ရှင်တို့ နှစ်ယောက်က အဆင့်အတန်းချင်း ကွာခြားတယ် ၊ မလိုက်ဖက်ဘူး
Vol. 50 Ch. 741
ပြောလိုက်သူကတော့ အသက်သုံးဆယ်ဟု ထင်ရသည့် အမျိုးသားတစ်ယောက်ပင်။
သူက သပ်ရပ်စွာ မီးပူတိုက်ထားသည့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သားရေရှူးဖိနပ်နှင့် အနုစိတ် ဆံပင်စတိုင်ကို ထားထားကာ အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဟူသော ခံစားချက်မျိုး ရရှိစေသည်။
ထို အမျိုးသား၏ နာမည်ကတော့ ကျိန်းချောင်ဖြစ်ပြီး ရန်စီ၏ ကောင်လေးပင်။
ထိုစဉ် လင်းရီ တစ်ခုကိုလည်း သွားသတိထားမိ၏။ ဤနေရာရှိ လူတိုင်း နီးပါးက ဝတ်စုံပြည့်နှင့် သားရေရှူးဖိနပ်များကို ဝတ်ဆင်ထားကြလေသည်။
သူတို့၏ လက်တစ်ဝိုက်တွင် နာမည်ကြီး ဘရန်းအိတ်များ သို့မဟုတ် နာရီများ ရှိနေကြပြီး သူတို့၏ အပြုအမူများက တီဗွီ စခရင်ပေါ်ရှိ အထက်တန်း မြင့်သူများနှင့်ပင် ဆင်တူနေသည်။
နှိုင်းယှဉ်ရသော် သူ၏ အဝတ်အစားကပင် ပို၍ သာမန်ဆန်နေတော့၏။ သို့သော်လည်း လင်းရီကတော့ ဂရုမစိုက်ချေ။ သူ၏ လက်ရှိ အနေအထားဖြင့် ထိုသို့ လူအထင်ကြီးခံရအောင် ဝတ်စားနေဖို့ရာ မလိုအပ်တော့ချေ။
ထို့ပြင် ဆိုရိုးများအတိုင်း ‘ လက်ထဲမှာ အစာရှိရင် စိတ်ထဲမှာ ဗျာမများဘူး ‘ ဆိုသကဲ့သို့ အိတ်ထောင်ထဲ ပိုက်ဆံ အပြည့်ရှိနေသည့် လူမှာ ယုံကြည်ချက် အပြည့် ရှိလေသည်။
“ ငါ့ သူငယ်ချင်းက စီပွားဖြစ် ဂျက်လေယာဉ် ဝယ်ချင်လို့တဲ့… ပြီးတော့ 7500 ကို မျက်စိကျနေတယ်.. နင် ကျွမ်းကျင်တဲ့ အရောင်းသမား တစ်ယောက်လောက်ကို ရှာပြီး မိတ်ဆက်ပေးလိုက်ပါလား….”
“ သူငယ်ချင်းက....…. 7500 ကို မျက်စိကျနေတယ်…” ကျိန်းချောင်လင်းရီနှင့် ကျန်သူများကို ကြည့်လိုက်ပြီး “ ဘယ်သူက 7500 ကို ဝယ်ချင်နေတာ…”
ရန်စီ လင်းရီကို ညွှန်ပြလိုက်၏။
“ သူပဲ… နင် တစ်ယောက်ယောက်ကို အကြမ်းဖျင်း ရှင်းပြခိုင်းပြီးတော့ ထိန်းသိမ်းခတွေ ဘယ်လောက်ရှိလဲ တွက်ချက်ခိုင်းလိုက်…”
ကျိန်းချောင် လင်းရီ၏ အနေအထားကို မြင်တော့ စိတ်ထဲတွင် အချဉ်ပေါက်သွားခဲ့၏။
အဲ့ကောင်က နင့်ကို ကစားနေမှန်း သိသာနေတာုတောင်မှ တကယ်ကြီး ဒီခေါ်လာခဲ့တယ်ပေါ့လေ…
စထွင်မာက သီးသန့်လေယာဉ် ဝယ်ချင်နေတယ်လို့ ပြောရင် ဘယ်သူက ယုံမှာလဲ….
