အနိုင်အရှုံးကို မနက်ဖြန် သင်္ဘောပေါ်မှာ ဆုံးဖြတ်မယ်…
Vol. 50 Ch. 745
ကျောက်မိုနှင့် ကျန်သူများ ရောက်ချလာသည်ကို မြင်တော့ ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ မတ်တပ်ထရပ်လိုက်ကြပြီး ချင်းဟန်မှ အပြုံးလေးဖြင့် “ မင်းတို့ကောင်တွေကို မနေ့က မတွေ့တော့ မလာရဲတော့ဘူးတောင် ထင်နေတာ…”
ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ မတ်တပ်ရပ်လိုက်သည်ကို မြင်တော့ ကျောက်မို အေးဆေးထိုင်၍ ဆက်လက်စားသောက်နေသည့် လင်းရီကို ကြည့်လိုက်ပြီး သူ၏ အမူအရာက အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့လေသည်။
သို့သော်လည်း ထိုသူက သူ့ကို ယွမ် တစ်ရာဘီလီယမ် နီးပါး ဆုံးရှုံးသွားစေခဲ့သည့် လင်းရီဖြစ်ကြောင်းတော့ ကျောက်မို သတိမမူမိသေးချေ။
“ တစ်နှစ်မှာ တစ်ခါတည်း ကျင်းပတဲ့ပွဲကို ငါက မလာပဲ နေစရာလား….” ကျောက်မို ပြုံးလိုက်ပြီး “ မင်းတို့ကောင်တွေကတော့ အမြဲတမ်းအားနေကြတာပဲ… ဘာလို့ အရမ်းအစောကြီး ရောက်နှင့်နေကြတာ…”
“ လတ်တလော ငွေလေး မြိုးမြိုးမြတ်မြတ်ရထားတော့ ဘာမှ လုပ်စရာမရှိတာနဲ့ပဲ စောစီးလာလိုက်တာလေ…” ချင်းဟန် အေးဆေးလေသံဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် မင်းတို့ကိုတော့ မယှဉ်နိုင်ပါဘူးကွာ… တလောတုန်းက တော်တော်လေး အထိနာသွားတယ် ကြားတယ်…”
ကျောက်မို အမူအရာမှာ အကျည်းတန်သွားခဲ့သော်လည်း လျင်မြန်စွာဖြင့် ပုံမှန် ပြန်ဖြစ်သွားခဲ့လေသည်။
“ စီးပွားရေး လုပ်ရင် အရှုံးအမြတ် ရှိတာ သဘာဝပဲ မဟုတ်ဘူးလား… မင်းတို့ ချင်းမိသားစုတောင် စီးပွားရေးလုပ်ရင် အမြဲတမ်း နိုင်ဖူးလို့လား…” ကျောက်မို ပြောလိုက်ပြီး “ ရှေ့သုံးလေးနှစ်လောက်တုန်းက မှတ်မိပါသေးတယ်… မင်းတို့ အဖေ ငွေကြေး စစ်ပွဲမှာ ရှုံးနိမ့်သွားပြီး ယွမ် သုံးဘီလီယမ်လောက် တစ်ချီတည်းနဲ့ ဆုံးရှုံးသွားသေးတယ်…. ငါမှတ်မိတာ မှန်တယ်မလား…”
“ မင်းမှန်တယ်… ဒါပေမယ့် တလောက ကိစ္စကျတော့ ငါတို့ မရှုံးဘူးလေ… ”
ကျောက်မို၏ အမူအရာ နက်မှောင်သွားခဲ့သည်။ အနှီကိစ္စက သူ၏ ကျရှုံးမှုဖြစ်ပြီး ပြောလို့ကောင်းသည့်အရာမဟုတ်ချေ။ အားနည်းချက်ကို သိသည့် ချင်းဟန်ကလည်း သူ မည်သို့ပင် စကားစစ်ထိုးစေကာမူ နောက်ဆုံးတွင် ဤဘူတာသို့ပဲ ဆိုက်ရောက်လိမ့်မည်။
