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်းမှီမှာ…”
“ မျက်နှာဖုံး အစ်ကိုကြီး .. ပြန်လှည့်လိုက်ပါတော့ကွာ… မင်း အနိုင်ကျင့်ခံရတာ ငါတို့ မကြည့်ရက်လို့… အင်တာဗျူး မကြည့်ရလည်း အဆင်ပြေပါတယ်…”
စထွင်းထဲရှိ လူတိုင်းက သူ့အတွက် ပြောပေးနေသည်ကို မြင်တော့ လင်းရီ ပြုံးလိုက်ပြီး “ အဆင်ပြေပါတယ်… ငါ့ညီကိုက တော်တော်လေး ဩဇာရှိတယ်… သူ ဒီကိစ္စ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ ကြည့်ကြည့်ကြတာပေါ့…”
၎င်းကိုကြားတော့ ကင်မရာကို ကျောပေးထားသည့် ကျောက်ဝန်ရှီးမှာ ရွံရှာသည့် မျက်နှာပေးနှင့် ဖြစ်သွားခဲ့ပြီး ကင်မရာ၏ ကွယ်ရာဘက်သို့ ရွေ့သွားခဲ့လေသည်။
ကောင်းကျုံးယွမ် ရယ်မောလိုက်၏။
ဒီကောင်မက ကိုယ့်ကိုယ်ကို အတော်လေး ဟုတ်လှပြီ ထင်နေတာပဲ…
ငါက မင်းထက် ပိုပြီး နာမည်ကြီးတဲ့ မင်းသမီးတွေကိုတောင် တစ်ရက်တစ်မျိုး မရိုးအောင် အိပ်ခဲ့ဖူးတဲ့ကောင်ပါ… ခုတော့ ငါ့ရှေ့မှာ ဘယ်လောက်တောင် မြင့်မြင်နေကြောင်း လာပြနေတယ်ပေါ့…
“ ငါတို့က ဒီတိုင်း သာမန် အမေးအဖြေလေးပဲ လုပ်မှာကို မျက်နှာသာတစ်ချို့ မပေးတော့ဘူးလား…” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ဘာလို့ မျက်နှာသာပေးရမှာ…. ကျွန်မက တရားဝင် မီဒီယာတွေရဲ့ အင်တာဗျူးကိုပဲ လက်ခံတယ်…. ဆက်ပြီး မနှောင့်ယှက်ပါနဲ့တော့…”
“ ငါက လုံထန်စက်ယန္တရား တည်ဆောက်ရေးက ကောင်းကျုံးယွမ်… ငါ ဘယ်သူလဲဆိုတာ မသိဘူးလား…”
“ လုံထန် စက်ယန္တရား တည်ဆောက်ရေး….” ကျောက်ဝန်ရှီး ရေရွတ်လိုက်ပြီး “ စိတ်မရှိပါနဲ့.. ရှင့်ဘာရှင် ဘယ်သူကြီးပဲ ဖြစ်နေပါစေ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး… ကျွန်မက တရားဝင် မီဒီယာတွေရဲ့ အင်တာဗျူးကိုပဲ လက်ခံတယ်….. ရှင်တို့ စထွင်မာတွေ ကျွန်မကို ထပ်ပြီး မနှောင့်ယှက်ကြပါနဲ့တော့ရှင်….”
ကျောက်ဝန်ရှီး၏ လေသံမှာ စိတ်မရှည်တော့ကြောင်း သိသာနေပြီး ပို၍ စက်ဆုပ်ရွံရှာသည့် အသွင် ပေါက်နေတော့၏။
ဒီတိုင်း ဘာမဟုတ်တဲ့ ဒုတိယမျိုးဆက်လေးကများ ဝင့်ကြွားပြီး အရိုသေတန်ရဲတယ်ပေါ့လေ….
သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ မသိဘူး…
ကောင်းကျုံးယွမ်ကို ကြည့်ရင်း လင်းရီ ပြုံးလိုက်ပြီး “ ကြည့်ရတာတော့ ညီလေးကောင်းက မတတ်နိုင်တော့ဘူးနဲ့ တူတယ်…”
“ ဟားဟား.... ဒီကောင်မက တော်တော်လေး ဘဝင်မြင့်နေတာ… ကျွန်တော့်ကိုတောင် မျက်နှာသာမပေးသွားဘူး…”
“ ဘယ်လိုလုပ်ကြမှာ… ဒီတိုင်းပဲ လက်လွှတ်လိုက်တော့မှာလားဟင်….”