“ သူက ငါ့နဲ့ အရင်တုန်းကတည်းက အသိတွေနော်…” ရန်စီ ပြောလိုက်ပြီး “ ပြီးတော့ စောနက ငါ သူတို့ကို 7500 ဆီခေါ်သွားပြတော့ အတော်လေး သဘောကျနေတာ… အဲ့တာကြောင့် ဝယ်ချင်တယ်တဲ့…”
ကျိန်းချောင် မျက်မှောင် ကြုတ်သွားခဲ့ပြီး ရန်စီကို ဘေးသို့ ဆွဲခေါ်သွားလိုက်ကာ “ရန်ရန်... မင်း ဘာတွေ လျှောက်လုပ်နေတာတုန်းကွ… အရမ်းတွေ အားယားနေတာလား…”
“ နင် ဘာ ပြောချင်နေတာလဲ…” ရန်စီ အနည်းငယ် သဘောမကျသည့် လေသံ ဖြစ်သွားခဲ့၏။
“ bombardier 7500 က တန်ကြေး ဘယ်လောက်ရှိလဲ မင်းသိလား… စထွင်မာ တစ်ယောက်က အဲ့ဒီ ပမာဏကို တတ်နိုင်မှာတဲ့လား…သူ မင်းကို လုံးဝ အရူးလုပ်နေတာပဲ… မင်းကို လှည့်စားပြီးတော့ သူ့ကိုယ်သူ နာမည်ကြီးအောင် ဂွင်ဆင်နေတာ.. မင်း အဲ့တာကိုတောင် ယုံရသလားကွာ….”
“ ငါ့ကို အရူးလုပ်နေတယ်လို့ ဘယ်သူပြောလဲ..” ရန်စီ ဆတ်ဆတ်ထိမခံ ပြန်ပြောလိုက်ပြီး “ လင်းရီက နင်ထင်ထားတာထက် ပိုချမ်းသာတယ်… ကြည့်ရှူသူ နည်းနည်းလေး ပိုရဖို့ ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး…”
“ တစ်ချို့ ပလတ်ဖောင်းရဲ့ ထိပ်တန်း စထွင်မာတွေက တကယ် ဝင်ငွေကောင်းတယ်ဆိုတာ ငါလက်ခံတယ်… အဲ့တော့ ဘာဖြစ်လဲ…. မင်းလည်း 7500 ရဲ့ ဈေးကို သိနေတာပဲ… အဲ့ကောင်က ယွမ် သန်း ၅၀၀ ကျော်တယ်… စထွင်မာ တစ်ယောက်က ဝင်ငွေကောင်းနေရင်တောင် အဲ့ပမာဏကို တတ်နိုင်မယ်လို့ ထင်လား….”
“ ဘာလို့ မတတ်နိုင်ရမှာ…” ရန်စီ ပြန်လည် ချေပလိုက်ပြီး “ သူက ယွမ် နှစ်ဘီလီယမ် တန်ကြေးရှိတဲ့ ဇိမ်ခံသင်္ဘောကြီးတောင် ဝယ်နိုင်သေးတာကို ဒီဂျက်လေယာဉ်လေး ဝယ်ဖို့ကို ခက်ခဲနေမယ် ထင်လား…”
ကျိန်းချောင် ရန်စီကို ကြည့်လိုက်ပြီး စိတ်တိုစွာဖြင့် ခေါင်းခါရမ်းလိုက်၏။ သူ၏ အမူအရာမှာလည်း အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်နေလေသည်။
“ ငါတကယ်ကြီး နားမလည်နိုင်တော့ဘူး… မင်းက 211 တက္ကသိုလ်က နေ ဘွဲ့ရခဲ့တယ် ဆိုပေမယ့် 211 ကလည်း အဆိုးကြီးတော့ မဟုတ်ပါဘူး…ပြီးတော့ မင်းမှာ နှစ်ပေါင်းများစွာ အလုပ်အတွေ့အကြုံတွေလည်း ရှိနေပြီးပြီ…. တကယ်လို့ သူက အရမ်း ချမ်းသာနေတယ်ဆိုရင် ဘာလို့ စထွင်မာ လုပ်နေမှာလဲ… မဟုတ်ဘူးလား…”
“ ငါ 211 တက္ကသိုလ်ကနေ ဘွဲ့ရတယ်… အဲ့တော့ဘာဖြစ်လဲ… နင့်ကိုယ်နင် MIT ကနေ ဘွဲ့ရတိုင်း ငါ့ထက် သာသွားပြီလို့ ထင်နေတာလား…” ရန်စီ ဒေါသတကြီးဖြင့် ပြောလိုက်၏။