ထိုအကြောင်း စဉ်းစားမိတော့ ကျောက်မို စကားလမ်းလွှဲရန် စားသောက်နေသည့် လင်းရီကို ကြည့်လိုက်ပြီး “ ဒါနဲ့ ချင်းဟန်… မင်း သူငယ်ချင်းက ဘာမှားနေတာ.. ဒီကောင် မတ်တပ်ရပ်ပြီး စကားပြောရကောင်းမှန်း မသိဘူးလား…မင်းဘာလို့ ဒီ ခြေကျိုးနေတဲ့ကောင်ကို စားဖို့ ခေါ်လာခဲ့တာ…”
ထိုစကား ကြားတော့ ချင်းဟန် ရယ်မောလိုက်ပြီး “ ဟားဟား... ကျောက်မို... သူက မင်း ယွမ် တစ်ရာဘီလီယမ် နီးပါလောက် ရှုံးသွားခဲ့တဲ့ လင်းရီလေ… ကိုယ့်ဘက်က မနိုင်တော့ စကားနဲ့ စော်ကားတာက သိပ်ပြီး လူကြီး လူကောင်း မဆန်သလိုပဲကွ…”
“ သူက လင်းရီ..! “
လင်းရီ၏ အထောက်အထားကို သိသွားတော့ကျောက်မိုနှင့် အပေါင်းအပါ တစ်သိုက်မှာ ချေးစားလိုက်ရသည့် မျက်နှာထားများ ဖြစ်သွားကြတော့၏။
သူတို့အတွက်တော့ စတော့နည်းဗျူဟာ စစ်ပွဲမှာ သူတို့ဘဝ၏ အကြီးမားဆုံး အရှက်ရမှုကြီးပင်။
“ ညီကို…ဟမ်… မင်းက တော်တော်လေး အံ့ဩဖို့ ကောင်းသားပဲ… ငါတို့ငွေတွေကို မဟားတရားညစ်သွားပြီးတော့ ဇိမ်နဲ့ ထိုင်စာနိုင်သေးတယ်ပေါ့…”လုရွှမ် လင်းရီ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်ပြီး “ ကျိုးဟိုင်မှာဆိုတိုင်း မင်းကို ဘာမှ မလုပ်ရဲဘူးလို့ ထင်နေတာလား….”
“ အစ်ကိုချင်း…”
ကျန်းရှောင်ယွီ မတ်တပ်ရပ်လိုက်ပြီး ချင်းဟန်၏ အင်္ကျီစကို ဆွဲ၍ “ သူတို့ ရန်ဖြစ်ကြတော့မယ် ထင်တယ်.. ဘယ်လိုလုပ်ကြမလဲဟင်…”
“ ဘာမှ မကြောက်နဲ့….”
ဖြောင်းဖြပြီးနောက် ချင်းဟန် လုရွှမ်ကို ကြည့်လိုက်ပြီး “ ညီကို ….မင်း သူ့ကို မထိတာကောင်းမယ် … မဟုတ်ရင် ဘာဆက်ဖြစ်မလဲ ငါ အာမ မခံနိုင်ဘူး…”
“ အိုး ဟုတ်လား… ငါ ခု ထိနေပြီ… ဘာမှလည်း မဖြစ်သေးဘူးကော….” ပြောပြီးနောက် လုရွှမ် လင်းရီ၏ ပခုံးကို အားစိုက်၍ ဖိချလိုက်၏။
“ ဟင်း.... ချင်းဟန် သတိပေးတာကို ဘာလို့ နားမထောင်ချင်ရတာ.. အနည်းဆုံးတော့ မင်းသူ့ကို မျက်နှာသာပေးသင့်တယ် မဟုတ်ဘူးလား..” လင်းရီ နှုတ်ခမ်းကို ပုဝါဖြင့် သုတ်ရင်း ပြောလိုက်၏။
ကျောက်မိုနှင့် ကျန်သူများမှာ ချင်းဟန်တို့ကို ကြည့်မရသော်လည်း တွေ့ဆုံသည့် အချိန်၌ ရယ်ရယ်ပြုံးပြုံးနှင့် အေးဆေး စကားပြော၍ ရသေးသည်။ ထို့နောက် တစ်ဖက်ကို တစ်ဖက် လှောင်ပြောင်ထေ့ငေါ့ပြီး ပြိုင်ဘက်ကို စကားစစ်ထိုး၍ အနိုင်ကျင့်ကြပေမည်။
သို့သော်လည်း လင်းရီကို တွေ့သည့်အချိန်တွင်တော့ ထိုသို့ ပြုလုပ်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။ ထိုသူက သူတို့ကို ယွမ်ဘီလီယမ် ပေါင်းများစွာ ဆုံးရှုံးနစ်နာသွားစေပြီး အသိုင်းအဝိုင်းကြားတွင်လည်း အကြီးအကျယ် အရှက်ရစေခဲ့သူဖြစ်၏။ ထိုအငြိုးအတေးကို သူတို့ ယခုတိုင် မေ့မရနိုင်သေးချေ။