“ ဒီတိုင်း ထားလိုက်ကြတာပေါ့… ဘာပဲဆိုဆို ဒီနေ့ အဓိက ရည်ရွယ်ချက်ကလည်း ဆယ်လီတွေကို အင်တာဗျူးလုပ်ဖို့မှ မဟုတ်တာ… ဂျက်လေယာဉ်တွေပဲ သွားကြည့်ကြစို့…”
သို့နှင့် လင်းရီ ကင်မရာကို ကြည့်လိုက်ပြီး “ ညီကိုတို့… ဆောတီးပါကွာ.. ဒီနေ့ ဆယ်လီတွေကို အင်တာဗျူးမလို့ဟာ ထင်မှတ်မထားတာလေးတွေ ဖြစ်သွားခဲ့တယ်… နောက်အခွင့်အရေးရမှပဲ ပိုပြီး နာမည်ကြီးတဲ့ ဆယ်လီတွေကို ပြပေးတော့မယ်..”
“ ဟားဟား… မျက်နှာဖုံး အစ်ကိုကြီးကတော့ မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီ….”
“ မျက်နှာဖုံး အစ်ကိုကြီး အရင်တုန်းက ပြောတော့ ငါတို့ဖြစ်ချင်တာ ဘာမဆို ကျေနပ်အောင် လုပ်ပေးမယ်တဲ့… ခု ပြောပြီး ဘယ်လောက်မှတောင် မကြာသေးဘူး မျက်နှာဖြတ်ရိုက်ခံရတော့တာပဲ…”
“ ဟင်း… နှမြောစရာပဲ.. ငါထင်တာ ဆယ်လီအကြီးစားနဲ့ တွေ့ရတော့မယ်ထင်နေတာ… စိတ်ပျက်မိတော့မယ်…”
“ ငါ ခုနလေးတင် မပြောထားဘူးလား… နောင်ကျရင် ပိုပြီး နာမည်ကြီးတဲ့ ဆယ်လီတွေဆီ ခေါ်သွားပေးမယ်လို့… ခုတော့ နောက်တစ်နေရာသွားကြစို့…”
သို့နှင့် လင်းရီ ကျန်းရှောင်ယွီထံ လက်ဟန်ပြလိုက်ပြီး အခြားနေရာတစ်ခုသို့ စထွင်းရန် ညွှန်ကြားလိုက်သည်။
“ အိုကေ… "
ထို့နောက် အုပ်စုမှာ သီးသန့်လေယာဉ်များ ရှိရာဘက်သို့ လျှောက်လာခဲ့ကြ၏။
“ အိုးမို… ကျုံးယွမ်မလား….”
ထိုအချိန်တွင်ပဲ ဘယ်ကမှန်း မသိသည့် သက်လတ်ပိုင်း အမျိုးသမီးနှင့် လမ်းတွင် ပက်ပင်းတိုးမိပြီး သူတို့ကို အပြုံးလေးဖြင့် နှုတ်ဆက်လာလေသည်။
ထို အမျိုးသမီးမှာ ရိုးရှင်းဟန် တူသော်လည်း အဝတ်အစားများကတော့ နာမည်ကြီး တံဆိပ်များကိုသာ ဝတ်ဆင်ထားသည်။
သူမ၏ ဝတ်စုံဒီဇိုင်းက လင်းရီအဝတ်များထက်ပင် ဈေးကြီးနေလေသည်။
ကောင်းကျုံးယွမ် သက်လတ်ပိုင်း အမျိုးသမီးကို မြင်တော့ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။
“ မဒမ်က…”
“ ဟယ်တော်… မေ့နေပြီလား… အန်တီဝမ်လေ….ငါ့တူရဲ့ မိဘတွေနဲ့တောင် ထမင်း အတူစားဖူးသေးတယ်…” သက်လတ်ပိုင်း အမျိုးသမီးမှ ပြောလိုက်၏။
“တကယ်လို့ သားအဖေသာ အန်တီ့ကို ယွမ် 300 မီလီယမ်ဖိုး အော်ဒါ ပရောဂျက်တွေသာ မပေးရင် အန်တီ့ကုမ္ပဏီကတော့ ဒီနှစ်တွေထဲမှာ ရပ်တည်ဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး… ခု တွေ့တာနဲ့ အတော်ပဲ.. အန်တီ နင်တို့ကို ထမင်းလိုက်ကျွေးမယ်လေ….”
“ ငါ-ိုး….”