ရန်စီ စိတ်တိုနေသည်ကို မြင်တော့ ကျိန်းချောင် သူ စကားပြောမှားသွားမှန်း သတိထားမိသွားပြီး သူ၏ အမူအရာကလည်း ပျော့ပျောင်းသွားခဲ့သည်။
“ ငါဆိုလိုချင်တာက အဲ့သဘောမျိုး မဟုတ်ပါဘူးကွာ… သူတို့လို စထွင်မာတွေက ကြည့်ရှုသူ ရဖို့ ဘာပဲလုပ်လုပ်ရ ဝန်မလေးတဲ့ လူစားမျိုးတွေလို့ပဲ … မင်း သူတို့ကို ယုံကြည်လို့ မရဘူး…”
ကျိန်းချောင် ပြောလိုက်ပြီး “ ငါတစ်ခါက ဆောင်းပါး တစ်ပုဒ် ဖတ်ဖူးပါတယ်… စထွင်မာ တစ်ယောက်က ဒူဘိုင်းမင်းသားနဲ့ ထမင်းတစ်နပ်စားပြီးတော့ ယွမ် တစ်သန်းကျော် ဖြုန်းပစ်လိုက်တယ်… ပြီးတော့ နိုင်ငံခြားမှာ စီးပွားရေး လုပ်နေတဲ့ သူ့မိသားစုကလည်း ယွမ် ဘီလီယမ် ဆယ်ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်… သူ့မှာ အမြဲတမ်း နေထိုင်ခွင့်ကတ်တောင် ရှိတယ်ဆိုပဲ… အဲ့တာ ဖြစ်နိုင်မယ်လို့ မင်းထင်လား…”
ရန်စီ မျက်နှာထားတင်းတင်းနှင့် ဆက်ရှိနေပြီး ဟွန့်ခနဲ နှာမှုတ်၍ ခေါင်းကို တစ်ဖက်သို့လှည့်လိုက်၏။
“ ကျန်တဲ့သူတွေကို ငါမသိဘူး… ဒါပေမယ့် လင်းရီပြောတာတွေကတော့ အမှန်တွေပဲ…”
ကျိန်းချောင် ပြောစရာစကား ကင်းမဲ့သွားခဲ့တော့၏။
211 တက္ကသိုလ်က MIT လောက် မကျော်ကြားဘူးဆိုရင်တောင် သူမရဲ့ ဥာဏ်ရည်နဲ့ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ရတာ…
“ ကောင်းပြီ ကောင်းပြီ … မင်း ပြောတဲ့အတိုင်းပဲ…” ကျိန်းချောင် ရန်စီနှင့် စကားဆက်မများချင်တော့ပဲ “ ငါ တစ်ယောက်ယောက်ရှာပြီး သူ့ကို လိုက်ပြခိုင်းလိုက်မယ်… ခု ကျေနပ်ပြီလား…”
“ နင် ကြိုက်သလိုလုပ်… နင် လိုက်မပြပေးချင်ဘူးဆိုလည်း သူတို့ကို ပြန်ခိုင်းလိုက်တော့မယ်… ဘာမှ ရေးကြီးခွင်ကျယ်လည်း မဟုတ်ပဲနဲ့..” ရန်စီမှ စိတ်ဆိုးနေသည့်လေသံဖြင့် ဆက်ပြောလိုက်၏။
“ ဘာလို့ ဒီလိုကြီး လုပ်နေရတာလဲကွာ… ငါ သဘောတူတယ်လို့ ပြောပြီးပြီလေ…ဘာလို့ စိတ်ဆိုးနေရတာတုန်း “ ကျိန်းချောင်မှ အခြေအနေကို တည်ငြိမ်ရန် ကြိုးပမ်းလိုက်သည်။
သို့သော်လည်း ရန်စီကတော့ တု့န်ပြန်ချင်း အလျင်းမရှိ ၊ ကျိန်းချောင်ကို ကျောပေး၍ လှည့်ထွက်သွားလိုက်တော့သည်။
ကျိန်းချောင် သူမ နောက်မှ လိုက်လာရင်း လင်းရီတို့ဆီ ပြန်ရောက်လာပြီး ကြည့်ကောင်းလှသည့် အပြုံးတုလေးဖြင့် “ လူကြီးမင်း.. ခဏလေး စောင့်ပေးပါဦးဗျ… ကျွန်တော် လူကြီးမင်းကို ရှင်းပြပေးဖို့အတွက် လူသွားခေါ်ပေးပါ့မယ်…”
“ အင်း…”
လင်းရီနှင့် ကျန်သူများက ဆိုဖာပေါ် ထိုင်နေကြပြီး ကျိန်းချောင် ဘေးသို့ လျှောက်သွား၍ “ ရှောင်ကျန်း… ဒီခဏ လာဦး..”