ထို့ကြောင့် လင်းရီကို မြင်သည့် အချိန်၌ မည်သို့မျှ စိတ် မထိန်းနိုင်တော့ပဲ ရန်စလိုက်ရခြင်းပင်။
“ ချင်းဟန် ဖြစ်တိုင်း မျက်နှာသာပေးရမယ်လို့ ဘယ်သူပြောလဲ…”
လုရွှမ် ပြောလိုက်ပြီး “ ချင်းမိသားစုက မဆိုးပါဘူး… ဒါပေမယ့် ငါတို့နဲ့ ယှဉ်ရင်တော့ အားနည်းနေသေးတယ်…”
ကျောက်မို ၊ ဂူချန်းချွမ်နှင့် စွန်းချဲ့တို့ စကားတစ်ခွန်းမျှ မပြောပဲ လုရွှမ်ဘေးသို့ ရောက်ရှိလာပြီး ၎င်းတို့၏ အရှိန်အဝါကို ထုတ်ပြလိုက်ကြ၏။
သူတို့၏ ဒေါသများကို အချိန်အကြာကြီးကတည်းက ဖိနှိပ်ထားရပြီး ယခု ဆုံတွေ့ရသည့် အချိန်တွင်တော့ အဆိုပါ ဒေါသများကို ဖောက်ထုတ်ပစ်ရပေမည်။
ခိုက်ရန်ဖြစ်ပွားရလောက်သည့် အခြေအနေသို့ မသွားချင်သော်လည်း အရှက်ရသွားအောင် သင်ခန်းစာတစ်ခုတော့ ပေးသင့်ပေသည်။
နှစ်ဖက်၏ တင်းမာနေသည့် အနေအထားကို မြင်တော့ လိုက်ပါလာကြသည့် အမျိုးသမီးဆယ်လီတို့မှာ ထိတ်လန့်တုန်လှုပ်နေကြတော့၏။
သူမတို့ရှေ့ ရပ်နေသည့် လူငယ်အုပ်စုမှာ ဟွာရှရှိ ထိပ်တန်း ဒုတိယမျိုးဆက် ဆက်ခံသူများအဖြစ် သတ်မှတ်၍ရပြီး အကယ်၍ စကားများ ရန်ဖြစ်ကြမယ်ဆိုပါက နောက်တစ်နေ့တွင် ဝေ့ပေါ်၌ ဟိုးလေးတကြော်ကြော် ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
“ သူက မင်း ကောင်းဖို့ ပြောပြနေတာကို ဘာလို့ နားမထောင်ချင်ရတာ..”
“ မင်းငါ့ကို ခြိမ်းခြောက်နေတာလား… ငါရဲ့ စကေးတွေက ဘော့စ်ဂူလောက် မကောင်းဘူးဆိုပေမယ့် မင်းလောက်ကတော့ အသာလေးပဲ…”
လင်းရီ လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ပခုံးကို ညစ်ထားသည့် လုရွှမ်၏ လက်ကောက်ဝတ်ကို အသာ ဆုပ်ကိုင်လိုက်သည်။
လုရွှမ်လည်း သူ၏ ခွန်အားကို လက်ထိပ်၌ စုစည်းထားကာ မည်သို့မျှ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။
လင်းရီလည်း ထို့အတူပင်။ သူ၏ ညာဘက်လက်သို့ ခွန်အားများကို ညင်သာစွာ စီးဆင်းလေလိုက်၏။ သို့သော်လည်း တစ်ဖက်သူ၏ အမူအရာမှာ မည်သို့မျှပင် မဖြစ်သောကြောင့် ကြည့်ရှုသူများကတော့ လင်းရီ သာမန် ဆုပ်ကိုင်လိုက်သည်ဟုသာ မှတ်ယူလိုက်ကြသည်။
သို့သော်လည်း လုရွှမ် မကြာမီ တစ်ခုခုမှားနေကြောင်း သတိပြုမိသွားခဲ့၏။
သည်းမခံနိုင်လောက်သည့် နာကျင်မှုက တစ်စထက်တစ်စ ပိုမိုပြင်းထန်လာပြီး သူ၏ အရိုးတို့ပင် ကျိုးကြေလုမတတ် ခံစားနေရတော့သည်။