၎င်းကိုကြားတော့ လင်းရီ စထွင်းထဲရှိ လူတိုင်း အံ့ဩဘနန်း ဖြစ်သွားခဲ့ကြ၏။
“ မျက်နှာဖုံး အစ်ကိုကြီးရဲ့ အထူးဧည့်သည်တော်က အတော်လေး အံ့အားသင့်ဖို့ ကောင်းတာပဲကွ…”
“ ယွမ် 300 မီလီယမ်တန် ပရောဂျက်ကို ဒီတိုင်း ပေးပစ်လိုက်တယ်… သူ့မိဘတွေက ဘယ်လောက်တောင် ချမ်းသာနေတာ…”
“ သေချာတယ်… ဆရာကြီးပဲ….”
“ မျက်နှာဖုံး အစ်ကိုကြီးလည်း အံ့ဩစရာပဲ… သူက ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တောင် သိနေတယ်…”
ကင်မရာရှေ့တွင်တော့ ကောင်းကျုံးယွမ်မှာ သူ၏ မှတ်ဉာဏ်များကို အကောင်းဆုံး လှန်လော ရှာဖွေနေသော်လည်း သူ့ရှေ့ရှိ အမျိုးသမီးက ဘယ်သူလဲဆိုတာ အဖြရှာမရနိုင် ဖြစ်နေလေသည်။
အချုပ်အားဖြင့် ဆိုရသော် သူ သိပင်မသိချေ။
သို့သော်လည်း အထက်တန်းလွှာများ၏ လူမှုရေး စည်းမျဉ်းများ အရ အကယ်၍ တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးလျှင်တောင် ချောမွေ့စွာဖြင့် စကားပြောနိုင်လေသည်။
“ ကျေးဇူးပါ အန်တီဝမ်.. ဒီတစ်ခေါက် သူငယ်ချင်းတွေလည်း ပါလာတော့ ဒီည အစီအစဉ်က ရှိပြီသား… နောက်မှပေါ့..”
“ အင်းပါ… ကျုံးယွမ်ရဲ့ သူငယ်ချင်းကလည်း အန်တီဝမ်ရဲ့ မိတ်ဆွေပဲပေါ့… အန်တီဝမ် နင်တို့ကို ဒီည ကောင်းကောင်းဧည့်ခံပေးမယ်…” သက်လတ်ပိုင်း အမျိုးသမီးမှ ပြောလိုက်ပြီး “တိုက်ဆိုင်ချင်တော့ အန်တီ့ ကလေးမလေး တစ်ယောက်လည်း ဒီနေ့ ပါလာတယ်လေ… လူငယ်ချင်း ရင်းနှီးသွားအောင် စကားလေး ဘာလေး ပြောကြပေါ့…”
ပြောရင်းဖြင့် သက်လတ်ပိုင်း အမျိုးသမီးမှ ကျောက်ဝန်ရှီးထံ လက်ဝှေ့ယမ်းပြကာ “ ဝန်ရှီး .. လာ… အန်တီ နင့်ကို အသိတစ်ချို့နဲ့ မိတ်ဆက်ပေးမယ်….”
မလှမ်းမကမ်းမှ နေ၍ ကျောက်ဝန်ရှီးမှာ အံ့အားသင့်နေသည့် ဟန်အမူအရာဖြင့် လျှောက်လာခဲ့လေသည်။ သူမ လမ်းလျှောက်လာရင်းဖြင့် ကောင်းကျုံးယွမ်ကို ပြူးကျယ်စွာ ငေးမောကြည့်လိုက်၏။
“ သူမကိုတော့ အထူးတလှယ် မိတ်ဆက်ပေးဖို့ မလိုဘူးနဲ့တူပါတယ်… သူမက ခု ခေတ်စားနေတဲ့ မင်းသမီး တစ်လက်လေ… တလောတုန်းကတောင် အန်တီ သူ့ဇတ်ကား တစ်ကားကို ထုတ်ဝေထားပေးသေးတယ်… ရုံတင်တဲ့နေ့ကျရင် နင်တို့ဆီ လက်မှတ်တွေ ပို့ထားပေးမယ်… အားလုံးက လာပြီး အားပေးရမယ်နော်….” သက်လတ်ပိုင်း အမျိုးသမီးမှ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“ ဒါပေါ့… သိတာပေါ့..” ကောင်းကျုံးယွမ် ပေါ့ပါးစွာ ပြောလိုက်၏။
တစ်ချိန်တည်းတွင် ကျောက်ဝန်ရှီး ရောက်ရှိလာပြီး ကိုးရို့ကားယား အမူအရာဖြင့် သက်လတ်ပိုင်း အမျိုးသမီးဘေး၌ သွားရပ်လိုက်၏။
“ မမဝမ်..”