ရှောင်ကျန်း အမည်ရသည့် မိန်းကလေးက အသက် ၂၇၊ ၂၈ အရွယ်ရှိသည့် မိန်းမငယ်လေးပင်။ သူမက အနက်ရောင် အမျိုးသမီး ဝတ်စုံကို ဝတ်ဆင်ထားပြီး တင်ပိုကောက်သွားစေမည့် ဒေါက်မြင့်ဖိနပ်ကို စီးနင်းထားလေသည်။ ဆံပင်ကိုလည်း စုထုံးထားပြီး လည်ပင်းတွင် အဖြူနှင့် အပြာရောင် စပ်ကျား မာဖလာတစ်ခုအား ပတ်ထားသေး၏။ သွင်ပြင်ကတော့ စမတ်ကျပြီး လုပ်နိုင်စွမ်း ရှိသည့်ပုံ ပေါ်နေသည်။
နာမည်ရင်းကတော့ ကျန်းနီဖြစ်ပြီး ဘုန်ဘာဒီးယား အာရှပစိဖိတ် ဒေသ၏ ကော်မရှင်စား ကိုယ်စားလှယ် အရောင်းသမလေးဖြစ်၏။
“ အစ်ကိုကျိန်း … ညီမကို ရှာနေတာလား…” ကျန်းနီ ဒေါက်ဖြင့် တစ်လှမ်းခြင်း လျှောက်လာလျက် မေးလိုက်သည်။
“ 7500 ကို ဝယ်ချင်နေတဲ့ ကတ်စတန်မာ ရှိနေလို့…”
“ 7500 ကိုလား…”
ကျန်းနီ အံ့အားသင့်သွားခဲ့၏။ 7500 က ဘုန်ဘာဒီးယား၏ နောက်ဆုံးပေါ် မော်ဒယ်လ် ဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၇၃ မီလီယမ်ပင်။ ယခုထိတိုင်အောင် တစ်စင်းမှ ရောင်းမထွက်သေးသော်လည်း ယနေ့ ရောင်းထွက်လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
“ ဝယ်သူက ဘယ်နားလေးမှာ…” ကျန်းနီ မေးလိုက်၏။
“ မင်း ညာဘက်ခြမ်း ဆိုဖာပေါ်မှာ ထိုင်နေတဲ့ တစ်ယောက်လေ… ဖုန်းကိုင်ထားတဲ့သူကို မြင်တယ်မလား..”
“ ဖုန်းကိုင်ထားတဲ့သူ…” ကျန်းနီ ရေရွတ်ပြီး သူမ ညာဘက်ခြမ်းကို လှည့်ကြည့်လိုက်တော့ သာမန်ဆန်သည့် အဝတ်အစားများဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသည့် လူများကို မြင်တွေ့သွားပြီး အံ့အားသင့်သွားခဲ့လေသည်။ သူတို့ထဲက တစ်ယောက်ဆိုလျှင် စီးကရက်ကြီး ပါးစပ်တွင် ခဲထားပြီး ကလေကချေ စတိုင်ဖြင့် မည်သို့မျှ ပရော်ဖက်ရှင်နယ်ဆန်သည့်ရုပ် ပေါက်မနေချေ။
“ အစ်ကိုကျိန်း… သူတို့ဆိုတာ သေချာပါတယ်နော်…”
“ အင်း… သူတို့ပဲ…”
“ အဲ့ ကောင်မလေးက ဆယ်လ်ဖီစတစ်ကိုင်ပြီး တရစပ် စကားပြောနေတယ်ဆိုတော့ သေချာပေါက် စထွင်မာပဲ… သူတို့လို စထွင်မာတွေက ဘယ်လိုလုပ်ပြီး သီးသန့်လေယာဉ်ဝယ်နိုင်မှာလဲ….”
“ ငါလည်း မသိဘူး… ငါ့ကောင်မလေးက သူတို့ကို ခေါ်လာပြီးတော့ သူတို့မှာ ဝယ်နိုင်တဲ့ အစွမ်းအစ ရှိတယ် ပြောနေတာ… သူ လှည့်စားခံလိုက်ရပြီ ပြောပြန်တော့လည်း ငါနဲ့ ငြင်းနေတယ်… မတတ်နိုင်တော့ဘူး…”
ကျန်းနီ မျက်မှောင်ကြုတ်လိုက်၏။
“ အစ်ကိုကျိန်း… နင့်ရဲ့ ကောင်မလေးက တီဗွီ ဌာနရဲ့ ဒါရိုက်တာမလား….”