ထို့အခိုက်အတန့်တွင် လင်းရီ ရုတ်ချည်း လက်ကို အောက်သို့ ဆွဲချလိုက်၏။ လုရွှမ် သတိလက်လွတ်ဖြစ်သွားကာ လင်းရီအနားသို့ ခေါင်းတိုးဝင်လာခဲ့လေသည်။
လင်းရီ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လုရွှမ် ဦးခေါင်းကို ဆွဲ၍ စားပွဲပေါ်တွင် ဖိကပ်ထားလိုက်၏။ ထို့နောက် ဘေးရှိ ခက်ရင်းကို ယူလိုက်ပြီး လုရွှမ်၏ လည်ပင်းထဲသို့ အနည်းငယ် စိုက်ဝင်သွားသည်အထိ ဖိထားလိုက်လေသည်။
အရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ပြီး ကြည့်ရှုသူများပင် ရုတ်ချည်း ပြောင်းလဲသွားသည့် အခြေအနေကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြ၏။
လင်းရီ နတ်ဆိုးအပြုံးဖြင်း ဆိုးညစ်စွာ ပြုံးလိုက်ပြီး
“ ငါ ဒီခက်ရင်းခွကို စိုက်ရဲ မစိုက်ရဲ လောင်းကြေးထပ်ကြမလား….”
“ မင်း… မင်း ငါ့ကို ထိရဲရင် ငါတို့ လုမိသားစုက အလွတ်ပေးမှာ မဟုတ်ဘူးကွ….! “
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး “ အပြင်လူတွေ မင်းတို့ ဒုတိယမျိုးဆက်တွေအပေါ် အမြင်ကောင်း မရှိတာလည်း မပြောနဲ့… ထစ်ကနဲရှိ နောက်က မင်းတို့ မိဘတွေနဲ့ ကိုင်ပေါက်ဖို့လောက် သိတဲ့ ကောင်တွေ… ကိုယ့်အစွမ်းအစကိုယ် အားကိုးရမယ်ဆို အကုန်လုံးက ဆန်ကုန်မြေလေးတွေ ချည်းပဲ….”
ကျောက်မို အေးစက်သည့် အမူအရာဖြင့် ရှိနေပြီး “ မင်း မြေနိုး… မင်းယီးစကား…………”
ဘန်း…
ကျောက်မို စကားဆုံးအောင် မပြောနိုင်သေးခင် လင်းရီ၏ ကန်ချက်ကြောင့် လွင့်ထွက်သွားခဲ့လေသည်။
“ မင်းရဲ့ ဒီအရည်အချင်းလောက်နဲ့ဆို တက်မလာနဲ့… တကယ် တိုက်ခိုက်နိုင်တဲ့ကောင်တွေ လွှတ်လိုက်…”
စားသောက်ဆိုင်ထဲရှိ လူတိုင်း အံ့ဩသွားခဲ့ကြ၏။ နှစ်ဖက်မှာ တိုက်ကြ ခိုက်ကြလိမ့်မည်လို့ မျှော်လင့် မထားခဲ့ချေ။
ဒီရဲ့ လင်းရီဆိုသူက တကယ့်ကို ခန့်မှန်းလို့ မရတဲ့ လူစားမျိုးပဲ….
“ လုရွှမ်ကို လွှတ်လိုက်စမ်း….! “ ဂူချန်းချွမ် ခက်ထန်စွာ အော်ဟစ်လိုက်၏။
“ မင်းပြောတိုင်း လွှတ်ပေးရအောင် မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာ…”
“ မင်းတကယ်ကြီး ကိစ္စတွေကို ဆိုးရွားလာအောင် လုပ်ချင်နေတာလား…”
“ လုပ်ချင်နေတယ် ဆိုရင်ကော…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ကောင်တွေက တစ်ချိန်လုံး ရှိုးပြနေကြတော့ တစ်ခြားသူတွေလည်း အမြင်ကတ်လောက်ရောပေါ့… တစ်စုံတစ်ယောက်ကတော့ မင်းတို့ကို မှတ်လောက်သားလောက်အောင် ပညာပြပေးရမယ်… ဟုတ်တယ်မလား..”