“ ငါ နင့်ကို မိတ်ဆက်ပေးမယ်.. ခု နင့်ရှေ့မှာ ရပ်နေတဲ့သူက လုံထန် စက်ယန္တရား ကောင်းချင်းရှီရဲ့သား ကောင်းကျုံးယွမ်ပဲ… သူ့ကို နှုတ်ဆက်လိုက်ပါဦး…”
“ ဟ… ဟယ်လို သခင်လေးကောင်း…” ကျောက်ဝန်ရှီး သူမလက်ကို ဆန့်တန်းလိုက်၏။
“ ထူးဆန်းလိုက်တာ… ခုနတုန်းက ငါ့ရှေ့မှာ မော်ကြွားနေတုန်းကတော့ ဒီလောက်ထိ ယဉ်ကျေးမနေပါဘူး….”
“ ဝှက်သယ်ဖက်… ကြီးစိုးနိုင်လိုက်တာ… ငါဘာတွေ မြင်လိုက်ရတာလဲ…. နာမည်ကြီး အမျိုးသမီး တစ်ယောက်က အဆူခံလိုက်ရတယ်… ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ….”
“ ဒီ ဆယ်လီ အမျိုးသမီးတွေကလည်း အထက်ဖားအောက်ဖိတွေချည်းပဲ… တိုင်ကွန်းကို ခုလေးတင် မတန်တဲ့ အထာနဲ့ ဆက်ဆံလိုက်တယ်…. တကယ့်တကယ်ကျ သူမကမှ မတန်တာ….”
“ ခေတ်ကိုက ပိုက်ဆံရှိတဲ့သူတွေ သခင်ဖြစ်နေတဲ့ ခေတ်လေ…. ဒီ အမျိုးသမီး ဆယ်လီတွေဆိုတာ တန်းတူမှာကို မရှိတာ… အကုန်လုံးက ဖော်လံဖားတွေချည်းပဲ….”
သက်လတ်ပိုင်း အမျိုးသမီးမှာ တဒင်္ဂမျှ ကြက်သေသေသွားခဲ့တော့၏။
“ ကျုံးယွမ်… တစ်ခုခု ဖြစ်ခဲ့တာလား… ဖြစ်ခဲ့ရင် အန်တီ့ကို ပြောနော်… အန်တီ သေချာပေါက် ကူညီပေးမယ်…”
“ မလိုပါဘူး.. ဒီတိုင်း အသေးမွှားကိစ္စလေးပါ…” ကောင်းကျုံးယွမ် သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး “ အန်တီဝမ်… ကျွန်တော်အရင် သွားနှင့်တော့မယ်…”
“ မလောနဲ့ဦးလေ… အန်တီဝမ် နင်နဲ့ ပြောစရာလေးတွေ ရှိသေးတယ်….”
“ အားမှ ပြောကြတာပေါ့… ဒီရဲ့ ကျွန်တော့် ညီကိုက လေယာဉ် ဝယ်ချင်နေတာ… ခုသွားမှ ဖြစ်တော့မှာ…”
ကျောက်ဝန်ရှီး “ ???? “
နင့် ညီကိုက ဒီတိုင်း စထွင်မာလေးပဲ မဟုတ်ဘူးလား… သူက တကယ်ကြီး လေယာဉ် ဝယ်တော့မယ်ပေါ့….
ငါ ဘယ်လို ပုဂ္ဂိုလ်တွေကိုမှ မထီမဲ့မြင် ပြုခဲ့မိတာပါလိမ့်….
ကောင်းကျုံးယွမ်နှင့် ကျန်သူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း သက်လတ်ပိုင်း အမျိုးသမီး၏ အမူအရာမှာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး “ ကျောက် ဝန် ရှီး.. ဒါ ဘာတွေ ဖြစ်နေတာလဲ…”
“ ဒါက….”
ကျောက်ဝန်ရှီး ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး စောနက အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြလိုက်လေသည်။
အဖြစ်မှန်ကို သိပြီးသည့်နောက်တွင်တော့ သက်လတ်ပိုင်းအမျိုးသမီး၏ အမူအရာမှာ အကျည်းတန်သွားခဲ့ပြီး “ ဝန်ရှီး… နင် ဟိုတယ်ကို ပြန်နှင့်… ပြီးရင် နင့်ရဲ့ မန်နေဂျာကိုလည်း နင် နောက်ရိုက်မယ့်ကားမှာ ရင်းနှီးမြုပ်နှံမပေးနိုင်တော့ဘူးလို့ ပြောလိုက်… တခြားတစ်ယောက်ပဲ ရှာလိုက်တော့…..”