“ အင်… သူမပဲ… ငါတို့ အထက်တန်းကျောင်းကတည်းကနေ သိလာတာ ဆယ်နှစ်ကျော်ကြာနေပြီ…”
“ ဒါပေမယ့် အစ်ကိုတို့ နှစ်ယောက်က အဆင့်အတန်းခြင်း သိပ်မညီလို့ ခံစားနေရသလိုပဲ…”ကျန်းနီ ပြောလိုက်ပြီး “ အဆင့်အတန်း တစ်ခု ရှိတဲ့သူတွေ ဆိုရင် စထွင်မာတွေနဲ့ သူငယ်ချင်း မဖြစ်သင့်ဘူး မဟုတ်လား…”
“ ဘယ်သူသိနိုင်မှာ… ငါလည်း သူမ စထွင်မာတွေနဲ့ သူငယ်ချင်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး…” ကျိန်းချောင် ပြောလိုက်ပြီး “ ခုမှပဲ 211 တက္ကသိုလ် ဘွဲ့ရတွေက အတော်လေး အဆင့်နိမ့်တယ်ဆိုတာ သတိပြုမိတော့တယ်….”
( စကားချပ် - အမှန်ဆို 211 က မနိမ့်ပါဘူး… ဒါပေမယ့် MIT နဲ့ ယှဉ်ရင်တော့ နိမ့်သွားပါတယ်…)
“ အစ်ကိုက MIT ကနေ ဘွဲ့ရထားတယ်ဆိုတော့ သူမနဲ့ အစ်ကို့ကြားမှာ သေချာပေါက် ကွာဟမှုလေးတွေတော့ ရှိမှာပဲလေ… ပတ်ဝန်းကျင်မှ မတူတာကို…” ကျန်းနီ ပြောလိုက်၏။
ကျိန်းချောင် ပြုံးလိုက်ပြီး ကျန်းနီ၏ ပခုံးကို ပုတ်လိုက်ကာ “ကောင်းပြီ.. မင်းသွားပြီးတော့ ရွှီရှောင်လုပ်လိုက်ကွာ… ငါ သူမနဲ့ ဆက်ပြီး စကားမများချင်တော့ဘူး..”
“ အွန်း…”
ကျန်းနီ ကူကယ်ရာမဲ့စွာဖြင့် လျှောက်လာခဲ့ပြီး လင်းရီနှင့် ကျန်းရှောင်ယွီတို့၏ ဆန့်ကျင်ဘက်တွင်ထိုင်လိုက်၏။
တစ်ချိန်တည်းတွင် ရန်စီကို တစ်ချက်ကြည့်လိုက်သည်။
သူမ၏ ရုပ်ရည်နှင့်ကိုယ်လုံးကိုယ်ပေါက်မှာ ကြည့်လို့ကောင်းသော်ငြား အဆင့်အတန်းခြင်း ယှဉ်လျင်တော့ မိုးနှင့်မြေကြီးပမာ ကွာဝေးနေကြလေသည်။
သူမ၏ စိတ်ခံစားချက်များကို ဘေးချိတ်ထားလိုက်ပြီးနောက် ကျန်းနီ ပရော်ဖက်ရှင်နယ်ဆန်သည့် မျက်နှာထားဖြင့် “ လူကြီးမင်းတို့… ကျွန်မက ဘုန်ဘာဒီးယားရဲ့ အရောင်းကိုယ်စားလှယ် ကျန်းနီပါ… 7500 နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို ရှင်းပြပေးပါရစေ…”
ကျန်းရှောင်ယွီ မိုက်ခ် ပိတ်ထားလိုက်ပြီး ကျန်းနီထံ ခေါင်းလေးငဲ့စောင်းလျက် “ ရှောင်းကျယ်ကျဲ…. နင် ခဏနေ ရှင်းပြတဲ့ အချိန်ကျရင် နည်းနည်းလေး ကြာအောင် ပြောပြပေးမယ်ဆို ကျေးဇူးတင်မိမှာပဲ.… အဲ့တာမှ ကျွန်မတို့ ကြာကြာလေး စထွင်းနိုင်မှာမို့ပါ……”