“ မင်း.....! ကောင်းတယ်.... ဒါဆို မနက်ဖြန် လူမြင်ကွင်းမှာ ဘယ်သူက အောင်နိုင်သူလဲဆိုတာ ဆုံးဖြတ်ကြမယ်..”
“ ဘာလို့ နေ့ရွေ့ညရွေ့ လုပ်နေဦးမှာ… ခုပဲ ဆုံးဖြတ်ကြတာပေါ့…”
ဂူချန်းချွမ် မျက်နှာထား တည်တံ့စွာ ပြောလိုက်ပြီး “ ဒီဟိုတယ်က နေရာကောင်း မဟုတ်ဘူး..… ငါ နေရာသတ်မှတ်မယ်ဆို မင်းလာရဲလား…”
“ ရတယ်လေ…”
“ မနက်ဖြန် ပင်လယ်ဘက်မှာ ကော့တေးပါတီရှိတယ်…ကြိုးဝိုင်းလည်း ရှိလိမ့်မယ်… ငါမင်းကို အဲ့ဒီနေရာမှာ စိန်ခေါ်တယ်… မင်းလက်ခံရဲလား…” ဂူချန်းချွမ်မှ ပြောလိုက်၏။
“ကောင်းပြီလေ… အသားနာချင်တဲ့ကောင်က ရိုက်ပေးဖို့ တောင်းဆိုလာတော့လည်း ဘယ်ငြင်းလို့ ကောင်းမှာ… ငါလက်ခံတယ်..”
လင်းရီ သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်များအား ခါခပ်လိုက်ပြီး “ အားလုံး စားပြီးလောက်ပြီ ထင်တာပဲ....သွားကြစို့… “
လူတိုင်း၏ အကြည့်များအောက်တွင် လင်းရီနှင့် ချင်းဟန်တို့ တစ်သိုက် ဝင့်ကြွားစွာဖြင့် ဓာတ်လှေကားထဲသို့ ဝင်သွားကြလေသည်။
ဂူချန်းချွမ်နှင့် ကျောက်မိုတို့ကတော့ အရှက်ရစွာဖြင့် ကျန်ရစ်ခဲ့ကြ၏။
“ ဘော့စ်ဂူ… မင်း သူ့ကို ဘာလို့ လွတ်ပေးလိုက်တာတုန်းကွ…” ကျောက်မို ဒေါသတကြီးကြည့်၍ ပြောလိုက်သည်။
“ ဒီမှာ လူတွေက တအားနည်းလွန်းတယ်… သူ့ကို ခု သင်ခန်းစာပေးလိုက်လို့ အရသာရှိမှာ မဟုတ်ဘူး…” ဂူချန်းချွမ်ပြောပြီးနောက် လုရွှမ်ကို ကြည့်ကာ “ ညီလေးလု …မင်း အဆင်ပြေတယ်မလား….”
“ ပြေပါတယ်…” လုရွှမ် သူ့လည်ပင်းကို ပွတ်သပ်ကြည့်ရင်း “ ငါ အဲ့ကောင်ကို အထင်သေးမိသွားတယ်…. သူက တကယ်ကို သန်မာတာ… မဟုတ်ရင် ဒီလိုမျိုး ဖြစ်သွားမှာ မဟုတ်ဘူး…”
“ သေချာတာပေါ့.. တကယ်လို့ သူ့မှာ အခြေခံတစ်ချို့ ရှိမထားဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး မောက်မာရဲမှာ…” ဂူချန်းချွမ် ပြောလိုက်ပြီး “ လေ့ကျင့်ထားတဲ့သူ တစ်ယောက်ကို မင်းမနိုင်တာ မဆန်းပါဘူး…”
သို့နှင့် ဂူချန်းချွမ် လုရွှမ်၏ ပခုံးကို ပုတ်လိုက်ပြီး လင်းရီတို့ ထွက်သွားသည့် ဘက်သို့ စူးရဲစွာ ကြည့်၍ “ ဒီနေ့တော့ သည်းခံထားလိုက်… ငါ မနက်ဖြန်ကျရင် မင်းကိုယ်စား လက်စားချေပေးမယ်…”